Sunday, January 18, 2015

မြန်မာပြည်သို့ အလည်ပြန်ခြင်း (ဒီဇင်ဘာ၊ ၂၀၁၄) (၃)

(၈) ပုသိမ်

ပုသိမ်ဝင်ကာ ရွှေမုဋ္ဌောဘုရားဖူးပြီးမှ ထမင်းစားကြမည်ဟု ဘုရားသို့ဦးစွာ သွားကြ၏။ ပုသိမ်ဝင်ပြီဆိုကတည်းက ဘုရားကို ဘယ်လို သွားရသလဲ ဟု လမ်းပေါ်တွေ့သူများကို မေး၏။ နာရီစင်ကြီးတွေ့ရင် ဘယ်ဘက်ချိုးလိုက် ဟု ဖြေသည်။ တော်တော်ဝေးဝေး ရောက်သည့်တိုင် နာရီစင်မတွေ့။ သို့နှင့် ထပ်မေးရပြန်၏။ ရွှေမုဋ္ဌောဘုရားကို ဘယ်လမ်းကသွားတုံးဗျ။ နာရီစင်ကြီးတွေ့ရင် ဘယ်ဘက်ချိုးလိုက်။ အင်း၊ ဟုတ်တော့ ဟုတ်နေပြီ။ သို့နှင့် ဘယ်မှ မကွေ့ပဲ တည့်တည့်မောင်းလာခဲ့ပြန်၏။ အတော် ခပ်လှမ်းလှမ်း ရောက်ပြန်တော့ မေးပြန်၏။ ရွှေမုဋ္ဌောဘုရားကို ဘယ်လမ်းကသွားတုံးဗျ။ နာရီစင်ကြီးတွေ့ရင် ဘယ်ဘက်ချိုးလိုက်။


ဤသို့ လေးငါးခါလောက် မေးပြီးတော့မှ နာရီစင်ကို တွေ့တော့သည်။ နာရီစင်နှင့် ဘုရားမှာ မဝေးလှ။ ဘုရားမျက်နှာစာမှာ လမ်းမကြီး တန်းဖြစ်လေရာ ဆိုင်ခန်းများနှင့် ရှုပ်ရှက်ခပ်နေ၍ သိပ် မပေါ်လွင်လှ။ ကျွန်ုပ်တို့မှာ စေတီတော်မုခ်ဦးမှ စာကိုဖတ်မိတော့မှ သေချာပြီဟ ဟု စိတ်ဒုံးဒုံးချနိုင်လေ၏။




ဘုရားကို လှည့်ပတ်ဖူးပြီးနောက် အနီးရှိထမင်းဆိုင်တွင် ထမင်းစားကြ၏။ ထမင်းဆိုင်နာမည်မှာ ခခခွေး ထင်ပါသည်။ သိပ်မမှတ်မိ။ ကျွန်တော်တို့ရောက်သွားချိန်တွင် ဘုရားဖူးကားတစ်စီးဆိုက်လာသဖြင့် ဆိုင်မှာ ပြည့်ကျပ်ညပ်ကာ ဆူညံပွက်လောရိုက် နေလေ၏။ ကျွန်တော်တို့လည်း စားပွဲလွတ်တစ်ခုတွင် နေရာယူ၏။ စားပွဲထိုးကလေးများမှာ အလွန်အလုပ်ရှုပ်လျက်ရှိ၏။ ကျွန်တော်တို့ ထမင်းမှာဘို့ခေါ်တာ တော်တော်နှင့် ရောက်မလာ။ နောက်တော့ ကိုဝင်းနိုင်အောင်က ဟင်းပွဲများ သူ့ဘာသာသူ သွားယူချလာသည်။

ကျွန်တော်တို့ ငယ်ငယ်က ပုသိမ်ဆန်မှာ အလွန်နာမည်ကြီးသည်။ ပုသိမ်မှ ထမင်းဆိုင်ဆိုလျှင် မည်သည့်ဆိုင် ၀င်စားစား၊ ထမင်း ကောင်းသည်ချည်း။ ယခုလည်း ကျွန်တော် ထမင်းကို သတိထားကြည့်ရာ မဆိုးပါ။ အတော်ကောင်းသေးသည်ကို တွေ့ရ၏။ ဟင်းများမှာလည်း မဆိုးလှပါ။ စားလို့ကောင်းပါသည်။

သိပ်မကြာလိုက်ပါ။ ဘုရားဖူးကားမှ ခရီးသည်များမှာ စားသောက်ပြီး အကုန်ပြန်ထွက်သွားကြတော့ ဆိုင်ရှင်းသွားပါသည်။ ထိုအခါမှ ဆိုင်ရှင်အဒေါ်ကြီးထင်၏။ ကျွန်တော်တို့အနား လာထိုင်ကာ စကားစနေပြောသည်။ ဖောက်သည်တွေများသဖြင့် စုံစေ့အောင် လုပ်မပေးနိုင်တာ အားနာပါကြောင်း လာပြောတာ ဖြစ်ပါသည်။ ကျွန်တော်ကလည်း ရပါတယ်ဗျာ။ ကျွန်တော်တို့က အလျင်မလိုပါဘူး။ သူတို့က အများနဲ့ဆိုတော့ အချိန်မီမှဖြစ်မှာ။ သူတို့ကို ဦးစားပေးရမှာပေါ့ ဟု ပြန်ဖြေလိုက်ပါသည်။ 

အမှန်မှာ မစီမံတတ်တာ ဖြစ်ပါသည်။ စာပွဲဝိုင်းနံပါတ်များတပ်ထားပြီး စားပွဲတစ်ခုလျှင် တစ်ယောက်၊ စာရွက်ကလေးနှင့် ဘောပင်နှင့် သူတို့မှာချင်သည်များမှတ်။ ဟင်းထည့်သည့်သူက ဟင်းများကို ဗန်းများနှင့်ပြင်ကာ စားပွဲနံပါတ်တပ်ထား။ စားပွဲထိုးများက စားပွဲနံပါတ် အလိုက် လိုက်ချပေးလိုက်ပါက သည်မျှ ရှုပ်ရှက်ခတ်နေတော့မည် မဟုတ်ပါ။ သူတို့ဆိုင်တွင် ၀န်ထမ်းအတော်များများ ခန့်ထားတာ တွေ့ရပါသည်။ သို့တိုင် ထောင့်မစေ့။ တချို့စားပွဲများတွင် စားပွဲထိုး နှစ်ယောက်သုံးယောက် ပြုံနေတတ်သည်။ တချို့စားပွဲကျတော့ တစ်ယောက်မှ မရှိ။ ထိုစားပွဲထိုးကလေးများကို မင်းက စားပွဲနံပါတ် ဘယ်လောက်၊ ဘယ်လောက်ကို တာဝန်ယူ။ မင်းက ဘယ်စားပွဲတွေကို တာဝန်ယူ။ မင်းက ပိုက်ဆံလိုက်သိမ်း စသဖြင့် တာဝန်ခွဲပေးထားလျှင် ပြီးပါ၏။ ဆိုင်ရှင်လုပ်သူက အပေါ်မှ အားလုံးကို ခြုံကြည့်နေကာ မည်သည့် စားပွဲများ လစ်ဟာနေသည်ကို ထောက်ပြရမည် ဖြစ်သည်။ ယခုတော့ လူများပြီး ပွဲမစည်။

အပြန်လမ်းတွင် ပုသိမ်ထွက် ဟာလ၀ါ၊ ငါးပိ၊ ကျောက်ဖရုံယို စသည်တို့ ၀ယ်ခဲ့သည်။ ပုသိမ်ဟာလ၀ါ မည်မျှရောင်းကောင်းသနည်း ဟူမူ ပထမဆိုင်ကြီးတစ်ဆိုင်ဝင်ရာ ကုန်နေပြီ ဆို၏။ နောက်တစ်ဆိုင် ထပ်ဝင်ရာ ရတော့ရပါသည်။ သို့သော် အဖုံးမဖုံးပါနှင့်ဦး။ ယခုမှ ဖိုပေါ်က ချထားတာမို့ ပူနေသေးလို့ အဖုံးဖွင့်သွားပါ ဟူ၏။

ရန်ကုန်မြို့၏ အငွေ့အသက်များကိုမူ မြို့ထဲမ၀င်မီ လှိုင်သာယာသို့ အ၀င်ကတည်းက တွေ့ရ၏။ ကားများမှာ သူ့ငါကျော်၊ ငါ့သူခွ။ ဘတ်စ်ကားကြီးများမှာ လမ်းလယ်တွင်ရပ်လျက် လူအတင်အချ လုပ်လိုလုပ်၊ လမ်းကြားထဲက ထွက်လာသော ကားကလည်း လမ်းမကြီးပေါ်တွင် ကားများလာနေပါလျက် အတင်းဝင်တိုး။ လမ်းအခြေအနေကြည့်ကာ ယာဉ်ကြောပြောင်းပြန် မောင်းသော ကားများကိုမူ မကြာမကြာ တွေ့ရလေ၏။ သူ့အရပ်နှင့် သူ့ဇာတ်ပေမို့ သည်မြင်ကွင်းများကိုကြည့်ပြီး ကျွန်တော် စိတ်မပျက်တော့ပါ။

ဟိုးအရင် ၁၉၉၅ ခုနှစ်လောက်က ကျွန်တော် ထိုင်းကို လေ့လာရေးခရီးသွားတော့ မဲဆောက်သို့ လိုက်ပို့သည်။ မဲဆောက်အသွား တပ်ခရိုင်ကို ဖြတ်သွားရ၏။ ထိုင်းမှ လမ်းများမှာ အတော်ကောင်းသည်။ လေးလမ်းသွားဟု မှတ်မိ၏။ လမ်းတစ်လျှောက်လည်း ဆီဆိုင်များကို ဟိုဟိုသည်သည် တွေ့ရလေရာ ငါတို့ဆီမှာလည်း အဲသည်လိုဆို ကောင်းလေစွဟု တောင့်တမိ၏။

ယခု ငွေဆောင်သို့အသွားလမ်းတွင် ဓာတ်ဆီဆိုင်များကို ဟိုနားတစ်ဆိုင်၊ သည်နားတစ်ဆိုင်၊ နာမည်ပေါင်းစုံနှင့် တွေ့ရလေရာ လွန်ခဲ့သည့် အနှစ် ၂၀ လောက်က ကျွန်တော်ဖြစ်ချင်သည်များ ဖြစ်လာသဖြင့် ၀မ်းသာရပါ၏။

(၉) ဒေတာများနှင့် နပန်းလုံးရပြန်ခြင်း

ကိုအောင်မြတ်ကျော်က သူ့စာအုပ်များ အကုန်ပေးလိုက်မည်ဆိုသဖြင့် ကျွန်တော်လည်း 2TB hard drive အသစ်တစ်လုံး ၀ယ်သွားသည်။ သူစုဆောင်းထားသည်များမှာ အများဆိုမှ အများကြီးဖြစ်၏။ စာအုပ်ဝါသနာအိုးဖြစ်သော ကျွန်တော့်ထံမှာပင် သူ့လောက်မများ။ ကျေးဇူးအထူးတင်ပါတယ် ကိုအောင်မြတ်ကျော်ခင်ဗျား။

ကျွန်တော့်စာအုပ်များမှာ နောက် hard drive တစ်ခုထဲတွင် ရှိသည်။ ထို disk မှာလည်း 2TB ပင်ဖြစ်၏။ မြန်မာစာအုပ် ၅၀၀၀ ကျော် နှင့် အင်္ဂလိပ် (နည်းပညာ) စာအုပ် ၃၀၀၀ လောက် ရှိ၏။

ကျွန်တော်က ကိုမျိုးမင်းကျော်ကို ထိုစာအုပ်အားလုံး ကော်ပီကူးရန် hard disk ပေးခဲ့သည်။ ကိုယ်တော်က တော်တော်နှင့်မပြီး။ ပြန်မည့်ရက်မတိုင်မီညကျတော့ သူ့ဆီသွားယူသည်။ သူလည်း ကူးပြီးသမျှနှင့် ရပ်ကာ ပြန်ပေးလိုက်၏။ အိမ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့ - မြတ်စွာဘုရား၊ အထဲမှာ ဘာမှမကျန်တော့။ ဖိုင်တစ်ခုတွေ့သည်။ သို့သော် အထဲတွင် ဘာမှမရှိ။ ကျွန်တော် အကြီးအကျယ် မျက်လုံးပြူးရ၏။  

ကျွန်တော့်ရှိစုမဲ့စု ဒေတာအားလုံးမှာ သည် hard disk ထဲ အကုန်စုပြုံထည့်ထားတာ ဖြစ်၏။ မြန်မာပြည် မပြန်ခင်ကလေးကမှ ကွန်ပြူတာ ဒုက္ခပေးသဖြင့် စက်ထဲရှိသမျှ အကုန်ကုန်ခဲ့ပြီးပြီ။ ယခုတစ်ဖန်ထပ်ကုန်ပြန်လျှင်ဖြင့် သေသေရချည့်။

ဒါ safe to remove hardware ကိုသေသေချာချာ မလုပ်လို့ဖြစ်တာဟု ကျွန်တော်ထင်သည်။ ဘာပဲပြောပြော သူ့စက်နှင့်တော့ ဖွင့်လို့ ရနိုင်သေး၏။ သူ့စက်နှင့်ပြန်ဖွင့်ကာ နောက် hard disk တစ်ခုထဲ အကုန်ကူးထည့်မှဖြစ်မည်။ ထို့ကြောင့် ကိုမျိုးမင်းကျော်ထံ အသည်းအသန်ဖုံးဆက်ကာ အကျိုးအကြောင်း ပြောပြ၏။ သူက မအားသဖြင့် ညနေမှ လာခဲ့မည်ဆို၏။ ညနေ ၇ နာရီလောက်မှ ရောက်လာသည်။ ထို hard disk ကို သူ့စက်နှင့်ဖွင့်ကာ နောက်တစ်ခုထဲ ကူးထည့်ပေး၏။ ဖိုင်များမှာ သောင်းဂဏန်း တော်တော် များများ ရှိလေရာ တော်တော်နှင့်မပြီး။ စုစုပေါင်း 1.6 TB ရှိသည်။ မနည်းလှ။

သူ သန်းခေါင်ထိ ထိုင်လုပ်သည်။ သို့သော် မပြီး။ သို့နှင့် အိမ်ပြန်သယ်သွားကာ ဆက်လုပ်သည်။ ကျွန်တော့်မှာမူ လေယာဉ်ကွင်းသို့ ၆ နာရီလောက် အရောက်သွားရမည်ဖြစ်၍ သိပ်နောက်ကျလို့မဖြစ်။ မနက် ၅ နာရီခွဲ၊ လေဆိပ်မဆင်းမီ သူရောက်အောင် လာခဲ့ပါမည် ဟု မှာသွားသည်။

မနက် ကျွန်တော် လေယာဉ်ကွင်းဆင်းရန် ကားထွက်ခါနီးမှ သူရောက်ချလာသည်။ တစ်ညလုံးကူးနေတာတောင် ခုထိမပြီးသေး။ ကိုင်း၊ ကိုယ့်လူ ပြီးသမျှနဲ့ ရပ်လိုက်တော့ဆိုကာ ယူခဲ့ရလေ၏။ သူကလည်း ကျွန်တော့်ကို အားနာ။ ကျွန်တော်ကလည်း သူ့ကို အတော် အားနာသွားရလေ၏။ ဖြစ်ပုံ။

စင်ကာပူပြန်ရောက်လို့ ကိုအောင်နိုင်စိုးကိုခေါ်လုပ်ခိုင်းတော့ ဒါ၊ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာအစ်ကို ဟု ပျောက်နေသော ဖိုင်များကို ပြန်ဖော်ပေးသည်။ သို့တိုင် လေးပုံ သုံးပုံလောက်သာ ပြန်ပေါ်သည်။ ကျန်သည့်ဖိုင်များမှာ ဖိုလ်ဒါနာမည်သာတွေ့ရပြီး အထဲမှာ ဘာမှ မရှိ။ သည်မျှများသောဖိုင်များအနက် မည်သည့်ဖိုင်ပျောက်သွားမှန်း မည်ကဲ့သို့ သိနိုင်ပါမည်နည်း။ နောက်လိုလို့ ပြန်ရှာ၊ မတွေ့တော့မှ ပျောက်သွားပြီဟု သိနိုင်မည်ဖြစ်လေသည်။

ဤဒွန္နယာကြီးတွင် ဤကဲ့သို့သော ယုတ်မာသူများ ရှိနေသရွေ့ကာလပတ်လုံး ကျွန်ုပ်တို့မှာ ဒုက္ခနှင့်မတိုးချင်ဘဲ တိုးနေရဦးမည်သာ ဖြစ်လေ၏။ ကိုအောင်နိုင်စိုးရေ၊ ကျွန်တော်ကတော့ ဒီဗိုင်းရပ်စ်ထွင်တဲ့သူတွေကို သံသယရှိသဗျ။ အဲဒီဗိုင်းရပ်စ်ပရိုဂရမ်ရေးတဲ့ သူတွေဟာ Anti-virus ထုတ်တဲ့သူတွေများ ဖြစ်နေမလား လို့။ ဗိုင်းရပ်စ်က များများဒုက္ခပေးလေလေ သူရို့ Anti-virus များများ ရောင်းရလေ မဟုတ်လား။ ဟုတ်ချင်မှလဲ ဟုတ်မှာပေါ့ ကျွန်တော်တွေးတာ - ဟု ပြောမိ၏။ 

ယခုတော့ ကျွန်တော် အရေးကြီးသော ဒေတာများကို နေရာများစွာ၌ save လုပ်ထားသည်။ ကျွန်တော့်တွင် gmail account လေးခုနှင့် yahoo account တစ်ခုရှိရာ ထို အီးမေးများသို့ တစ်ခုနှင့်တစ်ခု အပြန်အလှန် ပို့ထားခြင်း၍သော်လည်းကောင်း၊ google drive တွင်သော်လည်းကောင်း၊ drop box တွင်သော်လည်းကောင်း၊ hard drive သုံးလုံးထဲတွင် သော်လည်းကောင်း၊ စီဒီများဖြင့် သော်လည်းကောင်း။ သိပ်အရေးမကြီးတာတွေတော့လည်း hard drive တစ်ခုနဲ့ laptop ထဲမှာပဲ ထားလိုက်တာပေါ့။ မှတ်ကရော့။

MOM မှ ပြန်ပို့လာသော comments များအတွက် training maerial များ ပြန်ပြင်လိုက်ပါဦးမည်။ ထို ကိစ္စ၀ိစ္စများပြီးသွားလျှင်တော့ ဂဟေဆက်နည်းစာအုပ်ကို ဇောက်ချရေးတော့မည် ဖြစ်ပါကြောင်း။


မြန်မာပြည်ခရီးစဉ်အကြောင်း ဤတွင်ပြီးပါပြီ။
ဖတ်ရှုအားပေးသော မိတ်ဆွေအပေါင်းကို အထူးကျေးဇူးတင်ပါ၏။


အေးငြိမ်း
၁၇ ဇန်န၀ါရီ ၂၀၁၅။ နေ့လည် ၂း၂၆ နာရီ

No comments: