Thursday, July 6, 2017

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင်ပြုလုပ်သော လုပ်ငန်းခွင် အန္တရာယ်ကင်းရေးနှင့် ကျန်းမာရေး ဟောပြောပွဲနှင့် သင်တန်း (၂)

(၄) လုပ်ငန်းခွင်အန္တရာယ်ကင်းရေး မိတ်ဆက်သင်တန်း

မနက်အိပ်ယာထ၊ ရေမိုးချိုးပြီး ဟော်တယ်ကကျွေးသော မနက်စာ စားသည်။ မုန့်ဟင်းခါး၊ ထမင်း၊ ပေါင်မုန့်၊ လဖက်ရည်၊ ကော်ဖီ၊ အချိုမုန့်၊ အသီးများ စသဖြင့် စုံပါသည်။ အားလုံးပြီးတော့ သင်တန်းရှိရာ လာခဲ့ကြ၏။

အစကတော့ ဆင်ကြီးများ၊ ဂေါ်ဇီလာကြီးများတက်ရောက်ပြီး သင်တန်းဖွင့်ကာ အမှာစကားပြောကြမည်ဆို၍ ကျွန်တော်တောင် မဟုတ်တာတွေနှင့် လေရှည်မနေပဲ ၁၅ မိနစ်မျှသာပြောရန် ခွင့်ပန်ထားရေး ဘာညာ မှာထားသေးသည်။ သို့သော် အတန်ကြာသည့်တိုင် လာကြတာ မတွေ့သေးတော့ ကိုင်း၊ ကိုယ့်လူတို့ ဖုန်းဆက်မေးစမ်းပါဦးဟ ဆိုတော့ ဘာပွဲဆိုလား၊ ဘယ်သွားရလို့ဆိုလား။ ငမ်၊ တနင်္ဂနွေနေ့ကြီးတောင် တယ်အလုပ်ရှုပ်ကြပါလားကရို။ သည်အတိုင်းသာဆို မြန်မာပြည်ကြီးတော့ ဒေါ်အောင်ဆန်းစုကြည် ပြောသလို အနှစ် (၂၀) တောင် နေမည်မထင်။ (၁၀) နှစ်အတွင်း စင်ကာပူကို ကျော်တော့မည်ထင်၏။ စင်ကာပူသားတွေ မျက်ခုံးသာ လှုပ်နေကြပေရော့။ ကျုပ်တို့ပြည်ကြီးသာ ခင်ဗျားတို့ထက်သာပြီဆိုရင် စင်ကာပူမှာရှိတဲ့ မြန်မာ ၅ သောင်းလောက် ၀ုန်းဆို အကုန်ပြန်ကုန်ကြလို့ ခင်ဗျားတို့ ကောင်းကောင်း ဒုက္ခများကုန်မယ်။ ခုကတည်းက လူရှာထားကြနော။

ကျွန်တော်တွေးမိတာ ပြောရလျှင် လူကြီးတစ်ယောက်အနေနှင့် ကိုယ်ဘာလုပ်မယ်ဆိုတာ အချိန်ဇယားဆွဲထားရသည်။ နက်ဖြန်မနက် ၈ နာရီ တံတားဖွင့်ပွဲမှာ ဖဲကြိုးသွားဖြတ်ရမည်။ (အနို့ ကျွန်ုပ်မှ ဖဲကြိုးဖြတ်ဖွင့်မပေးလျှင် အများပြည်သူတို့ သည်တံတားသုံးဘို့အရေး နှောင့်နှေးနေလိမ့်မည်။) နေ့လည် ၁ နာရီ ဘယ်အခမ်းအနားသွားရင်း ဖုံးဆိုင်ဖွင့်ပွဲကို လမ်းကြုံ ၀င်ပေးရအုံးမည်။ ဘယ်နေ့ ဘယ်လူကြီးလာတာ လေယာဉ်ကွင်းသွားကြိုရမည်။ ဘယ်နေ့ကျ ရပ်ကွက်သန့်ရှင်းရေးလုပ်တာကို သွား အာပလာလုပ်ပေးရမည်။ (အနို့ ကျုပ်လိုလူကြီးတစ်ယောက်မှ လာအားမပေးရင် သူတို့ခမျာ အားငယ်နေရှာမှာပေါ့။)

ဆိုတော့ သည်လိုသာ စည်းနှင့်စနစ်နှင့် အချိန်ဇယား ကျကျနန ဆွဲထားပါက ဘယ်သွားရမှာမို့လို့ သည်ကိုမလာနိုင်ဆိုတာ မရှိတော့။ အဘခင်ဗျာ။ ကျွန်တော်တို့ပွဲလေးတက်ပြီး ဖွင့်ပေးပါလို့ဖိတ်တာကို အေး၊ အေး၊ ငါလာခဲ့မယ်လို့ ပြီးစလွယ် မပြောရ၊ မလုပ်ရ။ လူကြီးဆိုတာ ကိုယ်ပြောသည့်စကားကို ကိုယ်တန်ဘိုးထားရမည်။ လာဆို လာရမည်။ လာဖိတ်ကတည်းက အဲဒီနေ့၊ အဲဒီအချိန် အားမအား စစ်ဆေးကြည့်ရမည်။ မအားလျှင် မလာနိုင်ကြောင်း နဂိုကတည်းက ပြောရမည်။ အားနာလို့ လာမယ် ဆိုတာမျိုး မရှိစေရ။ လာမယ်ပြောထားလျှင် လာကိုလာရမည်။ လာတယ်ဆိုတာတောင် အချိန်အတိအကျ လာရမည်။ လူကြီး တစ်ယောက်အတွက် ပရိသတ် ၂၀၀၀ လောက်က ထိုင်စောင့်နေတာမျိုးမဖြစ်စေရ။ ပရိသတ်ကို လေးစားရမည်။ ငါလူကြီးပဲ၊ လာချင်တဲ့အချိန်လာမကွ ဆိုတာ လူကြီးလူကောင်း မဆန်ရာရောက်သည်။ လူအများကိုအုပ်ချုပ်နေသူဖြစ်သည့်အတွက် ကိုယ်ကစ စံပြဖြစ်အောင် နေပြရမည်။ (တုတ်လိုက်တာ နည်းနည်းများ များသွားပြီလားမသိ။ သက်ငယ်စကား၊ သက်ကြီးကြား။ ကောင်းစေချင်လို့ဆုံးမတာ မနာကြနဲ့။ ဟို ၆၆ဃ ဆိုတာကြီး ဆွဲထုတ်မလာကြနဲ့နော။)

ကိုင်း၊ သဟာဖြင့်လည်း ဘယ်သူ့မှစောင့်မနေနဲ့တော့။ ကိုယ့်ဘာသာဖွင့်မယ် ဆိုကာ စကြ၏။ နည်းနည်းတောင် နောက်ကျ သွားပြီ။ ပုသိမ် MES ဥက္ကဌက အဖွင့်စကားနည်းနည်းပြော၏။ ကျွန်ုပ်က ဆုံးမစကား များများပြော၏။ အနည်းဆုံးတော့ နာရီဝက်လောက်ကြာသည်။ အချိန်တောင် မှတ်မထားမိ။

ကျွန်တော်ပြောခဲ့သည်များကို မှတ်မိသလောက် ပြောရလျှင် အောက်ပါအတိုင်း ဖြစ်၏။

နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တာ အစိုးရက အုပ်ချုပ်တာ။ အစိုးရဆိုတာ အစိုးရ၀န်ထမ်းတွေနဲ့ လည်ပတ်နေရတာ။ အဲဒီတော့ အစိုးရကောင်းဘို့ အစိုးရ၀န်ထမ်းတွေ ကောင်းနေဘို့လိုတယ်။ အစိုးရတော်ဘို့ အစိုးရ၀န်ထမ်းတွေ အရည်အသွေး ပြည့်နေဘို့ လိုတယ်။

ကောင်းလည်းကောင်း တော်လည်းတော်၊ မကောင်းလည်းမကောင်း မတော်လည်းမတော်၊ ကောင်းပါရဲ့မတော်၊ တော်ပါရဲ့ မကောင်း ဆိုတဲ့ လူ (၄) မျိုးအနက် ကောင်းလည်းကောင်း တော်လည်းတော်တဲ့သူဖြစ်အောင် ကြိုးစားကြပါ။

မကောင်းလည်းမကောင်း မတော်လည်းမတော်တဲ့သူကတော့ လောကအတွက် အမှိုက်ပဲ။
ကောင်းတော့ကောင်းပါရဲ့၊ မတော်လို့ရှိရင်လည်း ဘာမှ သုံးလို့စားလို့မရဘူး။
တော်တော့တော်ပါရဲ့ မကောင်းရင် လောကကြီးအတွက် အလွန်အန္တရာယ်များတယ်။

ဆိုတော့ လူတော်လူကောင်းဖြစ်အောင် ကြိုးစားကြပါ။ လူတော်လူကောင်းဖြစ်အောင် ဘယ်လိုလုပ်ရမလဲ တဲ့။

ကောင်းတယ်ဆိုတာ ကျွန်တော်အထူးပြောစရာမလိုပါ။ မဟုတ်တာ ဘာမှမလုပ်နဲ့။ မမှန်တာ ဘာမှ မလုပ်နဲ့။ မဟုတ်တာ မကြံနဲ့၊ မပြောနဲ့၊ မလုပ်နဲ့။ မကောင်းတာ မတွေးနဲ့၊ မပြောနဲ့၊ မလုပ်နဲ့။ အဲဒါဆို လူကောင်းဖြစ်မယ်။ မကောင်းတာ မလုပ်တဲ့ နေရာမှာ လူရှေ့သူရှေ့မှာတင် မလုပ်ရမှာမဟုတ်ဘူး။ လူမမြင်ကွယ်ရာမှာလည်း မလုပ်ဖို့လိုတယ်။ သူများသိသိ မသိသိ ကိုယ့်ကိုယ်ကိုယ် သိတယ်။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနိုင်တဲ့သူတွေ ဖြစ်ကြပါစေ။ ကိုယ်ဟာ ကိုယ့်မိသားစုအတွက် ကိုယ့်ရပ်ရွာအတွက် ကိုယ့်အဖွဲ့အစည်းအတွက် ကိုယ့်မြို့အတွက် စံပြဖြစ်အောင်နေကြပါလို့ အလေးအနက် တိုက်တွန်းပါတယ်။

နောက်တစ်ခုက တော်ဘို့။

ကိုယ့်အရည်အသွေးပြည့်ဘို့ ကိုယ့်မှာပဲတာဝန်ရှိတယ်။ ကိုယ်ကိုယ်တိုင်က လုပ်ယူမှရမယ်။ ဌာနက သင်တန်းလွှတ်တယ် ဆိုတာ ပီဘိ မပြောစလောက်ကလေးပဲရှိတယ်။ ကိုယ်ကိုယ်နှိုက်က လေ့လာသင်ယူနေမှရမယ်။

လူတော်တစ်ယောက်ဖြစ်ဘို့ ကိုယ့်အလုပ်ကိုယ် ဂုဏ်ယူနိုင်ရမယ်။ ကိုယ့်အလုပ်အကြောင်း ကောင်းကောင်းနားလည်အောင် လေ့လာနေရမယ်။ ကြိုးစားလဲ ဒီလခ၊ မကြိုးစားလဲ ဒီလခဆိုတဲ့ စိတ်မျိုးမထားရဘူး။ အဲဒါ လူညံ့တွေရဲ့စိတ်ဓာတ်။
ကိုယ့်အလုပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဗဟုသုတကို ရှာမှီးနေရမယ်။ ပညာရပ်တစ်ခုဆိုတာ လေ့လာလို့ မကုန်နိုင်ဘူး။

အခု ဒီကို သင်တန်းတက်ရအောင်လာကြတယ်။ အဲဒီအတွက် အချိန်တွေပေးရတယ်။ ပိုက်ဆံကုန်တယ်။ နောက်ပြီး စာသင်ခန်းဆိုတာ အပြင်မှာနဲ့ မတူဘူး။ တချိန်လုံး အာရုံစိုက်နေရတဲ့အတွက် စိတ်ပင်ပန်းတယ်။

အဲဒီအတွက် အချိန်ကုန်ရကျိုး၊ ငွေကုန်ရကျိုး၊ ပင်ပန်းရကျိုးနပ်အောင် ဒီသင်တန်းကနေ တစ်ခုခု ရအောင်ယူသွားပါ။ လက်မှတ်တစ်ခုရရုံ၊ CPD hr ရရုံမျှ သဘောမထားပါနဲ့။ လက်မှတ်ဆိုတာ ပီဘိစာရွက်ကလေးတစ်ခုမျှသာပါ။ အရေးကြီးတာ က အဲဒီလက်မှတ်နဲ့ညီမျှတဲ့ အရည်အချင်းကိုယ့်ဆီမှာ ရှိနေဘို့ပဲ။ လက်မှတ်ကြီးသာကိုင်ထားတယ်။ ဘာမှမတတ်ဘူးဆိုရင် ဘာမှ တန်ဘိုးမရှိပါ။ ဒီလက်မှတ်နဲ့ထိုက်တန်တဲ့ အရည်အသွေးငါ့မှာရှိရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ မသိသေးဘူး ဆိုရင် လေ့လာပါ။ မသိတာ ရှက်စရာမဟုတ်ပါဘူး။ မသိချင်တာသာ ရှက်စရာပါ။

အခုသင်တန်းက လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနဲ့ပတ်သက်လို့ မိတ်ဆက်ပေးတဲ့ သင်တန်းပါ။ ကိုယ်တစ်ခါမှ မသိဖူး၊ မလေ့လာဖူးသေးတဲ့ဘာသာရပ် ဖြစ်တဲ့အတွက် ကျွန်တော်ပြောသမျှ အကုန်အစင် နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ကျွန်တော်မမျှော်လင့်ပါဘူး။ ကျွန်တော်ပြောတဲ့အထဲက တချို့တ၀က်ရသွားတယ်ဆိုရင်ပဲ ကျွန်တော်လာပေးရကျိုးနပ်ပါပြီ။ အခုသင်တန်းဟာ နောင်ဆက်ဖွင့်မယ့်သင်တန်းတွေအတွက် အခြေခံပါ။ ဒါတွေသိမထားပဲ တခြားသင်တန်းတွေ သင်ပေးဘို့ မလွယ်ပါဘူး။ နောင်လည်း ကျွန်တော် safety သင်တန်းတွေ လာပေးဦးမှာပါ။ ဒီက MES ရဲ့ ပံ့ပိုးကူညီမှုတော့လိုတာပေါ့။

ကျွန်တော် ရှင်းပြနေတုံး မရှင်းတာ၊ နားမလည်တာရှိရင် အချိန်မရွေး ထမေးပါ။ ရှက်စရာ၊ အားနာစရာမရှိပါဘူး။ အကယ်၍ ကျွန်တော်သင်နေတုံး မမေးချင်ဘူးဆိုရင်တော့ ရှေ့မှာ ကျွန်တော့် name card ထားပေးထားပါတယ်။ အဲဒီကဒ်ထဲမှာပါတဲ့ အီးမေးအတိုင်း မေးနိုင်ပါတယ်။ ကျွန်တော်သိသမျှ ပြန်ဖြေပေးပါမယ်။

နောက်ပြီး လုပ်ငန်းခွင် အန္တရာယ်ကင်းရေးနဲ့ပတ်သက်လို့ ကျွန်တော်စာအုပ်နှစ်အုပ် ရေးထားပါတယ်။ အစိမ်းရောင်စာအုပ်ကြီး က မန်နေဂျာ၊ အင်ဂျင်နီယာ၊ Safety Officer တွေအတွက်ပါ။ သီအိုရီတွေများပါတယ်။ စုံလည်း အတော်စုံပါတယ်။ ဒါပေမယ့် သာမန်အလုပ်သမားတွေဖတ်ရင် နားလည်ရခက်ပါလိမ့်မယ်။ အဲဒီအတွက် ဖတ်ရလွယ်အောင် နောက်တစ်အုပ် ထပ်ထုတ် ထားပါတယ်။ အဲဒီစာအုပ်မှာတော့ ပုံတွေနဲ့ ပိုပြီးရှင်းအောင် ဖြော်ပထားပါတယ်။ အပြာရောင်စာအုပ်ပါ။ ကြိုက်ရာ ရွေးဝယ်လို့ ရပါတယ်။ သင်တန်းအတွက် ပေးထားတဲ့စာအုပ်က အင်္ဂလိပ်လိုဆိုတော့ နားလည်ချင်မှ နားလည်ပါလိမ့်မယ်။ အဲဒါကြောင့် လေ့လာလိုသူ များအနေနဲ့ ကျွန်တော့်စာအုပ်ကို ၀ယ်ယူဖတ်ရှု လေ့လာနိုင်ပါတယ်။

ထို့နောက် ၉ နာရီခွဲလောက်တွင် သင်တန်းစပါသည်။ မနက်ပိုင်း အာလူးဖုတ်တာများသွား၍ နေ့လည်စာစားချိန် နည်းနည်း ကျော်သွားသည်။ နေ့လည် ၁၂း၁၅ တွင် နားပြီး ၁း၁၅ တွင် ပြန်စပါသည်။ သို့တိုင် လူမစုံသေး၍ ၁ နာရီခွဲလောက်မှ စရသည်။

နေ့လည်စာကို MES အဖွဲ့သားများက လိုက်ကျွေး၏။ ပုသိမ်ပေါ်ဆန်းဆိုတာ ကျွန်တော်တို့ငယ်ငယ်ကတော့ နာမည်ကြီး။ ယခုတော့ ကောင်းသေးရဲ့လားမသိ။ ထမင်းကိုစမ်းစားကြည့်တော့ သိပ်မဆိုးလှပါ။ ဟင်းများကလည်း စားလို့ကောင်းပါသည်။ စိန်တလုံးသရက်သီးများတွေ့၍ လမ်းကြုံသည်နှင့် ဆယ်လုံးဝယ်ခဲ့သည်။ MES အသင်းသားများက အတင်းရှင်းပေး၏။ ကိုနိုင်လင်းစိုးတို့က ဒါ ရန်ကုန် ရွှေပုဇွန်က သယ်ရောင်းတာတွေ ဟု ဆို၏။ ကျွန်တော်က မသိ။ သို့သော် ရန်ကုန်မှာ ရှိလျှင်တောင် တကူးတက သွားဝယ်နေရမှာဆိုတော့ တခါတည်း ၀ယ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းချိန်တစ်လျှောက်လုံး သင်တန်းသားများကို ကျွန်တော် အကဲခတ်ကြည့်သည်။ အားလုံး စိတ်ဝင်တစား လေ့လာ သင်ယူနေကြတာတွေ့ရတော့ အင်း၊ မဆိုးဘူးဟဟု အားတက်မိ၏။ သို့သော် အလေ့အကျင့်မရှိတော့ ဘယ်သူမှ ထ မမေးကြ။ အခြေခံပညာကျောင်းများမှာလို ရှေ့ကဆရာကသင်သွား၊ နောက်ကလိုက်မှတ် ဆိုတာလောက်သာ ရှိတော့သည်။ တစ်နည်းအားဖြင့် သင်တန်းနှင့်မတူ။ ကျောင်းမှာ စာသင်တာနှင့် တူနေသည်။ လူကလည်း များသည်။ လူ ၃၀ လောက်ဆိုရင် တော့ ကိုဘယ်သူ ထပါဦးဟု နာမည်ခေါ်မေးလို့ရသပေါ့။

ညနေ ၅ နာရီမတ်တင်းလောက်တွင် သင်တန်းပြီး၏။ သင်တန်းပြီးမှ အချို့လာရောက်နှုတ်ဆက်၏။ ကျွန်တော်က အိုင်သပြုက ပါ။ ကျွန်တော်ကတော့ ဘယ်ကပါ စသဖြင့်။ ရန်ကုန်တွင် သင်တန်းပေးလျှင် သင်တန်းအပြီး တဖျတ်ဖျတ် ဓာတ်ပုံ တွဲရိုက်ကြ သည်။ သူတို့နယ်မှာတော့ သတိမရ။

ကိုကျော်မိုးနိုင်တို့က ပစ္စည်းပစ္စယများသိမ်းကာ ဟော်တယ်မှ check out လုပ်လာပြီး အဆင်သင့်အောက်မှာ စောင့်နေကြ၏။ ကျွန်တော်လည်း ကားပေါ်အသင့်တက်ထိုင်ကာ ပုသိမ်မြို့မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ မနက်ဖြန်တစ်ရက်စာကျန်တာကို  ကိုအောင်ကိုး ဆက်သင်လိမ့်မည်။ သူ့ကို မေးခွန်း၊ အဖြေလွှာနှင့် အဖြေများ ပေးခဲ့၏။

ပုသိမ်လက်ဆောင်အဖြစ် ပုဇွန်ဆီ၊ ပုသိမ်ဟာလ၀ါများ ၀င်ဝယ်ကြသေးသည်။ ပုသိမ်ကထွက်လာတော့ ညနေ ၅း၂၀ နာရီ။ အပြန်တွင် မအေးနှင်းယုတို့မပါတော့။ သူတို့က အဝေးပြေးကားနှင့် ပြန်သွားကြသည်။ ကျွန်တော်၊ ကိုကျော်မိုးနိုင်နှင့် ကိုနိုင်လင်းစိုးတို့ သုံးယောက် စကားတပြောပြောနှင့် ပါလာကြ၏။

အားပါး။ ကိုနိုင်လင်းစိုးက လူစုံဖြစ်သည်။ ကျွန်တော့်ထက်တောင် စုံပါသေး။ ကျွန်တော်က ပုသိမ်တွင် ဆောက်လက်စ ထိုးထိုးထောင်ထောင် steel structure အကြီးကြီးတွေ့တော့ မေးကြည့်ရာ သူက သမိုင်းကြောင်းနှင့်ချီ ရှင်းပြလေသည်။ (သည်တွင်လည်း သည်အဆောက်အဦကြီးအား ကွန်ကရိဖြင့်ဆောက်ရမှာကို steel structure နှင့်ဆောက်ထားတာ။ ပြီးခါနီးမှ မှားမှန်းသိသောဟူ၏။ ကျွန်ုပ်မှာ ရွှေပြည်ကြီးက လုပ်ကိုင်ပုံစေ့စပ်ခြင်းများအား အံ့သြလွန်းလို့ သေမတတ်ရှိချေသည်။)

ထို့ပြင် အေ၀မ်းမိသားစုအကြောင်း၊ နာဂစ်တုံးက ဟိုလူကြီးတွေ ယုတ်မာကြပုံအကြောင်း။ နောက်ပြီး မုန်တိုင်းတိုက်တော့ ရွာကလူတွေဒုက္ခရောက်နေပုံ ပြောပြတာ (သောက်ကယိုးနဲ) မုန်တိုင်းထဲ သူရောက်နေသလိုပါပဲလား။

အဲဒီ စာဖတ်နေသူကြီးနဲ့ ကျွန်တော်တို့အိမ်က မျက်စောင်းထိုးလောက်မှာ ရှိတယ်။ ဘယ်ဗျာ။ သူတို့အိမ်စောင့်နေတဲ့ စစ်သားတောင် ရေတိုက်တာမဟုတ်ဘူး။ ကျွန်တော်တို့အိမ် ရေလာတောင်းသောက်ရင်းနဲ့ အဲဒီ အစောင့်စစ်သားနဲ့ ကျွန်တော်တို့က ခင်နေတယ်။

မုန်တိုင်းကျမယ်ဆိုတာ သူတို့က တစ်ပတ်လောက်ကတည်းက ကြိုသိနေတယ်။ စစ်လေယာဉ်တွေကို အစောကြီးကတည်းက ရန်ကုန်ကနေ ထွက်ခိုင်းထားတာဗျ။ သူတို့အိမ်က ပစ္စည်းပစ္စယတွေကိုလည်း အကုန်သယ်ထုတ်ထားတယ်။ ကျွန်တော်တို့က မြင်ပေမဲ့ တစ်ခုခုတော့ တစ်ခုခုပဲဆိုတာလောက်ပဲ သိတာ။ နောက် အစောင့်စစ်သားလေးပြောပြမှ မုန်တိုင်းကျမယ်ဆိုတာ သိရတာ။

မုန်တိုင်းအကြီးအကျယ်တိုက်မယ်ဆိုတာလည်း သိရရော အဖေက ကိုင်း၊ ဟေ့ကောင်၊ သံတွေ သွားဝယ်ချေ။ သွပ်တွေလည်း ၀ယ်ထားလို့ ခိုင်းတယ်။ နောက်ပြီး ဆန်တွေ၊ သောက်ရေနဲ့ စားစရာသောက်စရာတွေ အများကြီးဝယ်ခြမ်းထားတယ်။ နှစ်ရက် လောက်လည်းကြာရော မုန်တိုင်းတိုက်တော့တာပဲဗျို့။ မုန်တိုင်းလည်း တိုက်ပြီဆိုရော အမိုးက အကုန်လန်ပါသွားတော့ အပေါ်ထပ်မှာတင်ထားတဲ့ စာအုပ်တွေဆိုတာ ကျွန်တော့်ရှေ့တင် အကုန်အရည်ပျော်ကျလာတာပဲ။ ကျွန်တော်လည်း သြော်၊ ဘာမှမမြဲပါကလားလို့ အဲဒီမှာ အကြီးအကျယ် သံဝေဂရသွားတယ်။ နောက်တော့ ကျန်တဲ့စာအုပ်တွေကို စာကြည့်တိုက်၊ လိုချင်တဲ့သူတွေ စတာတွေကို အကုန်လှူပစ်လိုက်တယ်။

သူပြောတာတွေကိုသာ အကုန်ရေးပြရလျှင် စာအုပ်ကြီးတစ်အုပ် ဖြစ်လောက်၏။ သို့နှင့် ည ၆ နာရီကျော်သော် ဗိုလ်မြတ်ထွန်း တံတားနား ရောက်လာ၏။ ကိုင်း၊ အမောပြေအပန်းပြေနားရင်း ဗိုက်ကလေးဘာလေး ဖြည့်ကြရအောင် ဟု ခဏနားကြသည်။ 

ကားဆရာလေးကတော့ လဖက်ရည်နှင့် ပေါင်မုန့်ပဲ စားသောက်သည်။ ကျွန်တော်တို့ကတော့ တစ်ယောက်ကို စည်ဘီယာ နှစ်ခွက်စီ သောက်ကြသည်။ ဘီယာနှင့်အမြည်းကတော့ NLD အစိုးရ အတင်းဖြစ်၏။ ထုံးစံအတိုင်း ကျွန်တော်တို့က နားထောင်သူ။ တစ်နာရီကျော်လောက် အတင်းတုတ်ပြီးနောက် ကိုင်း၊ ကိုယ့်လူတို့ နံရံမှာနားတွေရှိသတဲ့။ တော်ကြာ ခဏလောက်လိုက်ခဲ့ပါဦး ဆိုလို့ ဟုတ်ပေ့ဖြစ်နေမယ်။ သွားကြရအောင်ဆိုပြီး ထလိုက်မှ ဆရာရေ၊ နံရံမှာနားရှိတာမဟုတ်ဘူး။ ဟိုမှာ စီစီတီဗီဗျို့ ဆိုမှ မျက်လုံးပြူး မျက်ဆန်ပြူးဖြင့် အောင်မငေးဗျ။ ခွင့်လွှတ်တော်မူကြပါခင်ဗျာ။ အသက် ၆၀ နီးပါး လူငယ်လေးတွေမို့ တခါတလေ မိုက်မဲမိတာပါ ဆိုကာ ထွက်ခဲ့ကြ၏။

သည်ဘက်လမ်းရောက်တော့ Subject ပြောင်းသွားသည်။ ဂီတအကြောင်း ရောက်သွား၏။ ကိုနိုင်လင်းစိုးကား ကျွန်တော်က ကျေးစေတမန်ကို အစအဆုံးရတယ် အစချီကာ ဂီတ၊ သီချင်းကြီးသီချင်းခံများအကြောင်း ပြောလေတော့ရာ ကျွန်တော့်မှာ ၎င်းကို အလင်္ကာကျော်စွာ ဒေါ်စောမြအေးကြည်၏ မြည်း တစ်ဆယ့်နှစ်ဝမ်းကွဲများလားဟုပင် ထင်မိလေသော ဟူသတတ်။

ကျွန်တော်လည်း အကွက်ချောင်းနေသူဖြစ်ရကား ၎င်းတို့ကို နက်ဖြန် အားလားကိုယ့်လူတို့ ဟုမေးကြည့်။ အာ၊ နက်ဖြန် တနင်္လာနေ့လေဆရာရဲ့၊ အလုပ်ဆင်းရမယ်။ ဒါပေမဲ့ ကျွန်တော့်အလုပ်က ဆရာ့အိမ်နားတင်ပဲ။ Diamond condo မှာ ဆိုတော့ ဒီလိုဆို နေ့ခင်း ၁ နာရီလောက် ခဏလစ်ထွက်လာခဲ့ပေါ့ကိုယ့်လူရယ် ဆိုတော့ သူတို့နှစ်ယောက်လုံးပင် လာကြပါမည်ဟု အာမဘန္တေခံလေ၏။ အိမ်ရောက်သည့်အချိန်တောင် မှတ်မထားမိ။ ည ဆယ်နာရီကျော်နေပြီ ထင်ပါသည်။

နောက်နေ့မနက်တွင် သံဈေး Book Plaza သို့သွားကာ စာအုပ်များဝယ်၊ နောက် ပန်းဆိုးတန်းလမ်းမှ Myanmar Heritage စာအုပ်တိုက်သွားကာ စာအုပ်စာရင်းများလည်းရှင်းရင်း စာအုပ်လည်းထပ်ယူရင်း။ သို့နှင့် နေ့ခင်း ၁ နာရီလောက်တွင် ပြက္ခဒိန် သင်မည့်သူများ အိမ်သို့ ရောက်လာလေ၏။

ကျွန်တော်လည်း မြန်မာပြက္ခဒိန်အကြောင်း သူတို့ကို အရှင်းဆုံးနည်းဖြင့် ရှင်းပြလိုက်၏။

အင်း၊ မြန်မာပြက္ခဒိန် အမှန်အကန်ဖြစ်လာဘို့ အတော့်ကို မလွယ်ပါဘူးကွယ်။ ဘာလို့မလွယ်သလဲဆိုတော့ ပြက္ခဒိန်ကို သဘာဝဂြိုဟ်နေဂြိုဟ်ထားတွေအတိုင်းမဟုတ်ဘဲ မလိုလားအပ်တဲ့ စည်းကမ်းတွေနဲ့ ကန့်သတ်ထားလို့ပဲ။ အမှန်က မြန်မာပြက္ခဒိန်ဟာ နေသွားနဲ့လသွားပေါ် အခြေခံထားတာ။ တကယ် ခေတ်သိပ္ပံနည်းတွေနဲ့ဆို တွက်ရတာ ဘာမှမခဲယဉ်းပါ ဘူးကွယ်။ ပရိုဂရမ်ရေးတတ်တဲ့သူတွေလည်း ရှိနေတာပဲ။ ကွန်ပြူတာပရိုဂရမ်ရေးထားလိုက်ရင် နှစ်ထောင်ချီ တွက်လို့ရတယ်။ အခုတော့ သူတို့က တစ်နှစ်ကို တစ်ခါကြေငြာမှ အတည်ဖြစ်တယ်။ မြန်မာပြက္ခဒိန်ကို လူတစ်စုက လက်ဝါးကြီးအုပ်ထားသလို ဖြစ်နေတယ်။ (လူတစ်စုက လက်ဝါးကြီးအုပ်ထားတယ်လို့ပြောရင် မကောင်းတတ်လို့ လက်ဝါးကြီးအုပ်ထားသလိုဖြစ်နေတယ် ဟု ရေးလိုက်ရတာဖြစ်ပါသည်။ ဤကား စကားချပ်)

ဒါဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်ဘူး။ ကျုပ်တို့ မြန်မာပြက္ခဒိန်ဟာ အင်္ဂလိပ်ပြက္ခဒိန်နဲ့စာရင် အများကြီး အဓိပ္ပာယ်ပိုရှိပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ကိုလိုနီဖြစ်ပြီးကတည်းက မြန်မာပြက္ခဒိန် တိမ်ကောလာလိုက်တာ အခုဆို လူတော်တော်များများ လိုက်မေးကြည့်ပါ။ ရက်တို့ လတို့ အသာထားလို့ အခု မြန်မာလို ဘယ်နှစ်ခုနှစ်လဲလို့မေးရင်တောင် မှန်မှန်ကန်ကန် ဖြေနိုင်တဲ့သူ ခပ်ရှားရှားဖြစ်သွားပြီ။ တွက်ဘို့ဆိုတာတော့ လူတစ်သောင်းမှာ တစ်ယောက် မြန်မာပြက္ခဒိန်ကို မတွက်တတ်တော့ပါဘူးကွယ်။

အခုတော့ ဒီတွက်ပုံတွက်နည်းတွေကိုသင်ပေးဘို့ဆိုတာ မဖြစ်နိုင်သေးဘူး။ ဒီအတွက်အချက်တွေကို ရေရေလည်လည် နားလည်ဘို့၊ တွက်တတ်ဘို့ဆိုတာ အနည်းဆုံး ၃ ရက်လောက်တော့ သင်ရလိမ့်မယ်။ ၅ ရက်လောက် ကြာချင်လည်း ကြာမယ်။ နောက်တစ်ခါ ကျွန်တော် ခွင့်ရက်ရှည်ပြန်လာရင် သင်ပေးမယ်။

ထို့နောက် ပြောရင်းဆိုရင်းနှင့် ၄ နာရီခွဲကျော်လာလေရာ ရေမိုးချိုး၊ အဆာပြေခေါက်ဆွဲပြုတ်စား၊ နို့တစ်ခွက်သောက်။ ကိုဟန်မျိုးနောင်နှင့် မအေးနှင်းယုတို့ လေဆိပ်လိုက်ပို့သည်။

စင်ကာပူသို့ ည ၁၁ နာရီခွဲလောက် လေယာဉ်ဆိုက်။ အိမ်ရောက်တော့ နာရီပြန် တစ်ချက်တီးနေပြီ။

ဤကား ကျွန်ုပ်တို့ ပုသိမ်သို့ လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့်ကျန်းမာရေး ဟောပြောပွဲနှင့် သင်တန်းအတွက် သွားရောက်ခြင်း မှတ်တမ်း အစအဆုံးဖြစ်သတည်း။

မိမိတို့ဒေသ/စက်ရုံအလုပ်ရုံ/လုပ်ငန်းများတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးအကြောင်း လာရောက်ဟောပြော၊ သင်တန်း ပေးစေလိုပါက ကျွန်ုပ်တို့ဆီဆက်သွယ်လိုက်ပါ။ တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်ပေးပါမည်။

အားလုံး ဘေးအန္တရာယ်ကင်းပြီး ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြပါစေခင်ဗျား။

ဖတ်ရှုအားပေးသည့်အတွက် ကျေးဇူး အထူးတင်ပါသည်။


အေးငြိမ်း

၃၀ ဇွန်လ၊ ၂၀၁၇

No comments: