Saturday, January 3, 2015

စာအုပ်မိတ်ဆက်ပွဲ ၂၀ ဒီဇင်ဘာ ၂၀၁၄

(၁) မြန်မာပြည် ဖွံ့ဖြိုးရေးအတွက် အတားအဆီးများ

ယနေ့စာအုပ်မိတ်ဆက်ပွဲ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ။ ကြွရောက်အားပေးကြသော ဧည့်ပရိသတ်အားလုံးကို အထူး ကျေးဇူးတင်ပါ၏။ ဖိတ်ကြားထားသူများအနက် အနည်းငယ်မှအပ အားလုံးစုံညီစွာ တက်ရောက်လာပါသည်။ တက်ရောက်လာသူ ပရိသတ်စုစုပေါင်း ၆၀ နီးပါး ဖြစ်၏။ မအားသောကြောင့် ၈၈ မျိုးဆက်အဖွဲ့မှ ဦးကိုကိုကြီး၊ ဒေါ်ဖြူဖြူသင်း၊ အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်မှ သူငယ်ချင်း ဖိုးတင်စိုး နှင့် The Voice မှ ဆရာဦးကျော်မင်းဆွေတို့ မလာဖြစ်ပါ။ လူတစ်ခု ပူမှုရယ်က ဆယ်ကုဋေ ဆိုမဟုတ်လား။

ပြောစရာအနည်းငယ်ရှိသည်မှာ အခန်းအနေအထားနှင့် ဆွဲထားသော အချိန်ဇယားအတိုင်း အတိအကျ မလုပ်နိုင်ခြင်းဖြစ်၏။
ကျွန်တော်တို့ အခမ်းအနားပြုလုပ်မည့်အခန်းက ဟိုတယ်မှ ဧည့်သည်များအား လဖက်ရည်၊ မုန့်များဖြင့် နံနက်စာ ဧည့်ခံကျွေး မွေးသော အခန်းဖြစ်၏။ နံနက် ၉ နာရီခွဲမှ ၀င်လို့ရသည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ချိန်နည်းသည်။ အခမ်းအနား နောက်ခံ ကားချပ်ကိုမူ ကိုမေယာက တင်ကြိုချိတ်ဆွဲထား၏။ သို့သော် ပရိုဂျက်တာ ကားချပ်၊ ပရိုဂျက်တာနှင့် မီးတို့က ၉ နာရီခွဲမှ စဆင်ရသည်။ နောက်ပြီး စာအုပ်များ နေရာချ။ လိုအပ်သည့်စာရွက်စာတမ်းများပြင်။ ရောက်လာသူများအား ဧည့်ခံဖြင့် ကူညီသူများ အတန်များသည့်တိုင် ကျွန်တော့်မှာ အတော်လေး ပျာယာခတ်လျက်ရှိ၏။  

ဤနေရာတွင် အင်တာနက်မကောင်းသဖြင့် အပိုအလုပ်ရှုပ်ရပုံအကြောင်း အနည်းငယ်ပြောပါရစေ။

ကိုရင်စံပွင့်က သူတို့ဆီ (ရတနာဓာတ်ငွေ့) လာပြီး ကျောင်းသားများနှင့် တောင်သူများအတွက် ဟောပြောပွဲများ လုပ်ပေးရန် မေတ္တာရပ်ခံသဖြင့် ကျွန်တော်ထားဝယ်သို့ Total မှလေယာဉ်ဖြင့် ၂၃ ရက်နေ့တွင် သွားရမည်။ Total က  လေယာဉ်စီးရန် သင့်တော်ကြောင်း ဆရာဝန်ထောက်ခံစာ တောင်း၏။ ပထမ မဟာမြိုင်အထူးကုဆေးခန်းသို့ဝင်ကာ အကျိုးအကြောင်း ရှင်းပြလျက် ထောက်ခံစာတောင်းရာ ဤထောက်ခံစာမျိုး ၎င်းတို့ ရေးမပေးနိုင်ပါ။ ဒေသန္တရ ဆေးပေးခန်းသို့ သွားတောင်းလျင် ရနိုင်ပါသည် ဟု ငြင်းလွှတ်လိုက်သည်။ အဲဗျ။ ဒေသန္တရဆေးခန်း ဘယ်နားနေမှန်း ကျွန်တော်မသိ။ စိတ်ပျက်ပျက်နှင့် အန်တီပြုံးတို့ဆီ ဆက်လာ။ အကျိုးအကြောင်းပြောပြလေသော် ဟဲ့၊ နေစမ်း။ Total ကဆို ဘယ်သူ့ဆက်စမ်း ဟု အန်ကယ်ဦးအုံးကျော်က ပြောသဖြင့် ဖုံးဆက်ပြီး နင်ရို့ကုမ္ပဏီလေယာဉ်ကို စီးမယ့်ခရီးသည်တွေကို ဆေးစစ်ပေးတဲ့ ဆေးခန်းမရှိဘူးလားဟုမေး၏။ အဲသလို သီးသန့်မရှိပါဘူး။ ဆမလက်မှတ်ကိုင်ထားတဲ့သူ ဘယ်သူမဆို ထောက်ခံပေးလို့ ရပါတယ် ဟု ဆိုသောကြောင့် ဆမလက်မှတ်ရှိသူကို စဉ်းစားကြပြန်၏။

အင်း၊ ရွှေမိကလည်း ဘန်ကောက်ရောက်နေတယ်။ ဟဲ့၊ မေသင်းကို ရှိတာပဲ။ သူ့ဆီဖုံးဆက်စမ်းဆိုကာ ဖုံးဆက်မေးသော် ရပါတယ်၊ လာခဲ့ပါဟု ဆို၏။ အန်ကယ်ကြီးက ဘယ်လိုဘယ်လိုရေးဟု ပါးစပ်ကရွတ်ပေး။ ကျွန်တော်က လိုက်ရေးကာ သူတို့ဆီသွား။ ရောက်သော် အန်တီမေသင်းကိုနှင့်တွေ့။ သူက ကျွန်တော့်အမျိုးသမီး၏ အဒေါ်တော်သည်။ သို့သော် ကျွန်တော် တစ်ခါမှ မတွေ့စဖူး။ အလွန်ဖော်ရွေလှ၏။ သူ့သမီး ဆရာဝန်က ခုမှ အလုပ်ကထွက်လာတာ တစ်လပဲ ရှိသေးသည်ဟု ဆို၏။ သူက ခုနက ကျွန်တော်ရေးယူလာခဲ့သော စာအတိုင်းကူးရေးကာ လက်မှတ်ထိုးပေးလိုက်၏။ သို့သော် ဆမ တံဆိပ်တုံးတော့မရှိ။ ကျွန်တော်က ရမှရပါ့မလားဟု ရင်တထိတ်ထိတ်။

ညကျတော့ လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းမှ ကိုမျိုးမင်းကျော်တို့ MMK training centre သို့သွားသည်။ ချိန်းထားသော ၈ နာရီ ထိုးသည့်တိုင် သူပြန်မရောက်သေးသဖြင့် ဖုံးဆက်မေးသော် ကားပိတ်နေလို့ ခဏစောင့်ပါဟု ဆိုသည်။ ၁၅ မိနစ်ခန့် စောင့်ကြည့်သည်။ ရောက်မလာ။ ထို့ကြောင့် အလကား ထိုင်စောင့်နေမည့်အစား ဆေးစာကို ကိုစံပွင့်ဆီ အီးမေးပို့ရန် အနီးရှိ အင်တာနက်ဆိုင် တစ်ဆိုင်သို့သွားကာ scan ဆွဲ။ အင်တာနက်ဖွင့်။ စဖွင့်လိုက်တော့ Internet Explorer ကျလာ၏။ gmail ဖွင့်သော် တော်တော်နှင့်တက်မလာ။ အ၀ိုင်းလေးလည်နေတာကို ကြည့်ကာ လည်တယ်၊ လည်တယ်၊ ဆက်လည်တယ်၊ မပြတ်လည်တယ်နှင့် ၀ိပဿနာရှုနေရ၏။ ဘေး၌ထိုင်နေသော သားက စိတ်မရှည်။ ဘာလို့ အဲသလောက်ကြာနေရသလဲဟု ကွန်ပလိန်းတက်သည်။ အတော်ကြီးကြာမှ အီးမေးပွင့်လာ၏။ သို့နှင့် slow connection အတွက် basic setting ပြောင်း။ အီမေးပို့ရန် compose ဖွင့်လိုက်သော် အ၀ိုင်းလေးက ဆက်လည်ပြန်သည်။ စိတ်ရှည်ရှည်နှင့်စောင့်။ ခုနင်က scan ဆွဲထား သည့် ဆေးစာရွက်ကလေးကို attach လုပ်တာတောင် အတော်ကြာသည်။

သည်ကြားထဲ ပြန်များရောက်နေပြီလားဟု ကိုမျိုးမင်းကျော်ကိုဖုံးဆက်ရာ မရောက်သေး။ ကားက ရွေ့ကို မရွေ့နိုင်ဟု ဆို၏။ အီးမေးတစ်စောင်ပို့တာ ကျွန်တော့်စိတ်ထင် မိနစ် ၂၀ ခန့်ကြာသည် ထင်ပါသည်။ မှတ်မထားမိ။ ထို့နောက် စာအုပ်မိတ်ဆက်ပွဲ ၌ စင်ကာပူမှ ကျွန်တော်တို့ သင်တန်းကျောင်းအတွက်ပြင်ထားသော ကြော်ငြာများကိုပါဝေရန် ပရင့်ထုတ်မည်ဟု အီးမေးထဲ၌ search နှင့် ပြန်ရှာသော် အ၀ိုင်းကလေးက လည်ပြန်သည်။ ကျွန်တော် စိတ်မရှည်သဖြင့် အောက်တိုဘာလောက်က အီးမေးများကို ရှာရန် စာမျက်နှာတစ်ခုပြီးတစ်ခု ဖွင့်သည်။ Webpage တစ်ခုနှင့်တစ်ခု အကူးအပြောင်းတွင်ပင် အတန်ကြာသည်။

သည်နေရာ၌ပင် နာရီဝက်လောက်ထိုင်ကာ အ၀ိုင်းကလေးကို ပဋိစ္စသမုပ္ပါဒ် ရှုမှတ်နေရသဖြင့် သားက ဂျီကျနေသည်။ ကျွန်တော်လည်း စိတ်မရှည်တော့သဖြင့် ထပြန်ခဲ့တော့၏။ ထိုဆိုင်၌ပင် အင်တာနက်သုံးနေသူ အတော်များများရှိနေလေရာ ၎င်းတို့၏ စိတ်ရှည်မှုနှင့် ဇွဲသန်မှုကို ကျွန်ုပ်မှာ မချီးကျူးဘဲ မနေနိုင်လောက်အောင် ဖြစ်မိ၏။ ကိုယ်တွေ့ကြုံရတော့မှ မြန်မာပြည်က မိတ်ဆွေများကို ကိုယ်ချင်းစာမိတော့သည်။

နာရီဝက်ကျော်မှကျောင်းသို့ ပြန်လာသည့်တိုင် ကိုမျိုးမင်းကျော်က ပြန်မရောက်သေး။ သည်နေရာတွင် ထပ်စောင့်ရပြန်သဖြင့် သားက ဂျီတိုက်ပြန်သည်။ ၈ နာရီ ချိန်းထားတာကို ၉ နာရီကျော်မှ ရောက်လာ၏။ ကားများပိတ်နေသည်က တစ်ကြောင်း၊ ရောက်ပြန်သော် သူ့ကားပါကင်နေရာ၌ အခြားကားတစ်စီးက လူမရှိဘဲ ရပ်ထားသဖြင့် ကားရပ်မရသောကြောင့် ကားရပ်လို့ ရမည့်နေရာထပ်ရှာနေရသဖြင့် တစ်ကြောင်း စသည်များကို ကိုကြီးကျော်က နတ်သံနှောကာ ပြော၏။

မိတ်ဆွေများခင်ဗျား။

ကျွန်တော်တို့မြန်မာနိုင်ငံတော်၌ လူအပေါင်းတို့မှာ မလိုအပ်ဘဲ အချိန်များ ဖြုန်းနေရခြင်း၊ အလုပ်ပိုများလုပ်နေရခြင်းကို သိစေလို၍ အသေးစိတ်ရေးလိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်မရေးလဲ သိကြပါသည်။ သို့သော် မနေနိုင်၍ ရေးလိုက်ပါ၏။

(၂) စာအုပ်မိတ်ဆက်ပွဲ

စာအုပ်မိတ်ဆက်ပွဲနေ့တွင် လမ်းပိတ်မှုကို ရှောင်လွှဲရန် City Star Hotel သို့စောထွက်လာ၏။ အတန်ငယ်စောသေးသဖြင့် ညက အဆင်မပြေခဲ့သော brochure များထုတ်ရန် ကိုအောင်ကိုးကို အကူအညီတောင်းရာ အနီးမှ အင်တာနက်ဆိုင်သို့ လိုက်ပို့သည်။ သည်ဆိုင်တွင်မူ အတော်မြန်ပါသည်။ သိပ်မစောင့်လိုက်ရဘဲ ပြီးသွား၏။ ဒါတောင် သူရို့ ink jet printer က စာတစ်ကြောင်းချင်းရိုက်နေသဖြင့် ကြာသေးသည်။ ဘာပဲပြောပြော အဆင်ပြေသွား၏။

ညကတည်းကပြင်ထားရမည့် စာရွက်စာတမ်းများမှာ အင်တာနက်ဒုက္ခပေးသဖြင့် လက်စမသပ်နိုင်၊ တိုးလို့တန်းလန်းကြီးနှင့် ရပ်ထားရပြီး ယခု စာရွက်များရလာတော့မှ စတာပလာတွဲ။ ပြန်စီနှင့် အပိုအလုပ်ရှုပ်သည်။

၉ နာရီခွဲတော့မှ မီးကြိုးများဆွဲ၊ ပရော်ဂျက်တာစမ်း၊ ပိတ်ကားထောင်၊ ခုံနေရာပြင်စသည်တို့ လုပ်ရ၏။ တစ်ဖက်တွင်လည်း ကျွန်တော့်မှာ တဖွဲဖွဲ ရောက်လာသည့် ဧည့်သည်များကို ဧည့်ခံနေရသေးသည်ဖြစ်ရာ ၁၀ နာရီတီးသည့်တိုင် ပွဲမစနိုင်။ သို့သော် အချိန်အကန့်အသတ်နှင့် ဖြစ်သဖြင့် အမြန်ဆုံးစနိုင်ရန် အတင်းတွန်းလုပ်ရသည်။ ဒါတောင် ၁၀ နာရီ ၁၀ မိနစ် လောက်မှ စနိုင်သည်။

ကိုင်း၊ ကိုမေယာ။ အချိန်အတော်လင့်နေပြီ စကြပါစို့ဟုအချက်ပေးလိုက်သော ကိုမေယာက မိတ်ဆက်စကားပြောသည်။ ထို့နောက် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး မြန်မာပြက္ခဒိန်အကြောင်း စပြောသည်။ စပြောတော့ ၁၀ နာရီတောင် ခွဲခါနီးနေပြီ။

မနက်စာမှလွဲ၍ နောက်ထပ် ဘာမှမစားရသေးသောကြောင့် ဆီးချိုကျလာသဖြင့် ပြောရင်းတန်းလန်း သကြားလုံး ၀ါးရသေး သည်။

အမှန်က ၁၀ နာရီအတိတွင် စဖြစ်လျှင် မြန်မာပြက္ခဒိန်အကြောင်းကို ၁၀း၄၀ နာရီတွင် အပြီးပြော၊ ပြန်လှန်ဆွေးနွေးချိန် မိနစ် ၂၀ ပေးကာ ၁၁း၀၀ တွင် safety အကြောင်း စရန်ဖြစ်၏။ သို့သော် ကျွန်တော်က မြန်မာပြက္ခဒိန်အကြောင်းရေလည်အောင် ရှင်းပြလိုသဖြင့် အချိန်ပိုယူလိုက်တာ ၁၁း၂၅ လောက် ရောက်သွားသည်။ အချိန်အတော်စားသွားသဖြင့် ကမန်းကတန်း လက်စသပ်ပြီး ပရိသတ်များအား မေးစရာရှိလျှင် မေးရန်၊ အကြံပြုစရာများ၊ ဆွေးနွေးစရာများရှိလျှင် အကြံပြုပါရန် ပြောသော် ဆရာဦးရန်လင်းက သူတို့ ၁၉၉၀ လောက်က survey တစ်ခုလုပ်ရန် ကျေးလက်များဖက်သို့ ရောက်ခဲ့စဉ်က တောသူတောင်သားများမှာ တော်သလင်းလဆန်း ၄ ရက်၊ သီတင်းကျွတ် လပြည့်ကျော် ၁၀ ရက် စသဖြင့် မြန်မာရက်များနှင့် ပြောသည်ကို တွေ့ရရာ မြို့ပြမှလူများလည်း မြန်မာရက်များကို သုံးကြလျင် ကောင်းလေစွဟု ဆန္ဒဖြစ်မိကြောင်း၊  မြန်မာ ပြက္ခဒိန်ကို မြို့ပြမှလူတို့ အသုံးမပြုကြတော့သည်မှာ ၀မ်းနည်းစရာကောင်းကြောင်း စသည်တို့ကို ပြောသွားပါသည်။

၁၁း၃၀ ကျော်မှ safety စာအုပ်အကြောင်းပြောရသည်ဖြစ်သဖြင့် ကျွန်တော် safety စာအုပ်ကိုတော့ သိပ် အသေး မစိတ်တော့ပါ။ အရေးကြီးသည့် အချက်အနည်းငယ်မျှကိုသာ ပြောပါမည်ဟု နိဒါန်းပျိုးလျက် စာအုပ်ရေးရခြင်းအကြောင်းကို အနည်းငယ်မျှသာပြောပါသည်။ အတော်များများ ကျော်ခွသွားလိုက်၏။ သူတို့ကတော့ ၁၂း၃၀ လောက်ထိ ရပါသည်ဟု လာပြော၏။ သို့သော် ကျွန်တော် ၁၂း၀၀ အတိတွင် ဖြတ်လိုက်ပါသည်။

safety စာအုပ်ကိုမူ ကျွန်တော်က စာအုပ်ရေးရခြင်းအကြောင်း အကျဉ်းရုံးပြောလျက် မြန်မာနိုင်ငံအတွက် လိုအပ်နေသည့် အချက်များကို ဇောင်းပေး ပြောပါသည်။

မြန်မာပြည်၌ လူအရင်းအမြစ် ပျိုးထောင်ရေးတွင် အရေးကြီးသော အတတ်ပညာပိုင်းဆိုင်ရာ စာအုပ်စာတမ်းများ ရှားပါး နေသောကြောင့် မိတ်ဆွေများကို မိမိတို့ကျွမ်းကျင်ရာဘာသာရပ်အလိုက် စာအုပ်စာတမ်းများ ပြုစုကြပါရန် တိုက်တွန်းပါ ကြောင်း၊ ကျွန်တော်တို့ အသက်အရွယ်မှာ နောင်လာနောက်သားများအတွက် မိမိတတ်သိထားသည်များကို ပြန်လည် ပေးရတော့မည့် အရွယ်ဖြစ်နေကြောင်း၊ အခြားသူများကို မျှော်လင့်မနေဘဲ မြန်မာပြည်အနာဂတ်အတွက် လုပ်စရာရှိသည် များကို ကျွန်တော်တို့ကိုယ်တိုင် လုပ်ကြပါစေလိုကြောင်း၊ မြန်မာပြည်စာပေလောက၌ အသိပညာ၊ အတတ်ပညာနှင့် ပတ်သက်၍ လေ့လာစရာ စာအုပ်စာပေများ အလွန်ရှားပါးလှပါကြောင်း၊ ယခု လက်ရှိဈေးကွက်ထဲတွင် ရှိနေသော တတ်သိ ပညာဆိုင်ရာ စာအုပ်စာပေများထဲမှာပင် အဆင့်မြင့်အတတ်ပညာနှင့်ပတ်သက်သည့် စာအုပ်စာပေများမှာ မရှိသလောက် ဖြစ်နေကြောင်း၊ ယခု စာအုပ်မိတ်ဆက်ပွဲသို့ ကြွရောက်လာကြသူများထဲတွင် ပညာတတ် ဆရာဆရာမကြီးများ အတော် များများ ပါဝင်ပါကြောင်း၊ ၎င်းတို့အား ပညာရပ်ဆိုင်ရာ စာအုပ်များ ရေးသားထုတ်ဝေကြပါရန်၊ ဟောပြောပွဲများ၊ သင်တန်းများ ပေးကြပါရန် တိုက်တွန်းလိုပါကြောင်း စသည်တို့ ဖြစ်ပါသည်။

ထို့ပြင် မြန်မာပြည်၌ မည်သည့် ဥပဒေ၊ နည်းဥပဒေမှမရှိဘဲ ပုဂ္ဂလိက ကုမ္ပဏီများက လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို သင်တန်းများပို့ချခြင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအရာရှိများကို ဈေးကြီးပေးခန့်အပ်ကာ စီမံဆောင်ရွက်နေခြင်းများ အား မြန်မာပြည်ကိုယ်စား နိုင်ငံသားတစ်ဦးအနေနှင့် ကျွန်တော်က အလွန်ကျေးဇူးတင်ပါကြောင်း၊ ဥပဒေ မရှိသဖြင့် ဤအရာများကို ၎င်းတို့မလုပ်လည်း မည်သည့် ပုဒ်မနှင့်မှ အရေးယူလို့မရကြောင်း၊ ၎င်းတို့က လက်တွေ့ လုပ်ကိုင်နေသဖြင့် လုပ်သားများ၏ မတော်တဆဖြစ်မှုများ၊ သေကြေပျက်စီးမှုများကို လျှော့ချပေးနိုင်ကြောင်းပြောကာ ကျွန်တော်တို့ဆီမှာတော့ ကျွန်တော်တို့က ရှေ့ကသွား၊ အစိုးရက နောက်ကလိုက် ဟု ဦးလှမောင်ရွှေကို နည်းနည်း ခနဲ့လိုက်ပါ၏။ (ခွင့်လွှတ်ပါ ဦးလှမောင်ရွှေခင်ဗျာ။ ဤသည်မှာ ကျွန်တော်၏ မကောင်းသော အကျင့်ဖြစ်ပါသည်။)

လုပ်ငန်းခွင် အန္တရာယ်ကင်းရေးအကြောင်း ပြောပြီး မေးခွန်းများ၊ ဆွေးနွေးလိုသည်၊ အကြံပေးလိုသည်များရှိပါက မေးမြန်း အကြံပြုကြပါရန် ဖိတ်ခေါ်သော်လည်း မည်သူမှ မထပါ။ ပြန်ချင်နေကြပြီထင့်။

ထို့ကြောင့် ဦးလှမောင်ရွှေကို အခန်းအနားအပိတ်၊ နှုတ်ဆက်စကား မြွက်ကြားပေးပါရန် မေတ္တာရပ်ခံ၏။ သူက စင်ကာပူမှ Myanmar Transitional Platform အကြောင်းနှင့် သူတို့လုပ်ကိုင်နေကြသည်များအကြောင်း၊ နိုင်ငံတည်ဆောက်ရေးတွင် အစိုးရကိုချည်း အားကိုးမနေဘဲ နိုင်ငံသားအားလုံးက မိမိတို့ တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းဆောင်ရွက်ကြပါစေလိုကြောင်း စသည်ဖြင့် ပြောပါသည်။

ပြောစရာရှိသည်မှာ အခန်း အနေအထားဖြစ်၏။ အခန်းက စင်မြင့်ရှိရာဘက်တွင် လူတစ်ဝက်သာ ထိုင်နိုင်ပြီး ကျန်တစ်ဝက်မှာ စင်ဘက်ကို မမြင်နိုင်။ အထူးသဖြင့် ပရော်ဂျက်တာပိတ်ကားကို မမြင်နိုင်။ ထို့ကြောင့် ထိုဘက်မှ ပရိသတ်များကို အလွန်အားနာမိပါသည်။ အခန်းက အစားအသောက်များ တည်ခင်းဧည့်ခံသော အခန်းဖြစ်၍ စားပွဲဝိုင်းတွင် ထိုင်ခုံများ ၀ိုင်းချထားတာဖြစ်သဖြင့် ထိုင်ခုံ ၃ လုံးသာ စင်ဘက်ကို မျက်နှာပြုထားပြီး ကျန်နှစ်ခုံမှာ ကျောပေးလျက် ဖြစ်၏။ သို့သော် မိမိဘာသာ ပြန်လှည့်လို့ရသေးသည်။ အတွင်းခန်းဘက်ကျသော စားပွဲများကမူ အသံကိုသာ နားထောင်ရသည်။ စင်မြင့်ဘက်ကို မမြင်ရ။

ကျွန်တော်တို့ပွဲပြီးတော့ နောက်ပွဲတစ်ခုက အဆင်သင့် စောင့်နေ၏။ သူလည်း စာအုပ်မိတ်ဆက်ပွဲပင် ဖြစ်ပါသည်။ ကျွန်တော်မေ့ပြီး ဓာတ်ပုံရိုက်ယူမထားလိုက်မိ။

(၃) ဆန်ရင်း နာနာဖွပ်

စာအုပ်မိတ်ဆက်ပွဲပြီးတော့ ကိုအောင်ကိုးက ကျွန်တော်တို့ကို နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပါသည်။ စံရိပ်ငြိမ်ရှိ ဓနုဖြူ ဒေါ်စောရီ ထမင်းဆိုင်တွင် ဖြစ်၏။ အားပါး၊ ဆိုင်တွင်းမှ စားပွဲဝိုင်းအားလုံး လူပြည့်နေပါသည်။ စားပွဲတစ်ဝိုင်းလျှင် တစ်သောင်းမှ လေးငါးသောင်းခန့် ရှင်းရပါလိမ့်မည်။ (ဘယ်ကောင်လဲကွ၊ ဗမာပြည်ဆင်းရဲတယ်လို့ ပြောတာ)

ကျွန်တော်တို့ကို တိုးချဲ့ဆောင်ထဲ၌ နေရာချပေး၏။ ငါးခူစင်းကော၊ ဆိတ်သား၊ ငါး စသဖြင့် ဟင်းများမှာ စားလို့ကောင်းပါသည်။ ကျွန်တော်တို့ ဆယ်ယောက်ဝိုင်းကို လေးသောင်းခွဲလား ကျပါသည်။

ထမင်းစားရင်း ကိုအောင်ကိုးက ၎င်း၏ ရင်တွင်းဖြစ်များကို ရင်ဖွင့်၏။ သူက နိုင်ငံခြားသားများမှာ လခ နိုင်ငံခြားငွေ တစ်သောင်းကျော်ရသည့်တိုင် အခွန် ၆% မျှသာဆောင်ရလျက် နိုင်ငံသားဖြစ်သူ ၎င်းတို့မှာ အခွန် ၂၀% ဆောင်ရကြောင်း (ပြောရင်း သူအခွန်ဆောင်ရသည့် ဖြတ်ပိုင်းကလေး ပြပါသည်။ တစ်လတစ်လ သူဆောင်ရသော အခွန်မှာ ၃ သိန်း ၇ သောင်း ၇ ထောင်ကျော်ရှိသည်ကို တွေ့ရသော် ကျွန်တော့်မှာ အံ့သြလွန်းလို့ သေလုမတတ်ဖြစ်ချေသည်။ စင်ကာပူ၌နေပြီး သူ့ထက် လခပိုရသူ ကျွန်တော်တို့ပင် ဤမျှ အခွန်မဆောင်ရပါ။) ထိုကဲ့သို့သော အကြောင်းများကြောင့် ကုမ္ပဏီအတော်များများမှာ ၀န်ထမ်းလခများကို လျှော့ပြသော်လည်း ၎င်းတို့ကုမ္ပဏီမှာမူ လခရင်းအတိုင်း ပြသဖြင့် သူတို့မှာ နင့်နေအောင် ပေးရသော အခွန်အတွက် စိတ်ကုန်မိကြောင်း၊ ထို့ပြင် ထိုနိုင်ငံခြားသားများ ပေးရသော အခွန်ကို ကုမ္ပဏီက ကျခံပေးကြောင်း သိရပြန်သော် ကျွန်ုပ်မှာ အံ့သြလွန်းကြီးမက အံ့သြရပြန်ပါလေ၏။

အစိုးရက နိုင်ငံခြားရောက်နေသူများကို ပြန်လာကြပါရန် ဖိတ်ခေါ်စေကာမူ ဤအကြောင်းများမှာ အတားအဆီးများ ဖြစ်နေ ကြောင်း၊ နိုင်ငံခြားရောက်နေသူ တတ်သိပညာရှင်များကို ပြန်ခေါ်ရန်မှာ မက်လုံးများ လိုကြောင်း၊ ယခုတော့ ဘာမက်လုံးမှ မရှိသည့်ပြင် ပြန်လာသူများကိုပင် နင့်နေအောင် အခွန်ကောက်နေသဖြင့် အစိုးရလုပ်ပုံကို ဘယ်လိုမှ နားလည်လို့မရကြောင်း စသည်တို့ဖြစ်၏။ သူပြောတာ အတော်များ၏။ ကျွန်တော့်မှာ စားထားသည့်အစာများပင် ပြန်အံထွက်တော့မတတ် ရှိချေ၏။

ထိုစဉ် helmet ဆောင်းထားသော လူရွယ်လေးငါးယောက် ဆိုင်ရှေ့မှဖြတ်လျှောက်သွားရာ အဲဒါ ဗီယက်နမ်တွေအစ်ကို ဟု ပြ၏။ သူတို့ ဘယ်လို pass တွေနဲ့ နေနေကြတာလဲဟု မေးလေသော် ကျွန်တော်လည်း သေသေချာချာ မသိဘူး ဟု ဖြေလေသည်။

ယခုအခါ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အတော်များများ လာရောက် အလုပ်လုပ်ကိုင်နေကြသည်။ ဂျပန်၊ ကိုးရီးယား၊ ဗီယက်နမ်၊ တရုတ်၊ အနောက်နိုင်ငံမှ စသည်ဖြင့် နိုင်ငံအတော်စုံပါသည်။ လ.၀.က က ၎င်းတို့အား မည်ကဲ့သို့သော ဗီဇာများ ထုတ်ပေးထားသည်ကို ကျွန်တော်မသိပါ။ ၎င်းတို့အနေနှင့် မြန်မာနိုင်ငံအတွင်း နေထိုင်စဉ် မည်သည့်စည်းမျဉ်းစည်းကမ်းများ ကို လိုက်နာရမည်။ ၎င်းတို့၏ တာဝန်နှင့်ဝတ္တရားများ၊ ဆောင်ရန် ရှောင်ရန်များကို မည်သူက တာဝန်ယူ ရှင်းပြပါသနည်း။ ၂၀၁၂၊ ၂၀၁၃ ခုနှစ်များက မြန်မာနိုင်ငံအတွင်း၌ နိုင်ငံခြားသားများအား အလုပ်ခန့်ထားခြင်းနှင့်ပတ်သက်၍ ကျွန်တော် စာတမ်းတစ်စောင်ပြုစုကာ လွှတ်တော်ကိုယ်စားလှယ်များထံ ပေးဖူးပါသည်။ လွှတ်တော်၌ တင်ပြဆွေးနွေးသည်ဟုလည်း သိရ၏။ သို့သော် မည်ကဲ့သို့အကောင်အထည်ဖော်မည်ကို သေသေချာချာ မသိရပါ။

ကျွန်ုပ်တို့မှာ နိုင်ငံခြားသွားလုပ်တော့ နိုင်ငံခြားသားမို့လို့ အနှိမ်ခံရသည်။ ကိုယ့်နိုင်ငံထဲတွင်လုပ်ပြန်တော့ မြန်မာနိုင်ငံသားမို့လို့ အနှိမ်ခံရသည်။ ဘာများကောင်းပါသေးသနည်း။
နိုင်ငံခြားသားနှင့် မိမိနိုင်ငံသား ယှဉ်လိုက်လျှင် မိမိနိုင်ငံသားက အခွင့်အရေး ပို ရ ရ မည်မှာ သဘာဝဖြစ်၏။ ယခုတော့ ကိုယ့်နိုင်ငံထဲလာလုပ်နေသော နိုင်ငံခြားသားက အခွင့်အရေးပိုရနေပြီး ကိုယ့်နိုင်ငံသားများက အနှိမ်ခံနေရသည်မှာ စိတ်မကောင်းစရာ ဖြစ်၏။ အရည်အချင်းတူလျင် မြန်မာနိုင်ငံသားများအား နိုင်ငံခြားသားများနှင့် တန်းတူ သို့မဟုတ် ပို၍။ အရည်အချင်းမတူလျင်သော်မှ မြန်မာနိုင်ငံသား လုပ်သားများ၏ အရည်အသွေးကို အခြားသူများနည်းတူ တိုးတက်လာစေရန် မြေတောင်မြှောက်ပေးလျက် တန်းတူခံစားခွင့်များ ရရှိနိုင်ရန် ဆောင်ရွက်ပေးကြပါမည့်အကြောင်း တာဝန်ရှိ လူကြီးမင်းများ အား တိုက်တွန်းလိုက်ရပါသတည်း။

အားပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါသည်။

အေးငြိမ်း

၂၂ ဒီဇင်ဘာ ၂၀၁၄။ နေ့လည် ၁၂း၁၅ နာရီ

No comments: