သည်းခံပါ မိတ်ဆွေများခင်ဗျား။
ကျွန်တော် စင်ကာပူကအကြောင်းတွေ
ရေးပြနေတာ သူတို့ ဘာတွေလုပ်နေတယ်ဆိုတာ သိစေရုံသက်သက်မျှ ဖြစ်ပါသည်။ မြန်မာပြည်ကြီးကို
ဤကဲ့သို့ မဖြစ်ရစကောင်းလောဟု ကဲ့ရဲ့သင်္ဂြိုဟ် အတင်းဆိုလို၍ မဟုတ်ပါ။ သူများတိုင်းပြည်မှာ
ဘာတွေ ဘယ်လို အခြေခံထားသလဲ၊ ဘယ်လိုစနစ်တွေနဲ့ အကောင်အထည်ဖော်နေသလဲ ဆိုတာ ကျကျနန မလေ့လာဘဲ
သစ်ပင်ပန်းပင်လေးတွေ၊ ရထားလမ်းကားလမ်းတွေကို အပေါ်ယံမျှကြည့်ပြီး ငါတို့လဲ စင်ကာပူနဲ့တူအောင်လုပ်မကွဟု
အရူးချီးပန်း လျှောက်အော်နေသူများ သတိပြုမိစေရန်လောက်သာ ရည်ရွယ်ပါသည်။
မိတ်ဆွေတို့လည်း စင်ကာပူမှာတော့ဘယ်လို
မြန်မာပြည်မှာကျတော့ ဘယ်ပုံ စသဖြင့် နေရာတကာ လျှောက် ခြေရာမတိုင်းပါ နှင့်။ ကမ္ဘာ့နိုင်ငံများအား
တန်းစီဇယားချကြည့်လိုက်လျှင် စင်ကာပူဆိုသည်မှာ ထိပ်ဆုံးနားလောက်မှာ ရှိနေပြီး မြန်မာပြည်
ဆိုသည်မှာ အောက်ဆုံးနိုင်ငံများက ခုန်ဆွဲလျင်ပင် လက်လှမ်းတမီ အနေအထားမှာ ရှိနေပါသေးသည်။
စင်ကာပူကတော့ ဘယ်သို့ဟု သွားသွားပုံခိုင်းနေလျှင်
(ပုံခိုင်းရမှာ အားတော့ နာပါရဲ့၊ ရိုင်းသွားလျှင်လည်း ခွင့်လွှတ်ပါ၊ ဒါမှ မကျေနပ်သေးရင်
ဆဲသာသွားပါခင်ဗျား။) တိုက်ကြီးပေါ်က မမထားကို လမ်းပေါ်က ပဲပြုတ်သည်က သူကတော့ ဘယ်လိုဝတ်ထားတာ၊
ငါ့မှာတော့ ဘယ်ပုံဟု သွားနှိုင်းနေသလို ဖြစ်နေပါလိမ့်မည်။
သို့သော်လည်း မြန်မာပြည်မှ
မိတ်ဆွေများ သွားရည်ယိုရအောင် စင်ကာပူအကြောင်း အနည်းငယ်မျှ ပြောပြလိုပါသေးသည်။ (စင်ကာပူမှ
မိတ်ဆွေများ သည်းခံတော်မူကြပါ၊ မြန်မာပြည်မှ ဖေ့စ်ဘုတ် မိတ်ဆွေများအတွက် ရည်ရွယ်ပါသည်။)
သည်အကြောင်းကို ကျွန်တော့် “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” စာအုပ်တွင် အပြည့်အစုံ
ဖော်ပြထားပါသည်။ အင်တာနက်ရှိသူများ ကျွန်တော့် shwenyein blog (http://www.shwenyein.blogspot.sg/)
တွင် ဖတ်နိုင်ပါသည်။ ၂၀၀၈ ခုနှစ်က ပို့စ်များတွင် ဖတ်ကြည့်ကြပါ။
အသင်တို့ စင်ကာပူသို့
အလည်လာချင်သည် ဆိုပါစို့။ ဗီဇာကို အွန်လိုင်းမှ လျှောက်လို့ရသည်။ ပိုက်ဆံကိုလည်း online
payment ဖြင့် ချေနိုင်၏။
ဗီဇာရပြီဆိုလျှင် သင့်ထံ အီးမေး ပို့ပါလိမ့်မည်။ ထိုအခါ လ.၀.က အင်တာနက်စာမျက်နှာမှ
ပရင့် ထုတ်လိုက်ရုံသာဖြစ်၏။ ဘယ်မှသွားစရာမလို။
လေယာဉ်လက်မှတ်ကိုလည်း
အင်တာနက်တွင်ပင် ၀ယ်ယူနိုင်ပါသည်။ ကျွန်တော်က အလွန်ကပ်စေးနဲသူမို့ မြန်မာပြည်သို့ ရောက်သမျှ
လေကြောင်းလိုင်းအကုန် လျှောက်ကြည့်ကာ ဈေးအသက်သာဆုံးလက်မှတ်ကို ရွေးဝယ်တတ်၏။ ဟို့အရင်တုံးကတော့
နည်းနည်း - င်ခေါင်းကျယ်သည်။ Silk Air မှလွဲ၍ အခြားလေကြောင်းလိုင်းကို မစီး။ ခုတော့ သုံးမဲ့ သူတွေကလည်း
များလာ။ အသက်ကလေးကလည်း ရလာတော့ စိတ်ပြောင်းသွားပြီ။ သို့သော် အဖိုးနည်းတော့ အိုးကွဲပဲ
ရသည်ပေါ့။
စင်ကာပူသို့ ရောက်လာပြီဆိုပါစို့။
စင်ကာပူနိုင်ငံသားများ၊ စင်ကာပူပီအာ (Singapore Permanent
Resident) များအနေနှင့် လ.၀.က
အရာရှိမင်းများ၏ မျက်နှာတော်ကို သွားဖူးနေစရာမလိုပါ။ သတ်မှတ်ထားသော ဂိတ်ဝမှဝင်ကာ စက်ပေါ်တွင်
ပတ်စ်ပို့ကိုတင်လိုက်ပြီး သည်အတိုင်း ၀င်လာလိုက်ရုံဖြစ်၏။ ဘာပုံစံမှ ဖြည့်စရာမလို။
ယုတ်စွအဆုံး white card တောင်မှ ဖြည့်စရာမလိုပါ။ ပတ်စ်ပို့ထဲတွင်လည်း ဘာတုံးမှ ထုစရာမလို။
လေယာဉ်ကွင်းမှထွက်ပြီး
မြို့ထဲလာပြီဆိုပါစို့။
ကားရထားစီးသည့်အခါ
ကားရထားစီးသည့်ကဒ် (eZlink card) ရှိပါသည်။ တစ်ခါသုံးပဲဝယ်ဝယ်၊ အမြဲသုံးရသည့်
ကဒ်ပဲ ၀ယ်ဝယ်၊ ကြိုက်တာဝယ်လို့ရသည်။ ကဒ်ထဲပိုက်ဆံကုန်သွားလျှင် ဘဏ်ကဒ်သုံး၍ဖြစ်စေ၊
ငွေအကြွေသုံး၍ဖြစ်စေ ကိုယ့်ဘာသာကိုယ် စက်တွင် ပိုက်ဆံထပ်ဖြည့်လို့ရသည်။ သူရို့နိုင်ငံသား
သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကျောင်းသားများအတွက် ကား၊ ရထားခကို အထူးနှုန်း
(လျှော့ဈေး) ဖြင့် သတ်မှတ်ပေးထား၏။ ထို့ကြောင့် ကားလက်မှတ်ကို ဖြတ်လိုက်သောအခါ သာမန်လူများအတွက်
“တီ” ဟု တစ်ချက်သာ မြည်ပြီး လျှော့ဈေးသမားများအတွက် “တီတီ” ဟု နှစ်ချက် မြည်ပါသည်။
ဝ.၉ မီတာအောက် အရပ်နိမ့်သူကို ကလေးသူငယ်ဟု သတ်မှတ်သည်။ အရပ်တိုင်းရန် ပေတံကိုလည်း ဘူတာအ၀င်နှင့်
ဘတ်စ်ကားများပေါ်တွင် ပုံဆွဲပေးထား၏။
ရထားမှာ လျှပ်စစ်ရထားဖြစ်ပြီး
ရထားကြမ်းခင်းနှင့် ဘူတာကြမ်းခင်းမှာ အနိမ့်အမြင့်မရှိ။ မျက်နှာပြင်တပြေးတည်း ဖြစ်၏။
ရထားကြမ်းခင်းနှင့် ဘူတာကြမ်းခင်းမှာ သုံးလက်မလောက်သာ ခြားသည်။ ထို့ကြောင့် ဘီးပါသောအိတ်များ၊
လပ်ဂေ့ခ်ျများ၊ တွန်းလှည်းများကို သည်အတိုင်း တွန်းတက်သွားလို့ ရသည်။ ဘတ်စ်ကားများတွင်လည်း
လက်တွန်းလှည်းနှင့် သွားရသူများ တက်ဆင်းနိုင်ရန် ဆင်ခြေလျှော လုပ်ပေးထား၏။
ဘတ်စ်ကားရောက်မဲ့အချိန်သိချင်သလား။
သိလိုသည့် ဘတ်စ်ကားနံပါတ်၊ ဘတ်စ်ကားမှတ်တိုင်နံပါတ်ကို sms ပို့လိုက်ပါ။ ဘယ်နှစ်မိနစ်ကြာလျှင်
ကားရောက်ပါလိမ့်မည် ဟု အကြောင်းပြန်ပါလိမ့်မည်။ မှတ်တိုင်နံပါတ်ကို ဘတ်စ်ကားမှတ်တိုင်
တိုင်းတွင် ရေးထားပါသည်။ ဘယ်နေရာသွားရင် ဘာကားစီးရမလဲ တဲ့။ ဘယ်သူ့မှ လျှောက်မေးမနေပါနှင့်။
Singapore Street Directory ၌ ထိုနေရာသို့ မည်သည့် ဘတ်စ်ကားများရောက်သည်။ မည်သည့်နေရာမှ
စီးလျှင် ဘယ်နှမှတ်တိုင်စီးရမည် အကုန်ရှာလို့ရသည်။ အောင်မယ်၊ အခု စမတ်ဖုံးတွေပေါ်လာတော့
ပိုလွယ်သေးသည်။ ကိုယ်သွားချင်သည့်နေရာကို ရိုက်ထည့်လိုက်ပါ။ မိမိရောက်နေသည့်နေရာနှင့်
သွားချင်သည့်နေရာကို ဖုံးပေါ်တွင် ပြနေပါလိမ့်မည်။ ကားမောင်းနေရင်းတန်းလန်း ဖုံးကို
မကြည့်နိုင်ဘူးလား။ ကိစ္စမရှိပါ။ စပီကာကိုဖွင့် ထားလိုက်ပါ။ ဘယ်ကွေ့၊ တည့်တည့်သွား၊
ညာကွေ့ စသည်ဖြင့် သင့်ကို ညွှန်ကြားပါလိမ့်မည်။
ဒါဖြင့် တက္ကစီစီးမယ်ဆိုရင်ကောကွာ။
တက္ကစီစီးလျှင်လည်း ထိုကဒ်ဖြင့်ပေးနိုင်ပါသည်။ ထိုကဒ်မရှိဘူးလား၊ ကိစ္စမရှိပါ။ ဘဏ်ကဒ်ဖြင့်
ပေးနိုင်ပါသည်။ (ပိုက်ဆံမရှိရင်တော့ ဗိုလ်ချုပ်နည်းကို သုံးပေါ့ဗျာ။ “ဘကြီး၊ ကျုပ်တော့
ပိုက်ဆံမပါဘူး။ ဟောဒီပါးသာ ကြိုက်သလောက်ရိုက်ပေတော့” ပေါ့။) ရုံးကိစ္စကြောင့် တက္ကစီငှားရသည်ဆိုလျှင်
ငွေလက်ခံဖြတ်ပိုင်း တောင်းလို့ရပါသည်။ စက်ကရိုက်ထုတ်ပေးပါလိမ့်မည်။
(စင်ကာပူတွင် သားစိမ်း၊
ငါးစိမ်း၊ ဟင်းသီးဟင်းရွက်များရောင်းသည့် သီရိမင်္ဂလာ (ဟုတ်ပေါင်) ကုန်စိမ်းဈေးရှိ၏။
ထို ကုန်စိမ်းဈေးများတွင်တော့ ပိုက်ဆံကို ငွေသားဖြင့် ပေးချေရပါသည်။) ဈေးဝယ်လျှင်လည်း
ဆိုင်တော်တော်များများမှာ ဘဏ်ကဒ်ဖြင့် ပေးချေ၍ ရပါသည်။ (ပင်နင်စူလာမှ ကွမ်းယာဆိုင်များမပါ။)
စားသောက်ဆိုင်ကြီးများတွင်လည်း ဘဏ်ကဒ်နှင့် ဖြစ်စေ၊ ခရက်ဒစ်ကဒ်ဖြင့်ဖြစ်စေ ပေးချေနိုင်ပါသည်။
အလုပ်သမားသမဂ္ဂပဲဆိုပါစို့၊
NTUC
(National Trade Union Congress) ကပိုင်သည့် Fair Price စူပါမားကက်ဆိုင်များ စင်ကာပူ
နေရာအနှံ့တွင် ရှိသည်။ နောက်မှဖွင့်သည့် Fair Price Extra ဆိုင်ကြီးများတွင် ပစ္စည်းအစုံရသည်။
စင်ကာပူကလူတွေ ဘယ့်လောက်များ ဈေးဝယ်လိုက်သလဲဆိုလျှင် Jurong Point ရှိ Fair Price Extra ဆိုင်တွင် ကောင်တာ ၃၄
ခုရှိသည်။ ညနေပိုင်း သို့မဟုတ် တနင်္ဂနွေလို နေ့မျိုးများ သွားကြည့်လိုက်ပါ။ ထိုကောင်တာ
၃၄ ခု၌ ကောင်တာတစ်ခုလျှင် လူ အစိတ်၊ သုံးဆယ် တန်းစီနေတာ တွေ့ရပါလိမ့်မည်။ ဈေးဝယ်နေသူများမှာ
ကျွန်ုပ်တို့ရွာက ဘုရားပွဲထက်စည်သေးသည်။
ထိုဆိုင်များတွင် ကိုယ့်ဘာသာငွေရှင်းနိုင်သော ကောင်တာရှိ၏။
ပစ္စည်းပေါ်မှ ကွန်ပြူတာဘားကုဒ်ကို စက်မှ လေဆာမီး ရှေ့တွင် ဖြတ်လိုက်ပါ။ တီကနဲမြည်လျှင်
မှတ်ပြီးသွားပြီ။ ထိုကဲ့သို့ ပစ္စည်းအားလုံး scan လုပ်ပြီးသွားလျှင် ဘဏ်ကဒ်ဖြင့် ပိုက်ဆံချေလိုက်ပါ။
ကိစ္စပြီး၏။
နောက်ပြီး အိမ်များမှ ဘတ်စ်ကားမှတ်တိုင်၊ ဘူတာများသို့
အမိုးပါသော စင်္ကြန်များ လုပ်ပေးထားသည်။ မိုးရွာလျှင် ကားလမ်းဖြတ်ကူးသည့် နေရာလောက်သာ
ထီးဆောင်းရန်လိုပြီး ကျန်နေရာများ၌ ထီးမလိုပါ။ (တောက်၊ ပြောရင်းနဲ့ ပြည်ရိပ်မွန်က ကျုပ်တို့အိမ်ဘေး
နာနတ်တောလမ်းပေါ်က အပေါက်နိုင်းချင်းနဲ့ ပလက်ဖောင်းကို မြင်ယောင်ပြီး ငိုချင်သဗျာ။ လှည်းတမ်းသွားတဲ့လမ်းဆို
လမ်းလျှောက်စရာ ပလက်ဖောင်းတောင် မရှိဘူး။ ရှိတဲ့ မဖြစ်ညစ်ကျယ် ပလက်ဖောင်း လုပ်ထားတာလည်း
ကြည့်လိုက်ဦး။ အသက် ၈၀ အဖွားအို သွားတွေလိုပဲ။ သုံးလေးလှမ်းလောက်လျှောက်လိုက်၊ အောက်ဆင်းလိုက်၊
သုံးလေးလှမ်းလောက် လျှောက်လိုက်၊ အပေါ်ပြန်တက်လိုက်။ တက်လိုက်၊ ဆင်းလိုက်၊ ဆင်းလိုက်၊
တက်လိုက်။)
ရုံးပြင်ကနားလား။
ဟုတ်ကဲ့။ ရုံးရောက်သည်နှင့် မိမိလုပ်လိုသော အလုပ်နှင့်ပတ်သက်သည့် နံပါတ် ယူရ၏။ မသိဘူးလား။
Information
counter သွားမေးပါ။ ထို့နောက်
သက်ဆိုင်ရာကောင်တာရှေ့မှ ခုံပေါ်တွင်ထိုင်၊ ဖေ့စ်ဘုတ်ဖွင့်၊ ယခု ကျွန်တော် ရေးထားသည်များကို
ဖတ်ပြီး စောင့်ပါ။ သို့မဟုတ် ဟာသဗီဒီယိုများ တစ်ကားပြီးတစ်ကားကြည့်လျှက် တစ်ကိုယ်တည်း
ကျိတ်ရီရင်း စောင့်ပါ။ အဲယားကွန်းခန်းဖြစ်သဖြင့် ချွေးထွက်ချင်လို့တောင်မှ ထွက်လို့မရ။
(တော်မှနဲ့တူတယ်။
တော်ကြာ အင်တာနက် ကွန်နက်ရှင်မကောင်းတဲ့အတွက် လိုချင်တဲ့စာအုပ်တွေ၊ သီချင်းတွေ၊ ဗီဒီယိုတွေ
ဒေါင်းမရလို့ ဒေါသထွက်နေတဲ့သူတွေက သောက်မြင်ကပ်ပြီး ချောင်းအရိုက်ခံရတော့မယ်။)
ကျွန်တော် စင်ကာပူရောက်စက
သည်အခြေအနေတွေမြင်ပြီး အော်၊ ငါတို့ဗမာပြည်ကြီးလည်း ဒီအတိုင်းဆို ဘယ်လောက် ကောင်းလိုက်လိမ့်မလဲ
ဟု မချင့်မရဲ ဖြစ်မိပါသည်။ အခြားသူများလည်း ကျွန်တော့်လိုပင် ခံစားမိလိမ့်မည် ထင်ပါသည်။
ယခုတော့ အထွေအထူး မခံစားမိတော့ပါ။ အလုပ်ဖြစ်မည့်လမ်းစဉ်ကိုမရွေးဘဲ လေးပွင့်ဆိုင်မည်၊
ငါးပွင့်ဆိုင်မည်၊ ခြောက်ပွင့်ဆိုင်မည်နှင့် အရည်မရ၊ အဖတ်မရများ အငြင်းပွားနေသည်များ
တွေ့ရ၍ ငါတို့တစ်သက်တော့ ဖြစ်နိုင်စရာမရှိဟု စိတ်လျှော့ထားလိုက်မိပါတော့သည် ခင်ဗျား။
(အလုပ်များများလုပ်သူသည် စကားများများ မပြော၊ စကားများများပြောသူသည် အလုပ်များများမလုပ်။
လူပြောမသန်၊ လူသန်မပြော။)
(အလုပ်ထဲမှာ အလီဘာလာလုပ်တာ
မဟုတ်ပါ။ မိုးတွေအသည်းအသန်ရွာနေတာမို့ ဆိုဒ်ထဲသွားလို့မရ၊ စာရွက်စာတမ်း ကိစ္စလည်း မနက်က
လုပ်လို့ပြီးသွားပြီ။ အားနေတာနှင့် ရေးလိုက်ခြင်း ဖြစ်ပါ၏။ ကျွန်တော်တို့ ဆိုဒ်မှာ
နေ့လည်ပိုင်း မိုးအမြဲရွာတတ်သည်။)
အေးငြိမ်း
၂၆ နိုဝင်ဘာ၊ ၂၀၁၄။ နေ့လည်
၂း၃၅ နာရီ။
No comments:
Post a Comment