(၁) ဟောပြောပွဲနှင့် သင်တန်းဖြစ်လာပုံအကြောင်း
၂၀၁၇ ဇန္န၀ါရီလက ကျွန်တော်တို့အဖွဲ့ ရန်ကုန်တွင် ဟောပြောပွဲလုပ်ကြပါသည်။
ဟောပြောပွဲအပြီးတွင် ရှေ့ဆက်လုပ်မည့် အစီအစဉ်များကို တိုင်ပင်ဆွေးနွေးကြ၏။ ထို့နောက်
မတ်လ ၃ ရက်နေ့တွင် မအေးနှင်းယု စင်ကာပူသို့ ခေတ္တလာသခိုက် ရှေ့ဆက်လုပ်မည့် အစီအစဉ်အသေးစိတ်ကို
ဇယားဆွဲ၏။ အစီအစဉ်အရ ဧပြီ ၂၉၊ ၃၀ တွင် WSH Myanmar ၌ Safety Inspection သင်တန်း ပေး၏။
သင်တန်းအပြီးတွင် စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနမှ ဒု-ညွှန်ချုပ်နှင့်တွေ့ရန်
ဖြစ်သော်လည်း ဒု-ညွှန်ချုပ်မှာ ထိုရက်က နိုင်ငံခြားရောက်နေ၍ မတွေ့ဖြစ်ခဲ့။
ဇွန်လတွင် အစ်နေ့ပိတ်ရက် (ဇွန်လ ၂၅ ရက်နေ့) မှာ တနင်္ဂနွေနေ့ကျသဖြင့်
စင်ကာပူဥပဒေအရ တနင်္လာနေ့ (ဇွန်လ ၂၆ ရက်) ကို အစားပြန်ပိတ်ပေးမည်ဖြစ်၏။ Global
Enchanting က ကျွန်တော့်ကို သင်တန်းတစ်ခုပေးပါရန် ယခင်ကတည်းက ပြောထားရာ ထိုအစ်နေ့ပိတ်ရက်တွင်
သူတို့ဆီမှာ Formwork Safety Course သင်တန်းဖွင့်မည် စီစဉ်၏။ သို့သော် သူတို့ဘက်က ရက်အားမရှိ၍
စက်တင်ဘာလ ၁၊ ၂ နေ့များသို့ ရက်ရွှေ့လိုက်သည်။
Efficiency Performance Co., Ltd. က ဒေါ်သင်းသူဇာထွေးက သူ
အလုပ်သမားဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းကာ ပုသိမ်၌ သင်တန်းကျောင်းတစ်ခု ဖွင့်ထားကြောင်း၊
သူတို့သင်တန်းကျောင်းတွင်လည်း သင်တန်းလာဖွင့်ပေးပါမည့်အကြောင်း ၂၀၁၇ ခုနှစ် ဧပြီလ ၁၁
ရက်နေ့က သူစင်ကာပူလာစဉ် ပြော၏။ ပထမ ကျွန်တော်က သူ့ကိုရက်ပြည့်နေ၍ စက်တင်ဘာ ၁၊ ၂ တွင်မှ
ဖွင့်နိုင်မည်ဖြစ်ကြောင်း ပြောထား၏။ သို့သော် Global က ဇွန် ၂၄၊ ၂၅ တွင် သင်တန်းမဖွင့်ဖြစ်သောကြောင့်
ထိုရက်များတွင် ဟောပြောပွဲနှင့် သင်တန်း လုပ်လိုက လုပ်နိုင်ကြောင်းပြောရာ သူကလည်း ၀မ်းသာအားရ
သဘောတူပါသည်။
ထို့ပြင် ကျွန်တော့် ဖေ့စ်ဘုတ်မိတ်ဆွေဖြစ်သူ ပုသိမ်မြို့၊
C9 Engineering မှ မတင်ဇာမြင့်က ပုသိမ်မှာ Safety Seminar and Training လုပ်ချင်ပါတယ်
ဟု ဖေ့စ်ဘုတ် messenger ကနေ ဧပြီလ ၆ ရက်နေ့ ပြောလှာ၏။ ကျွန်တော်လည်း သူ့ကို စက်တင်ဘာ
၁၊ ၂ များမှ ရမည်ဖြစ်ကြောင်း၊ ထိုရက်များတွင်လုပ်ရန် ဒေါ်သင်းသူဇာနှင့် ဆက်သွယ်၍ တိုင်တိုင်ပင်ပင်
လုပ်ကြပါရန် အကြောင်းကြားထား၏။ သို့သော် အထက်တွင်ပြောခဲ့သလို ဇွန် ၂၄၊ ၂၅ တွင်
Global က သင်တန်းမဖွင့်ဖြစ်၍ ပုသိမ်တွင် ဟောပြောပွဲနှင့် သင်တန်းလုပ်ရန် လှမ်းအကြောင်းကြားလိုက်၏။
သို့နှင့် သူလည်း ဟောပြောပွဲနှင့် သင်တန်းဖွင့်ရန် သဘောတူပြီးသကာလ စီစဉ်စရာရှိသည်များကို
စီစဉ်လေသည်။
ဤကား ဤပွဲဖြစ်လာရခြင်း သမိုင်းကြောင်းပေတည်း။
(၂) ဆက်သွယ်ရေးလျှင်မြန်သွက်လက်ခြင်း၏ အကျိုးကျေးဇူး
အဆင်မပြေတာတွေ ထားခဲ့ပြီး အဆင်ပြေတာတွေပဲ ပြောကြပါစို့။
ယခင်အခါကာလများက ဖုန်းတစ်လုံး သိန်း ၃၀၊ ၃၅ သိန်း။ ဟန်းဖုန်းဆိုတာ
ပိုက်ဆံဝါလားများမှ ကိုင်နိုင်သည်။ ဟော နောက်တော့ ၁၀ သိန်း၊ ၁၅ သိန်းလောက်ဖြစ်။ အဲသည်တုံးက
ဖုန်းတစ်လုံးကို ၅၀၀၀ နဲ့လုပ်ပေးနိုင်သည်ဆိုတာကို အလကား၊ - င်ခေါင်းကျယ်တဲ့ကောင် ဟု ကဲ့ရဲ့သင်္ဂြိုဟ် အတင်းဆိုကြသည်။
နောက်တော့ ဗြုန်းဒိုင်းဆို ၁၅၀၀ တန်ဖုန်းဆိုပြီး ဖြစ်သွား တော့၏။ ၁၅၀၀ တန်ဖုန်းတွေ
မဲနှိုက်ရတုံးက တန်းစီတိုးရင်း သေတဲ့သူတောင်ရှိတယ်ဟု ကိုနိုင်လင်းစိုးက ပြော၏။
ဖုန်းလိုင်းတစ်ခုဝယ်လျှင် ဖုန်းတစ်လုံး အလကားရသော စင်ကာပူ၌နေသူ
ကျွန်ုပ်အဖို့ ဖုန်းတစ်လုံးကို ၃၅ သိန်းလောက် တန်နေသည့် မြန်မာပြည်ကြီးကို အတော့်ကို
နားမလည်နိုင်ခဲ့။ ဘာတွေက ခဲယဉ်းနေသနည်း။ လုပ်စားဘို့များ ခွင်ထွင်ထား လေရော့သလားဟု
ထင်မိခဲ့သည်။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့လေ။ ဒါတွေ ကျွန်တော်နားမလည်။
ဆိုတော့ ကိုးရီးယားကားထဲမှာ အမှိုက်လှည်းသူက ဟန်းဖုန်းကိုင်ထားတာကြည့်ရတော့
မဖြစ်နိုင်တာကွာ။ ကြွားဆိုလည်း တော်ရုံကြည့်ကြွားကြကွ ဟု ကျွန်ုပ်တို့ကိုရွှေမြန်မာများမှာ
ဝိုင်းပြီး အတင်းတုတ်ကြသော ဟူသတတ်။
သည်တော့ တစ်ဦးနှင့်တစ်ဦးဆက်သွယ်ရတာ အတော့်ကိုမလွယ်။ ကျွန်တော်
အိမ်ကိုဖုန်းပြောချင်လျှင် ကြိုးဖုန်းရှိသော အိမ်သို့ ဦးစွာခေါ်ရသည်။ ဒေါ်ကြီးရေ - ဘယ်အိမ်က
မဟ၀ှာကို ခေါ်ပေးစမ်းပါပေါ့။ ဟိုကရောက်လောက်မည့်အချိန် မှန်းကာ နောက်ထပ်ဆက်ရသည်။ စင်ကာပူကနေခေါ်တော့
ကဒ်ဖုံးနှင့်ခေါ်သည်။ ထိုစဉ်က ဟဲလို၊ ဖီးနစ် စသောကဒ်များ ခေတ်စား သည်။ ကျွန်တော် အိမ်သို့ဖုံးဆက်ရန်
ဝယ်သည့် ကဒ်များကိုသာ စုထားမည်ဆိုလျှင် အိမ်တစ်အိမ် ကောင်းကောင်း မိုးလောက်မည်ထင်၏။
အဲသလောက်များသည်။
သွားလေသူ အစိုးရအရာရှိမင်းများ၏ မြန်မာပြည်သူပြည်သားများအပေါ်
ထားရှိသော မဟာကရုဏာတော်ကြောင့် (သူတို့မျိုဆို့ပြီး အန်ထွက်လာတော့) ဟန်းဖုံးများ လူတကာလက်ထဲ
ရောက်လာသည်။ ပတ်ဝန်းကျင်၌ ရေများ မဆန့်ရင်ကာ များနေလျှင် မိမိနေရာသို့ အော်တိုမက်တစ်
ရေများဝင်ရောက်လာသည်မှာ သဘာဝပင်မဟုတ်ပါလော။ ဤဥပမာကဲ့သို့ပင် အခြားသူများ ချေးသပတ်လိုက်အောင်
သုံးပြီးသည့်ကာလ၌ ဖေ့စ်ဘုတ်ဆိုတာကြီးသည် ဆူနာမီလှိုင်းလုံးကြီးများအလား ကျွန်ုပ်တို့
ရွှေပြည်ကြီးသို့ အတင်းနင်းကန် ၀င်ရောက်လာလေ၏။
မြန်မာပြည်သို့ ဖေ့စ်ဘုတ်ရောက်လာသည့်အခါမှ ကျွန်ုပ်တို့ရွှေပြည်ကြီးတွင်
ပိဋကဋ်သုံးပုံအောင်၊ နှစ်ပုံခွဲအောင်၊ တစ်ပုံနှင့် လေးပိုင်းတစ်ပိုင်း အောင်သူများ
(အချို့မှာ ပိဋကဋ်အိုးပါကွဲလေ၏) ထောင်သောင်းမကရှိကြောင်း ကျွန်တော့်မှာ မျက်ဝါးထင်ထင်
တွေ့မြင်ရလေသည်။
ယခုအခါ ဖေ့စ်ဘုတ် ကျေးဇူးကြောင့် ကျွန်ုပ်တို့မှာ တစ်ဦးနှင့်တစ်ဦး
ပိုက်ပိုက်မကုန်ပဲ (အဲလေ အနည်းအကျဉ်းလောက်တော့ ရင်းရပေမပေါ့။) အချိန်မရွေး၊ ဒေသမရွေး
အလွယ်တကူ ဆက်သွယ်နိုင်ကြလေ၏။
ပုသိမ်တွင် ဟောပြောပွဲနှင့်သင်တန်းလုပ်မည်ဆိုတော့လည်း ကျွန်တော့်မှာ
ဖေ့စ်ဘုတ်ကိုအားကိုးပြီး ပုသိမ်မှ မတင်ဇာနှင့် ဆက်သွယ်ရသည်။ ဒေါ်သင်းသူဇာနှင့်မူ ဗိုက်ဘာနှင့်ပြောသည်။
ဖေ့စ်ဘုတ်ကျေးဇူးကြောင့်ပင် ကျွန်ုပ်တို့၏ ဟောပြောပွဲနှင့် သင်တန်းသတင်းကိုလည်း မိတ်ဆွေများသို့
သတင်းပေးနိုင်ခြင်းဖြစ်၏။ ကျေးဇူးအထူးတင်ပါသည် မစ္စတာ ဇူကာဘတ်။
တစ်ဦးနှင့်တစ်ဦး အဆက်အသွယ်မပြတ်လေတော့ လုပ်ရကိုင်ရတာ အတော်အဆင်ပြေသည်။
ဟိုဟာလေးလုပ်ပါဦး၊ ဒါလေး ပြင်ထားပါဦး၊ သင်တန်းသား ဘယ်နှစ်ယောက်ရပြီလဲ။ ဘယ်စာတွေ ထုတ်ထားရမယ်၊
လက်တွေ့ပြဘို့ ဘာတွေ ပြင်ထားပါ စသည်။ ပရိုဂျက်တာ၊ ဆောင်းဘောက်စ်ကအစ ကျွန်တော်လိုချင်သည့်ပုံစံ
သူတို့ကို ပြောထားသည်။ ငြမ်းဆင်ဘို့၊ PPE တွေ ပြင်ထားဘို့၊ စာအုပ်ရိုက်ဘို့။ ဘယ်အချိန်
ရန်ကုန်ကထွက်မယ်။ ဘယ်နေ့ ပုသိမ်ကပြန်လာမယ်။
မြန်မာပြည်အသွားအပြန် လေယာဉ်လက်မှတ်၊ ပုသိမ်အသွားအပြန် အငှားယာဉ်
စသည်တို့ကို ဒေါ်သင်းသူဇာက စီစဉ်ပေး၏။ ပုသိမ်တွင်နေဘို့ ပုသိမ် MES က ဟော်တယ်ငှားပေးပါသည်။
ဟော်တယ်ဆိုတော့ စကားစပ်မိလို့ နည်းနည်းလောက် ပြောပါရစေဦး။
ဟော်တယ်တွင်တည်းနေစဉ် မနေနိုင်မထိုင်နိုင် ဟိုဟိုသည်သည် လျှောက်
စပ်စုကြည့်၏။ စင်္ကြန်အဆုံးတွင် ဟော်တယ် နောက်ဘက်သို့ထွက်သော လှေခါးရှိသည်။ လူအတက်အဆင်းအတွက်မဟုတ်။
အရေးပေါ်လှေခါးမှန်း ကြည့်တာနှင့်သိ၏။ လှေခါးထစ်များ၏ဗျက်မှာသေးပြီး အမြင့်မှာ သာမန်ထက်
မြင့်နေသည်။ လှေခါးကလည်း စောက်လွန်းလှ၏။ ဆင်းဘို့တက်ဘို့ ဘယ်လိုမှအဆင်မပြေ။ အရေးအကြောင်းဟဲ့ဆိုလို့သာ
ဆင်းလို့ကတော့ တခြားဟာနဲ့မသေ။ လှေခါးပေါ်က ပြုတ်ကျသေဘို့ များလေသည်။
အမှန်မှာ ထိုလှေခါး လိုကိုမလိုပါ။ ရှေ့ဘက်သို့ဆင်းရန် လှေခါးအကြီးကြီး
ရှိပြီးသားဖြစ်၏။ သို့ဆိုလျှင် ထို အရာမနံသော လှေခါးကို ဘယ့်အတွက် လိုပါသနည်း။ ကျွန်တော်ကလည်း
မနေနိုင်။ သည်အကြောင်း သူတို့ကို ပြောမိသည်။ အဲဒီ အရေးပေါ်လှေခါးမပါရင် မီးသတ်က ခွင့်ပြုမိန့်ချမပေးလို့
တပ်ရတာပါဆို၏။ အဓိပ္ပာယ်မရှိသောအလုပ်များကို ရပ်တန်းက ရပ်ကြဘို့ ပုသိမ်မှအင်ဂျင်နီယာများအား
ကျွန်တော် ဆရာစားခဲ့သေး၏။ အတော်တော့ လူမုန်းများမည့် ကျွန်ုပ် ဖြစ်လေသည်။
(၃) လုပ်ငန်းခွင်အန္တရာယ်ကင်းရေး ဟောပြောပွဲ
ပုသိမ်ပွဲအတွက် ကျွန်တော်စင်ကာပူမှ MNA - Myanmar
National Airline ဖြင့် ပြန်ခဲ့၏။ ည ၉း၄၅ နာရီ လေယာဉ်ထွက်ပြီး မြန်မာစံတော်ချိန် ည
၁၁း၂၀ လေယာဉ်ဆိုက်၏။ အိမ်ရောက်တော့ ၁၂ ခွဲ။ နက်ဖြန်မနက် ပုသိမ်သွားဘို့ အထုပ်အပိုးပြင်ဆင်
ဆိုတော့ ည နာရီပြန် ၁ ချက်ထိုးမှ အိပ်ရ၏။ တော်တော်နှင့်အိပ်မပျော်။ ၁ ချက်ခွဲလောက်မှ
အိပ်ပျော်သည်။
မနက် ၃း၅၀ နာရီတွင်အိပ်ယာမှထ၏။ ခေါက်ဆွဲပြုတ်တစ်ခွက်စား။
နို့တစ်ခွက်သောက်။
မအေးနှင်းယုတို့လူသိုက် ၄ နာရီလောက် အငှားယာဉ်နှင့် ပေါက်ချလာသည်။
ကျွန်တော်ရေးထားသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရေး စာအုပ်၊ ပိုက်ပြင်ပိုက်ဆက်စာအုပ်၊
မြန်မာပြက္ခဒိန် စသည့် စာအုပ်ထုပ်များက အတော် လေးသဖြင့် သူတို့တက်လာယူသည်။
မနက် ၄း၁၅ နာရီတွင် ရန်ကုန်မှ ထွက်ခဲ့ကြ၏။ ပုသိမ်ဟောပြောပွဲနှင့်
သင်တန်းသို့ WSH Myanmar မှ မအေးနှင်းယု၊ ဖြူသန့်။
Safety People in Myanmar မှ ကိုအောင်ကိုး၊ ကိုကျော်မိုးနိုင်၊
ကိုနိုင်လင်းစိုး၊ ကိုစည်သူတို့ ပါဝင်အားဖြည့်ကြ၏။ ကိုအောင်ကိုးတို့က ၂၃ ရက်နေ့ကတည်းကကြိုသွားပြီး
ပြင်စရာရှိတာများ ပြင်ဆင်ထားကြသည်။ ကျွန်တော်၊ ကိုကျော်မိုးနိုင်၊ မအေးနှင်းယုနှင့်
ဖြူသန့်တို့က ၂၄ ရက်နေ့ မနက်မှလာတာဖြစ်၏။
မနက်စောစောဆိုတော့ လမ်းရှင်းနေသည်။ ၄း၄၅ နာရီတွင် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်မှ
ထွက်လာသည်။ ၅း၅၀ နာရီတွင် ပန်းတနော်ရောက်သည်။ ကျောင်းကုန်းသို့ ၆း၂၀ တွင်ရောက်။ ခဏနားပြီး
မနက်စာ စားကြသည်။ မနက်စာအတွက် မမကြော်ပေးလိုက်သော ကြာဇံကြော်များ စားကြသည်။ ဆိုင်မှ
လဖက်ရည်မှာသောက်ကြ၏။ ကျွန်တော်ကတော့ ဆီးချိုရှိ၍ ရေနွေးတစ်ခွက်တောင်းကာ ယူလာသော 2
in 1 ကော်ဖီ ဖျော်သောက်သည်။
သူ့ဆိုင်ဝင်ထိုင်ပြီး ကိုယ့်အစာကိုယ်စားရတာ အားနာပါတယ်ဆိုကာ
မအေးနှင်းယုက ပဲပြုတ်ထမင်းတစ်ပွဲ မှာ၏။ မှာပြီးမှ မှားပါတယ် ဆို၏။ ကျွန်တော်ယူစားမယ်လုပ်တော့
မစားနဲ့ဆရာ၊ ဘယ်လိုမှစားလို့ရမှာမဟုတ်ဘူးဟု ပြောလေသည်။ ကိုအောင်ကိုးဆီလှမ်းဖုံးဆက်တော့
ဆရာက အိပ်ချင်မူးတူးနှင့် အိပ်ယာကတောင် မထသေး။
၆း၄၇ တွင် ကျောင်းကုန်းမှ ထွက်ခဲ့ကြ၏။
၆း၅၈ - ပုသိမ်-မုံရွာလမ်းခွဲ
၇း၁၀ - ဒါးက
၇း၂၂ - ကန်ကြီးဒေါင့်
၇း၄၁ - ပုသိမ်သို့စ၀င်
၇း၅၀ - ဟောပြောပွဲလုပ်မည့်နေရာသို့ ရောက်သတည်း။
ဟောပြောပွဲနေရာမှာ Efficiency Performance Co., Ltd.၊ အမှတ်
- J 221-252, ငုဝါလမ်းသွယ်၊ ၁၃ ရပ်ကွက်၊ ကင်မလင်းကျွန်းလမ်း၊ ပုသိမ်မြိ့၊ ဧရာဝတီတိုင်း
ဖြစ်၏။
ဟိုရောက်လို့ ကားရပ်လိုက်တော့ အတော်လေးစိတ်ပျက်သွားသည်။ သင်တန်းကျောင်းအထိ
ကားဝင်လို့မရ။ လမ်းက မိုးရွာထားတော့ ရွှံ့တွေဗွက်တွေနှင့် ပြည့်နေ၏။ လမ်းလျှောက်နိုင်ရန်
ကောင်လေးနှစ်ယောက် အုတ်ခဲများစီချနေသည်။ ပြီးတော့ မပြီးသေး။
ကျွန်တော်တို့အထုပ်အပိုးများချနေစဉ် ဒေါ်သင်းသူဇာ၏ ယောက်ျား
တရုတ်ကြီး ရောက်လာသည်။ မြန်မာလို မတတ်တတတ် ပြောနေ၏။ ကျွန်တော်တော့ သူပြောတာ နားမလည်။
အောင်မယ်၊ ကောင်လေးတွေနဲ့တော့ ဟုတ်လို့။
ဆိုတော့ အထုပ်အပိုးတွေကို လူအားနှင့်ပင် သယ်ကြရသည်။ ကြော်ငြာဆိုင်းဘုတ်ကိုကြည့်လိုက်တော့
ဟောပြောပွဲစချိန်ကို ၁၀ နာရီဟု ရေးထားသည်။ စိတ်ထဲ အတော်ဒေါခီးသွား၏။ ကျွန်တော်က အစီအစဉ်အားလုံးကို
အသေးစိတ်ရေးပြီး လွန်ခဲ့သည့် တစ်လလောက်ကတည်းက ပေးထားတာဖြစ်၏။ ကျွန်တော့်အစီအစဉ်များကိုလည်း
မပြောင်းပါနှင့်ဟု မှာထား သေးသည်။ သူရောက်လာလို့မေးကြည့်တော့ အဝေးကလာတဲ့သူတွေ မမီမှာစိုးလို့ပါ
ဆို၏။ မြန်မာတွေထုံးစံအရ ၉ နာရီ ဖိတ်ထားရင်တောင် အနည်းဆုံး ၉ နာရီခွဲမှ ရောက်မှာပဲ။
၁၀ နာရီသာဆိုရင်တော့ နေ့ခင်းပိုင်းမှလုပ်ရလိမ့်မယ်ထင်တယ်ဟု ကျွန်တော်လည်း ဒေါကန်ကန်နှင့်ပြောလိုက်သည်။
သို့သော် ကျွန်တော်ထင်သလောက်မဆိုးပါ။ ၈ နာရီခွဲကျော်သည်နှင့်
ပရိသတ်များ တဖွဲဖွဲရောက်လာ၏။ ပရိသတ်များကို အကဲခတ်ကြည့်လိုက်တော့ အလုပ်သမားများလည်းပါသည်။
စာရေးစာချီလိုတွေလည်း ပါသည်။ သို့သော် ဒေါ်သင်းသူဇာ ပြောထားသလို အစိုးရအဖွဲ့မှ တစ်ယောက်မှမပါ။
၉ နာရီခွဲကျော်မှ ဘယ်ဌာနမှူးဆိုလား တစ်ယောက်စ၊ နှစ်ယောက်စ လာသည်။ ထို့ကြောင့် ကျွန်တော်ပြောမည့်ခေါင်းစဉ်ကို
ပြောင်းရသည်။
ပထမ သူက အစိုးရအဖွဲ့မှ ၀န်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊
အင်ဂျင်နီယာများ တက်ရောက်နားထောင်မည်ဆို၍ ကျွန်တော်က ဥပဒေနည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းစသည်တို့ကို
ပြောရန်ပြင်ဆင်ထားသည်ဖြစ်ရာ ယခု ပရိသတ်ကိုသာ ထိုအကြောင်းများပြောပါက တစ်လုံးမှနားလည်မှာမဟုတ်သည့်ပြင်
နာရီဝက်အတွင်း အားလုံး အိပ်မောကျကုန်မည်မှာ သေချာလှ၏။
ဇန္န၀ါရီလတုံးက ပြောခဲ့သည့် “အိမ်တွင်းအန္တရာယ်ကင်းရေး”ကို
ပြောမည်ဟုရှာရာ အရေးထဲမှ ထိုဆလိုက်က ဘယ်မှ ရှာလို့မတွေ့။ ကိုအောင်ကိုးက အစ်ကို ကျွန်တော့်
stick ထဲမှာ ရှိမယ်ထင်တယ်ဆို၍ ဖွင့်ကြည့်ရာ သူပြောမည့်ဆလိုက်ရော ကျွန်တော့်ဆလိုက်ပါတွေ့သည်။
တော်ပါသေး၏။ အဲသလောက်သေချာသော ကျွန်ုပ်ပါတည်း။
ဘယ်သူတွေလာနေပြီ၊ စောင့်ပါဦး။ ဟိုအင်ဂျင်နီယာတွေလာနေလို့
၁၀ မိနစ်လောက်စောင့်ပါဦးနှင့် ၉း၄၀ တွင် ကိုင်း၊ လာတော့လည်း ၀င်ထိုင်ပေါ့ ဟု ဟောပြောပွဲကို
စသည်။ ပထမ ဒေါ်သင်းသူဇာက သည်ဟောပြောပွဲဖြစ်ပေါ်လာရပုံ အကြောင်း ပြောသည်။ ထို့နောက် ကျွန်တော်က
ဟောပြောပွဲအကြောင်းပြောရင်း ပြောမည့်သူများနှင့် မိတ်ဆက်သည်။ ဆယ်နာရီမတီးမီ ဟောပြောပွဲ
စနိုင်ပါသည်။
ကျွန်တော်က “အိမ်တွင်းအန္တရာယ်ကင်းရေး” ကိုပြောရာ တစ်နာရီကျော်ကြာသည်။
မေးခွန်းများမေးကြပါဟဲ့ ဆိုသည့်တိုင် တစ်ယောက်ကမှ မေးမည့်သူမရှိ။ ထို့နောက် ၁၁ နာရီ
၁၅ မိနစ်ရှိနေပြီ ဖြစ်ရာ နေ့လည်စာလည်းမကျ၊ လဖက်ရည်ချိန်လည်း မက ဖြစ်နေသဖြင့် ပရိသတ်များကို
နေ့လည်စာစားမလား။ ဒါမှမဟုတ် ကော်ဖီသောက်ပြီး နောက်တစ်ယောက် ဆက်ပြောရမလား ဆိုတော့ နေ့လည်စာစားမည်ဟုဆို၏။
(အမှန်က ထို နေ့လည်စာ စားမည်ဟုပြောသူများမှာ စားပြီးသည်နှင့် ပြန်လစ်သွားသူများဖြစ်ကြောင်း
ဒုတိယပိုင်းဆက်တော့မှ သိရသည်။)
ဒေါ်သင်းသူဇာက ထမင်းကိုချက်ပြီး ဟင်းပွဲများမှာကာကျွေးသည်။
ကံများဆိုးချင်တော့ ကျွန်တော်တို့အတွက် ထမင်းဟင်းများ ရောက်မလာသေး။ ဘာတဲ့ နို့စိမ်းခေါက်ဆွဲဆိုတာ
စားလိုက်ကြသည်။ စားသောက်ပြီးလို့ အချိုတည်းနေတော့မှ ထမင်း၊ ဟင်းများရောက်လာသည်။ နောက်ကျနေသူတွေအတွက်
အဆင်ပြေသပေါ့။
နားချိန် (၁) နာရီပေးပြီး ဒုတိယပိုင်း ပြန်စသည်။ ဆရာဦးအောင်ကိုးက
လုပ်ငန်းခွင်အန္တရာယ်ကင်းရေးကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရာ၌ ကြုံတွေ့ရသော ပြဿနာပေါင်း
သောင်းခြောက်ထောင်ကို အာပေါင်အာရင်းသန်သန်နှင့် ပြောသွားပါသည်။
သူလည်းပြောပြီးရော လေရောမိုးပါ အသည်းအသန် ရွာပါလေ၏။ တော်ပါသေး၏။
ပြောနေတုံးသာရွာလျှင် ဘာမှ ကြားရမည် မဟုတ်။ သင်တန်းကျောင်းက သွပ်မိုးထားသည့်ပြင် ဘာမျက်နှာကျက်မှ
ရှိတာမဟုတ်။
ထို့နောက် ပီပီအီးများအကြောင်း၊ ၀တ်ပုံဝတ်နည်း၊ Safety
harness ၀တ်နည်း၊ Confined Space Safety အကြောင်း၊ အသက်ကယ်အောက်ဆီဂျင်ဘူး၊ အသက်ကယ်ကြိုး၊
ဓာတ်ငွေ့တိုင်းမီတာ စသည်တို့ကို ပြ၍ ရှင်းပြပါသည်။ သို့တိုင် မိုးရွာ၊ လေတိုက်နေ၍ ကျွန်တော့်မှာ
အားမရပါ။ မှောင်ကလည်း မှောင်နေသည့်ပြင် မိုးသံလေသံ တ၀ုန်းဝုန်းနှင့်ဆိုတော့ ကျွန်တော့်မှာ
အတော်ကြိုးစားပြောရသည်။
သို့သော် သည်ဟောပြောပွဲကို ကျွန်တော် အတော်ကျေနပ်ပါသည်။ တက်ရောက်လာသူများမှာ
သူတို့အဖို့ အကြောင်းအရာ အသစ်ဖြစ်နေသည့်တိုင် ကြိုးစားပမ်းစား နားထောင်ကြ မှတ်သားကြတာ
တွေ့ရပါသည်။ လက်တွေ့ပြတော့လည်း စိတ်ဝင် တစား လေ့လာကြ၏။ ဆိုတော့ ကျွန်တော်တို့ ပြောရကျိုးနပ်ပါသည်။
တချို့ကျ စာအုပ်များလည်း ၀ယ်သွား၏။ မေးလိုသည့် မေးခွန်းများရှိကလည်း အားမနာတမ်းမေးကြပါရန်
ကျွန်တော့် လိပ်စာစာရွက်ကလေးပါ ပေးလိုက်ပါသည်။
ထို့နောက်တော့ စုပေါင်းဓာတ်ပုံရိုက်ကြ၏။ ၃ နာရီ ၂၀ လောက်တွင်
အားလုံးပြီးသည်။ တော်ပါသေး၏။ အားလုံးပြီးတော့ မိုးတိတ်နေပြီ။
ပြီးတော့ နက်ဖြန် သင်တန်းပို့ချရေးအတွက် အခန်းကြည့်ရန်နှင့်
လိုအပ်သည်များပြင်ဆင်ရန် MES သို့ လာခဲ့ကြသည်။ ခဏနေတော့ မတင်ဇာမြင့်ရောက်လာ၏။ သူက ကျွန်တော်တို့လူသိုက်ကို
နက်ဖြန် သင်တန်းပို့ချမည့် ကျေးလက်ဖွံ့ဖြိုးရေးနှင့် ရေရရှိရေးဌာန (ဆိုလား) သို့လိုက်ပို့၏။
ပထမနေ့ အပေါ်ထပ် စည်းဝေးခန်းထဲတွင်သင်ရမည်ဖြစ်သော်လည်း နောက်နေ့တွင်
စည်းဝေးခန်း မအား၍ အောက်ထပ်တွင် ခုံများစီကာ သဘာဝလေကလေးတဖြူးဖြူးနှင့် သင်ရမည်ဟု သိရသည်။
စည်းဝေးခန်းမှစားပွဲမှာ အင်္ဂလိပ်အက္ခရာ “U” ပုံစံ ဖြစ်လေရာ သင်တန်းသားများမှာ သင်တန်းဆရာနှင့်
မျက်နှာချင်းဆိုင်မထိုင်ရဘဲ ဘေးတစောင်း အနေအထား ရှိ၏။ လူများတော့ ခုံကို အတွင်းရောအပြင်ပါ
ထိုင်ကြရရာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ထိုင်ကြရလေသည်။
ကျွန်တော်ကတော့ သည်အနေအထားကို မကြိုက်ပါ။ အနို့ မကြိုက်လို့ရော
ဘာလုပ်လို့ရပါတော့မည်နည်း။ သူတို့က အခန်းရှာမရ၍ သည်နေရာကိုရွေးရကြောင်း ရှင်းပြပါသည်။
ကျွန်တော်ကား ကျောင်းဆရာလူထွက်ဖြစ်လေရာ ဆရာလူထွက်တို့ထုံးစံအတိုင်း
လူမြင်လျှင် ကိုယ့်တပည့်ချည်းအောက်မေ့ ရကား ကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိ ပုသိမ်
MES မှ ဆရာများကို ဆရာလုပ်လေ၏။ အခြားမဟုတ်ပါ။ မဟုတ်တာများနှင့် အချိန်ဖြုန်း၊ ငွေဖြုန်းမနေကြဘို့၊
အကျိုးရှိမည့်အလုပ်များကိုသာ လုပ်ကြဘို့အကြောင်း ဖြစ်၏။ တွေ့တွေ့ချင်း ဆောက်နှင့် အထွင်းခံရသဖြင့်
မကြိုက်သော်လည်း ဧည့်သည်မို့ပြန်ပြောလို့ကလည်း မကောင်းဆိုတော့ MES မှ ဆရာများခမျာ မနိုင့်ရင်ကာ
အောင့်အည်းသည်းခံ နားထောင်နေကြရသည် ထင်ပါသည်။
နောက်တော့ တည်းမည့်ဟော်တယ်လာကာ ခဏတဖြုတ်နားကြပါသည်။ ညနေစာအတွက်
ကိုအောင်ကိုး ညီမ၏သား (၆) ဘာသာဂုဏ်ထူးထွက်သဖြင့် ညစာကျွေးသည်။ အစားအသောက်တွေကလည်း မနည်းဘူးခင်ဗျာ။
မှာလိုက်တာ။ ကျွန်တော့်မှာ လူညှက်သလောက် အစားနည်းသူဖြစ်ရာ သည်မျှများသည့်အစားအစာများကို
မစားနိုင်သဖြင့် ကိုယ့်ခေါင်းကိုယ် တူနှင့်ထုချင်မိ လေ၏။ ဆရာကိုးတို့အဖွဲ့ကတော့ ချီကွေဗားရားဆိုလား၊
တန်ဘိုးကြီးလှသည့် ယမကာလေးလည်း မှီဝဲလိုက်ကြသေးသည်။
စားသောက်ပြီးတော့ ကမ်းနားတွင်ဖွင့်ထားသည့် ညဈေးတန်း လျှောက်ကြည့်ကြသည်။
လိမ္မော်သီးလေးတွေလှလို့ စားကောင်း မှာဘဲဟု ၀ယ်လိုက်ရာ သံပုရာသီးထက်ပင် ပိုချဉ်နေလေရာ
ကျွန်ုပ်မှာ လှတာမက်တော့ ညစာခက်တတ်သဟဲ့ ဟု ဆိုသော ရှေးလူကြီးများစကားပုံကို မဆီမဆိုင်
သွားသတိရမိလေသေး၏။ မအေးနှင်းယုကတော့ ၀ယ်ပြီးသား လိမ္မော်သီးများကို (ပိုက်ဆံမယူဘဲ) သွားပြန်ပေးလိုက်သည်။
အနို့ ကျွန်မ စားမှမစားနိုင်ပဲ။ အလကားဖြစ်ကုန်မှာပေါ့ ဟု ပြောလိုက်သေးသည်။
ထို့နောက် ဟော်တယ်ပြန်လာပြီး ရေမိုးချိုး၏။ ဟောဒါက ရေပူဟု
ဟော်တယ်ဘွိုင်ကလေး ပြသွားသော ခလုတ်ကိုဖွင့်သည့် တိုင် ရှိသမျှခလုတ်အားလုံးက ရေအေးချည်းထွက်နေသဖြင့်
ကျွန်ုပ်မှာ အအေးပတ်မည်စိုး၍ အမြန်ချိုးရ၏။ သည်ကြားထဲ ဆပ်ပြာတိုက်တော့ အမြှုပ်မထွက်။
ဆပ်ပြာရည်က အမြှုပ်မထွက်တော့ အခဲပြောင်းတိုက်ကြည့်၏။ မထူး။ ရေကိုပလုပ်ကျင်း လိုက်တော့မှ
ငံကျိကျိနှင့် ရေစေးများဖြစ်ကြောင်း သိရတော့၏။
ထို့နောက် အင်တာနက်ကလေးများ ကြည့်ရမလားအောက်မေ့။ အ၀ိုင်းကလေးလည်နေတာကို
လည်တယ်၊ လည်တယ်နှင့် တရားရှုရင်း အိပ်ချင်လာသည်နှင့် ကွန်ပြူတာပိတ်ကာ အေးအေးဆေးဆေး အိပ်စက်အနားယူလိုက်တော့၏။
ဆက်ပါဦးမည်။
No comments:
Post a Comment