(၇) ထားဝယ်မှ ဆံတော်ရှင်ဘုရား
ကျွန်တော့် ကံပေါက်ခရီးစဉ်ကား စိတ်ဝင်စားစရာများဖြင့် ပြည့်နှက်လျက်ရှိ၏။
ယခု အင်မတန်လည်း ထူးဆန်းသော၊ ထူးဆန်းရုံမျှမက ရီစရာလည်းကောင်းလှသော အကြောင်းအရာများကို
တင်ဆက်ပါမည်။
ကိုစံပွင့်က ဟောဗျာ၊ မေ့နေလိုက်တာ။ ဒီမှာကိုတင်အေးရှိတယ်။
သူတို့အိမ်က ကျွန်တော်တို့ရုံးရှေ့လေးတင် ဟု ပြော၏။ ထို့ကြောင့် ဘုရားသွားလျင် သူ့ပါ
ခေါ်သွားကြရန် တိုင်ပင်ကြ၏။ ဒီနေ့က ခရစ္စမတ်နေ့ဆိုတော့ လေယာဉ် စောစော ထွက်လိမ့်မယ်ထင်တယ်
ဟု ကိုစံပွင့်ကပြောပြီး စခန်းမှလူများကို လေယာဉ်ထွက်မည့်အချိန် အကြောင်းကြားပါရန် မှာထားခဲ့ပါသည်။
ထို့နောက် ကလိန်အောင်ရှိ တန်ခိုးကြီး ဆံတော်ရှင်ဘုရားသို့ လိုက်ပို့၏။ ဘုရားမှာ စခန်းမှ
အတော်လေးဝေးသည်။ တောင်ပေါ်တွင် တည်ထား၏။ ဘုရားသို့အတက်လမ်းမှာ ဖို့လို့မပြီးသေး၊ ခင်းတုံးတန်းလန်းရှိသေး၏။
ကိုစံပွင့်ကတော့ ဘုရားလမ်းလုပ်ပေးတာ အကြောင်းပြပြီး ဟောသည် ကျောက်တောင်က ကျောက်တွေကို
အတိုင်းအဆမရှိ ထုတ်သွားကြတယ် ဟု ပြောသည်။ ဟုတ်ပါ့။ တောင်ကြီးကို ပိုင်းဖြတ်ထားလိုက်ကြသည်မှာ
ရစရာမရှိ။
တောင်ကိုဖြိုပြီးရလာသော ကျောက်စာများဖြင့် ချိုင့်ဘက်ကို
ဖို့ထားသည်ဖြစ်ရာ မြေစာများမှာ မသိပ်သေး။ မည်သည့် အကာအရံမှလည်း လုပ်မထားသည်ဖြစ်ရာ အလွန်အန္တရာယ်များလှ၏။
တောင်တက်လမ်းတွင် လမ်းပြင်နေသော လုပ်သား များကို တွေ့ရသည်။ တစ်နေရာတွင် ဘုရားဖူးလာသော
ကားလေးတစ်စီးမှာ ကျောက်တုံးများကြောင့် ဆက်မတက်နိုင်တော့ သဖြင့် ကားပေါ်ပါလာသည့် ဘုရားဖူးခရီးသည်များကို
ကျွန်တော်တို့ကားဖြင့်ပင် ဆန့်သလောက်တင်ခဲ့သည်။ အားလုံးမခေါ်နိုင်ခဲ့သဖြင့် ကျွန်တော်တို့
ကားဆရာ နောက်တစ်ခေါက် ထပ်ဆင်းခေါ်ရသေး၏။
ကျွန်တော်တို့ ဘုရားပေါ်ရောက်သော် လူသိပ်မစည်သေး။ လေးငါးယောက်မျှသာ
ရှိသေး၏။ ကိုစံပွင့်က ဘုရားမှ ရောင်ခြည်တော်လွှတ်သည့်အကြောင်း သေသေချာချာ ရှင်းပြပါသည်။
ဟောဒီ သင်္ဘောပင်ဟာ ကြည့်တော့သာ အပင်က သိပ်မကြီးတာ။ သက်တမ်းတော်တော်ရင့်နေပြီ။
ရောင်ခြည်တော်လွတ်တာ အဲဒီ သင်္ဘောပင် ခြေရင်းကျောက်တုံးက။ ရောင်ခြည်တော်လွှတ်တာကို ဒီအနားကကပ်ကြည့်ရင်
ဘာမှ မမြင်ရဘူး။ ဟိုး အဝေးကကြည့်မှ မြင်ရတာ။
တစ်ခါတော့ ကျွန်တော်တို့နဲ့အတူတူ တပ်ရင်းမှူးလည်းလာကြည့်တယ်။
သူက စစ်သုံးမှန်ပြောင်းတွေနဲ့ စကားပြောစက်တွေပါ သယ်လာတယ်။ နောက်ပြီး ဘုရားပေါ်မှာ သူ့တပည့်စစ်သား
၂ ယောက်ကို စကားပြောစက်တွေနဲ့ စောင့်ခိုင်းထားတယ်။ တခြားသူ တစ်ယောက်ယောက်ကများ မှန်နဲ့ပြနေတာ၊
မီးထိုးနေတာလား ဆိုတာ သေသေချာချာ သိရအောင်။
ကျွန်တော်တို့က ဟောဟိုးက အိမ်ပြာပြာလေးကနေ စောင့်ကြည့်နေတယ်။
တချို့ကျတော့ ဟောဟိုတံတားပေါ်က စောင့်ကြည့် ကြတယ်။ တပ်ရင်းမှူးက ကျွန်တော်တို့နဲ့ အတူတူကြည့်နေတာ။
တော်တော်လေးကြာတော့ သူတို့ဒေသခံတွေက ဟောဟိုမှာဟိုမှာ ရောင်ခြည်တော်လွှတ်ပြီ
လွှတ်ပြီဆိုပြီး အော်ကြတယ်။ ကျွန်တော်တို့ကြည့်တာတော့ အစပိုင်းမှာ ဘာမှ မမြင်ရဘူး။ ရောင်ခြည်က
ပထမ ပီဘိ သေးသေးလေးကနေ တဖြည်းဖြည်း စက်ဝိုင်းပုံ ကျယ်လာတာ။ မှန်ပြောင်းနဲ့ကြည့်နေတဲ့ဗိုလ်မှူးက
ဟောဟော ဟိုမှာလင်းလာပြီ၊ ဟေ့ကောင်တွေ တွေ့လား မင်းတို့ ရှေ့မှာ အလင်းရောင်ထွက်နေတာ
ဆိုပြီး ဘုရားပေါ်က သူ့လူတွေကို စကားပြောစက်နဲ့ လှမ်းပြောတယ်။
မမြင်ရဘူး ဗိုလ်မှူး၊ ဘယ်နားမှာလဲ ဆိုပြီး အဲဒီ ရဲဘော်တွေ
ဟိုလျှောက်သည်လျှောက် လျှောက်ကြည့်တယ်။
ဟာကွာ၊ မင်းတို့ရှေ့မှာလေ၊ မင်းတို့တောင် အဲဒီရောင်ခြည်တော်တွေကို
ဖြတ်လျှောက်နေတာပဲ။
ဒီမှာတော့ ဘာမှ မတွေ့ရဘူး ဗိုလ်မှူး။
အဲသလိုနဲ့ ရဲဘော်တွေ စေတီတော်တစ်ဝိုက် ဟိုဟိုသည်သည် လျှောက်ရှာကြတယ်။
စေတီတော် ရင်ပြင်ပေါ်မှာ ဘယ်သူမှ မရှိဘူး။ ပိုပြီးသေချာတာက ရောင်ခြည်တော်က သူတို့ရပ်နေတဲ့နေရာက
ထွက်နေတာပဲ။ တခြား ဘယ်ကမှ မီးထိုးတာ ရောင်ပြန်ဟပ်တာ မဟုတ်ဘူး။ နောက် ရောင်ခြည်တော်
ပြန်ကွယ်သွားတော့လည်း စက်ဝိုင်းပုံတဖြည်းဖြည်း သေးလာရာကနေ အစက်ကလေးဖြစ်ပြီး ပျောက်သွားတယ်။
နောက်တစ်ခေါက်ကျတော့ ခရစ်ယာန်သင်းအုပ်ဆရာတစ်ယောက် ပါလာတယ်။
မနက်ပိုင်းမှာ ရောင်ခြည်တော်လွှတ်တာ တွေ့တော့ သူက ဒါ နေရောင်နဲ့ ရောင်ပြန်ဟပ်တာပါကွာ
ပေါ့။ ဒါနဲ့ဒေသခံတွေက ဆရာ ညနေ နေကျချိန်ကို စောင့်ကြည့် စေချင်တယ် တားလို့ ညနေပိုင်း
ဆက်စောင့်တယ်။
ညနေ ၃ နာရီခွဲလောက်ကျတော့ နေက တောင်ဟိုဘက်ရောက်သွားပြီ။ ဒီဘက်မှာ
ဘာအလင်းရောင်မှ မရှိတော့ဘူး။ အဲဒီတုံး ရောင်ခြည်တော်လွှတ်တော့မှ ဟိုဆရာ ပါးစပ်ပိတ်သွားတယ်။
ရောင်ခြည်တော်လွှတ်တာနဲ့ ဘုရားမှာလည်း လူစည်လာတယ်။ အဲဒီတော့
လူတွေ လမ်းလျှောက်လို့ရအောင် စေတီရင်ပြင် တော်ကို ချဲ့လိုက်တယ်။ ချဲ့လိုက်တော့ ခုနက
ရောင်ခြည်တော်လွှတ်တဲ့နေရာက ရင်ပြင်အောက်ရောက်သွားတယ်။ အဲဒီ အပေါ်မှာ အမျိုးသမီးတွေရော၊
အမျိုးသားတွေပါ လမ်းလျှောက်ကြတော့ အခု ရောင်ခြည်တော်လွှတ်တာ သိပ်မတွေ့ရတော့ ဘူး။ တော်တော်လေးကို
ကျဲသွားတယ်။
နောက် ဒီစေတီတော်မှာ တစ်ခုထူးခြားတာက စေတီတည်ထားတဲ့ ကျောက်သားတွေ
အလိုလို တိုးထွက်လာတာပဲ။ အရင်တုံးက ဟောဒီ (စေတီအောက်မှ ပစ္စယံကြီးကိုပြလျက်) ပစ္စယံမရှိဘူး။
နောက် ကျောက်သားတွေ တိုးတိုးထွက်လာတာနဲ့ ငုံပြီး ကွန်ကရိလောင်းလိုက်တာ။ အခုထိ ကျောက်သားတွေ
တိုးထွက်နေတာ။ အရင်တုံးက ဒီကျောက်သားတွေ မရှိသေးဘူး။ အခုမှ တိုးထွက်လာတာ။
ရင်ပြင်တော်ပေါ်တွင်လည်း ဟိုဟိုသည်သည် ကျောက်တောင်စွန်းများ
တွေ့ရ၏။ ဤကျောက်စွန်းများမှာလည်း ရင်ပြင်တော်ကို ခွဲကာ ထွက်လာတာဟု ဆိုပါသည်။ ထိုကျောက်စွန်းများ၏
တိုးပွားမှုကို တိုင်းရန် သံပိုက်တစ်လုံး စိုက်ထားတာလည်း တွေ့ရပါသည်။ စေတီတော် ကိုယ်လုံးတော်၌
ကွဲအက်ရာ တော်တော်များများ တွေ့ရပြီး ထိုကွဲအက်ရာများမှာ ကျောက်ပွားများကြောင့်ဟု ဆို၏။
အံ့သြစရာပါပေ။
ကျွန်တော်တို့ ဘုရားကိုလှည့်ပတ်ဖူးနေစဉ် ဘုရားဖူးများ တဖွဲဖွဲရောက်လာပြီး
အတော်စည်ကား လာလေ၏။ ကျွန်တော်တို့ လည်း ဆိုင်တစ်ဆိုင်ဝင်ကာ လဖက်ရည်၊ ကော်ဖီများသောက်ပြီး
ပြန်ဆင်းလာကြ၏။
ပြောဘို့ တစ်ခုကျန်သွားသဗျို့။
ဘုရားသို့တက်သော စောင်းတန်း၏ ဘုရားဘက်မှ ပထမဆုံး ၅ ခန်းကို
ဦးနေ၀င်း၏ အဆက်အနွယ်များဖြစ်သော အေးနေ၀င်း၊ ကျော်နေ၀င်း၊ ဇွဲနေ၀င်းတို့က လှူဒါန်းကာ
ကမ္ဗည်းထိုးခဲ့ကြသည်ဆို၏။ ပြောရလျှင် သူတို့က စတင်ဆောက်လုပ်လှူဒါန်းရာမှ အခြားသူများလည်း
ပါဝင်လှူဒါန်းကာ ဤစောင်းတန်းကြီးဖြစ်ပေါ်လာသည်ဆိုသည်။ ဘာကောင်ကြီးဖြစ်နေဖြစ်နေ သူလှူတာ
သည် သူ့အလှူပင်မဟုတ်ပါလား။ သူလှူလို့ သူ့နာမည် ကမ္ဗည်းတင်တာ ဘာဆန်းပါသတုံး။
ခင်ဗျားတို့သာ မဆန်းချင်နေ။ သူတို့အဘို့တော့ ဆန်း၏။ နိုင်ငံတော်လုပ်ကြံမှုဖြင့်
အနှီသကောင့်သားကလေးများ ထောင်နန်းစံ သွားသည်နှင့်တပြိုင်နက် အနှီ ကမ္ဗည်းကျောက်စာများမှာလည်း
၎င်းတို့သခင်များနည်းတူ အိမ်နိမ့်စံကာ ပျောက်ပျက်သွားရ ချေသည်။
မိတ်ဆွေတို့တိုင်းပြည်မှ ယူနီဖောင်းဝတ်ကြီးများကား အလွန်
ကလေးဆန်လှချေတကား။ ရန်ဖြစ်လို့ အိုးပုတ်ပြန်တောင်းသည့် ကလေးများနှင့် မတူပါသလော။ အလွန်တူလှ၏။
ဒါ သည်တစ်နေရာထဲ မဟုတ်ပါ။
ခပ်စောစောက ကျွန်တော်ပြောခဲ့သည့် ကျွန်တော်တို့ ဆရာဆရာမများ
ကုန်း ဦးချခဲ့ရသော ဘဘ၀န်ကြီးခမျာ (၀န်ကြီးဖြစ်ရင် အဘခေါ်ရမယ်လို့ ဘယ်သူကများစထွင်လိုက်သည်မသိ၊
ဖွမ်) သူ့စနက်ကြောင့် ပေါ်ပေါက်လာရသော ဓမ္မာရုံကြီးကို သူ့နာမည်ဖြင့် ကမ္ဗည်းကျောက်စာတိုင်
စိုက်ထူမှတ်တမ်းတင်ထားခဲ့ရာ သူလည်းပြုတ်၊ ထိုကမ္ဗည်းကျောက်စာတိုင်မှာလည်း ကြက်ပျောက်၊
ငှက်ပျောက် ပျောက်သွားခဲ့ရ ဖူးလေပြီ။ နောက်ပြီး “ဟို တပ်မတော်ပြတိုက်မှာလည်း မျက်နှာထား
တင်းတင်းနဲ့ လက်ခုပ်တီးနေတဲ့လူကြီးရဲ့နာမည်ကို အစဖျောက်ထားတယ်” ဟု မောင်စိုင်းပြောသဖြင့်
သိရ၏။
မိတ်ဆွေများခင်ဗျာ။ ကျွန်တော်ကတော့ ကမ္ဘာ့တိုင်းပြည်များကို
လိုက် စနည်းနာကြည့်ပါက ဤကဲ့သို့အိုးပုတ်ပြန်တောင်းသော အစိုးရ၊ ကျွန်ုပ်တို့တိုင်းပြည်တွင်သာ
ရှိမည်ထင်ပါသည်။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။
(၈) ဂုဏ်မြင့် တဲပုတ် (အဲလေ) အလွန်ဘုန်းတန်ခိုးကြီးလှသည့်
တဲစုတ်
မင်းခယောက်ျား ကမ်းနားသစ်ပင်ဟူသော စကားရှိ၏။ ငယ်ငယ်တုံးကတော့
ဘာကိုဆိုလိုမှန်းမသိ။ စိုက်ပျိုးရေးတက္ကသိုလ် တွင် ကျွန်တော်ကျောင်းဆရာဘ၀နှင့် ဖင်ဘူးတောင်းထောင်ကာ
ဦးချခဲ့ရသော ဘဘ၀န်ကြီးခမျာ ခရီးထွက်ရာမှ အိမ်ပြန်မရောက်မီပင် ထောင်းနန်းစံသွားရတော့မှ
သြော် - ဒါပါလား ဟု သဘောပေါက်ရတော့၏။
ယခုလည်း မင်းခယောက်ျားရင့်မကြီးများ - င်တုန်အောင် ကြောက်ကြပုံကို
ပြန်ပြောင်း ဖောက်သည်ချပါအံ့။ အံ့သြစရာလည်း ကောင်းလှသလို ရီလည်း အလွန်ကောင်းလှပါ၏။
ဆံတော်ရှင်ဘုရားပေါ်မှ ပြန်ဆင်းလာပြီး ကိုစံပွင့်က ကျွန်တော်တို့ခြံကို
လိုက်ပြမယ် ဆိုကာ ခရီးဆက်ခဲ့ကြ၏။ ဘုရားတောင် ပေါ်မှအဆင်း မလှမ်းမကမ်း၊ သူတို့ခြံဘက်သို့သွားသော
လမ်းအကွေ့တွင် ကမူတစ်ခုပေါ်၌ တဲခပ်စုတ်စုတ်တစ်လုံးကို ဖူးတွေ့ရ (အဲလေ) တွေ့ရ၏။ တဲစုတ်ဆိုပြီး
အထင်မသေးလိုက်ပါနှင့်ခင်ဗျား။ ကိုစံပွင့်ပြောတာ ဖောက်သည်ပြန်ချရလျင် - - -
“အဲဒီတဲက နှယ်နှယ်ရရ တဲစုတ်မဟုတ်ဘူး ဆရာရဲ့။ ဟောဒီဘက်ကို
နေပြည်တော်မှာ အခု ကာတွန်းဖတ် (ဟုတ်ပေါင်) စာဖတ်နေတဲ့သူကြီး ဗိုလ်ကြီးဘ၀နဲ့ ရောက်လာတုံးက
ဆောက်ပြီး နေသွားတဲ့ တဲ။ ဆိုတော့ ဟောဒီလမ်းကြီးဖောက်တော့ အဲဒီတောင်ကြီးနဲ့ မလွတ်လို့
ဖြိုရမယ် ဖြစ်ကရော။ တောင်ဖြိုတာ ဘာခက်မတုံးဗျာ။ ခက်တာက အဲဒီ တဲစုတ်ခင်ဗျ။ ဒီတဲစုတ်ကို
ဘယ်သူမှ လက်ဖျားနဲ့ မတို့ဝံ့ဘူး။ အဲဒါနဲ့ ဟောသလို ကွေ့ဖောက်လိုက်ရတယ်။
ဟိုးတစ်ခါက တောမီးတွေလောင်လို့ အဲဒီတဲစုတ် မီးထဲပါသွားတယ်။
ခြံသွားရင်း ဒီအနားကို ကျွန်တော်က အမြဲဖြတ်နေရတာ ကိုး။ ဒါနဲ့ တဲစုတ်မီးလောင်တာတွေ့တော့
စခန်းကလူတွေကို တဲစုတ်တော့ မီးထဲပါသွားပြီဗျို့။ ကျွန်တော်တို့ အောင်သေ အောင်သား စားကြရအောင်လို့
ဆော်သြတော့ တစ်ယောက်က ဘယ်က အောင်သေအောင်သား စားရမတုံးဆရာ၊ အဲသည် တဲ၊ အခု နဂိုအတိုင်း
အဲဒီနေရာ ပြန်ရောက်နေပြီ။ မနက်ကပဲ ကျွန်တော်တို့ တွေ့ခဲ့တယ်။
အဲဗျ၊ ဟုတ်ရဲ့လား။
သေချာပါတယ်ဗျာ။ ကျွန်တော်ကိုယ်တိုင် ဟောသည်မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ။
တဲစုတ်မှ အရင်တုံးက တဲစုတ်နဲ့ တသဝေ မတိမ်း တူတဲ့ တဲစုတ်ခင်ဗျ။ မူရင်းတဲစုတ်တောင် သူ့လောက်မတူဘူး။
သေဟဲ့ နန္ဒိယ။”
(၉) မိချောင်းလှောင် ပျိုးခင်း
ရတနာဒေသဖွံ့ဖြိုးရေးစီမံကိန်းအောက်ရှိ ပျိုးခင်းမှာ မိချောင်းလှောင်
ပျိုးခင်းဖြစ်၏။ ကျွန်တော်ရောက်သွားတော့ ဆရာဝန် တစ်ဦး သူနာပြု (ထင်ပါသည်) နှစ်ဦး
ဆေးခန်းနှင့်မတူသော ဆေးခန်း၌ ထိုင်နေကြ၏။ သူရို့ဆေးခန်းမှာ ကျွန်တော်တို့ရွာမှ နွားတင်းကုတ်နှင့်သာ
တူတော့သည်။ အနို့ဆရာရယ်၊ ခုလိုတောခေါင်ခေါင်မှာ လူနာရောလာရဲ့လား ဟု စပ်စုသော် အနီးအနားက
ရွာတွေက လာကြပါတယ် ဟု ဆို၏။
ထို့နောက် ကိုစံပွင့်က ခြံထဲလိုက်ပြ၏။ သူတို့ပျိုးခြံကလေးမှာ
ပျိုးပင်ကလေးများ စိမ်းစိမ်းစိုစို၊ သစ်ပင် ပန်းမာလ်များနှင့် သာတောင့်သာယာ ဖြစ်ပါသည်။
ခြံအတွင်း၌ ထန်းပင်တချို့ရှိ၏။ သို့သော် အသီးများမှာ ထန်းသီးမဟုတ်။ ပေသီးများကဲ့သို့
ဖြစ်နေသဖြင့် ဒီထန်းပင်ကလည်း ထန်းသီးမသီးဘဲ ဘယ့်နှာကြောင့် ပေသီးတွေသီးနေရပါလိမ့်ဟု
တွေးနေတုံး အဲဒါ တောထန်းဟု ကိုစံပွင့်က ရှင်းပြ၏။ ထန်းပင်အနီးတွင် တဲကလေးတစ်လုံး ရှိပါသည်။
ဟောဒီတဲမှာ ဒေါ်အောင်ဆန်းစုကြည် ထမင်းစားသွားဖူးတယ် - ဟု ဆို၏။
လူတွေနှယ်ဗျာ။ ထမင်းစားခဏ နားပြစေ ဆိုတာတောင်မရဘူး။ အတင်းရော အဓမ္မပါလား။ ဟိုရှေ့က တံခါးနဲ့
ခြံစည်းရိုးတွေဆိုတာ အကုန်ပြိုပျက်ကုန်တာဘဲ။ သူတို့ ပြောချင်တိုင်းပြောမရတော့ တောင်းဆိုချက်တွေကို
စာနဲ့ရေးပြီး ကားပေါ် ပစ်တင်ကြတယ်။
ကျွန်တော်က အပင်များကို စိတ်ဝင်စားသဖြင့် ခြံထဲလှည့်ကြည့်၏။
ခြံထဲတွင် ဒညင်း၊ ဒူးရင်း၊ ရာဘာ၊ မင်းဂွတ်၊ ကြက်မောက်၊ ကိုကိုးစသဖြင့် ပျိုးပင်အတော်များများ
တွေ့ရသည်။ ကိုစံပွင့်က ဒီကကိုကိုးတွေ အလုံးကြီးတယ်။ သုံးလေးလုံးကို တစ်ပိဿာလောက်ရှိတယ်
ဟု ရှင်းပြသောအခါ ကျွန်တော် အံ့သြမိ၏။ ကျွန်တော်တို့တိုင်းပြည်တွင် ကိုကိုးထွက်သည်ကို
ကျွန်တော်မသိ။
ကိုကိုးဆိုသဖြင့် ကျွန်တော် အတော်လေး စိတ်ဝင်စားသွားပါသည်။
ကိုကိုးမှာ ပိုက်ဆံရှာပေးနိုင်သော သီးနှံဖြစ်သောကြောင့် ဖြစ်၏။ ယနေ့ခေတ်တွင် ကိုကိုးစားသုံးမှုမှာ
သိသိသာသာ တိုးတက်လာလေရာ (ဓာတ်ငွေ့တွေရောင်းပြီး ပိုက်ဆံရှာမဲ့အတူတူ) ကိုကိုးကို စီးပွားဖြစ်ထုတ်လုပ်ပြီး
တင်ပို့ရောင်းချနိုင်ပေသည်။
ကိုကိုး 1 metric - US$3000
အထွက်နှုန်း - 2.5 acres/1500 kg in Indonesia; 350
kg/2.5 acres in West Africa
Ref:
အာရှတွင် အင်ဒိုနီးရှားမှာ ကိုကိုးထုတ်လုပ်မှု
အများဆုံးနိုင်ငံဖြစ်ပြီး ကိုကိုးအထွက်နှုန်းလည်း အတော်ကောင်းလေသည်။ အထက်ပါရည်ညွှန်းဇယားများအရ
တစ်ဧကလျင် ကိုကိုး ၆၀၀ ကီလိုဂရမ်ထွက်နိုင်ပြီး ကိုကိုး မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ
၃၀၀၀ နီးပါးရ၏။ ဆိုတော့ ကိုကိုး တစ်ဧကစိုက်လျှင် အမေရိကန်ဒေါ်လာ ၁၈၀၀ ခန့် (မြန်မာငွေ
၁၈ သိန်းခန့်) ရနိုင်ပေမည်။ ထားပါ ဘာညာသာရကာတွေကြောင့် ဆယ်သိန်းပဲရပါဦး။
ယခု စပါးစိုက်တာ တစ်ဧကလျှင် သေရောကြေရော၊
တင်း ၈၀ လောက်သာရသည်။ စပါးတင်း ၁၀၀ မှ ငွေသုံးသိန်းပဲ ရသည့် အတွက် စပါးစိုက်ခြင်းဖြင့်
တစ်ဧကလျှင် ငွေ ၃ သိန်းတောင် မရပါ။
အင်တာနက်တွင် မြန်မာပြည်၌ ကိုကိုးမည်မျှစိုက်သည်၊ တစ်နှစ်အထွက်နှုန်းမည်မျှရှိသည်ကို
ရှာကြည့်သော်လည်း ရှာလို့ မတွေ့ပါ။ ကိုစံပွင့်တို့တော့ သိလေမည်လား။ ဒါနဲ့များတောင်
ဟိုတစ်နေ့က ဧရာဝတီတိုင်း ၀န်ကြီးချုပ်က ခင်ဗျားတို့ လယ်တွေ ရောင်းပြီး စက်ရုံဆောက်တာ
ပိုကောင်းသဗျ။ ခင်ဗျားတို့အတွက် အရှုံးမရှိပါဘူး ပြောသေး။ အဲဒီလယ်ရောင်းလို့ရတဲ့ငွေတွေကို
ဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတာ မသိရင် ကျုပ်ကိုလာပေး။ ကျုပ်လုပ်ပေးမယ် ဆိုပါလား။
ကျွန်ုပ်မှာသာ လုပ်ခွင့်ရှိရင် အဲသည်လူကို ဒေါက်တာသိန်းအောင် ဆိုပြီး ဂုဏ်ထူးဆောင်
စီးပွားရေးပါရဂူဘွဲ့ ပေးလိုက်ချင်သေးရဲ့။
အပြန်လမ်းတွင် ကိုစံပွင့်က ဟောဒီနေရာတွေဟာ အရင်က ကရင်ရွာတွေပေါ့ဆရာရဲ့။
သူတို့ရွာတွေကို အတင်းဖျက်ပြီး ကားလမ်းဘေးမှာ နေရာချပေးတော့ ကရင်တွေက ငါတို့ခြံနဲ့
ငါတို့ဘဲ လုပ်စားတတ်တယ်ဝေ့။ နင်ရို့ကားလမ်းဘေးမယ် ငါတို့ ဘာလုပ်စားမလဲ ဆိုပြီး ထိုင်းနယ်စပ်ကို
အကုန်ပြောင်းပြေးကုန်ကြတယ်။ တောသူတောင်သားများဟူသည် မြေကြီးကိုသာ လက်ဆုပ်စားတတ်ကြသည်ဖြစ်ရာ
၎င်းတို့အတွက် ထိုမြေကြီးသာမရှိပါက ဘ၀ပျက်တော့သည်။ ကျွန်တော် ထိုကရင်ရွာသူ ရွာသားများကို
အလွန်သနားလှပါသည်။
ကျွန်တော့်မွေးရပ်မြေ ၀ါးတောကွင်းကျေးရွာတွင်လည်း ကျွန်တော်တို့ရွာသူရွာသားများ
လုပ်ကိုင်စားသောက်နေကြသည့် မြေများကို ဘောင်းဘီချွတ်များက အတင်းအဓမ္မ သိမ်းပိုက်ထားလေရာ
ဦးဘခွေးခင်မျာ နွားကျောင်းစရာပင် နေရာမရှိ။ ယခင်က တောထဲတွင် ဥယျာဉ်လုပ်ကာ သူ့ဘာသာသူ
အေးအေးဆေးဆေး လုပ်ကိုင်စားနေသည့် ကျွန်တော့်အဖေ၏ သူငယ်ချင်းအရင်းခေါက်ခေါက် ဦးရွှေကွယ်မှာ
သူ့ဥယျာဉ်ကို အဓမ္မလာပြီး ခြံခတ်သွားလေတော့ သူ့ခမျာ စားစရာလည်းမရှိ၊ နေစရာလည်းမရှိ ဖြစ်ရတော့သည်။
အိုကြီးအိုမ ကျမှ ဦးရွှေကွယ်နှင့် ဒေါ်လေးသန်းတင်တို့မှာ ဟိုအိမ်ကပ်စား သည်အိမ်ကပ်စားဘ၀သို့
ရောက်ရလေတော့ရာ ကျွန်တော်တို့မှာ အလွန် စိတ်မကောင်းဖြစ်ရပါသည်။
တောသူတောင်သားများဟူသည် မြေကြီးကိုသာ ထွန်ယက်စားတတ်ကြသည်။ တခြားဘာမှ
မလုပ်တတ်ကြ။ ဤသည်ကို စာနာနားလည်မပေးဘဲ လူတတ်ကြီးလုပ်ကာ အတင်းအဓမ္မ မြေများသိမ်းယူကြသည်ကို
ကျွန်တော် အလွန် အော့နှလုံးနာမိပါသည်။
အဲလေ၊ ဘယ်ရောက်သွားပါလိမ့်။
နေ့ခင်းပိုင်းတွင်မတော့ ကိုစံပွင့်က ဒီနေ့ လေယာဉ် စောထွက်လိမ့်မယ်ထင်တယ်ဆရာ။
တခြားသွားလို့မဖြစ်တော့ဘူး။ နောက်ပြီး မစုကလည်း ဆရာနဲ့ တစ်နာရီလောက် စကားပြောချင်သေးတယ်ပြောတယ်
ဆိုသဖြင့် ဘယ်မှမသွားတော့။
နေ့လည်စာစားအပြီး မစုနှင့် စကားပြောကြပါသည်။
(၁၀) ကံပေါက်ခရီးစဉ်မှ ဘေးထွက်အမြတ်
မနှစ်က အထက်မြန်မာပြည်သို့ လယ်ယာလုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး
ဟောပြောပွဲအတွက် သွားခဲ့စဉ်က ဘေးထွက် အမြတ်တစ်ခု ရခဲ့ပါသည်။ ဤသည်မှာ သူငယ်ချင်း ဖိုးတင်စိုး
ဖိတ်ခေါ်သဖြင့် သူတို့ ဗဟိုပြည်သူ့ဝန်ထမ်းတက္ကသိုလ်သို့ သွားကာ သူတို့ကျောင်းမှ ဆရာဆရာမကလေးများနှင့်
တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ခြင်းဖြစ်ပါ၏။ ကျွန်တော် သူတို့ကို တစ်ခုခု တွေးစရာ ပေးနိုင်ခဲ့ပါသည်။
သိလိုသူများ ကျွန်တော့် အထက်မြန်မာပြည် ဟောပြောပွဲများ ပို့စ်တွင် ရှာဖတ်ကြပါ။
ယခု ကံပေါက်ခရီးစဉ်တွင်လည်း ဘေးထွက်အမြတ်တစ်ခု ရခဲ့ပါသည်။ ဤသည်မှာ
မစု နှင့် တွေ့ဆုံစကားပြောခွင့် ရခဲ့ခြင်း ဖြစ်၏။ သူက ရတနာ ဒေသဖွံ့ဖြိုးရေးစီမံကိန်း၊
Community Development and Education အစီအစဉ်မှ
Supervisor ဖြစ်ပါသည်။
မနေ့ညနေ အုန်းပင်ကွင်းကျေးရွာ
အထက ဟောပြောပွဲမှအပြန်တွင် ကျွန်တော်က သူ့ကို ကျွန်တော်ပရင့်ထုတ်လာသည့် ပညာသင်ကြားရခြင်းရည်ရွယ်ချက်၊
လေးမျက်နှာသို့ပေးစာ၊ မွေးရပ်မြေသို့ အလည်တစ်ခေါက်၊ ကျွန်တော်နှင့်နတ်ကိုးကွယ်ခြင်း
အကြောင်း စသည်တို့ကို ပေါင်းချုပ်ထားသည့်စာစောင်လေး ပေးလိုက်၏။ ဖတ်ကြည့်ပါ၊ နောက်ပြီး
ဆွေးနွေးစရာရှိရင်လည်း ဆွေးနွေးလို့ရပါတယ် ဟုလည်း ပြောလိုက်၏။ သူက ဒီည ဖတ်လိုက်ပါမယ်
ဟုဆို၏။
နောက်နေ့မနက် ကျွန်တော်တို့ ဘုရားသွားဘို့ ပြင်နေတော့ မစုနှင့်တွေ့သည်။
သူက အကုန်တော့ ဖတ်မပြီးသေးကြောင်း၊ သို့သော် ယခုမနက်အပြီးဖတ်ထားလိုက်ပြီး ဘုရားမှ အပြန်တွင်
တစ်နာရီလောက် စကားပြောချင်ကြောင်း ပြောပါ၏။
နေ့လည်စာစားပြီးနောက် ကျွန်တော်တို့ အေးအေးဆေးဆေး စကားပြောကြသည်။
သူက ကျွန်တော်ပေးလိုက်သည့် စာစောင်လေးကို နောက်ဆုံးမှ စဖတ်ဖြစ်ကြောင်း၊ ထို့ကြောင့်
“ကျွန်တော်နှင့် နတ်ကိုးကွယ်ခြင်းအကြောင်း” ကို ဦးစွာဖတ်ဖြစ်ကြောင်းနှင့် နောက်ဆုံးစာပိုဒ်လေးကို အလွန်ကြိုက်မိကြောင်း၊ ထိုစာပိုဒ်ကြောင့်
သူ့တွင် အမြင်သစ်များ ရသွားကြောင်း ပြောပါသည်။ ကျွန်တော်ရေးလိုက်ခြင်းဖြင့် တစ်ယောက်ယောက်တွင်
တစ်ခုခုရသွားသည်ကို သိရသောအခါ ကျွန်တော် အလွန်ကျေနပ်မိပါသည်။ သူ တော်ရိရော်ရိဖတ်ထားတာမဟုတ်ကြောင်း
စာရွက်ပေါ်တွင် မျဉ်းသားထားသည်များ၊ ကြယ်ပွင့်ပြထားသည်များ၊ ကွင်းခတ်ထားခြင်းများ၊ အမှန်ခြစ်ရာများက
သက်သေပြနေပါသည်။
သူအဓိကလုပ်ရသည်က ဤဒေသမှ လူငယ်၊ ကလေးငယ်များ၏
ပညာရေး ဖွံ့ဖြိုးလာစေရန် ဖြစ်ပါသည်။ ကျွန်တော် ရေးထားသည်များမှာ သူ့အလုပ်နှင့် တိုက်ရိုက်ပတ်သက်နေလေရာ
သူက ဤဒေသမှ ကလေးငယ်များ၏ ပညာရေးအတွက် ဆောင်ရွက်ရန်ရှိသည်များကို တိုင်ပင်လိုသောကြောင့်
ကျွန်တော့်အား ဖိတ်ခေါ်လိုက်ခြင်း ဖြစ်ပါသည်။ အလုပ်ကို လခရရုံ၊ မည်ကာမတ္တမဟုတ်ဘဲ စေတနာပါပါ
လုပ်ချင်ကိုင်ချင်စိတ်ရှိသော သူ့အား အထူးလေးစားမိ၏။ ကျွန်တော်ကလည်း သူနှင့်ပြောဆိုဆွေးနွေးလိုပါသည်။
ထို့ကြောင့်ပင် သူနှင့်ဆွေးနွေးခဲ့ရခြင်းကို ဘေးထွက်အမြတ်ဟု ဆိုခြင်းဖြစ်ပါ၏။
သူပြောသည်များကို အကျဉ်းချုပ်ရလျှင် စာကောင်းကောင်းရေးတတ်အောင်
ဘယ်လို လေ့ကျင့်ယူရပါမလဲ၊ ကလေးများ ပညာရေးအတွက် ဘာတွေ ဆောင်ရွက်ပေးလျင် ကောင်းမလဲ ဟူ၍
ဖြစ်၏။ ကျွန်တော် သူနှင့် ဆွေးနွေးခဲ့သည်များကို မှတ်မိသမျှ ပြန်လည် ဖောက်သည်ချလိုက်ပါသည်။
သူ့အတွက်လည်း မှတ်တမ်းတစ်ခု ဖြစ်သွားသလို လိုအပ်သည့် အခါတိုင်းလည်း ပြန်ဖတ်နိုင်မည်
ဖြစ်၏။
ပထမ စာကောင်းကောင်းရေးတတ်အောင် ကျွန်တော်က
သူ့ကို နေ့စဉ်မှတ်တမ်းရေးသည့်အကျင့် လုပ်ပါဟု တိုက်တွန်း၏။ အတတ်ပညာတစ်ခုကို ချက်ချင်း
နတ်ရေကန်ထဲပစ်ချလိုက်သလို တတ်လာသည်မဟုတ်ပါ။ တဖြည်းဖြည်း လေ့ကျင့်ယူရင်းမှ ကျွမ်းကျင်လာတာ
ဖြစ်၏။ Practice makes perfect. ဟု ဆိုသည်မဟုတ်လော။ ကျွန်တော်လည်း ဟိုးယခင် ငယ်ငယ်တုံးက
ရေးထားသည်များကို မကြိုက်လှပါ။ သို့သော် ဤလက်ရာများသည်ပင်လျှင် ယခုအဆင့်ရောက်လာရန်
ခြေနင်းတုံးများ ဖြစ်ပါသည်။
ကျွန်တော်က နေ့စဉ်မှတ်တမ်းကို အထက်တန်းကျောင်းသားဘ၀ကတည်းက
တစ်ရက်မပျက် မှန်မှန်ရေးခဲ့သည်။ ယခုတိုင် ဤမှတ်တမ်းတော်တော်များများ ရှိနေပါသေးသည်။
တချို့မှတ်တမ်းများဆိုလျှင် တစ်ရက်စာကို တစ်မျက်နှာခွဲ နှစ်မျက်နှာ ခန့်ရှိ၏။ ထို့နောက်
ဒေသကောလိပ် ကျောင်းသားဘ၀တွင် စာတိုပေစ၊ ကဗျာတိုကဗျာစကလေးများ ရေးသည်။ ကျွန်တော် ဘယ်လောက်ကဗျာရူးခဲ့သလဲဆို
၉ တန်းကျောင်းသားဘ၀က ရှင်မဟာရဋ္ဌသာရ အနှစ် ၅၀၀ ပြည့်ထုတ်ထားသော စာအုပ်မှ ရှင်မဟာရဋ္ဌသာရ၏
ကဗျာများ အားလုံးလိုလိုကို အလွတ်ရအောင် ကျက်ခဲ့သည်။ ကျွန်တော်နှင့်အတူ ကဗျာရူးခဲ့သူမှာ
ယခု အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံဌာနမှူးဖြစ်နေသူ ဖိုးတင်စိုး
ဖြစ်၏။
ကဗျာစပ်ချင်သူသည် ကဗျာရူး ရူးရမည်။ ကဗျာများများဖတ်ရမည်။
ကဗျာများများ စပ်ရမည်။ ရေးရင်းနှင့်မှ တက်လာမည်။
ထို့အတူ စာရေးတတ်ချင်သူသည်လည်း စာများများဖတ်ရမည်။
စာများများရေးရမည်။ ရေးရင်းနှင့်မှ ဘာလိုနေတယ်ဆိုတာ ကိုယ့်ဘာသာကိုယ် သိလာလိမ့်မည်။
ကျွန်တော်က ကိုယ်ရေးထားသည့်စာကို အနည်းဆုံး သုံးခေါက်လောက်တော့ ပြန်ဖတ် ကြည့်လေ့ရှိ၏။
မကြိုက်သည့် အသုံးအနှုန်းများကို အထပ်ထပ် ပြင်ရသည်။ ဤကဲ့သို့ အထပ်ထပ်အခါခါ ပြင်ရတော့မှ
ယခင်က လက်ဖြင့်ရေးခဲ့သော စာရေးဆရာကြီးများကို အလွန် အံ့သြမိရတော့၏။ ကွန်ပြူတာပေါ်တွင်
ပြင်ရတာ ဘာမှ မခဲယဉ်း။ သို့သော် လက်ဖြင့်ရေးရ၊ ပြင်ရတာ အလွန်လက်ဝင်ပါလိမ့်မည်။ ဆရာပီမိုးနင်းရေးသည့်
စာမူများဆိုလျှင် ခြစ်ရာ၊ ဖျက်ရာများဖြင့် ရှုပ်ရှက်ခတ်နေတတ်သည် ဟု ဖတ်ရဖူး၏။ ထို့ကြောင့်လည်း
သူ့စာများမှာ စာကောင်းများအဖြစ် မှတ်ကျောက်တင် ကျန်ခဲ့တာ ဖြစ်ပါလိမ့်မည်။
ထို့ကြောင့် ကျွန်တော်က မစုကို စာရေးတတ်ချင်လျင်
နေ့စဉ်မှတ်တမ်းရေးပါဟု တိုက်တွန်းခဲ့ခြင်းဖြစ်၏။ နေ့စဉ်မှတ်တမ်း ဟူသည် နေ့တိုင်းရေးနေရမည်ဖြစ်ရာ
သည့်ထက်ကောင်းသော အလေ့အကျင့် မရှိနိုင်တော့ပါ။ ထို့ပြင် ကျွန်တော် ယခု ရေးသကဲ့သို့
မိမိသွားခဲ့သည့်ခရီးစဉ်များကို ခရီးသွားဆောင်းပါးများ ရေးနိုင်ပါသည်။ ရုတ်တရက်ကြည့်လျှင်
မိမိခရီးစဉ်ကို ဘာမှမမှတ်မိတော့ဟု ထင်စရာရှိပါသည်။ သို့သော် ဤကဲ့သို့မဟုတ်ပါ။ အသင်ရေးနေရင်းမှ
သင်သွားခဲ့သောနေရာ၊ တွေ့ခဲ့သည့်သူ၊ အဖြစ်အပျက်များကို စိတ်ကြေးမုံပြင်တွင် ရုပ်ရှင်ပြနေသကဲ့သို့
တရေးရေးမြင်လာပါလိမ့်မည်။ ဤသည်မှာ သင်မသိလိုက်မီပင် သင့်မသိစိတ်က မှတ်ထားလိုက်ခြင်းကြောင့်
ဖြစ်၏။ လူ့စိတ်ဟူသည် အလွန်ဆန်းကြယ်လှပေသည်။
နောက်ပြီး လူများကို စိတ်ဝင်စားပါ။ ကျွန်ုပ်တို့
ပတ်ဝန်းကျင်၌ တွေ့ကြုံနေရသူများတွင် စိတ်ဝင်စားစရာ ဇာတ်လမ်းကလေးများ ကိုယ်စီကိုယ်ငှ
ရှိနေတတ်၏။ သူတို့အကြောင်းကို မေးကြည့်ပါ။ အလွန်စိတ်ဝင်စားဘွယ်ကောင်းသော ပုံဝတ္ထုကလေးများ
ရလာပါလိမ့်မည်။
လူဟူသည် မိမိကိုယ်ကို စိတ်အ၀င်စားဆုံးဖြစ်ပြီး
ဒုတိယ မိမိ မိသားစု၊ ထို့နောက် ဆွေမျိုးသားချင်း၊ နောက်ပြီးတော့မှ အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်းများကို
စိတ်ဝင်စားတာဖြစ်သည်။ မိတ်ဆွေ ဓာတ်ပုံတစ်ပုံကိုကြည့်သည့်အခါ မည်သူ့ကို ဦးစွာကြည့်ပါသလဲ။
ကိုယ့်ပုံကိုယ် အရင်ဆုံးရှာတာဖြစ်၏။ (ဟယ်၊ တယ်လှတဲ့ငါပါလား။) ထို့ကြောင့် သူ့အကြောင်းကို
မေးသည့်အခါ ပထမတော့ မပြောချင်ပါဘူးဟယ် ဟု ဖြေပါလိမ့်မည်။ သို့သော် ဤသည်မှာ ဟန်ဆောင်ငြင်းခြင်းဖြစ်၏။
သူ့စိတ်ထဲမှာ ပြောချင်စိတ်များ ရွပိုးထိုးနေလိမ့်မည်။ သင် စကားတစ်လုံးနှစ်လုံးလောက်
ပစ်ပေးလိုက်ပါ။ သူ့ဆီက စိတ်ဝင်စားစရာ ပုံပြင်များ (ဘယ်သူ့မှလျှောက်မပြောနဲ့နော် ဆိုကာ)
တသီကြီး ထွက်ကျလာပါလိမ့်မည်။
ဤဇာတ်လမ်းများကို အခြေခံကာ ၀တ္ထုရေးကြည့်ပါ။
ပထမ အခြားစိတ်ကူးဉာဏ်များ မကွန့်မြူးနိုင်မီ အရင်းအတိုင်း ချရေး ကြည့်ပါ။ အံ့သြစရာကောင်းလောက်အောင်
သင့်လက်ရာကို တွေ့ရပါလိမ့်မည်။ လေးငါးဆယ်ပုဒ်လောက် ရေးမိသွားပြီ ဆိုလျှင် သင် ၀တ္ထုရေးဆရာဖြစ်ဖို့
လမ်းပေါ်ရောက်လာပါပြီ။
ရေးလက်စရှိလာပြီဆိုလျှင် သင် သင့်လက်ကို
သံကြိုးနှင့်တုပ်ထားသော်မှ မရတော့ပါ။ မျက်စိထဲမြင်သမျှ ရေးချကာ မိတ်ဆွေများသို့ ဝေငှလိုစိတ်များ
ပေါ်လာပါလိမ့်မည်။
ဤသည်မှာ စာရေးတတ်ချင်သူများအတွက် ကျွန်တော်
တတ်သမျှမှတ်သမျှကလေးများကို ပြန်လည် မျှဝေခြင်း ဖြစ်ပါ၏။
နောက် သူသိလိုသည့်တစ်ချက်က တောရွာကလေးများမှ
ကလေးများကို ပညာရေး မြင့်မားလာအောင် ပြုစုပျိုးထောင်ရေး ဖြစ်ပါသည်။
ဤကိစ္စမှာ အလွန်သိမ်မွေ့လှသည်။ သို့သော်
မဖြစ်နိုင်စရာမရှိပါ။ အချိန်ယူလုပ်လျင် ဖြစ်နိုင်ပါသည်။ သူ့အားသာချက်မှာ ဤကိစ္စအတွက်
မိမိစိတ်ကြိုက် အစီအစဉ်ရေးဆွဲ၍ ဘဏ္ဍာရေးကို အတိုင်းအတာတစ်ခုထိ စီမံခန့်ခွဲနိုင်ခြင်း
ဖြစ်၏။
သူနှင့် ကျွန်တော် ဆွေးနွေးခဲ့သည်များကို
မှတ်မိသမျှ ပြန်လည် ဖောက်သည်ချပါမည်။ ထို့ပြင် လိုအပ်သည်များကိုပါ ထပ်မံ ထည့်သွင်းသွားပါမည်။
တောလက်ကျေးရွာများမှ လူများကို စည်းရုံးရတာ
အထာသိလျင် အလွန်လွယ်ပါသည်။ ၎င်းတို့မှာ ပကတိရိုးသားကြသူများ ဖြစ်၏။ သို့အတွက် သူတို့ရိုးသလို
ကိုယ်ကလည်း ရိုးပြပါ။ မည်သည့်အခါမှ သူတို့အပေါ် လိမ်လည် လှည့်ဖြားမည် မကြံပါလေနှင့်။
မကောက်ကျစ်ပါလေနှင့်။ ထိုအခါ သူတို့၏ ယုံကြည်မှုကို ရလာပါလိမ့်မည်။ သူတို့ကိုယ့်အပေါ်ယုံလာပြီဆိုလျှင်
ကိုယ်လုပ်ချင်တာ လုပ်ရဖို့ မခဲယဉ်းတော့ပါ။
မိမိက သူတို့အပေါ် စေတနာထားပါ။ စေတနာဟူသည်
ရောင်ပြန်ဟပ်သော သဘာဝရှိ၏။ ထို့ကြောင့် သူတို့ကလည်း မိမိအပေါ် စေတနာ ထားလာပါလိမ့်မည်။
ထိုအခါ သင်ပြောသည့်စကား အောင်ပါလိမ့်မည်။ ထို့ပြင်တ၀ သင်လုပ်နေသည်မှာ သူတို့အကျိုးအတွက်ဖြစ်ကြောင်း
နားလည်အောင်ရှင်းပြလိုက်ပါက ကိစ္စတစ်ဝက်ပြီးပါပြီ။ ကျန်တစ်ဝက်မှာ သင့် လိမ္မာ ပါးနပ်မှုနှင့်
လုပ်ရည်ကိုင်ရည်ပေါ် မူတည်နေပါသည်။
သူတို့ကိုယ့်အပေါ် ယုံလာအောင် သူတို့နှင့်
ရင်းရင်းနှီးနှီးနေပါ။ သူတို့အကြောင်း စိတ်ဝင်တစားမေးပါ။ ခရီးသွားဟန်လွှဲ သူတို့ ကိစ္စများကို
ဝိုင်းလုပ်ပေးပါ။ သူတို့ ထမင်းဖိတ်ကျွေးသည့်အခါ ၀င်စားလိုက်ပါ။ စားသည့်နေရာတွင်လည်း
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြိန်ရည်ရှက်ရည် စားပြလိုက်ပါ။ ရီစရာရှိလျှင် လွတ်လွတ်လပ်လပ်
ပေါ့ပေါ့ပါးပါး ရီလိုက်ပါ။ သင်နှင့် သူတို့အကြား ဘာဟန်ဆောင်မှုမှ မထားပါနှင့်။ သင် ထိုကဲ့သို့
သူတို့နှင့် လက်ရည်တပြင်တည်း နေပြလိုက်ခြင်းဖြင့် သူတို့၏ ယုံကြည်ကိုးစားမှုကို ရလာပါလိမ့်မည်။
(သို့သော် အရောဝင်တော့ အရိုသေတန်သည် ဟူသောစကားရှိသဖြင့် မလွန် အောင်တော့ ကိုယ့်ဘာသာကိုယ်
ဆင်ခြင်ဘို့ လိုပါလိမ့်မည်။)
ထို့နောက်မှ လူကြီးများအား ပညာရေး အရေးကြီးပုံကို
တစစ နားဝင်အောင် ပြောပြပါ။ ကလေးများအား ကျောင်းသင်ခန်းစာ နှင့် လက်တွေ့ ဆက်စပ်ပေးပါ။
သူတို့အား အိုရီဂါမီ စက္ကူရုပ်ချိုးနည်းကလေးများ သင်ပေးနိုင်ပါသည်။ ကလေးများသည် မိမိတို့
ကိုယ်တိုင် ချိုးထားသော အရုပ်ကလေးများကို ကိုင်ကြည့်ရင်း ငါလုပ်နိုင်တယ် ဆိုသည့် ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုများ ၀င်လာပါလိမ့်မည်။
သူတို့ကို အရုပ်ရေးနည်း အခြေခံများပြလျက်
သူတို့ကိုယ်တိုင် ဆွဲခိုင်းပါ။ ပုံဆွဲရာတွင် ကျွန်တော်ကတော့ ရောင်စုံခဲတံထက် ဖယောင်းခဲတံ
(crayon color pencil) များကို ပိုကြိုက်ပါသည်။ ပိုစတာဆွဲသည့် ရေဆေးများမှာလည်း အလွန်ဈေးပေါ
ပါသည်။ တစ်စုံလောက် ၀ယ်ထားလျှင် အနည်းဆုံး ၆လလောက် သုံးနိုင်ပါသည်။ ပုံဆွဲရန်အတွက်
ကြီးကြီးကျယ်ကျယ် ပုံဆွဲစက္ကူများ မလိုပါ။ စက္ကူအလွတ်ရလျှင် ဖြစ်ပါသည်။ အရေးကြီးသည်မှာ
သူတို့ ပုံဆွဲရရေးပင် ဖြစ်၏။ (ယခု ဆိုင်များ၌ ရောင်စံချယ်သော စာအုပ်များ ရနေပါပြီ။
သို့သော် အတော်အတန် ဈေးကြီးသေး၏။ အများအတွက် ၀ယ်ရမည်ဆိုလျင် တွက်ခြေမကိုက်ပါ။ တစ်အုပ်ဝယ်ပြီး
မိတ္တူဆွဲလျင် ကုန်ကျစရိတ် သက်သာပါလိမ့်မည်။)
ယောက်ျားလေးများအတွက် ဘောလုံးကလေးများ၊
ခြင်းလုံးကလေးများ ၀ယ်ပေးပြီး ဘောကန်ခိုင်း၊ ခြင်းခတ်ခိုင်းနိုင်ပါသည်။
ကလေးများကို ၎င်းတို့ပတ်ဝန်းကျင်မှ အပင်ကလေးများအကြောင်း၊
အကောင်ကလေးများအကြောင်း လေ့လာလိုစိတ်ရှိလာ အောင် လေ့ကျင့်ပေးပါ။ ဥပမာ - မင်းတို့အိမ်နားက
အပင်သုံးမျိုး နာမည်တွေ မှတ်လာခဲ့ကြ။ မင်းတို့အိမ်မှာ ဘာကောင်တွေ မွေးထားသလဲ၊ ဘယ်နှစ်ကောင်ရှိသလဲ
ရေးလာခဲ့ကြ စသည်။ ထို့နောက် တစ်ဆင့်တက်၍ ရွာ၌ အိမ်ခြေမည်မျှ ရှိသည်။ ရွာလူကြီးမှာ မည်သူဖြစ်သည်။
မိမိတို့မြို့နယ်၊ တိုင်း စသည်တို့ကို မေးနိုင်ပါသည်။ (ဤသင်ခန်းစာအတွက် ရည်ညွှန်းစာအုပ်
စာတမ်းများ အလိုရှိလျှင် ကျွန်တော် ပို့ပေးလိုက်ပါမည်။)
ကလေးများကို စုပြီး စိတ်ဝင်စားစရာ ပုံပြင်ကလေးများ
ပြောပြနိုင်ပါသည်။ ထိုပုံပြင်များ၌ နိပါတ်တော်လာ ဇာတ်တော်များကို လည်းကောင်း၊ ဇာတ်ကြီးဆယ်ဘွဲ့ကိုသော်လည်းကောင်း
ထည့်သွင်း ပြောနိုင်၏။ ထိုပုံပြင်များ၌ သင်ခန်းစာယူစရာများ ပါလာတတ်သည်ဖြစ်ရာ ဘယ်လိုလုပ်လျှင်
မည်ကဲ့သို့ဖြစ်တတ်သဖြင့် အဲသလိုမလုပ်ရ စသဖြင့် တစ်ပါတည်း သွန်သင်ပေးနိုင် ပါသည်။ ကလေးများ
ပုံပြင်များကို စိတ်ဝင်စားလာပြီဆိုလျင် တစ်ဆင့်တက်၍ ပုံပြင်စာအုပ်များ ဖတ်ခိုင်းနိုင်ပါသည်။
ဖတ်ခိုင်းပြီး ပုံပြောသည့် အလေ့အကျင့်လည်း လုပ်ပေးနိုင်၏။ (ကလေးများဖတ်ရန် ပုံပြင်၊
ကာတွန်းစာအုပ်များလည်း ၀ယ်ပေး နိုင်ပါသည်။ ၃၂ လမ်း စာအုပ်အဟောင်းဆိုင်များ၌ စာအုပ်ကောင်းကောင်းလေးများကို
ဈေးချိုချိုနှင့် ရနိုင်ပါသည်။)
ကလေးများအား အတွက်အချက်နှင့် ပတ်သက်၍ သင်ပေးရာတွင်
၎င်းတို့ပတ်ဝန်းကျင်ရှိ အရာများကို ဥပမာပေး၍ (ဥပမာ - ဆန်စပါး အချင်အတွယ်၊ သစ်ဝါးအတိုင်းအတာ
စသည်) သင်ပေးနိုင်ပါသည်။ အတွက်အချက်ညံ့သော ကလေးများပါလာလျင် စိတ်မပျက်ပါနှင့်။ အခြားသူများနှင့်
တွဲခေါ်ပါ။ သူ့အားလည်း စိတ်ပျက်မသွားစေရန် အားပေးပါ။ သင်္ချာသင်ရာတွင် ကျောက်ခဲများ၊ ခရုကမာများ၊
တုတ်ချောင်းများသည် အလွန်အသုံးဝင်သည့် ပစ္စည်းများဖြစ်၏။ (ကလေးများအတွက် အခြေခံ သင်္ချာစာအုပ်ကလေးများ
အလိုရှိလျှင် ကျွန်တော်အီးမေးပို့ပေးလိုက်ပါမည်။)
ကလေးများအား အခြေခံ ပထ၀ီဝင်ကို သင်ပေးပါ။
နေထွက်ပုံ၊ လထွက်ပုံ၊ အဘယ်ကြောင့် ရာသီဥတုဆိုတာ ဖြစ်ပေါ်ရသည်။ အဘယ်ကြောင့် မိုးရွာရသည်။
အဘယ်ကြောင့် ဆောင်းတွင်းတွင် အေးရသည်၊ အဘယ်ကြောင့် ပင်လယ်တွင် ဒီရေအတက် အကျဖြစ်ရသည်၊
ငလျင်လှုပ်တယ်ဆိုတာ ဘာ။ မုန်တိုင်း ဘာကြောင့်တိုက်ရသည် စသဖြင့် ပြောစရာ အများကြီးရှိပါသည်။
(ပထ၀ီအတွက် ရည်ညွှန်းစရာစာအုပ်များလိုပါက ကျွန်တော် အီးမေးပို့ပေးလိုက်ပါမည်။)
ထို့ပြင် ဦးဖိုးကျားရေးသည့် မြန်မာ့သမိုင်းပုံပြင်များ
စာအုပ်မှာ ကလေးများအတွက် အလွန်သင့်တော်သည့် စာအုပ်ဖြစ်ပါသည်။ ပုံပြင်ကဲ့သို့ ရေးထားသည်ဖြစ်ရာ
ကလေးများ နားလည်နိုင်သည်။ မိမိက ဖတ်ပြီး သူတို့ကို ပြန်ပြောပြနိုင်ပါသည်။ ထို့နောက်
ထို မြန်မာ့သမိုင်းနှင့်ပတ်သက်သည့် ဉာဏ်စမ်းမေးခွန်းများ မေးနိုင်ပါသည်။
(ထိုစာအုပ်ကိုလည်း ကျွန်တော်ပို့ပေးလိုက်ပါမည်။)
ကလေးများအား သင်္ချာနှင့်ပတ်သက်၍သော် လည်းကောင်း၊ သိပံ္ပ၊ သမိုင်း၊
ဘာသာရေး၊ အထွေထွေ ဗဟုသုတစသဖြင့်သော် လည်းကောင်း ဉာဏ်စမ်းပုစ္ဆာများ ဖြေခိုင်းနိုင်ပါသည်။
အများဆုံးမှန်အောင်ဖြေနိုင်သူကို ဆုချပါ။ (ကျွန်တော် ကလေးများနှင့် သင့်တော်မည့် ဉာဏ်စမ်းပုစ္ဆာများကို
အသက်အရွယ်အလိုက် ပို့ပေးလိုက်ပါမည်။)
ကျောင်းများအတွက် နံရံကပ်ပိုစတာများ၊ မြန်မာ့မြေပုံ၊ ကမ္ဘာ့မြေပုံ၊
ကမ္ဘာလုံးများ၊ ဆောင်ပုဒ်များ၊ မြန်မာ့၊ ကမ္ဘာ့ ခေါင်းဆောင်ကြီးများ၊ နိုင်ငံတကာ အလံများ
စသည်တို့ကို ၀ယ်ယူချိတ်ဆွဲပေးပါ။
ကလေး ကဗျာလေးများကို ပြိုင်တူ ရွတ်ဆိုခိုင်းပါ။ နောက်ပြီး ကဗျာ၏
အဓိပ္ပာယ်ကိုလည်း ရှင်းပြပါ။ ကလေးကဗျာစာအုပ်များ အများအပြားရှိပါသည်။ ရန်ကုန် စာအုပ်ဆိုင်များ၌
ရှာဖွေဝယ်ယူနိုင်ပါသည်။
ဖြစ်နိုင်လျှင် ကလေးများကို အကသင်ပေးပါ။ မိမိရေးဆွဲမည့် ပရိုဂရမ်၌
ကဗျာလွတ်သင်ရန် အကနည်းပြဆရာမ ငှားမည့် အစီအစဉ်တစ်ခုကိုပါ ထည့်သွင်း ရေးဆွဲနိုင်ပါသည်။
(သူစိတ်ဝင်စားမယ်ဆို မေရီ့ကိုပါ သင်ပေးလို့ရပါ့။ သင်ပေးပြီး သင်္ကြန်မှာ ကခိုင်းပေါ့။)
ကျွန်တော်ပြောမဆုံးခင် ကိုစံပွင့် အခန်းတံခါးဝမှ ခေါင်းပြူလာ၏။ လေယာဉ်ထွက်ဘို့
အချိန်နီးကပ်နေပြီဖြစ်ကြောင်း လာ အချက်ပေးတာ ဖြစ်ပါသည်။
ကျွန်တော်တို့လည်း စကားစကို ကမန်းကတမ်း လက်စသပ်လျှက် ကိုင်း၊ ကျန်တာတော့
အီးမေးနဲ့ပဲ ပို့လိုက်တော့မယ်ဆိုကာ ပြန်ခဲ့ရပါတော့သတည်း။
(၁၁) အလွဲနှင့် စခဲ့သော ကျွန်ုပ်၊ အလွဲနှင့်ပင် အဆုံးသတ်ခဲ့ရခြင်း
အချိန်သိပ်မရှိတော့သည်နှင့် အဆင်သင့်ထုပ်ပိုးထားသော
အထုပ်များဆွဲလျက် လေယာဉ်ကွင်းသို့ လာခဲ့၏။ ရောက်မဆိုက်ပင် အထုပ်အပိုးများချိန်တွယ်
ပေးလိုက်ပြီး စောင့်ရမည့်အခန်းတွင်း ၀င်လာခဲ့သည်။ အခန်းတွင်း၌ အတော်များများရောက်နေပြီ။
ခဏနေတော့ အားလုံးထွက်သွားသဖြင့် ကျွန်တော်လည်း သူတို့နောက်မှ လိုက်ခဲ့သည်။ အပြင်ဘက်တွင်
တွင်အော်တာလေယာဉ်နှစ်စီး မျက်နှာချင်းဆိုင်ရပ်ထားတာ တွေ့ရ၏။ အခြားသူများတက်သော လေယာဉ်
ပေါ် ကျွန်တော်လည်း ရောယောင်တက်လိုက်ခဲ့သည်။ လေယာဉ်ပေါ်တက်တော့ ၁၊ ၂၊ - - - အားလုံး ၁၄ ယောက် ဟု အော်သံကြားလိုက်ရ၏။ အနို့၊
ကိုစံပွင့်တို့ပြောတုံးက ၈ ယောက်ထဲဆိုပါလား၊ သြော်၊ ခရစ္စမတ်မို့ ပြန်ကြတာ ထင်ပါရဲ့ဟု
သည်လိုပင်တွေးလိုက်သည်။
လေယာဉ်ထွက်တော့ ၂ နာရီတောင် မခွဲသေး။ ၂း၂၅
သာရှိသေးသည်။ ဆေးမင်ကြောင်များထိုးထားသော ကျွန်တော့်ရှေ့မှ တစ်ယောက်မှာ ထိုင်းဘာသာဖြင့်
ရေးထားသော စာအုပ်တစ်အုပ်ကို ဖတ်လျက်ရှိ၏။
အပြန်တွင် လေယာဉ်မှာ ၁ နာရီခွဲပင် မကြာလိုက်ပါ။
၃း၄၅ ခန့်တွင် လေယာဉ်ဆိုက်ပါသည်။ လေယာဉ်ပေါ်မှအဆင်း အထုပ်များကို အသီးသီးဆွဲကြတော့ ကျွန်တော်
ကိုယ့်အထုပ်ကိုယ် လိုက်ရှာ၏။ လူအားလုံးကုန်သွားသည့်တိုင် ကျွန်တော့် ကျောပိုးအိတ်နှင့်
လက်ဆွဲအိတ်ကို မတွေ့။ သို့သော် အိတ်ပြာကြီး သုံးလေးလုံးလည်း ပါလာသဖြင့် ထိုအိတ်ပြာကြီးများထဲ
ထည့်ထားတာဖြစ်မည်ဟု တွေးကာ အေးအေးဆေးဆေး လေဆိပ်ထဲ ၀င်ခဲ့သည်။
လေဆိပ်ထဲဝင်လိုက်သည်နှင့် တစ်ယောက်က အနားကပ်လာကာ
ခင်ဗျား လေယာဉ်မှားလိုက်လာတာထင်တယ်။ ဟိုကလှမ်း ဖုံးဆက်တယ်။ ခင်ဗျား အထုပ်တွေ နောက်လေယာဉ်နဲ့
ပါလာလိမ့်မယ်။ သိပ်မကြာပါဘူး။ ဆယ်မိနစ်လောက် ခဏစောင့်ပါ။
ဟိုက်ရှားဘား။ ကျွန်ုပ်မှာ လုပ်လိုက်ရလျှင်
အရာရာနှင့် အကြောင်းကြောင်းချည်းဖြစ်၏။ အနို့သူတို့က ဘယ်ကလူတွေ တက်ပါလို့လည်း မအော်။
လူလည်း မစစ်။ တက် တက် ဆိုလို့ ကျွန်တော်လည်း ဘုမသိ ဘမသိ လိုက်တက်သွားတာ ဖြစ်သည်။ ကျွန်တော်တက်လိုက်သွားသော
လေယာဉ်မှာ PTTEP မှ လေယာဉ်ဖြစ်၏။
နောက် တွင်အော်တာတစ်စီး ထပ်ဆိုက်လာမှ တစ်ယောက်က
ကျွန်တော့်အိတ်များဆွဲလာရင်း အဲဒီလေယာဉ်သာ တစ်ခုခု ဖြစ်လို့ကတော့ ခင်ဗျား ဘာလျော်ကြေးမှ
ရမှာမဟုတ်ဘူး ဟုလည်း သုတ်သွားလိုက်သေးသည်။ ကျွန်ုပ်လည်း ဘာမှ ပြန်မပြောနိုင်ဘဲ ပါးစပ်အဟောင်းသားဖြင့်
လေဆိပ်ထဲမှ ထွက်လာခဲ့၏။ ထို့ကြောင့် ကျွန်ုပ်မှာ နည်းနည်းလောက်မှ မလွဲလိုက်ရ လျှင်
စားမ၀င်အိပ်မပျော်ဖြစ်တတ်သည်ဟု မိတ်ဆွေများကို ပြောခဲ့သည် မဟုတ်ပါလော။
အောက်မြန်မာပြည်ခရီးစဉ် ဤတွင် နိဂုံးကမ္ပတ်
အဆုံးသတ်ပါပြီ။
ဟောပြောခဲ့သည့် ပညာရေးအကြောင်းများ နှင့်
အမေးအဖြေများကို သီးသန့်ရေးပါမည်။
ဖတ်ရှုအားပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါ၏။
အေးငြိမ်း
၇ ဇန္န၀ါရီ၊ ၂၀၁၅။ ည ၁၀း၄၀ နာရီ
No comments:
Post a Comment