နှုတ်ကြောင့်သေ၊ လက်ကြောင့်ကျေ ဟူသောစကားသည် ရှိ၏။
သည်စကားမှာ ရှေးလူကြီးတို့ အလကားထားခဲ့တာမဟုတ်။
စကားကို အရမ်းကာရောမပြောပါနှင့်။ စကားအပြောမှားတာကြောင့်
အသက်ပါ သေဆုံးရတတ်သည်ဟု သတိပေးခဲ့တာ ဖြစ်ပါသည်။
သည်အကြောင်း ၂၀၁၀ လောက်တုံးက ကျွန်တော်တစ်ခါရေးခဲ့ဖူးပါသည်။
ယခုတော့ အိမ်ပြန်နောက်ကျနေ၍ အရှည်ကြီး မရေးတော့ပါ။ ယခင်ရေးထားသည့်စာထဲမှာ
တော်တော်များများပါသမို့ ထိုစာကိုပင် ပြန်လည်ဝေငှလိုက်ပါသည်။
ကျွန်တော်ပြောလိုသည်မှာ သာမန်လူများ အရပ်ထဲမှာ ပြောနေကြတာ
ဘာမှ သိပ်ပြဿနာမရှိ။ စကားမှားသွားရင်တောင် အာ၊ ငါမှားသွားတယ်။ ဆောရီးကွာ ဟု ပြောလိုက်ပါက
ပြီးသွားနိုင်သည်။
သို့သော် လူသိထင်ရှားသူတစ်ဦးဖြစ်ပါမူ စကားကို အထူးသတိထား
ပြောရလေသည်။ ၎င်းအပြောမတတ်သည့်အတွက် လူအများကြား ဂယက်ရိုက်သွားနိုင်သည်။ မိမိပုံရိပ်ကို
ထိခိုက်နိုင်သည်။
အထူးသဖြင့် နိုင်ငံကိုအုပ်ချုပ်၊ မင်းလုပ်နေသူများ ပိုပြီး
သတိထားရသေးသည်။ ၎င်းတို့မှာ အများပြည်သူတို့နှင့် နေ့တဓူဝ ဆက်ဆံနေရသူများ မဟုတ်ပါလား။
မြို့ရွာ၊ လူအများကို အုပ်ချုပ်နေရသူတစ်ဦးအနေနှင့် စကားကို ဖြစ်ကတတ်ဆန်း မပြောရ။
ပြောသင့်၊ မပြောသင့် စဉ်းစားချင့်ချိန်ပြီးမှ ပြောရပေမည်။
မြတ်စွာဘုရားကတော့ အကျိုးရှိမယ်၊ မှန်မယ်ဆို သူကြိုက်သည်ဖြစ်စေ၊
မကြိုက်သည်ဖြစ်စေ ပြောသည်ဟု ကျမ်းဂန်များ၌ ဆို၏။ သူကြိုက်ကြိုက် မကြိုက်ကြိုက် သူ့အကျိုးအတွက်ပြောသင့်က
ပြောကို ပြောရမည်။ (၎င်းကို စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းထယ်
ဟု လူသိများ၏။)
သို့သော် မှန်သည်ပင်ဖြစ်စေကာမူ အကျိုးမရှိက မပြောရ။ ပြောချင်လျှင်သော်မှ
အောင့်အည်းမြိုသိပ်ထားရမည်။ မအောင့်လို့ မမြိုသိပ်နိုင်လျှင် အိမ်ကမိန်းမကို ပြောပါ။
အိမ်ကမိန်းမကလည်း နှုတ်မလုံ၊ စိတ်မချရဆိုလျှင်တော့ ကိုယ့်မကျေနပ်ချက်များ အားလုံးကို
စာရွက်ပေါ်ချရေးပြီး ထိုစာရွက်ကို မီးရှို့လိုက်ပါဟု ကျမ်းဂန်များတွင် ညွှန်ကြားထားတာကိုလည်း
ဖတ်ဖူးပါသည်။
အသင်တို့သည် လူကြီး၊ ခေါင်းဆောင်စသူတို့ဖြစ်ပါက အပြောအဆိုများကို
(နယ်လှည့်ပြီးပါးရိုက်လာတဲ့ကောင်ကွ၊ ငါသာအတတ်ဆုံး၊ ထမင်းတစ်နပ်လျှော့စားပါ စသည့် နာမည်ကျော်
အဆိုအမိန့်များကဲ့သို့။ ဟိုလေ ဒါတွေက ဟိုးအရင်တုံးက ပြောတာတွေနော်။ ခုခေတ်ပြောတာတွေ
သားမပြောဘူးနော် . . နော်လို့ . . ) . . ဆင်ခြင်ပါလေ။ မဟုတ်လျှင် ဒေါင်းများကဲ့သို့
ရှေ့ဘက်ကကြည့်တော့ လှမလိုလိုနဲ့ နောက်ဘက်လှည့်ပြလိုက်တော့မှ - င်ဟောင်းလောင်းပေါ်နေတာ
မြင်ရသကဲ့သို့ ရှိချိမ့်မည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၃ ဇူလိုင်၊ ၂၀၁၇။ ည သန်းခေါင်ကျော် ၁၈ မိနစ်
No comments:
Post a Comment