(၁)
သင်္ကြန်ပိတ်ရက်ကို (၅) ရက်ပိတ်တာ ကြိုက်တယ်။ မဟုတ်ဘူး (၁၀)
ရက်ပိတ်မှ။ အို၊ ဂျပန်တွေဆို သူရို့တိုင်းပြည် ထူထောင်စ က တစ်နေ့ကို ဘယ်နှစ်နာရီပဲနားပြီး
လုပ်ခဲ့ကြတာ။ မင်းတို့က ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်မယ်မစဉ်းစားဘူး။ ကိုယ့်တစ်ဘို့
လောက်ပဲ သိတဲ့ကောင်တွေ။ ဟေ့၊ သင်္ကြန်ပိတ်ရက်ဆိုတာ မနေ့တစ်နေ့ကမှ ဖြစ်လာတာမဟုတ်ဘူးကွ။
အင်္ဂလိပ် သခင်ကြီးများလက်ထက်ကတည်းက ပိတ်ပေးခဲ့တာ။ ဟောဒီမှာကြည့် စသဖြင့် ဖေ့စ်ဘုတ်ပေါ်၌
သင်္ကြန်ပိတ်ရက် တိုက်ပွဲများ ပြင်းထန်နေစဉ် တစ်နေ့သ၌ စကားပြောသည့်အခါ ငါ့အစ်ကို ငါ့အစ်ကို
ဟု ထည့်ထည့်ပြောတတ်သော နှမကလေး (ဟုတ်ပေါင်) နှမကြီး (ဒါလည်းဟုတ်သေးပါဘူး။) (ဘယ်လိုခေါ်ရပါ့၊
ထားပါတော့) တစ်ယောက်သည် ဖုံးဆက်လာလေ၏။ (ကျွန်ုပ်မှာ အဘယ်မျှတုံးသနည်းဟူမူ ပွဲပြီးခါနီးထိ
သူ့နာမည်ကိုမသိ။ သူက ကိုယ့်ကို သိနေပြီး ကိုယ်ကသူ့ကိုမသိသည့် အတွက် အားနာမိသောကြောင့်
မမေးခြင်းဖြစ်ပါ၏။ နောက်မှ အစ်မကြီး မခင်လေးကို ဒါနဲ့ နေပါဦး၊ သူ့နာမည်က ဘယ်သူတုံးဗျ
ဆိုတော့ ဒေါ်နှင်နှင်းအေး ဟု ဆို၏။ သူက ဒေါ်မြင့်မြင့်သန်းနဲ့ ညီအစ်မလား ဆိုတော့ ဟုတ်တယ်ဟု
ပြော၏။ ဒေါ်မြင့်မြင့်သန်းမှာ မန်းစည်ပင်ကော်မတီဝင်တစ်ဦး ဖြစ်လေသည်။ ဤကား စကားချပ်)
သူပြောတာကို အတိုချုပ်ရလျှင် မန်းမြို့တော်စည်ပင်မှ အဖွဲ့ဝင်များ
စင်ကာပူသို့ လေ့လာရေးလာမည်။ ထို့ကြောင့် စင်ကာပူရှိ အင်ဂျင်နီယာစသည့် တတ်သိပညာရှင်များက
စင်ကာပူတွင် ကျင့်သုံးနေသည့် စနစ်များအကြောင်း ပြောပြရန် စီစဉ်ပေးပါဟု ဖြစ်၏။
ကျွန်တော်လည်း မိတ်ဆွေများအားကိုးဖြင့် စီစဉ်ပေးပါမည့်အကြောင်း
အာမခံလိုက်၏။ သူက ကိုအောင်ကျော်သိုက်ကိုလည်း ပြောထားကြောင်း၊ ဧပြီလ ၂၂ ရက်၊ သို့မဟုတ်
၂၃ ရက်တွင်လုပ်မည်ဖြစ်ကြောင်းနှင့် အခန်းရှာပေးပါရန် ပြော၏။ ကျွန်တော်က လူအများကြီးနှင့်မတွေ့ပဲ
အများဆုံး ၃၀ လောက်သာဖိတ်လျှက် အပြန်အလှန် ရင်းရင်းနှီးနှီး ဆွေးနွေး မေးမြန်းရန်ပြောသော်
အစပိုင်းတွင် သူလည်းသဘောတူ၏။ ထို့ကြောင့် မြန်မာကလပ်ဥကက္ကဋ္ဌ၊ ဒေါက်တာမြတ်မော်ထွန်းကို
ဖုံးဆက်ကာ အခန်းတောင်းသော် သူကလည်း လွယ်လင့်တကူပင် သုံးနိုင်ပါကြောင်း အကြောင်းပြန်၏။
မြန်မာကလပ်အခန်းက ကျဉ်းကျဉ်းလေး၊ လူ (၅၀) လောက်ဆန့်တဲ့အခန်းကိုငှားမှဖြစ်မယ်
ငါ့အစ်ကို ဟု ဆိုလာပြန်သော ကြောင့် ကျွန်တော်လည်း သုံးနေကျ ပင်နင်ဆူလာနောက်က SSSC အခန်းကို
ငှားရန်ကြိုးစား၏။ သို့သော် ကံအား မလျော်စွာပင် ထိုအခန်းကိုပြင်ရန်လုပ်နေသောကြောင့်၊
ငှားမရ။ သူက သစ္စာပါရမီကျောင်းမှ တရားပွဲများကျင်းပရန် ငှားထားသော Big Box မှ အခန်းကို
ပြန်ငှားရန်ကြိုးစားရာ အဆင်ပြေပါ၏။ သို့သော် တရားပွဲက ညနေ ၆ နာရီမှ ပြီးမှာဆိုတော့
၆ နာရီနောက်ပိုင်းမှရမယ် ဆို၏။ ရပါတယ်။ (၆) နာရီကနေ (၉) နာရီထိလုပ်ပေါ့ ဟု သဘောတူကြ၏။
သည်ဆွေးနွေးပွဲကို အခြားစိတ်ပါဝင်စားသူများပါ နားထောင်နိုင်၊
ပါဝင်ဆွေးနွေးနိုင်စေရန် ဖေ့စ်ဘုတ်ကနေ ကြော်ငြာလို့ ရမလား မေးသော် သူတို့ကလည်း ရပါတယ်ဟု
အကြောင်းပြန်သောကြောင့် ကျွန်တော်လည်း ဖေ့စ်ဘုတ်မှကြေငြာ၏။ ကျွန်တော့်ကြော်ငြာအောက်တွင်
like နှင့် share တော်တော်များလာလေသော် အစီအစဉ်ကို တမျိုးပြောင်းရပြန်၏။
ငါ့အစ်ကို၊ သစ္စာပါရမီအခန်းနဲ့ အဆင်မပြေလောက်ဘူး။ ဒါ့ထက်ပိုကြီးတဲ့အခန်းမှရမယ်
ဟု မမလေးက ဖုံးဆက်လာ၍ ကျွန်တော်လည်း ဆရာမြတ်ဆီ ဖုံးဆက်ရပြန်၏။ ဆရာမြတ်က Big Box ပိုင်ရှင်မှာ
သူနှင့်သူငယ်ချင်းဖြစ်သောကြောင့် သူကူညီငှားပေးမယ် ဆို၏။ Big Box, လေးထပ်မှာ အခန်းတော့ရပါ၏။
အခန်းငှားခက $1000 ဆိုတော့ ကိုင်း၊ ဘယ်လို လုပ်ကြမတုံးဟု ခေါင်းကိုက်ကြရပြန်၏။ ငှားသာငှားပါဗျာ။
ကျုပ်ကျက်လိတာပေါ့ ဟု ကျွန်တော်လည်း မိတ်ဆွေများအားကိုး နှင့် ဇွတ်တိုးလိုက်၏။
ပြောမည့်သူများအတွက်တော့ ပူစရာမရှိပါ။ ယခင်ကာလများကတည်းက
ကျွန်တော်တို့မိတ်ဆွေတစ်စု ဖွဲ့ထားသော MTP (Myanmar Transitional Platform) ဟူသော အဖွဲ့သည်ရှိ၏။
ထိုအဖွဲ့မှ မိတ်ဆွေများမှာ ပြောနေဆိုနေကျသူများ ဖြစ်၍ ကိုင်း၊ ကိုယ့်လူတို့ ဘယ့်နှယ်တုံးဆိုလိုက်သည်နှင့်
ဟိုလူကဟိုဟာပြောမယ်၊ ဒီလူက ဒီဟာပြောမယ်နှင့် ချက်ချင်းပြည့်သွားချေသည်။
ပြောမည့်သူများနှင့်ခေါင်းစဉ်များကား မိတ်ဆွေတို့သိပြီးဖြစ်ကြသည့်အတိုင်း
အောက်ပါတို့ဖြစ်၏။
၁။ စင်ကာပူအစိုးရနှင့်စနစ်များအကြောင်း မိတ်ဆက် - ဒေါက်တာသိန်းသန်းဝင်း
၂။ Third Party Inspection System for Construction
Sector - ကိုအောင်ကျော်သိုက်
၃။ ကျန်းမာရေးစောင့်ရှောက်မှုစနစ် - ကိုမင်းသူ
၎။ အဆောက်အဦစနစ် - ကိုထွန်းနောင်မြင့်
၅။ စိမ်းလန်းစိုပြည်ရေးစနစ် - ကိုတင်ဇော်အောင်
၆။ မြို့ပြ ဖွဲ့စည်းတည်ဆောက်မှု စနစ် - လရောင်
၇။ ရေဆိုးထုတ်စနစ်၊ ရေပေးဝေရေးစနစ်စသည် - ဦးအေးငြိမ်း
ပြောမည့်မိတ်ဆွေများကို presentation slide များ ပြင်ပေးရန်
အတင်းတွန်းရသည်။ အားလုံးကို ပရင့်ထုတ်၊ စာအုပ်ချုပ်ကာ မန်းစည်ပင် ၀ိုင်းတော်သားများသို့
ပေးလိုက်ချင်၍ ဖြစ်၏။ ဒါတောင် အပြည့်အစုံမရ။
ကိုင်း၊ ကိုယ့်လူတို့။ ပွဲမ၀င်ခင် အပြင်က ကျင်းပ တဲ့။ ကိုယ်တို့
အစမ်းလေ့ကျင့်ကြဘို့ လိုမယ်။ စနေနေ့နေ့လည် လာခဲ့ကြ ဟု ဖိတ်လိုက်၏။ ကိုအောင်ကျော်သိုက်က
PDP course ရှိနေလို့ မလာနိုင်။ ပင်နင်ဆူလာရှိ မြန်မာကလပ်အခန်းတွင်ပင် ကျွန်တော်တို့
အစမ်းပြောကြည့်ကြသည်။ အားလုံးက ပြောနေဆိုနေကျဆိုတော့ ဘာမှ ပြောစရာမရှိပါ။ တစ်ဦးတည်းသော
မိန်းကလေးကတော့ ဒေတာတွေ နင်းကန်ထည့်နေလို့ ဆလိုက် ၁၀ ခုတင် နာရီဝက်ကြာသည်။ ပြင်ထားတာက
ဆလိုက် ၈၀ ကျော်။
ကိုင်း၊ မမ။ ဒီပုံနဲ့ဆိုရင်တော့ မိုးကြီးချုပ်လိမ့်မယ်။ ဟောဒါတွေဖြတ်။
ဒီဆလိုက်ဖြုတ်။ ဒါမထည့်နဲ့။ ဒါတွေထည့်ပြောစရာ မလိုဘူး စသဖြင့် တော်တော်များများ အက်ဒစ်လုပ်ပစ်လိုက်ရသည်။
ညည်း ကိုယ့်ဘာသာကိုယ် ပြန်ပြောကြည့်ဘို့ မမေ့နဲ့နော် ဟု မှာလိုက်၏။ (၂၉) မိနစ်ကြာတယ်ဟု
တနင်္ဂနွေနေ့၊ နံနက် ၀၀း၅၅ နာရီတွင် အကြောင်းပြန်လာသည်။ ကျွန်တော်လည်း သူ့ဆလိုက်တွေကို
မြင်ကောင်းအောင် ကြည့်ရှုပြင်ပေးလိုက်သည်။
ဤကား မန်းစည်ပင်နှင့်တွေ့ဆုံပွဲဖြစ်လာခြင်းအကြောင်း အကျဉ်းချုပ်
ဖြစ်၏။
ယခုတော့ မလိုအပ်သည့် အသေးစိတ်များအားလုံး ချန်ခဲ့ပါမည်။ ကျွန်တော်
သည်အကြောင်းကို မန်းစည်ပင်အဖွဲ့ဝင်တချို့နှင့် သည်ဘက်မှ စီစဉ်ပေးသူ ငါ့အစ်ကို (ဟုတ်ပေါင်၊
သူလုပ်တာနဲ့ နာတောင် ယောင်ကုန်ပြီ) ဒေါ်နှင်းနှင်းကို အင်တာဗျူးကာ ဆောင်းပါးအပြည့်အစုံရေးပြီး သတင်းစာ/ဂျာနယ်ထဲ ထည့်ပါမည်။
စောင့်မျှော်ဖတ်ရှုတော်မူကြပါ။
အခုတော့ ကျွန်တော်တို့ ပွားထားတာလေးတွေ အချုပ်ပြန်ရေးပြပါမည်။
ပထမဆုံး ကျွန်ုပ်က စပါစို့။
(၂) ရေဆိုးထုတ်စနစ်၊ ရေပေးဝေရေးစနစ်စသည် - ဦးအေးငြိမ်း
ကျွန်တော်ကတော့ စနစ်တွေအကြောင်း သိပ်မပြောတော့ပါဘူး။ ရှေ့ကလူတွေပြောသွားတာနဲ့တင်
လုံလောက်နေပါပြီ။ အခုက ဘာနဲ့တူနေသလဲဆိုတော့ လူနာတစ်ယောက်ကို ဗိုက်တာမင်တွေ နင်းကန်ထိုးထည့်နေသလို
ဖြစ်နေပါတယ်။ ကျွန်တော် ပြောစရာ မလိုတော့ပါဘူး။
ကျွန်တော် အရေးကြီးတဲ့ သော့ချက်တွေ ပြောပါမယ်။
နံပါတ် (၁) ရိုးသားခြင်း
Honesty is the best policy.
အခု ကျွန်တော်တို့လိုချင်တဲ့အစိုးရကို ကျွန်တော်တို့ကိုယ်တိုင်
ရွေးကောက်တင်မြှောက်လိုက်ပါပြီ။ အဲဒီအတွက် အစိုးရသည် လူထုတွေအပေါ်မှာရိုးသားပါ။ တိုင်းပြည်အပေါ်မှာ
ရိုးသားပါ။
အရင်တုံးက မဆလခေတ်က ဦးနေ၀င်းအစိုးရဟာ တိုင်းပြည်ကို ညာခဲ့တယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် မအောင်မြင်တာကို မအောင်မြင်ဘူး မပြောခဲ့ဘူး။ အစိုးရက တိုင်းပြည်ကိုညာတယ်။
အောက်ကလူတွေကလည်း အစိုးရကို ၀ိုင်းညာပေးကြတယ်။
အဲဒီအတွက် အနှစ် (၂၀) လောက်အတောအတွင်းမှာ မြန်မာပြည်ဟာ အာရှမှာ
ထိပ်ဆုံးအဆင့်ကနေပြီး LDC (Lowest Development Country) အဆင့်ထိ ရောက်သွားတယ်။ အဲဒါသည်
မရိုးသားခြင်းရဲ့ ရလဒ်ပါ။ ကျွန်တော် ဥပမာတွေ၊ ဥပမေးယျတွေနဲ့ သိုင်းသိုင်းဝန်းဝန်းပြောချင်ပေမဲ့
အချိန်မရတော့လို့ ဒါလောက်ပဲ မှတ်ထားလိုက်ပါ။
နောက် ရိုးသားဘို့တစ်ခုက -
ကိုယ်မသိဘူးဆိုရင် မသိတဲ့အတိုင်း ၀န်ခံပါ။
ကျွန်တော်တို့ဆီက လူကြီးတွေက ရာထူးကြီးကြီးရောက်သွားတယ်ဆိုရင်ပဲ
ငါ အကုန်သိတယ်၊ ငါအကုန်တတ်တယ်လို့ သူတို့ ဘာသာသူတို့ ခံယူသွားကြတယ်။ အဲဒါ မဟုတ်ပါဘူး။
အလုပ်တစ်ခုလုပ်တော့မယ်။ ပရောဂျက်တစ်ခုဆွဲတော့မယ်ဆိုရင် အဲဒီပရောဂျက်အကြောင်း
ငါဘယ်လောက်သိသလဲလို့ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။ ငါ မသိဘူး ဆိုရင် -
Don’t Know ==> Ask.
မသိရင်မေး၊ မစင်ရင် . . . ဆေး။
အဲဒါလည်း ရိုးသားခြင်းပါဘဲ။
မသိရင်မသိဘူးလို့ ၀န်ခံပါ။ မသိတာကို မသိဘူးလို့ ၀န်မခံတဲ့သူတစ်ယောက်ဟာ
သိတဲ့သူတစ်ယောက် ဘယ်လိုနည်းနဲ့မှ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ မှောက်ထားတဲ့ခွက်ထဲကို
ရေထည့်လို့မရသလိုပါဘဲ။
နံပါတ် (၂) - Take the Responsibility for your mistake.
အဲဒါလည်းပဲ ဆိုရှယ်လစ်စနစ် ကျဆုံးခြင်းရဲ့ အဓိကအကြောင်း တစ်ရပ်ပါဘဲ။
သူတို့ဟာ သူတို့အမှားကို တာဝန်မယူခဲ့ဘူး။ အမှန်တကယ် သူတို့အမှားကို သူတို့လက်ခံတယ်။
တာဝန်ယူပြီး အချိန်မီပြန်ပြင်မယ်ဆိုရင် ကျဆုံးချင်မှ ကျဆုံးပါမယ်။ မှားတာကို မှားတယ်လို့လက်ခံပြီး
အမှန်ရောက်အောင် ချက်ချင်း ပြန်ပြင်ဘို့ အလွန်အင်မတန် အရေးကြီးပါတယ်။
လူတိုင်းသိတဲ့အကြောင်းလေး ကျွန်တော်ပြောပြပါမယ်။
မြတ်စွာဘုရားရဲ့ လက်ယာရံအဂ္ဂသာဝကဖြစ်တဲ့ အရှင်သာရိပုတ္တရာတောင်မှ
မနေ့တစ်နေ့ကမှ သင်္ကန်းဝတ်လာတဲ့ ကိုရင်လေး က အရှင်ဘုရား၊ အရှင်ဘုရားသင်္ကန်းအောက်စမညီဘူးလို့
ထောက်ပြတာကို နာယူပြီး ပြန်ပြင်ဝတ်တယ်။ ပြန်ပြင်ဝတ်ပြီး နောက် ညီပါပြီလား င့ါရှင်ဆိုပြီး
တလေးတစား ပြန်မေးတယ်။
လက်ယာရံအဂ္ဂသာဝကဆိုတာ ဗုဒ္ဓသာသနာမှာ ဘုရားပြီးရင် သူအကြီးဆုံးပဲ။
ဒါပေမဲ့ မင်းလိုမလောက်လေး မလောက်စား ကိုရင်လေးက ငါလို အဂ္ဂသာဝကကြီးကို ပြောရပါမလားလို့
မဆိုခဲ့ဘူး။ အဲဒါ ကိုယ့်အမှားကိုကိုယ် လက်ခံတာ။
ကိုယ်မှားနေတာကို သူများက ထောက်ပြလို့ ပြန်ပြင်လိုက်မှ လမ်းမှန်ကိုရောက်လာမှာပေါ့။
ကိုယ်မှားနေတာကို မှားမှန်းသိရက် နဲ့ အတင်း ဇွတ်မှိတ်လက်ခံထားရင် ဘယ်လိုနည်းနဲ့မှ လမ်းမှန်ကို
ရောက်လာနိုင်စရာအကြောင်း မရှိပါဘူး။
နောက်တစ်ခု -
ကိုယ့်အလုပ်အပေါ်မှာ တာဝန်ယူဘို့ လိုပါတယ်။ ဘာပဲလုပ်လုပ်၊
ကိုယ့်အလုပ်ကို တာဝန်ယူပါ။ ဒါ အင်မတန် အရေးကြီးပါတယ်။
အဲဒီ ရိုးသားတာရယ်၊ တာဝန်ယူတာရယ် နှစ်ခုရှိရင်ကိုပဲ ကျွန်တော်တို့နိုင်ငံကြီး
တော်တော်ကောင်းသွားပြီ။
တခြားအများကြီးမလိုပါဘူး။ အဲဒီ နှစ်ခုကို ဖြစ်အောင် ကျင့်သုံးကြည့်ပါ။
နောက်တစ်ခု -
နံပါတ် (၃) - Review the Effectiveness of the system.
စီမံကိန်းတစ်ခု ရေးဆွဲချမှတ်ကျင့်သုံးလိုက်တယ်ဆိုကြပါစို့။
အဲဒီ စီမံကိန်းဟာ တကယ်အောင်မြင်သလား။ တကယ် အလုပ်ဖြစ်သလား။ ပြန်ပြီး လေ့လာသုံးသပ်ကြည့်ဘို့လိုပါတယ်။
ကိုယ်ချမှတ် ကျင့်သုံးလိုက်တဲ့စနစ်ကို အောင်မြင်သလား၊ မအောင်မြင်သလားဆိုတာ
ပြန်ပြီးမဆန်းစစ်တဲ့ရလဒ်က ကျောင်းသားတွေဟာ ဆယ်တန်းရောက်လာတဲ့ထိ ကိုယ့်နာမည်တောင် မှန်အောင်
စာလုံးမပေါင်းတတ်ကြတော့ဘူး။ အထက်က လူကြီးတွေက သူတို့ကောင်းမယ်ထင်လို့ စဉ်ဆက်မပြတ်အကဲခတ်
ပညာရေးစနစ်ကို ချမှတ်ကျင့်သုံးတယ်။ ဒါပေမဲ့ အောက်မှာ ဘာဖြစ်နေသလဲ ဘယ်သူမှ ဆင်းမကြည့်ဘူး။
စဉ်ဆက်မပြတ်အကဲခတ် ပညာရေးစနစ်နဲ့ ငါတို့တိုင်းပြည်နဲ့ သင့်တော်ရဲ့လား။ ဘယ်သူမှ ဆန်းစစ်မကြည့်ကြဘူး။
စင်ကာပူလိုနိုင်ငံမျိုးဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ ကျွန်တော့်သား
ကျောင်းတက်တဲ့အခန်းမှာဆို ကျောင်းသားက ၂၀ လောက်ပဲ ရှိတယ်။ ဆိုတော့ ဆရာဆရာမက ကျောင်းသားတိုင်းကို
သူတို့အခြေအနေဘယ်လိုရှိတယ်ဆိုတာ သိနေတယ်။ စာမလိုက်နိုင် တဲ့ကလေးကို ဖိသင်ပေးလို့ရတယ်။
ကျွန်တော့်တူတစ်ယောက် ပိုလီတက်နေတယ်။ သူ assignment တွေ မှန်မှန်မတင်ဘူး။ စာမလိုက်နိုင်ဘူး။
သူ့ဆရာက ကျွန်တော့်ဆီလှမ်းဖုံးဆက်တယ်။ သူ့အခြေအနေ ဘယ်လိုလဲ။ သူ့မှာ ဘာပြဿနာတွေ ရှိသလဲ
စသဖြင့်။ ဆိုတော့ သူတို့က ကျောင်းသားတစ်ဦးချင်းစီရဲ့ အခြေအနေကို သိနေတယ်။ အဲဒီအခါ
သူတို့အရည်အသွေးကို အကဲဖြတ်လို့ရတယ်။
မြန်မာပြည်မှာ တောကကျောင်းတွေမှာ ဆရာဆရာမတစ်ယောက်ဟာ တခါတလေ
အတန်း သုံးတန်းလောက်ကို ကိုင်နေရတယ်။ ထားပါတော့။ အတန်းသုံးတန်းမကိုင်ရတောင် တစ်တန်းမှာ
ကျောင်းသား ၆၀ လောက်ရှိတယ်။ ဘယ်လိုလုပ်ပြီး စဉ်ဆက်မပြတ်အကဲခတ်နိုင်မလဲ။ နောက်ပြီးတော့
မအောင်မရှိ၊ ငါ့တပည့်။ အကုန်လုံးကို အတန်းတင် ပေးရတယ်။
အဲဒါကလည်း တင်ပေးရတဲ့ ဆရာ၊ ဆရာမတွေရဲ့အပြစ်မဟုတ်ဘူး။ တကယ်လို့ကျောင်းသားတစ်ယောက်
ကျတယ်ဆိုရင် အဲဒီ ဆရာဆရာမဟာ သူ နဂိုသင်နေရတဲ့စာတွေအပြင် အဲဒီကျောင်းသားကိုပါ အပိုသင်ပေးရအုံးမယ်။
စာမေးပွဲလည်း ထပ်စစ် ပေးရအုံးမယ်။ အထက်ကလည်း ထောင်းအုံးမယ်။ ဒီတော့ ဘယ်သူ အလုပ်ပိုလုပ်ချင်မလဲ။
အအောင်ပေးလိုက်တာပေါ့။
အဲဒါသည် ကိုယ်ချမှတ်ထားတဲ့စနစ်ကို တကယ်အလုပ်ဖြစ်မဖြစ် ပြန်ပြီးမဆန်းစစ်ခြင်းရဲ့
ရလဒ်ပဲ။
အဲဒီတော့ ကျွန်တော် ဒီကစည်ပင်အဖွဲ့ကိုပြောချင်ပါတယ်။ တစ်ခုခုလုပ်ပြီဆိုရင်
အဲဒီအလုပ်သည် တကယ်အလုပ်ဖြစ်ရဲ့လား။ ကိုယ့်မြို့နဲ့၊ ကိုယ့်လူထုနဲ့ အံဝင်ခွင်ကျဖြစ်ရဲ့လား။
အောင်မြင်ရဲ့လားဆိုတာ အမြဲတန်း ပြန်ပြီး ဆန်းစစ်နေဘို့၊ လေ့လာသုံးသပ် နေဘို့ လိုပါတယ်။
စ အကောင်အထည်ဖော်ကတည်းက စောင့်ကြည့်နေပါ။ ဘာလွဲနေသလဲ ဆန်းစစ်ပါ။
နောက်တစ်ခုက ပရောဂျက်တစ်ခုလုပ်တဲ့အခါ ကိုယ်မသေချာရင် အကြီးကြီး
စမလုပ်ပါနဲ့။ အသေးက စပါ။ Prototype နဲ့ လုပ်ရပါတယ်။ အဲဒီ ပိုင်းလော့ပရောဂျက်အောင်မြင်ပြီဆိုမှ
ပရောဂျက်အကြီးကို စကိုင်ပါ။ ပိုင်းလော့ပရောဂျက်မှာ မှားနေတာ တွေ၊ လွဲနေတာတွေကို ပြင်လို့ရတယ်။
သူက ပရောဂျက်သေးသေးလေးဆိုတော့ ပြဿနာမရှိဘူး။
ကျွန်တော် ခပ်ရှင်းရှင်း ပြောပါမယ်။
YBS စနစ်။ သူတို့လုပ်ပုံကိုင်ပုံ အရမ်းမှားတယ်။ စနစ်ကြီးတစ်ခုလုံးကို
ဖျက်ပြီး အစကနေပြန်လုပ်တယ်။ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ တကယ်လုပ်ရမှာက လိုင်းတစ်လိုင်းကို
အရင်လုပ်ရမှာ။ အဲဒီလိုင်းတစ်လိုင်း အောင်အောင်မြင်မြင် လုပ်ပြီးတဲ့အခါမှ နောက်တစ်လိုင်းကို
ဆက်သွားမယ်။ အဲသလိုနဲ့ လိုင်းအားလုံးကို ခြုံမိတဲ့အထိ တစ်ဆင့်ချင်း လုပ်သွားရမှာ။ လုပ်ရမှာက
replacement, တစ်ဆင့်ချင်း အစားထိုးသွားရမှာ။ အခုက demolish လုပ်လိုက်တော့ အရမ်းကို
ကသောင်းကနင်း ဖြစ်သွားတယ်။
အစပိုင်းမှာ ပြည်သူတွေက ဖြစ်ချင်တဲ့စေတနာနဲ့ ၀ိုင်းကြ၀န်းကြတယ်။
တက္ကစီတွေ၊ ကိုယ်ပိုင်ကားတွေနဲ့ ကူကြတယ်။ ဒါပေမဲ့ သူတို့ ဘယ်လောက်ကြာကြာ လုပ်ပေးနိုင်မလဲ။
အဲဒီဟာကိုလည်း ကျွန်တော် အားမပေးဘူး။ ဒါ System failure. စနစ်တစ်ခု ကျဆုံးတာ။ သိပ်ကြောက်စရာကောင်းပါတယ်။
System failure ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှမှာ ထိပ်ဆုံးကနေ ဘိတ်ဆုံးထိ
ရောက်ခဲ့တယ်။
နံပါတ် (၄) - ကိုယ့်နေရာကိုယ် သိပါ။
ခုနက ဆရာသိန်းသန်းဝင်းလည်း ပြောသွားပါပြီ။ လူကြီးက လူကြီးလိုနေရမယ်။
ဘုရင်က ဘုရင်လိုနေရမယ်။ အစိုးရက အစိုးရလိုနေရမယ်။ အာဏာပိုင်အဖွဲ့အစည်းက အာဏာပိုင်အဖွဲ့အစည်းလိုနေရမယ်။
စည်ပင်က အမှိုက်သိမ်းနေတာသည် ကိုယ်ဘာလုပ်ရမယ်ဆိုတာ မသိတဲ့အတွက်ကြောင့်
အမှိုက်သိမ်းနေတာ။ အာဏာပိုင် အဖွဲ့အစည်းနေရာမှာနေတဲ့သူက ဆင်းပြီး အမှိုက်ကျုံးနေတာ တစ်သက်လုံးမကောင်းစားဘူး။
တစ်သက်လုံး မတိုးတက်ဘူး။
အရင်တုံးက သတင်းစာတွေ ကျွန်တော် သိမ်းထားတယ်။ အင်ဂျင်နီယာမှူးကြီးလုပ်တဲ့သူက
မြူနီစီပယ်ဈေးကြီး ရေမြောင်း ဖော်တာကို ကြီးကြပ်ရသတဲ့။ အဲဒါ ကိုယ့်ရဲ့တာဝန်ဝတ္တရားကို
မသိတာ။ မသိတဲ့အတွက် ရေမြောင်းဖော်တာကို သွားပြီး ကြီးကြပ်တာ။ အဲဒီရေမြောင်းက သူလာကြီးကြပ်တော့မှ
ပြီးတော့မှာလား။ သူ့မှာ ရေမြောင်းဖော်တာကို ရပ်ကြည့်ဘို့ထက် တခြားအရေးကြီးတဲ့ကိစ္စတွေ
မရှိတော့ဘူးလား။
ဆိုတော့ အခု ဒီမှာ မန်းမြို့တော်စည်ပင်အဖွဲ့ဝင်များအနေနဲ့
ကိုယ်က အာဏာပိုင်အဖွဲ့အစည်းနေရာ ရောက်လာပါပြီ။ ကိုယ့်ရဲ့ role ကို ကိုယ်သိပါ။ အာဏာပိုင်အဖွဲ့အစည်းတစ်ခုအနေနဲ့
ကိုယ်လုပ်ရမဲ့အလုပ်က မူဝါဒတွေ ချပေးမယ်။ စနစ်တွေ ချမှတ်၊ အကောင်အထည်ဖော်ရမယ်။ စံနှုန်း၊
လုပ်ငန်းလမ်းညွှန်တွေ သတ်မှတ်ပေးရမယ်။
နောက်ပြီးတော့ ကိုယ်လုပ်ချင်တဲ့အလုပ် (ဥပမာ - အမှိုက်သိမ်းတာ)
ကို အပြင်အဖွဲ့အစည်း၊ ကုမ္ပဏီတစ်ခုကို ချပေးမယ်။ ကိုယ်လုပ်ရမှာက အဲဒီ ကုမ္ပဏီသည် ကိုယ်သတ်မှတ်ပေးထားတဲ့စံနှုန်းတွေအတိုင်း
လုပ်ရဲ့လား။ အမှိုက်သိမ်းတာ ပြောင်ရဲ့လား။ အမှိုက်တွေကို ဘယ်လိုပစ်သလဲ။ စောင့်ကြည့်မယ်။
ကိုယ်သတ်မှတ်ပေးထားတဲ့စံနှုန်းတွေအတိုင်း မလုပ်ရင် သူတို့ကို သတိပေးမယ်။ ဒဏ်ရိုက်မယ်။
ဒါမှ ဆက်ပြီး ပြောစကားနားမထောင်သေးဘူးဆိုရင် လွယ်ပါတယ်။ ကန်ထရိုက်ကို သိမ်းလိုက်ပြီး
နောက်ကန်ထရိုက်တာတစ်ယောက်ကို ချပေးလိုက်မယ်။ အလုပ်လိုချင်သူတွေဆိုတာ တန်းစီစောင့်နေတယ်။
အဲဒီအတွက် သူတို့ မဖြစ်မနေ လုပ်ရတော့မယ်။
ကိုယ်က အဲသလိုလုပ်ရမှာ။ ဒါလုပ်၊ ဒီလိုလုပ်ဆိုပြီး ကိုယ်က
ခိုင်းနေရမှာ။ အခုတော့ ကိုယ်က ခိုင်းတဲ့သူနေရာမှာမနေဘဲ ကိုယ်တိုင်ဆင်းပြီး အမှိုက်ကျုံးနေတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဘာလုပ်ရမလဲ၊ ငါ့တာဝန်ဝတ္တရားတွေက ဘာလဲဆိုတာ မသိတာ။
ကိုယ်က အာဏာပိုင်အဖွဲ့အစည်းနေရာရောက်နေပြီဖြစ်တဲ့အတွက် ကိုယ်ကချပေးမှ
သူတို့လုပ်ရမှာ။ ဒီတော့ သူတို့ကို ကိုယ်ချမှတ်ထားတဲ့ စည်းစနစ်ဘောင်ထဲမှာဝင်လာအောင်
ကိုယ့်စိတ်ကြိုက် လုပ်ခိုင်းလို့ရတယ်။ ကိုယ်ကခိုင်းပါ။ ခိုင်းတဲ့သူ နေရာမှာနေပါ။ အမှိုက်မကျုံးပါနဲ့လို့
မန်းစည်ပင်အဖွဲ့ဝင်တွေကို အလေးအနက်မှာချင်ပါတယ်။
နံပါတ် (၅) - စနစ်တစ်ခု ကျဆုံးခြင်း (System Failure)
စနစ်တစ်ခုကျဆုံးရတာဟာ မျက်တောင်မွေးတစ်ဆုံးပဲကြည့်ပြီးလုပ်လို့။
ရေရှည်ကို မကြည့်လို့။ ဒါလုပ်ရင် ဘာဖြစ်လာမလဲ ဆိုတဲ့ ဖြစ်ပေါ်လာမဲ့ အကျိုးဆက်ကို မကြည့်ပဲလုပ်လို့
ကျဆုံးရတယ်။ နမူနာတစ်ခု ပြောပါမယ်။
ရန်ကုန်စည်ပင်က အမိန့်ထုတ်တယ်။ တိုက်ဆောက်တဲ့အခါ အိမ်ရှေ့မှာ
၅ ပေအကျယ်၊ ၅ ပေအနက် မြောင်းတူးမှ ပါမစ် ချပေးမယ် တဲ့။ အလွန်မှားပါတယ်။ အဲဒါဟာ ဖြစ်နိုင်သလား
မဖြစ်နိုင်သလားမတွက်ပဲ မျက်တောင်မွေးတစ်ဆုံးပဲ ကြည့်တာ။
နောက်တစ်ခု ကားကြပ်လို့တဲ့။ ခုံးကျော်တံတားတွေဆောက်တယ်။ ခုံးကျော်တံတားတွေ
စဆောက်ကတည်းကိုက ကျွန်တော်က သဘောမတူခဲ့ဘူး။ ဘယ့်နှယ်ဗျာ။ ဒီဘက်တစ်လမ်းကိုတော့ သွားစေ
ဟိုဘက်လမ်းကတော့ ဖြစ်ချင်သလိုဖြစ်ဆိုပြီး လုပ်တာကိုးခင်ဗျ။ ဒါ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။
ဟိုတစ်ခေါက် ကျွန်တော်ပြန်လာတော့ လေယာဉ်ကွင်းကို အဆင်းမှာတွေ့ခဲ့တာ။
လှည်းတန်းမီးပွိုင့်မှာ မိနေတဲ့ကားတန်းဟာ မင်းဓမ္မလမ်းထိပ်၊ ဘုရားလမ်းမှတ်တိုင်ထိ ရောက်တယ်။
အဲဒါ ဖြစ်သင့်သလား။
အဲဒါဟာ Traffic Management System မဟုတ်ဘူး။ မသိရင်ရမ်းမလုပ်ပါနဲ့။
အခုဆိုရန်ကုန်မြို့ကြီးကို ပြင်ရမှာ အရမ်းကို ခက်သွားပြီ။ ကျွန်တော်တော်တော့်ကို စိတ်မကောင်းဘူး။
အခု စင်ကာပူမှာ Terminal 4, 5 တွေဆောက်တယ်။ ဆောက်တော့ ဘယ်လောက်ထိစဉ်းစားသလဲဆိုတော့
နှစ် (၁၀၀) ထိ စဉ်းစားတယ်။ ကမ္ဘာကြီးအပူချိန် ပူနွေးလာတယ်။ အဲဒီအတွက် ၀င်ရိုးစွန်းက
ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်ရေမျက်နှာပြင် အမြင့် တက်လာတယ်။ နောင် အနှစ် (၁၀၀) လောက်ကျရင်
ဘယ်ထိရောက်လာမယ်။ ဘယ်နေရာတွေ ရေလွှမ်းသွားနိုင် တယ်။ နှစ် (၅၀) (၁၀၀) ထိ ကြိုတွက်ပြီးလုပ်တယ်။
နောင်နှစ် (၁၀၀) လောက်ကြာရင် လူဦးရေတွေ ဘယ်လောက်ထူထပ်လာမယ်။
ကားစီးရေ ဘယ်လောက်တိုးလာမယ် စသဖြင့်။
ပြောမယ်ဆိုရင် ဆုံးမှာမဟုတ်ပါဘူး။ ဒီတော့ အချုပ်အားဖြင့်
စီမံကိန်းတစ်ခု ရေးဆွဲတော့မယ်ဆိုရင် မျက်တောင်မွေးတစ်ဆုံးပဲ ကြည့်မယ့်အစား ဒီစီမံကိန်းကြောင့်
ဖြစ်လာမဲ့ အကျိုးဆက်တွေရယ်၊ အနှစ် (၅၀) (၁၀၀) စသဖြင့် ကြိုတင်တွက်ချက်ပြီးတော့မှ လုပ်ကြပါလို့
တိုက်တွန်းချင်ပါတယ်။
အဲဒါ ကျွန်တော်ပြောချင်တဲ့အချက်တွေပါ။
နောက် မြို့ပြတစ်ခုအတွက် ဘယ်စနစ်တွေကို ဦးစားပေးလုပ်ရမယ်ဆိုတာ
နည်းနည်းပြောချင်ပါတယ်။
မန္တလေးဟာ ခြင်အရမ်းကိုက်တယ်။ စာဖွဲ့ရလောက်တဲ့ထိ ကိုက်တယ်။
ဒါဆို ခြင်မကိုက်တဲ့မန္တလေးဖြစ်အောင် လုပ်လို့မရဘူးလား။
ဒီက လူကြီးမင်းတို့ အခု စင်ကာပူရောက်လာပါပြီ။ သတိထားမိကြပါလိမ့်မယ်။
စင်ကာပူမှာ ခြင်ထောင်မလိုပါဘူး။ သူတို့က ခြင်မရှိအောင် လုပ်ထားတယ်။
ဒါဆို ခြင်ကင်းစင်အောင် ဘယ်လိုလုပ်မလဲ။ ကျွန်တော် အသေးစိတ်မပြောတော့ပါဘူး။
ကျွန်တော်ပေးထားတဲ့စာအုပ်ထဲမှာ အသေးစိတ်ရေးထားပါတယ်။
Elimination is the best solution. လုံးဝမရှိအောင်ဖျောက်ဖျက်ပစ်တာသည်
အကောင်းဆုံး အဖြေပါပဲ။
ဒါဆို ဘာကို eliminate လုပ်မလဲ။ ခြင်မကိုက်အောင်ဆိုရင် ခြင်တွေ
မပေါက်အောင် လုပ်မယ်။ ဒါဆို ဘယ်နေရာမှာ ခြင်ပေါက်သလဲ။ ရေမှာခြင်ပေါက်တယ်။ ဆိုတော့ ခြင်ပေါက်နိုင်တဲ့ရေမှန်သမျှ
ခြင်မပေါက်နိုင်အောင် ထိန်းထားရမယ်။
မြောင်းတွေကောင်းကောင်းလုပ်ပြီး ရေစီးရေလာကောင်းအောင် လုပ်ရမယ်။
မိုးရွာတဲ့အခါ မိုးရေတွေသည် မြောင်းတွေက တဆင့် မြစ်ချောင်းအင်းအိုင်တွေထဲကို တိုက်ရိုက်စီးသွားရမယ်။
ရေ၀ပ်မနေစေရဘူး။ နောက်ဆုံး အိမ်မှာစိုက်တဲ့ ပန်းအိုးတွေ ကအစ၊ မြန်မာပြည်မှာတော့ ဘုရားပန်းအိုးပေါ့။
ဘုရားပန်းအိုးတွေကို ရေမှန်မှန်လဲပေးရမယ်။
စင်ကာပူက အိမ်ခေါင်မိုးတွေမှာ ရေတံလျှောက် (ရေသယောက်) မတပ်ရဘူးဆိုပြီး
ဥပဒေရှိပါတယ်။ မိုးရွာတဲ့အခါ ရေတံလျှောက်ထဲ ရေတွေတင်ကျန်ခဲ့မှာမို့လို့ အဆောက်အဦမှန်သမျှ
ဘယ်အဆောက်အဦမှာမှ ရေတံလျှောက် တပ်ခွင့်မရှိပါဘူး။
နောက် ဈေးတွေကစွန့်ပစ်လိုက်တဲ့ရေ စသဖြင့်။ မိုးရေ၊ လူတွေ
သောက်တဲ့သုံးတဲ့ရေ။ အိမ်သာစသည်ကထွက်တဲ့ အညစ်အကြေးရေ။ ဒီရေသုံးခုဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။
ခြင်မပေါက်အောင်ဆိုရင် အဲဒီရေတွေကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းတတ်ရမယ်။
နေလေးနည်းနည်းပူလာတာနဲ့ မြန်မာနိုင်ငံတ၀ှမ်းမှာ သောက်ရေပြတ်လပ်မှုပြဿနာတွေနဲ့
ကြုံနေရတယ်။ အဲဒါတစ်နှစ်တည်း မဟုတ်ဘူး။ နှစ်တိုင်း။ ဒါပေမဲ့ သောက်ရေသုံးရေကိစ္စ ဘယ်သူစိတ်ဝင်စားပါသလဲ။
ရေပြတ်တော့မှ ရေသွားလှူတာ အဲဒါ အဖြေမဟုတ်ပါဘူး။ လုပ်ရမှာက permanent solution ကိုရှာရမှာ။
နောက်ပြီး အ၀ီစိတွင်းတွေ နင်းကန်တူးနေတာ အတော်ဆိုးတယ်။ မြေအောက်ရေဆိုတာ
အကန့်အသတ်ရှိပါတယ်။ အတားအဆီးမရှိ ထုတ်မသုံးသင့်ပါဘူး။ မိုးပေါ်ကကျလာတဲ့ရေကို စနစ်တကျစုဆောင်းပြီး
ကျကျနနသုံးဘို့လိုပါတယ်။ မန္တလေးမှာ ကျုံးကြီးရှိတယ်။ တောင်သမန်အင်းရှိတယ်။ ကျလာတဲ့မိုးရေတွေကို
အလေအလွင့် နည်းနိုင်သမျှနည်းအောင် အဲဒီ ကျုံးတွေ၊ ကန်တွေ၊ အင်းတွေထဲမှာ စုဆောင်းပြီး
ပြန်သုံးဘို့ စဉ်းစားပါ။
အ၀ီစိတွင်းတွေ အိမ်တိုင်းတူးနေတာ ရပ်တန်းကရပ်ပါ။ အ၀ီစိတွင်းမတူးပါနဲ့ဆိုတော့
ဘယ်ကရေ သွားသုံးမလဲ။ ရေပေးဝေရေး စနစ်ကို အရင်ဆုံးလုပ်ပြီးမှ အ၀ီစိတွင်းတူးတာကို ရပ်ခိုင်းရမှာပေါ့။
ဒါ အများကြီးမို့ ကျွန်တော် ဒီလောက်ပဲပြောပါမယ်။ ကျွန်တော့်စာအုပ်ထဲမှာ စင်ကာပူရေပေးဝေရေးစနစ်ဆိုပြီး
ဆောင်းပါး ပါပါတယ်။ ရေချိုမထွက်တဲ့စင်ကာပူမှာ ရေကို ဘယ်ကနေရအောင် လုပ်ထားသလဲ။ ဖတ်ကြည့်ပါ။
အိုင်ဒီယာရပါလိမ့်မယ်။
နောက် အိမ်သာစနစ်။ ကျွန်တော်တို့ဆီမှာ စနစ်တကျလုပ်ထားတဲ့
ရေဆိုးထုတ်စနစ်ရှိသလား။ တစ်အိမ်ချင်းတစ်အိမ်ချင်းက ကိုယ့်ကိစ္စကိုယ်ရှင်းနေရတယ်။ အလွန်မှားပါတယ်။
တောမှာဆိုရင်တော့ ဟုတ်မှာပေါ့။ ဒါပေမဲ့ မန္တလေးလိုမြို့ကြီးအတွက် စနစ်တကျ တပ်ဆင်ထားတဲ့
အိမ်သာစနစ် လိုပါတယ်။ အခု လူကြီးမင်းတို့လည်း အတော်များများ လိုက်ကြည့်ကြပြီးပါပြီ။
နမူနာယူပါ။ လုပ်ကြပါ။
အခုမန္တလေးမြို့ကြီးဟာ သိပ်မပျက်စီးသေးပါဘူး။ အတော်များများလုပ်လို့
ရပါသေးတယ်။ အခုအခြေအနေလေးကို ထိန်းထားကြပါ။ ဟော်တယ်တွေ နင်းကန်ဆောက်နေတာ ရပ်တန်းကရပ်ပါ။
လက်လွန်မှဆို ဘာမှ လုပ်လို့မရတော့ပါဘူး။ နောင် အနှစ် (၅၀) တန်သည် (၁၀၀) တန်သည် စီမံကိန်းချပြီးမှ
စနစ်တကျလုပ်ကြပါလို့ တိုက်တွန်းပါရစေ။
နောက်ပြီး မီးဘေးကာကွယ်ရေးစနစ်။ မြန်မာပြည်မှာ မီးတွေဒါလောက်လောင်နေတာကို
မီးကာကွယ်ရေးစနစ်လုပ်ဘို့ ဘယ်သူများ စိတ်ဝင်စားပါသလဲ။ ဘယ်သူတစ်ယောက်ကမှ စိတ်မ၀င်စားပါဘူး။
နောက်ပြီး မီးကာကွယ်ရေးစနစ်သည် မီးသတ်အောက်မှာပဲရှိရမယ်။
မီးကာကွယ်ရေးစနစ်ကို စနစ်တကျလုပ်ကြပါ။ မီးလောင်တော့မှ ရေနဲ့သွားသတ်တာ ဆယ်နှစ်သားကလေးတောင်သိတယ်။
အဲဒါ အဖြေမဟုတ်ပါဘူး။ မီးမလောင်အောင် လုပ်ဘို့စဉ်းစားပါ။ မီးကာကွယ်ရေးစနစ် ဘယ်လိုလုပ်မလဲ။
ဒီမှာပြောဘို့အချိန်မရှိပါဘူး။ မီးလောင်မှုတွေကို ဘယ်လိုလျှော့ချ မလဲဆိုတာရယ်၊ စင်ကာပူမီးကာကွယ်ရေးစနစ်
ဆိုတာရယ် ဆောင်းပါးနှစ်ပုဒ် ကျွန်တော့်စာအုပ်ထဲမှာ ပါပါတယ်။ ဖတ်ကြည့် ကြပါ။
အချိန်လည်း သိပ်မရှိတော့ ကျွန်တော်ဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာက ကျွန်တော်တို့ကိုခေါ်ပါ။ ကျွန်တော်တို့လာပြီး
ဟောပြောပွဲတွေ သင်တန်းတွေ လုပ်ပေးပါ မယ်။ ကျွန်တော်တို့ကိုခေါ်ပါလို့ ပြောတာတောင် ခေါ်မဲ့သူမရှိဘူး။
ဟောပြောပွဲဆိုတာက ဗဟုသုတရရုံလောက်ပဲ။ တကယ် ကျကျနနသိဘို့ဆိုတာ သင်တန်းပေးမှရမယ်။ သင်တန်းပေးတယ်ဆိုတာလဲ
တကယ်လုပ်မဲ့၊ တကယ်လုပ်နေတဲ့၊ စိတ်ဝင်စားတဲ့ သူတွေကိုပဲ ပေးချင်ပါတယ်။ အခုဖြစ်နေတာက
သင်တန်းဆိုပြီးတက်လိုက်တယ်။ လက်မှတ်ရရုံပဲ။ ဘာမှ မတတ်ဘူး။
အစိုးရဌာနတွေက သင်တန်းတွေလွှတ်တယ်။ လွှတ်လို့သာ မတတ်သာလို့
သွားလိုက်ရတာပဲ။ ဒီလိုနဲ့ပြီးသွားရော။ ဘာမှ မတတ်ဘူး။ ဘယ်တတ်မတုံး။ စိတ်မှမ၀င်စားတာကိုး။
နောက်ပြီး အဲဒီသင်တန်းတက်ထားတဲ့သူက ခဏနေတော့ ဟိုဌာနကို ပြောင်းသွားရော။ သူသိထားတာတွေ
ဘာမှ အသုံးချခွင့်မရတော့ဘူး။ ဒါ ဘာလုပ်တာလဲ။ ဘာမှ အကျိုးမရှိဘူး။
အဲဒီတော့ အကျိုးမရှိတဲ့အလုပ်တွေကို မလုပ်ကြပါနဲ့။ အကျိုးရှိတာတွေပဲလုပ်ကြပါလို့တိုက်တွန်းရင်း
နိဂုံးချုပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။