Saturday, January 3, 2015

မင်္ဂလာဦး သြ၀ါဒ

ယနေ့မနက် ၁၁ ခွဲလောက်တွင် ကိုသောင်းတန်ဖုံးဆက်လာ၏။

ကိုအေးငြိမ်း၊ နေလင်းဦး မင်္ဂလာဆောင် မသွားဘူးလား။ 
အလဲ့ကွယ် ကိုယ်လည်း ဘာမှ မသိရပါလား။
သူဗိုက်ဗာကနေ လှမ်းဖိတ်တယ်။ ကိုအေးငြိမ်းတော့ အလုပ်ရှုပ်နေတယ်ထင်လို့ အားနာလို့မဖိတ်တာ ထင်တယ်။
ကိုင်း၊ ကိုယ့်လူ ထွက်လာလို့ ဗွာနာဗစ်စ်တာလောက်ရောက်ရင် sms ပို့လိုက် ကိုယ်ထွက်လာခဲ့မယ်။

ကိုနေလင်းဦးနှင့်က ဟို့ အီးစီစီမှာကတည်းက သိခဲ့တာဖြစ်သည်။ ၎င်းမှာ ပရဟိတကိစ္စများတွင် တက်တက်ကြွကြွလုပ်သော လူကောင်းကလေးဖြစ်၏။ သို့နှင့် ကျွန်ုပ်လည်း စာအုပ်မိတ်ဆက်ပွဲတွင်ပြောရန် ဆလိုက်များပြင်နေသည်မှာ ပြီးသလောက်လည်း ရှိနေပြီမို့ (ပြင်ပြီးပါပြီ၊ သို့တိုင် စိတ်တိုင်းမကျသဖြင့် ဟိုဟာဖြုတ်၊ ဒီဟာထည့်ဖြင့် ပြင်ဆင်နေတာဖြစ်၏။) အားလုံးလက်စသပ်။

ယခုတော့ ပျဉ်ဘိုးနားလည်သွားပြီမို့ လုပ်ပြီးသည့်ဖိုင်တိုင်းကို External Drive မှာရော Google Drive မှာပါ ဒပ်ဗယ် save လုပ်လေသော ဟူ၏။ သည်အလေ့အထ အဘယ်မျှ ကြာကြာခံမည်မသိ။


တိုတိုပြောရလျှင် ကိုနေလင်းဦးတို့ မင်္ဂလာဆောင်သို့ ရောက်ရှိ ဒန်ပေါက်စား။ လူအနည်းငယ် ပါးသွားလေသော် ပြန်လည်း ပြန်တော့မှာမို့ ဖွင့်ထားသော ဗညားဟန်နှင့် လေးလေးဝါးတို့၏ မင်္ဂလာသီချင်းများ ခေတ္တပိတ်ခိုင်းကာ သတို့သားနှင့် သတို့သမီးအသစ်ကျပ်ချွတ်ကလေးများကို သြ၀ါဒစကား မြွက်ကြား၏။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကိုင်း၊ ကိုယ့်လူတို့၊ ကိုယ်ပြောတာ သေသေချာချာ နားထောင်စေ့ချင်တယ်။

ဒီနေ့ကစပြီး ဘ၀အသစ် စပြီပေါ့။ မင်္ဂလာဆောင်တယ်ဆိုတာ လူ့ဘ၀မှာ အင်မတန်ကြီးမားတဲ့ ဘ၀ အချိုးအကွေ့တစ်ခုပဲ။ တစ်ယောက်ထဲ ဘ၀မှာ ရုန်းကန်လှုပ်ရှားနေရာကနေ နှစ်ယောက်ဖြစ်လာပြီ။ အဲဒါနဲ့အတူ တာဝန်နဲ့ ၀တ္တရားတွေလည်း ပိုလာပြီ။ တာဝန်နဲ့ ၀တ္တရားတွေ ရှိလာပြီဆိုတော့ အဲဒီ တာဝန်နဲ့ ၀တ္တရားတွေကို ကျေပွန်ဘို့ လိုလာပြီ။

(၁) သံသာလေကမ်းတိုင်

တာဝန်နဲ့ ၀တ္တရားတွေအသာထားပြီး ပထမဦးဆုံး အရေးကြီးတာ ပြောချင်တယ်။ ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတာ ချစ်သူဘ၀နဲ့ လင်မယားဘ၀ မတူဘူး။ အလွန်အင်မတန် ကွာခြားတယ်။ ပညာရှိကြီးတွေကတော့ အိမ်ထောင်ပြုတယ်ဆိုတာ အချစ်ရဲ့နေ၀င်ချိန်ပဲ လို့ ဆိုတယ်။ ဒို့တောကလူတွေက ပိုရှင်းတယ်။ ဟေ့၊ လောကမှာ ကိုယ့်မိန်းမကလွဲလို့ တခြားမိန်းမတွေ အကုန်လှတာပဲကွ လို့ ခပ်ရွှတ်ရွှတ်ပြောလေ့ရှိတယ်။

အဲဒါဘာကိုဆိုလိုတာလဲဆိုတော့ အိမ်ထောင်ကျသွားတာနဲ့ အိမ်ထောင်ကျစ ရက်တွေကလွဲလို့ နောက်ကျရင် တစ်ယောက်အပေါ် တစ်ယောက် အချစ်တွေ လျော့သွားတတ်တယ်။ အဲဒါနဲ့ တပြိုင်တည်း အရင်က ချစ်သူဘ၀မှာ အပေါ်ယံလောက်ပဲ ပေါင်းသင်းနေတာဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက် ဂဃနဏမသိသေးဘူး။ အိမ်ထောင်သည်ဘ၀ကျတော့မှ အူမချေးခါး အကုန်သိလာ ရတော့တယ်။ အဲဒီလိုသိလာတဲ့အခါကျ စိတ်ပျက်စရာတွေ၊ သဘောမကျတာတွေလည်း များလာတတ်တယ်။ အချစ်တွေ လျော့လာတာရယ်၊ ကိုယ်စိတ်တိုင်းမကျတာတွေရယ် နှစ်ခုပေါင်းလိုက်တဲ့အခါ ကိုယ့်အိမ်ထောင်ဘက်ပေါ်မှာ စိတ်ကုန်လာတတ်တယ်။ အဲဒါ သဘာဝပဲ။

ကိုယ့်အိမ်ထောင်ဘက်အပေါ် စိတ်ကုန်လာတဲ့အခါကျတော့ ဘာလုပ်သလဲ။ တခြား အပျော်အပါးဆိုတာ ရှာလာတတ်တယ်။ အဲဒါ သစ္စာဖောက်တာ။ ကိုယ့်အယူဝါဒကတော့ သူများနဲ့ မတူဘူး။ ဘုရားရှေ့မှာသွားပြီး သံသာလေကမ်းတိုင်တာ၊ တစ်ယောက်နဲ့တစ်ယောက် ဘာဖြစ်ရပါစေရဲ့၊ ညာဖြစ်ရပါစေရဲ့နဲ့ သစ္စာပြုတာတွေဟာ ကိုယ့်အတွက်ကတော့ ဒါ အပိုဆာဒါးတွေပဲ။ ပါးစပ်ဖျားလေးနဲ့တင် သစ္စာမတိုင်ပါနဲ့။ တကယ်ရိုးရိုးသားသား မှန်မှန်ကန်ကန် နေထိုင်ပြတာက ပိုတန်ဘိုးရှိပါတယ်။ ဘုရားရှေ့မှာ သစ္စာတိုင်ပြပြီး မိန်းမကွယ်ရာမှာ ညလေးနဲ့ တွဲနေတဲ့သူတွေကို ကိုယ်ကတော့ အင်မတန် မုန်းတတ်တယ်။

အကောင်းဆုံးက ကိုယ့်အိမ်ထောင်ဘက်အပေါ်မှာ ဘယ်သောအခါမှ မရိုးမသား မလုပ်ပါနဲ့။ ဘာကိုမှ ဖုံးကွယ် မထားပါနဲ့။ အစစအရာရာ ပွင့်ပွင့်လင်းလင်းလုပ်ပါ။ ပွင့်ပွင့်လင်းလင်း ပြောပါ။ မဟုတ်တာ လုပ်ခဲ့မိရင်တောင် ပွင့်ပွင့်လင်းလင်း ၀န်ချ တောင်းပန်ပါ။ ဘယ်တော့မှ တစ်ယောက်နဲ့ တစ်ယောက် သံသယနဲ့ မဆက်ဆံပါနဲ့။ တစ်ဦးအပေါ် တစ်ဦး သံသယ၀င်တဲ့ နေ့ဟာ လမ်းစပြတ်ဖို့ ဇာတ်လမ်းစတဲ့နေ့ပဲ။

နောက်ပြီး သူမဟုတ်တာလုပ်နေရင်တောင် ဘေးစကားတွေ နားမယောင်ပါနဲ့။ သူများကို သွားမမေးပါနဲ့။ သူနဲ့ကိုယ် မျက်နှာချင်းဆိုင် ဖြေရှင်းပါ။ သူမှားနေရင် အပြစ်မပြောပါနဲ့။ လမ်းမှန်ကို ပြောပြပါ။ မှားတဲ့သူကလည်း ကိုယ့်အမှားကို ၀န်ခံရဲရမယ်။ နှစ်ဦးရင်ဆိုင်ဖြေရှင်းမှ ပြဿနာဆိုတာ ပြေလည်မှာ။ ဘေးကလူတွေ မသိဘဲ ရမ်းတုတ်တာ နားယောင်မိရင် အချင်းချင်း စိတ်ဝမ်းကွဲတတ်တယ်။ 

လင်နဲ့မယား၊ လျှာနဲ့သွားဆိုတဲ့စကားလို ဘယ့်နှာ အမြဲတမ်း အဆင်ပြေတယ်ဆိုတာ ရှိနေပါမတုံး။ သူနဲ့ကိုယ် သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ၊ စကားပြောမတည့်တဲ့အခါ ကတောက်ကဆတ် ဖြစ်တတ်တယ်။ ဒါ သဘာဝပဲ။ အဲဒီလို တစ်ယောက်တစ်ခွန်း စကားများရင် တခြားထွက်သွားလိုက်ပါ။ ဒေါသဟာ ဆင်ခြင်နိုင်စွမ်းကို ပိတ်ဖုံးထားတတ်တယ်။ ဒေါသ ပြေတဲ့အခါကျမှ နှစ်ယောက် ပြန်ညှိနှိုင်းပါ။ သူ့မှာ ကိုယ်မကြိုက်တာတွေရှိသလို ကိုယ့်မှာ သူမကြိုက်တာတွေ ရှိမှာဘဲ။ လူဆိုတာ စင်းလုံးချော ဘယ်ရနိုင်ပါမတုံး။ ဒီတော့ ကိုယ့်အကြိုက်မလိုက်ပါနဲ့။ သူ့အကြိုက်ပဲလိုက်ပြီး ဆက်ဆံပါ။ သူလမ်းလွဲ နေရင်တော့ အကျိုးအကြောင်းပြောပြရမှာပေါ့။

(၂) လိမ္မာပါးနပ်မှု

နောက် အရေးကြီးတာ တစ်ခု -

အိမ်ထောင်မကျခင်က သူ့မိသားစု၊ ကိုယ့်မိသားစု ဘာမှ မသက်ဆိုင်သေးဘူး။ သီးခြားစီ။ ဒါပေမဲ့ လင်ရယ်မယားရယ်လို့ ဖြစ်လာပြီဆိုရင် သူ့မိသားစု၊ ကိုယ့်မိသားစုနဲ့ တိုက်ရိုက်သက်ဆိုင်သွားပြီ။ အဲဒီတော့ ကိုယ်အနေအထိုင်မတတ်ရင် အဲဒီ မိသားစု နှစ်ခုအကြားမှာ ပြဿနာ တက်တတ်တယ်။

ပြီးခဲ့တဲ့ တစ်လကျော်၊ နှစ်လလောက်က ဖေ့စ်ဘွတ်မှာ ကိုယ်တင်ခဲ့တဲ့ အကြွေး ဆိုတဲ့ ၀တ္တုလေး ကိုနေလင်းဦး ဖတ်မိမလား မသိဘူး။ မဖတ်ရသေးရင် ပြန်ရှာဖတ်ကြည့်စမ်းပါ။

နှစ်မိသားစုကိုဆက်ဆံတဲ့အခါ သူ့ဘက်ကိုယ့်ဘက် မျှမျှတတ ဆက်ဆံပါ။ တချို့လူတွေဟာ သိပ်အကဲဆတ်တယ်။ ကိုယ်ကတော့ သဘောရိုးနဲ့ ကိုယ့်မိဘလည်း ကန်တော့၊ သူ့မိဘလည်း ကန်တော့။ ကန်တော့လိုက်တာပဲ။ ဘာရယ်လို့ စိတ်ထဲမှာ မထားဘူး။ ဒါပေမဲ့ ကြည့်စမ်း၊ သူ့အဖေကျတော့ ဘာကန်တော့တယ်။ ငါ့ကျတော့ ယောက္ခမမို့လို့ ဘာပဲ ကန်တော့တယ်လို့ သဘောထားသေးသိမ်တဲ့သူတွေလည်း ရှိတတ်တယ်။ အဲဒီ ကိစ္စမျိုး အင်မတန် သတိထားရတယ်။ ဆိုတော့ အဲဒါမျိုးမဖြစ်အောင် နှစ်ဖက်မိဘကို ပေးကမ်းထောက်ပံ့တဲ့အခါ ညီတူမျှတူ ပေးကမ်းထောက်ပံ့ပါ။ သူ့ညီမကို ၃၀ တန် လက်ကိုင်အိတ် ၀ယ်ပေးရင် ကိုယ့်ညီကိုလည်း ၃၀ တန် နာရီ ၀ယ်ပေးလိုက်ပါ။ ဘာစကားမှ ပြောစရာ မလိုတော့ဘူး။

အခါကြီးရက်ကြီးတွေမှာ နှစ်ဖက်မိဘတွေ ကန်တော့ရင်လည်း ပစ္စည်းကို သတိထားဝယ်ပါ။ အကောင်းဆုံးကတော့ ပစ္စည်းတစ်မျိုးတည်းကို နှစ်စုံဝယ်တာပဲ။ မတွက်ကတ်တတ်တဲ့ မိဘတွေဆို ကိစ္စမရှိဘူး။ နေရာတကာ ပေသီးခေါက်တတ်တဲ့ သူတွေဆို အင်မတန် သတိထားရတယ်။ ဟဲ့ကောင်လေး၊ နင့်ယောက္ဖ သူ့အဖေနဲ့အမေကို ဘာတွေကန်တော့သွားသလဲ၊ အရိပ်အခြည် သွားကြည့်ချေစမ်း လို့ လုပ်တတ်တယ်။ ကိုယ့်မိဘကိုကန်တော့တဲ့ပစ္စည်းက တန်ဘိုးနည်းနေပြီး ယောက္ခမကို ကန်တော့တဲ့ပစ္စည်းက တန်ဘိုးများနေရင်တော့ ကိစ္စမရှိဘူး။ မဟုတ်လို့ကတော့ မိန်းမလုပ်တဲ့သူနဲ့ ပြဿနာ တက်တတ်တယ်။ တစ်ခါ ကိုယ့်မိဘကလည်း အဲသလို တွက်တတ်တဲ့သူဆို နှစ်ဘက်မိဘတွေ အချင်းချင်း နောင်ဂျိန်ပလေးတတ်တယ်။

အဲဒီ ကိစ္စ အင်မတန် အရေးကြီးတယ်။ ကြပ်ကြပ် သတိထားပါ။

(၃) အပေးအယူ မျှမှု

ခုနင်က ပြောခဲ့သလိုပဲ။ မယူခင်တုံးက အပေါ်ယံလောက် ထိတွေ့ဆက်ဆံနေရတာဆိုတော့ သူ့အပြစ် ကိုယ့်အပြစ် သေသေချာချာ မသိသေးဘူး။ နောက်ပြီး သိရင်တောင် တစ်ယောက်နဲ့တစ်ယောက် အသည်းအသန်ချစ်နေတာဆိုတော့ အလိုလို ခွင့်လွှတ်ပြီးသား။

ဒါပေမဲ့ လင်ရယ် မယားရယ်လို့ ဖြစ်လာတဲ့အခါကျတော့ သူက ကိုးရီးယားကား ကြည့်ချင်။ ကိုယ်က full action၊ သူက ဆီပြန်လေးမှ။ ကိုယ်က ဆီပြန်ဟင်းဆို မုန်းမှမုန်း။
ဟဲ့၊ လုံချည်ကို တန်းပေါ်တစ်ခါတည်း သွားလှန်းတာမဟုတ်ဘူး။ ဟောဒီမှာ ကြည့်စမ်းပါအုံး၊ အကွင်းလိုက်ချွတ်ချ ထားခဲ့တာ။
ဟဲ့၊ ဒီမှာ မအားသေးလို့။ မနေနိုင် ကိုယ့်ဘာသာကိုယ် သွားလှန်းလိုက်ပါလား။
ဒီမိန်းမ၊ ငါ တယ်။
ဘာပြောတယ်၊ လုပ်ရဲလုပ်ကြည့်စမ်းပါ။ - တွေ ဖြစ်လာတတ်တယ်။

အိမ်ထောင်ကျတယ်လို့ ရှေးလူကြီးတွေ နာမည်ပေးခဲ့တာ အင်မတန်မှန်သကိုး။ အိမ်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်သက် ကျခံရတာကို အိမ်ထောင်ကျတယ် လို့ခေါ်တယ်။ အဲဒီတော့ နေ့တဓူဝ ဒီနှစ်ယောက် အတူ တစ်အိမ်ထဲမှာ တစ်သက်လုံး နေသွားရမဲ့ကိစ္စ၊ သူ့လုပ်တာ ကိုယ်မကြိုက်၊ ကိုယ်လုပ်တာ သူမနှစ်သက်ဆို ဘယ့်နှာလုပ် အတူနေလို့ ဖြစ်မတုံး။

အဲဒါကို ညှိယူဘို့ အင်မတန် အရေးကြီးတယ်။ ကိုယ်မကြိုက်တာ၊ သူမကြိုက်တာ သည်းခံပါ။ ခွင့်လွှတ်ပေးပါ၊ နားလည်ပေးပါ။

အဲသလို တစ်ယောက်နဲ့တစ်ယောက် နားလည်ခွင့်လွှတ်တတ်၊ သည်းခံတတ်ရင်။
သူ့မိဘ၊ ကိုယ့်မိဘ မျှမျှတတ ဆက်ဆံတတ်ရင်။
ကိုယ့်အိမ်ထောင်ဘက်အပေါ် ရိုးသားရင်၊ ပွင့်လင်းရင်၊ သစ္စာရှိရင်၊ ဖြောင့်မတ်ရင်။

မင်းတို့နှစ်ယောက် ဒီကနေ့ကနေ ဟို့ အိုတဲ့ထိ တစ်သက်လုံး ချစ်ချစ်ခင်ခင်နဲ့ စိတ်ချမ်းချမ်းသာသာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားနိုင်လိမ့်မယ်လို့ ငါ အာမခံသဟေ့။

ကိုင်း၊ ဟိုမှာ ကိုသောင်းတန်လဲ သူ့ ချောက်ကျောင်းသားဟောင်းများ စည်းဝေးပွဲဆိုလား သွားဘို့ စောင့်နေလို့ ဒီလောက်နဲ့ တော်ရောပေါ့။

ငါ့ညီနဲ့ညီမတို့ ဒီကနေ့ကနေ နောင်နှစ်ပေါင်းများစွာ၊ အိုတဲ့ထိ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ ပေါင်းသင်းနိုင်ပါစေကွယ်။


အေးငြိမ်း
၁၄ ဒီဇင်ဘာ၊ ၂၀၁၄။ ညနေ ၅း၃၂ နာရီ

No comments: