Tuesday, August 26, 2014

ဝိရောဓိ နှင့် ပဋိပက္ခ၊ ဓမ္မ နှင့် အဓမ္မ

(၁) ရုပ်ရှင်ထဲက လောကဇာတ်ခုံ

ဓမ္မစေတီခေါင်းလောင်းအကြောင်းရေးပြီး တစ်ဆက်တည်းတွေးမိသည်မှာ အကောင်းနှင့်အဆိုး။ ဓမ္မနှင့် အဓမ္မ ဖြစ်ပါသည်။ ကျွန်တော်တို့တိုင်းပြည်ထဲ၌ အကောင်းနှင့်အဆိုး အားပြိုင်ပွဲများ အလွန်များလှသည်။ နေရာတကာပင် ဖြစ်၏။
            ကျွန်တော်က ရုပ်ရှင် အလွန်ကြိုက်၏။ ကားကောင်းများဆို မလွတ်တမ်းသွားကြည့်လေ့ရှိသည်။ ကျွန်တော်တို့ ငယ်စဉ် အလယ်တန်းကျောင်းသားဘ၀တုံးက ကွင်းကောက် (ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်) တွင် ကျောင်းတက်ရသည်။ သည်တုံးက ရုပ်ရှင်ဆိုသည်မှာ ဖလင်လိပ်ကြီးများကို စက်ပေါ်တင်လှည့်ကာ ကာဘွန်မီးနှင့် ပိတ်ကားပေါ်ထိုးပြရသော အဖြူအမည်း ရုပ်ရှင်များဖြစ်၏။ ကားအနည်းငယ်ဟောင်းသွားပြီဆိုသည်နှင့် ဖလင်တွင်ခြစ်ရာများထင်လာကာ ပိတ်ကားပေါ် တွင် အထက်အောက် အစင်းများပေါ်လာသည်။
            ရုပ်ရှင်ကို နန်ကသူချောင်း၊ သဲသောင်ပြင်ကြီးပေါ်တွင် ထိုးထားသည့် ဇာတ်ရုံကြီးအတွင်း ပြသည်။ ည နာရီပြန် တစ်ချက်တီးလောက်တွင် ရုံဖွင့်သည်။ ရုံဖွင့်ပြီဆိုလျှင် လက်မှတ်မတောင်းတော့။ အလကားဝင်ကြည့်လို့ရ၏။ ပိုက်ဆံ မတတ်နိုင်သော ကျွန်တော်တို့ မောင်နှမများမှာ ရုံအဖွင့်ကိုစောင့်ကာ သွားကြည့်ကြရသည်။ ရုံဖွင့်သည်ဆိုသော်လည်း သိပ်နောက်မကျသေး။ တစ်ညကို ရုပ်ရှင် သုံးကားပြသည်ဖြစ်ရာ ရုံအဖွင့်ကို စောင့်ကြည့်လျှင်ပင် တစ်ကားခွဲလောက်တော့ မီသေးသည်။
            နောက်ပြီး ကားက တုန်နေသေးသည်။ တောမှာဆိုတော့ ဘယ်မှာ လုံးဝ အမှောင်ကို ရပါမည်နည်း။ လသာသော ညများတွင် ကွင်းလယ်၌ကြည့်ရပြီဆိုပါက ရုပ်ရှင်မှာ မှုန်ဝါးနေသဖြင့် ကိုယ့်ဟာကိုယ် မနည်း ဖြည့်ကြည့်ယူရသည်။ အသံကလည်း ခပ်ဝါးဝါး။ သို့သော် ထိုခေတ်က ကြည့်ခဲ့ရသော ထိုမှုန်ဝါးဝါးကားများမှာ ယခုခေတ် ဗီဒီယိုများနှင့် လားလားမှ မဆိုင်။ ယခုခေတ် ရုပ်ရှင်၊ ဗီဒီယိုများကို Burmese Classic မှ ကျွန်တော်ကြည့်ကြည့်ပါသည်။ သောက်ကျိုးနဲ၊ ငိုလိုက်ပြီ ဆိုမှဖြင့် အသားကုန် အာခေါင်အာရင်းခြစ်ကာ ပစ်စလက်ခတ်ငိုပြသည်။ ကျွန်တော့်မှာ ကြည့်နေရင်းပင် အသက်ထွက်ချင်စိတ် ပေါက်၏။ တစ်ယောက်တစ်ခွန်း စကားများကြပြီဆိုလျှင်လည်း လည်း လည်း . . . ထားပါတော့။ မိတ်ဆွေတို့ သိပါသည်။
            အရှေ့တိုင်း၊ အနောက်တိုင်း။ ရှေးခေတ်၊ ယခုခေတ်။ မည်သည့်ရုပ်ရှင်ကိုမဆို ခြုံကြည့်လိုက်လျှင် အကောင်းနှင့် အဆိုး၊ ကောင်းသူ နှင့် မကောင်းသူတို့၏ အားပြိုင်ပွဲချည်းများသာ တွေ့ရပါလိမ့်မည်။ စင်းလုံးချော၊ အားလုံးအဆင်ပြေ ချောမွေ့၊ ကောင်းမွန်ပြေပြစ်နေသော ဇာတ်ကားဆိုလျှင် အဘယ်မှာလျှင် စိတ်ဝင်စားစရာကောင်းပါတော့မည်နည်း။  အချစ်အကြောင်း ရိုက်ထားသော ဇာတ်ကားများတွင်လည်း လင်မယားချင်း၊ ချစ်သူချင်း၊ မိသားစုအတွင်း ကတောက်ကဆ ဖြစ်တာများ ပါပါလိမ့်မည်။ စွန့်စားခန်းရုပ်ရှင်များတွင် လူလူချင်း ရန်မဖြစ်စေကာမူ သဘာဝတရားနှင့် လူသားတို့၏ အားပြိုင်မှုကို တွေ့မြင်ရပါမည်။ ဤသည်မှာပင် လောကအကြောင်း၊ လူများအကြောင်း မဟုတ်ပါလော။
            ရုပ်ရှင်ဆိုတော့ စာရေးဆရာနှင့် ဒါရိုက်တာ စိတ်ကြိုက် ကစား၍ရသည်။ မည်သည့်ရုပ်ရှင်ဖြစ်စေ၊ အစပိုင်းတွင် ကောင်းသည့်ဘက်မှ အသည်းအသန် ခံရတာချည်း။ ဆိုးသူဘက်မှ အမြဲအားသာနေတတ်၏။ ဇာတ်သိမ်းခါနီးမှ ကောင်းသည့်ဘက်က မချိမဆန့် အနိုင်ရသည်။ ဒါမှ ဇာတ်နာမှာကိုး။ မင်းသား အနိုင်ရပြီဆိုတော့မှ ရဲများ၊ ရဲကားများ ရောက်လာတတ်စမြဲ။ နောက်ဆုံးကျ လူဆိုးများအားလုံးကို ရဲကဖမ်းကာ မင်းသားနှင့်မင်းသမီး ပေါင်းထုပ်ပေးလိုက်သည်။ ရုပ်ရှင်ကြည့်သူတွေအတွက် လွမ်းစရာကလေး တစ်ကွက်လောက် ချန်ချင်လျှင် မင်းသားကို သို့မဟုတ် မင်းသမီးကို သေပေးလိုက်နိုင်သည်။ သူကတော့ ရုပ်ရှင်ပေကိုး။ ဒါရိုက်တာစိတ်ကြိုက် ကစားလို့ရသပေါ့။
            သို့သော် လောကအဖြစ်အပျက်များမှာမူ ဤလောက် မရိုးစင်းပါ။

(၂) ၀ိရောဓိ နှင့် ပဋိပက္ခ

            ကျွန်တော်တို့ကျောင်းသားဘ၀က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ သဘောတရားများကို သင်ယူရစဉ် ၀ိရောဓိနှင့် ပဋိပက္ခအကြောင်း သင်ခဲ့ရ၏။ အခြားအကြောင်းအရာများသာ မေ့ချင်မေ့ရမည်။ ထိုဝိရောဓိနှင့် ပဋိပက္ခကိုမူ ယခုထိ မှတ်မိ နေပါသေးသည်။ အလွန်ကြိုက်သဖြင့် အသေကျက်မှတ်ခဲ့သောကြောင့် ဖြစ်၏။
            ဤလောကတွင် အကောင်းနှင့်အဆိုး၊ အဖြူနှင့်အမည်း၊ အဖိုနှင့်အမ၊ နေ့နှင့်ည၊ အဟောင်းနှင့်အသစ်၊ အနိမ့်နှင့် အမြင့်၊ အတက်နှင့်အကျ၊ ဓမ္မနှင့် အဓမ္မ၊ မေတ္တာနှင့် ဒေါသ ဟူ၍ ဆန့်ကျင်ဘက် ဒွိစုံရှိသည်။ (ဒွိ = ၂) ဤသည့် သဘာဝ ဆန့်ကျင်ဘက် တရားများကို ၀ိရောဓိဟု ခေါ်၏။ ၀ိရောဓိ တရားများသည် တစ်ခုနှင့်တစ်ခု ရန်မဖြစ်ကြ။
            သို့သော် လူတို့၏နယ်ပယ်တွင်မူ ထိုသဘာဝအတိုင်းရှိနေသော ၀ိရောဓိတရားများကို လောဘ၊ ဒေါသ၊ မောဟတို့နှင့် ပေါင်းစပ်လိုက်သောအခါ ပဋိပက္ခဖြစ်သွားသည်။ ပဋိပက္ခကျတော့ သူ့ဘာသာသူ၊ ကိုယ့်ဘာသာကိုယ် မနေတော့။ တစ်ခုနှင့် တစ်ခု၊ တစ်ဦးနှင့် တစ်ဦး ရန်ဖြစ်လာသည်။ လူတစ်ဦးနှင့်တစ်ဦးဖြစ်တာကျတော့ ရန်ဖြစ်သည် ဟုခေါ်ပြီး အုပ်စုတစ်ခုနှင့်တစ်ခု၊ တိုင်းပြည်တစ်ခုနှင့်တစ်ခု ဖြစ်တာကျတော့ စစ်ဖြစ်သည်ဟု ခေါ်သည်။ သဘောတရားမှာမူ အတူတူပင်ဖြစ်၏။
            ရန်ဖြစ်သည်၊ စစ်ဖြစ်သည်ဆိုခြင်းမှာ တစ်ဦးကိုတစ်ဦး အနိုင်ရလိုမှုဖြင့် တုတ်၊ ဒါး၊ သေနတ် လက်နက်ကိရိယာများ သုံးကာ တိုက်ခိုက်ကြခြင်းသာဖြစ်သည်။ ရန်/စစ်ဖြစ်ပြီဆိုမှဖြင့် ထိခိုက်ဒဏ်ရာရမည်၊ သေကျေပျက်စီးကြရမည်သာ မဟုတ်ပါ လား။ မည်သည့် ရန်ဖြစ်ခြင်း၊ စစ်ဖြစ်ခြင်းက ကောင်းကျိုးချမ်းသာကို ပေးပါသနည်း။
            ဗုဒ္ဓဘာသာ စာပေများတွင် မြောက်ကျွန်းဟုခေါ်သောအရပ် ရှိ၏။ ထိုအရပ်တွင် စားစရာ၊ သောက်စရာ၊ ၀တ်စရာ၊ နေစရာများအတွက် အလုပ်လုပ်စရာမလို။ ပဒေသာပင်ဟုခေါ်သည့်အပင်ကြီးမှ အဆင်သင့် ဆွတ်ခူး စားသောက်၊ ၀တ်ဆင် နိုင်ကြသည်။ လူများမှာလည်း ဆင်းရဲချမ်းသာ၊ ရုပ်ဆိုးရုပ်လှမရှိ။ အားလုံး တပြေးညီဖြစ်သည်ဆို၏။
            ကျွန်ုပ်တို့ယခုနေသောကမ္ဘာကြီးကို တောင်ကျွန်းဟုခေါ်သည်ဟု ဆို၏။ တောင်ကျွန်းသူတောင်ကျွန်းသားများကား လောဘ၊ ဒေါသ၊ မောဟ ထူပြောလှသည်။
ကျွန်တော်တို့ ကမ္ဘာကြီးမှာပင် မြောက်ကျွန်းကဲ့သို့ အေးချမ်းသည့်နိုင်ငံများပါရှိသည်။ သတင်းများကို ဖတ်ကြည့်ပါ။ ဒိန်းမတ်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ကနေဒါ၊ ဟော်လန်၊ နယ်သာလန် စသည့်နိုင်ငံများတွင် စစ်ဖြစ်နေသည်၊ အဓိကရုဏ်းများ ဖြစ်သည် ဆိုသော သတင်းများကို အလွန်ကြားရခဲသည်။ ဂျပန်နိုင်ငံတွင် ကြိုကြားကြိုကြား ကြားရသည်။ သို့သော် ဖြစ်တောင့် ဖြစ်ခဲပါ။ ထိုနိုင်ငံတွင်နေထိုင်ရသည့် နိုင်ငံသားများကား မည်မျှ စိတ်ချမ်းသာလိုက်ကြပါမည်နည်း။ အလုပ်လုပ်လိုက်၊ အိမ်ပြန်လာ မိသားစုနှင့်အတူ စားလိုက်သောက်လိုက်၊ ပိတ်ရက်များတွင် ကိုယ်သွားချင်သည့်နေရာသွား အပန်းဖြေလိုက်။ ဟန်ကိုကျလို့။ ထိုတိုင်းပြည်များကို နတ်ပြည်ဟု တင်စားလိုက်ပါမည်။
သို့သော် ဤကမ္ဘာပေါ်တွင်ပင် ငရဲပြည်သည်လည်း ရှိပေသေး၏။ သတင်းများ ဖွင့်မကြည့်လိုက်နှင့်။ သေနတ်ကြီး တကားကားနှင့် ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်နေလိုက်ကြသည်မှာ။ မမြင်ချင်မှအဆုံး။ ကျွန်တော် လူမှန်းသိတတ်ကတည်းက အရှေ့အလယ်ပိုင်းဒေသ၊ ဂါဇာကမ်းမြောင်ဒေသ၊ ပါလက်စတိုင်း၊ အီဂျစ်၊ အစ္စရေး၊ အီရန်၊ အီရတ်၊ ကက်ရှ်မီးယား၊ တမီကျား၊ ပါကစ္စတန်၊ အသေခံဗုံးခွဲတာ၊ အုပ်စုလိုက်သတ်တာ၊ လူမျိုးတုံးသတ်တာ စသည့်စကားလုံးတို့ကို ကြားဖူးခဲ့ရသည်။ ငယ်ငယ်တုံးကတော့ နားမလည်။ ဘာတွေဖြစ်နေတာပါလိမ့် ပေါ့။
နောက် ကျောင်းပြီးလို့ အလုပ်ရှာတော့ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့၏ စာမေးပွဲများကိုဖြေဘို့ မဆလမှ ထုတ်သည့် နိုင်ငံတကာရေးရာစာစောင်များကို အလွတ်ကျက်ရတော့မှ နည်းနည်း ရိပ်မိသလိုလိုရှိသည်။ (ရာထူးဝင် စာမေးပွဲဖြေဘို့ နိုင်ငံတကာရေးရာတွေကို အလွတ်ကျက်ရသတဲ့ဗျာ။ ဘယ့်ကလောက် ကြောင်သတုံး။) နောင် အသက်ကြီး လာတော့မှ ထို့ထက် ရုပ်မြင်သံကြားတွေပေါ်လာပြီး မျက်မြင်ကိုယ်တွေ့တွေ့ရတော့မှ သြော်၊ ငရဲပြည်ဆိုတာ ဒါကိုး ဟု သေချာ  ဂဏ သိရတော့၏။
 တော်ကြာ ဗုံးခွဲလိုက်ပြန်ပြီ။ နှစ်ရှည်လများက အဆောက်အဦကြီးတွေ မျက်စိတမှိတ်အတွင်း မြေမှုန်များဖြစ် သွားသည်။ မနုဿတ္တဘာဝေါ၊ ဒုလ္လဘောတဲ့။ အဲဒါ သူတို့နဲ့မဆိုင်။ သူတို့အဘို့ကတော့ အမွေးလွယ်သလို အသေလည်း လွယ်လှချည့်။ ကျွန်တော့်တစ်သက် ထို အရှေ့အလယ်ပိုင်းဆိုသော ဒေသတွင် တစ်ခါဖူးမှ အေးအေးချမ်းချမ်း ငြိမ်ငြိမ် သက်သက် ထွန်ယက်စားသောက်နေကြတာ မတွေ့စဖူး။
ကြည့်ပါဦးခင်ဗျာ။ သူ့ဟာသူ အေးအေးဆေးဆေး ကောင်းကင်ပျံသွားတဲ့ MH17 ကို ဘာကိစ္စ ပစ်ချရပါသနည်း။ အဲဒီ လူတွေက နင့်အမေကို တယ်လေ၊ ငါ - ဟင်းဟင်း၊ မပြောလိုက်ချင်ဘူး။ ဘာအပြစ်မှမရှိတဲ့ လူ ၃၀၀ လောက် ပစ်စလက်ခတ် သေရသည်။ မိသားစု ၃၀၀ လောက် ပူဆွေးသောက ရောက်ကြရသည်။ (နင်ရို့မကျေနပ်ရင် အဲဒီမကျေနပ်တဲ့ကောင်တွေကို သွားသတ်ပါလားဟဲ့ ခွေးသူခိုးရဲ့။) အဘယ်သို့သော ငရဲသားများပါနည်း။ ၎င်းတို့သေလျှင် ဘယ်ဘုံရောက်မည်ကို ကျွန်တော် လိုက်ကြည့်ချင်လှပါဘိ။
            အဘယ်ကြောင့်ထိုသို့ ဖြစ်နေရသနည်း။ ထိုအရာမှာ မောဟတရားကို အခြေခံသည်။ လူတစ်စု၏ မောဟတရား ကြောင့် လူအများ ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။ စာထဲတွင်မတော့ နတ်ပြည်မှာတောင် သိကြားမင်းနှင့် အသူရာတို့ စစ်ခင်းကြသေးသည် ဆို၏။ ဟုတ်မဟုတ် ကျွန်တော့် ကြီးဒေါ်ပြန်မေးကြည့်လိုက်ပါဦးမည်။
            ရုပ်ရှင်ထဲတွင် မင်းသားနိုင်သည့်အခါ ကလေးများက လက်ခုပ်တီး၍ အားပေးကြသည်။ သီရိလင်္ကာမှ တမီလ်ကျား သူပုန်များကို အပြတ်ရှင်းလိုက်နိုင်ပြီဟု အစိုးရက ကြေငြာသည့်အခါ ကျွန်တော်သည်လည်း မဆီမဆိုင် (ကလေးများကဲ့သို့ပင်) အလွန်ဝမ်းသာသဖြင့် လက်ခုပ်လက်ဝါး တီးချင်မိလေ၏။ ထိုတမီကျားများကို ကျွန်တော် ငယ်စဉ်ကတည်းက သေနတ်နှင့် သွားပစ်ချင်နေခဲ့တာ ဖြစ်၏။ သူတို့ကြောင့် လူအများဒုက္ခရောက်နေရသည်ကို နည်းနည်းကလေးမှ မနှစ်မြို့ခဲ့ပါ။
            ထို့အတူပင် အိန္ဒိယက ကက်ရှ်မီးယားပြဿနာကို ရှင်းလိုက်နိုင်သည့်အခါတွင်လည်း ကျွန်တော့်ဘကြီး သိန်း ၃၀၀ ထီ ပေါက်သကဲ့သို့ ၀မ်းသာခဲ့သည်သာ ဖြစ်ပါသည်။
            ကချင်ဒုက္ခသည်စခန်းမှ ကလေးငယ်များကိုတွေ့ရသည့်အခါ ကျွန်တော် အလွန်စိတ်မကောင်းဖြစ်ရသည်။ တောသူတောင်သားများမှာ အလွန်ရိုးသားကြပါသည်။ ဒါ သူများပြောတာ သံယောင်လိုက်တာမဟုတ်။ ကျွန်တော်ကိုယ်တိုင် ဟိုး ရိုးမတောထဲက တောသားဖြစ်သဖြင့် ပြောသည်။ သည်တောသူတောင်သားများမှာ သူတို့လုပ်သည့် ကိစ္စလည်းမဟုတ်။ သူတို့နှင့်လည်း ဘာမှ မပတ်သက်ပါဘဲလျက် အိမ်များမီးရှို့ခံရသည်။ ဘုမသိ၊ ဘမသိ အသတ်ခံရသည်။ ကိုယ့်တိုင်းပြည်ထဲ မနေရဲလို့ ယိုးဒယားဘက် ပြောင်းပြေးကာ ဒုက္ခသည်စခန်းများ၌ ဒုက္ခပေါင်းစုံ ဖင်ခုထိုင်ကာ နေကြရသည်။ အဖေက နှိပ်စက်လွန်းသဖြင့် ပထွေးထံ ခိုကပ်နေရသော ကလေးများပမာ မဟုတ်ပါလော။ အနှီ သကောင့်သား၊ သကောင့်သမီး ကိုဒုက္ခိတ၊ မယ်ကာကတို့မှာ မဆီနှင့်မဆိုင်၊ လက်ပံသား- ဓားနှင့်ချိုင် ခံရသူများ မဟုတ်ပါလော။
            သည်ပြည်တွင်းစစ်မီးကို တကယ်မငြိမ်းနိုင်တာလား၊ ကိုယ့်ပါဝါကျသွားမှာစိုးလို့ ငြိမ်းချင်ယောင်ဆောင်ပြီး မီးရှို့နေတာ လား ဆိုသည်ကို ကျွန်တော်မသိပါ။ ကျွန်တော်က နိုင်ငံရေးနှင့်ပတ်သက်လျှင် နလဘိန်းဒုံး ဖြစ်၏။ (ဒုံးဝေးချင်ယောင် ဆောင်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ၊ အနို့ကြောက်တတ်တာကိုး။) မောင်မင်းကြီးသားတို့ အသံပြာအောင် ဟစ်နေသည့် ငြိမ်းချမ်းရေးကို ရအောင် တကယ် မစွမ်းဆောင်နိုင်ဘူးလား။ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပေးလိုက်ပါ။ ဒီကနေ့ ပေးလိုက်လျှင် နက်ဖြန် မီးကိုရေနှင့်ငြိမ်းလိုက်သလို ၀ုန်းကနဲ အလိုလို ငြိမ်းချမ်းသွားလိမ့်မည်။ (အဲသလောက်ကို ယုံတာ။) ကျွန်တော်ကတော့ စိုးလွင်လွင့် သီချင်းလို ကိုယ့်ဘက်လည်း တစ်ချက်လောက်တော့ လှည့်ကြည့်သင့်ပါတယ် ဟုသာ ဟစ်လိုက်ချင်တော့သည်။


(၃) ရှို့မီး

            ဟော သည်ဘက်ခေတ်ကျတော့ တစ်မျိုး။ အောင်မယ်၊ ပုဆိုးလဲခါစကတော့ ဟုတ်မလိုလို။ ပုဆိုးမချွတ်ခင်က ဒီပုပ်ထဲက ဒီပဲပါဘဲကွာ ဟု အထင်မကြီးခဲ့သည့် ကျွန်တော်မှာ ပုဆိုးချွတ်ပြီးစ ၎င်းတို့လုပ်ပုံ ပိရိသည့်အတွက် အောင်မယ်၊ မဆိုးဘူးဟ၊ မောင်မင်းကြီးသားတို့ ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေဟု ယောင်ယမ်း တောင်းဆု ပြုလိုက်မိသေးသည်။ ယခုမူ ယခင်က တောင်းထားသောဆုများကို ဘွာခတ်ကာ ပြန်လည် ရုပ်သိမ်းထားပါပြီ။
ရခိုင်နှင့် မိတ္ထီလာ၊ လက်ပံတောင်း၊ မအူပင်၊ တောင်ကြီး မြန်မာပြည်အနှံ့ ဆူပူမှုများ တွေ့ရသည့်အခါ ထိုဆူပူမှုများ နောက်ကွယ်မှ ကြိုးကိုင်နေသူ ဒေ၀ဒတ် သားမက်၏ မယားပါသားများအား သူရို့ဟိုဒင်းကို (လက်ညှိုးပြောတာပါဗျာ၊ တမျိုးမထင်ပါနဲ့။) ဘလိတ်ဒါးနှင့် ပါးပါး ပါးပါး လှီးချင်သည်ထိ အလွန်ရွံရှာ စက်ဆုပ်မိပါသည်။  
            မွတ်ဆလင်နှင့် ဗုဒ္ဓဘာသာဆိုတာ သူ့ဘာသာသူနေ၊ ကိုယ့်ဘာသာကိုယ်နေ။ အနေသာကြီး။ သည်လိုနေလာလို့ပဲ နှစ်တွေ ဘယ်လောက်ကြာပြီလဲ။ သူရို့သားသမီးမြေးမြစ်တွေတောင်မှ အဘိုးကြီး အဘွားကြီးတွေ ဖြစ်ကုန်ပြီ။ ဘာမှမလုပ်လျှင် ဘာမှ မဖြစ်။ သဘာဝတရားအရ ထို နှစ်ဘာသာသည် ၀ိရောဓိ ဖြစ်ချင်ဖြစ်မည်။ အယူအဆချင်းမှ မတူတာကိုး။ သူနှင့်ကိုယ် အယူအဆချင်းမတူတာနှင့်ပဲ ပြဿနာဖြစ်ရရောလား။
သူတို့အစ်နေ့လုပ်လျှင် ကိုယ် အမဲသားစားရမည်။ ကိုယ်တို့ သီတင်းကျွတ်လပြည့်နေ့ မီးထွန်းပွဲကျတော့ သူတို့ မုံ့လက်ကောက်စားရမည်။ ဟန့်ကို ကျလို့။ ဘာပြဿနာ ဖြစ်ရမတုံး။ (စကားစပ်၍ပြောရလျှင် ကာတွန်းတင်အောင်နီရေးသည့် ပြာလောင်ကာတွန်းများ၌ ကုလားကလေး၊ တရုတ်ကလေးနှင့် မြန်မာကလေး သူငယ်ချင်းသုံးယောက်တို့ အတူပျော်ပါးစွာ ဆော့ကစားနေကြသည့်ကာတွန်းစာအုပ်များ အတော်များများ ထွက်ခဲ့ပါသည်။ ဆရာ ကာတွန်းတင်အောင်နီအား အလွန် ကျေးဇူးတင်စရာကောင်းလှ၏။ သူက သူ့နည်းသူ့ဟန်နှင့် racial harmony အကြောင်း ကလေးတွေကို သင်ပြပေးသွားတာ ဖြစ်ပါသည်။ ထိုကာတွန်းစာအုပ် ၂ သောင်းလောက်ဝယ်ကာ ဟိုလူကြီးများ လက်ထဲသွားထည့်လိုက်ချင်ပါသည်။ ၎င်းတို့၏ အင်မတန်အောက်တန်းကျလှသော စိတ်ဓာတ်များကို ရိပ်မိစေရန် ဖြစ်သည်။) (ဘာလို့လဲဆိုတော့ နိုင်ငံရေးစာကြီးပေကြီးတွေ ပေးရင် နားလည်မှာ မဟုတ်ဘူးဗျ။ ကာတွန်းစာအုပ်လောက်မှ။)
            သို့သော် ဘာသာရေးဆိုတာ ဆတ်ဆတ်ထိမခံ ဟူသော လူတို့၏ ပျော့ကွက်၊ အားနည်းချက်ကိုနင်းကာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးသည်။ လူတွေကလည်း ဟို ဓမ္မစေတီခေါင်းလောင်းတုံးက ရေးခဲ့သလို၊ ကိုယ့်ကို ရှူးတိုက် လို့ တိုက်ပေးမှန်းမသိ။ နောင်ဖြစ်လာမည့် အကျိုးဆက်ကို ထည့်မတွက်။ ထစ်ကနဲရှိ ၀ိုင်းပြီး ဆွမ်းကြီးလောင်းကြဘို့ လောက်သာ နားလည်လေရကား အမှိုက်ကစသည့် မီးစကလေးမှာ ပြဿာဒ် တက်လောင်သည်ထိ ဖြစ်လေတော့သည်။
လက်တစ်ဆုပ်စာလောက်ရှိသည် စင်ကာပူနိုင်ငံကလေးမှာတော့ သည် လူမျိုးရေး၊ ဘာသာရေးကိစ္စများကို နည်းနည်းမှ အထိမခံ။ Racial harmony ဆိုတာကို ကျောင်းသားဘ၀ကတည်းက လေ့ကျင့် သင်ကြားပေးထားသည်။ မည်သည့်နေရာမှာမဆို လူမျိုးတစ်မျိုးတည်း အများကြီးဖြစ်မနေစေရအောင် ထိန်းထားသည်။ ဥပမာ - ရပ်ကွက်အတွင်း၌ အိန္ဒိယ၊ မလေး၊ တရုတ် နှင့် အခြားဆိုပြီး အညီအမျှ ခွဲတမ်းချပေးထားသည်။ ထိုရပ်ကွက်တွင် မလေးလူမျိုး ခွဲတမ်းပြည့်နေပြီ ဆိုပါစို့။ နောက် မလေးလူမျိုးတစ်ယောက်က ထိုရပ်ကွက်အတွင်း အိမ်ဝယ်ချင်လျှင် မလေးလူမျိုး၏ အိမ်ကိုသာ ၀ယ်ခွင့် ရတော့မည်။ တရုတ်လူမျိုး၊ အိန္ဒိယလူမျိုးပိုင်သည့် အိမ်ကို ၀ယ်ခွင့်မရတော့။
The Straits Times ၌ လူမျိုးရေးချစ်ကြည်မှုအကြောင်း ဆောင်းပါးများ ပါ ပါ လာတတ်သည်။ ထိုအကြောင်းများကို ကျွန်ုပ်တို့တိုင်းပြည်မှ လူကြီးမင်းများဖတ်ရအောင် ဘာသာပြန်ရန် ကျွန်တော် စုဆောင်းထားတာရှိ၏။ သို့သော် လူက ဂနာမငြိမ်။ ဟိုရောက်လိုက် သည်ရောက်လိုက်နှင့် ခုထိ ဘာသာမပြန်ဖြစ်။ စင်ကာပူတွင်နေထိုင်သူများကတော့ သတိပြုမိ ကြပါလိမ့်မည်။ တီဗီထဲတွင် ကုလားအဘိုးကြီးက တရုတ်အဘိုးကြီးကို ရေချိုးပေးနေတာ၊ အိန္ဒိယ၊ တရုတ်၊ မလေး အဘိုးကြီး အဘွားကြီးများ စကားဝိုင်းထိုင်ပြော၊ အတူလမ်းလျှောက်ကြ၊ လေ့ကျင့်ခန်း အတူလုပ်ကြသည့် အကြောင်းများ မကြာခဏ လာတတ်သည်။
နောင်ဘ၀ဆိုတာ မသေချာဘူး။ သည်ဘ၀ လူဖြစ်ရတုံး ရသမျှအကုန်ယူမည်ဟု သဘောထားလျှက် တစ်ဘ၀စာစံဘို့ ဉာတကာနဉ္စသင်္ဂဟော နေသူများ။ တိုင်းပြည်တွင်းရှိသမျှ ရွှေတွင်း၊ ငွေတွင်း ပယင်း၊ ဒုတ္ထာ၊ မြေပေါ်မြေထဲ၊ ရေပေါ်ရေထဲ၊ လေပေါ်လေထဲ (ဟုတ်ပေါင်) ရှိသမျှသယံဇာတအားလုံးကို အဘိုးပေးခဲ့သော အမွေအဖြစ်ခံယူလျှက် ရောင်းချ စားသောက် နိုင်ရန် အာဏာကို လက်ထဲအပိုင်စွဲထားလိုသည့်အတွက် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ဖန်တီးနေသူများအား မီးလောင်၊ သေကြေ၊ ဒဏ်ရာရ၊ ဒုက္ခရောက်ရသူများကို နည်းနည်းလောက် စာနာကြည့်ပါမည့်အကြောင်း အနူးအညွတ် မေတ္တာရပ်ခံလိုပါသည်။

(၄) တရားလုပ်ရင်း မတရားဖြစ်ကြခြင်း

            အောက်တွင်ရေးသားထားသည်များကိုသာ ဖတ်ရပါက ဘုန်းကြီးများ၊ ဘာသာရေးကို တရားလွန်မျက်စိမှိတ် ယုံသူများအနေနှင့် ယမ်းပုံမီးကျ ဒေါသထွက်မှာ မလွဲဟု ကြိုတင်ပြောလိုပါသည်။ လမ်းမှာကျွန်တော့်ကိုတွေ့လျှင် ချောင်းရိုက်ချင်စိတ်ပင် ပေါက်ပါ လိမ့်မည်။ သည်လောက၌ အမှန်တရားနှင့် မမှန်တရား မည်သည်က များပါသနည်း။ မမှန်တရားက ပိုများကြောင်း အထွေ အထူးပြောစရာမလိုပါ။ သဟာကျွန်တော်ပြောတာမဟုတ်ပါ။ မြတ်စွာဘုရား ဟောခဲ့တာ ဖြစ်ပါသည်။
            ကျွန်တော့်လမ်းစဉ်ကတော့ အမှန်တရားနှင့် အဆိပ်ခွက် နှစ်ခုအနက် အဆိပ်ခွက်ကိုသာရွေးခဲ့သည့် ဆိုကရေးတီး၏ လမ်းစဉ်ဖြစ်ပါသည်။ လူများကြိုက်တာမကြိုက်တာ ကျွန်တော့်အလုပ်မဟုတ်ပါ။ လူအများ အသိအမြင်မှန်များ ရလာစေရန် အမုန်းခံပြောခြင်းဖြစ်ပါသည်။ ကျွန်တော်လည်း ဗုဒ္ဓဘာသာကို နှစ်နှစ်ကာကာ ယုံကြည်ကိုးစားသူ ဖြစ်ပါ၏။ သို့သော် အများယောင်လို့ယောင်၊ အမောင်တောင်မှန်းမြောက်မှန်းမသိ ဆိုသည့်အစားထဲက မဟုတ်ပါ။ မြတ်စွာဘုရား ဟောသည့် အတိုင်း အတတ်နိုင်ဆုံး နေထိုင်ကျင့်ကြံသူသာ ဖြစ်ပါသည်။
ကျွန်တော်ပြောသည်များကို ဟုတ်မဟုတ်၊ မှန်မမှန်၊ နဖူးပေါ်လက်တင်၍သော် လည်းကောင်း၊ လက်ပေါ် နဖူးတင်၍ သော်လည်းကောင်း၊ ကိုယ်ပိုင်အသိဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားကြစေ လိုပါသည်။ အများကြီးမပြောပါ၊ နမူနာအနည်းငယ်၊ သိသာရုံမျှ ပြောပါမည်။ ကျန်သည့်ကိစ္စများ ကိုယ့်ဘာသာ ဆက်စဉ်းစားနိုင်ပါသည်။
(ကိုင်း၊ စကားပလ္လင်တော့ ခံပြီးပြီ။ အသားကုန် တုတ်တော့မယ်။)

City Harvest Church ပြဿနာဆိုလျှင် စင်ကာပူနေသူ အကုန်သိသည်။ ဘုရားကျောင်းမှ ငွေများကို အလွဲသုံးစား ပြုသဖြင့် တရားစွဲခံရခြင်းဖြစ်၏။ ယခုထက်တိုင်မပြတ်သေး။ တမြန်မနှစ်က ဟိန္ဒူဘုရားကျောင်းမှ ဘုန်းကြီးတစ်ပါးလည်း ငွေအလွဲသုံးစားမှုဖြင့် တရားစွဲခံခဲ့ရသေးသည်။ ဘုရားကျောင်းပိုက်ဆံပါဆိုမှ။ အဘယ်မှာလျှင် စီးပွားရေးလုပ်လို့ရတာ ဟုတ်ပါမည်နည်း။ အားလုံး အလှူငွေများချည်း ဖြစ်သည်။ သည်အလှူငွေများကို ကိုယ်ကျိုးအတွက် အလွဲသုံးခြင်းဖြစ်၏။ ဓမ္မထဲက အဓမ္မ။
ပထမဆုံး ကျွန်တော်ပြောလိုသည်မှာ တရားပွဲများ ဖြစ်၏။ ကျွန်တော်ယခင်တစ်ခေါက် မြန်မာပြည်ပြန်စဉ် လှည်းတန်းဘက်လမ်းလျှောက်တော့ တရားပွဲကြီးတစ်ခု ခြိမ့်ခြိမ့်သဲကျင်းပနေသည်ကို တွေ့ရ၏။ တရားပွဲ မုခ်ဦးကြီးမှာ ကြီးမားလှပါဘိ။ လူသွားလမ်းပလက်ဖောင်းကို နေရာအပြည့်ယူကာ ဆောက်လုပ်ထားသည်။ မုခ်ဦးထိပ်မှာတော့ တရားဟော ဓမ္မကထိကဆရာတော်များကို ဓာတ်ပုံကြီးများဖြင့် ကြော်ငြာထား၏။ ကျွန်တော်တို့ငယ်ငယ်က မင်းသား မိုးမင်း၊ မိုးဝင်းတို့၊ ဆောင်းမင်းသမီးလေး ၀င်းဝင်းအေးတို့၊ စိန်မာဒင်တို့ ကြော်ငြာသကဲ့သို့ ဖြစ်သည်။  
နောက်ပြီး တရားပွဲကျင်းပရာနေရာမှာလည်း ဦးထွန်းလင်းခြံလမ်းကို အပြည့်ယူထားတာ ဖြစ်၏။ လမ်းကိုပိတ်ပြီး တရားဟောစင်မြင့်ကြီး ဆောက်ထားသည်။ တရားဟောစင်မြင့်ရှေ့တွင်မတော့ ရောင်စုံပန်းများဖူးပွင့်နေလိုက်သည်မှာ သိကြားမင်းဦးမာဃ၏ နန္ဒဥယျာဉ်နှင့် နင်လား ငါလား ဖြစ်တော့သည်။ တရားဟောစင်မြင့်ရှေ့မှ လမ်းတစ်ခုလုံးကို ကော်ဇောများ၊ စောင်များ ဖျာများဖြင့် နေရာအပြည့်ယူထားသည်။
တရားနာသူအားလုံးသာမက အနီးပတ်ဝန်းကျင် ခုနစ်ရက်သားသမီး အကုန်ကြားရအောင် ဆောင်းဘောက်စ်၊ လော်စပီကာကြီးများနှင့် အော်ထားလိုက်သည်မှာ နားကွဲမတတ်။
သည်မြင်ကွင်းကို မိတ်ဆွေကြည့်ပြီး ဝေဘန်ကြည့်စမ်းပါ။ ပလက်ဖောင်းအပြည့် မုခ်ဦးကြီးက နေရာယူထားသဖြင့် လမ်းသွားစရာ နေရာမရှိ။ လမ်းသွားလမ်းလာတို့မှာ ကားများ တင်းကြမ်းပြည့်နေသော ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ် ဆင်းလျှောက်ရသည်။ လမ်းမဟုတ်သည့် ပလက်ဖောင်းတစ်ဘက်ကလျှောက်ပါလား မပြောပါနှင့်။ ရန်ကုန်က လမ်းဘေး ဆိုင်များ ဆိုသည်မှာ ပလက်ဖောင်းပေါ် နဖူးတင်ဆောက်ထားရုံမျှမက ပလက်ဖောင်းပေါ်တွင် ကြော်ငြာဆိုင်းဘုတ်များ တင်ထားတာ မိတ်ဆွေများအသိ။ လှည်းတန်းဆိုတာ အလွန်လူရှုပ်သည့်နေရာ။ မိတ်ဆွေများ စဉ်းစားကြည့်စမ်းပါ။
လမ်းအပြည့် တရားပွဲက နေရာယူထားတာဆိုတော့ ဘယ်နေရာကမှ လမ်းလျှောက်စရာမရှိ။ ခင်းထားသော ဖျာများပေါ်နင်းသွားလျှင်တောင်မှ တရားဟောစင်ကြီးကို ဘယ်လိုမှ မကျော်နိုင်။ ဟိုဘက်အိမ်၊ သည်ဘက်အိမ် အပြည့် ထိုးထားတာဖြစ်သည်။
ကျွန်တော့်မှာ စိတ်ပျက်စွာဖြင့် လှည့်ပြန်ခဲ့ရသည်။ ကျွန်တော်ကဲ့သို့ သည်လမ်းကိုဝင်မည့်သူ မည်မျှ လှည့်ပြန်ခဲ့ရပြီ မသိ။ ယခုစာဖတ်နေသူများထဲတွင်ပင် ပါချင်ပါလိမ့်မည်။ သို့မဟုတ် ဤအဖြစ်မျိုးနှင့် ခပ်ဆင်ဆင်ကို ကြုံဖူးကြပါလိမ့်မည်။
မိတ်ဆွေများခင်ဗျား။ နိဗ္ဗာန်သည် လောကတွင် အမြင့်မြတ်ဆုံးဖြစ်၍ နိဗ္ဗာန်ရောက်ကြောင်းတရားဟောမည့် ကိစ္စလောက် မည်သည့်ကိစ္စကမှ ပိုအရေးမကြီး။ မည်သူ့ကိုမှ ဦးစားမပေးနိုင်။ ငါတို့ချည်းသာ မောင်ပိုင်လုပ်ရမည်ဟု သင် ထင်ပါသလား။ ဤသို့လုပ်တာ မှန်သည်ဟု အသင်ယူဆပါသလား။
မိမိတို့တရားပွဲကြောင့် ထောင်နှင့်ချီသော လမ်းသွားလမ်းလာတို့ အနှောင့်အယှက်ဖြစ်ရသည်။ အကယ်၍ အင်းစိန် လမ်းမကြီးပေါ် ဆင်းလျှောက်ရသည့် လမ်းသွားလမ်းလာတစ်ယောက်ကို ကားတိုက်သေခဲ့လျှင် ထိုတရားပွဲ၌ ဘာအပြစ်မှမရှိ။ သူသောက်သုံးမကျလို့သေတာဟု အသင် ယူဆပါမည်လား။ ထိုသေသူသည် အသင်၏ သားသမီး၊ မောင်နှမ၊ မိဘ၊ ဆွေမျိုး သားချင်းဖြစ်လျင် သင်မည်ကဲ့သို့ ခံစားရပါမည်နည်း။
ထို့ပြင်တ၀ ထိုလမ်းထဲ၌ တရားပွဲစပွန်စာ ဒါယိကာတစ်ယောက်တည်း နေတာမဟုတ်။ လူပေါင်းသောင်းခြောက် ထောင် နေကြတာဖြစ်သည်။ ထိုသူများထဲတွင် ဗုဒ္ဓဘာသာအများစုရှိမည်ဖြစ်သလို ခရစ်ယာန်လည်းပါမည်။ အစ္စလာမ်လည်း ပါမည်။ ဗုဒ္ဓဘာသာတွေချည်းပဲ ထားပါဦး။ တရားပွဲမကျင်းပမီ ညနေကတည်းက အော်လံကြီးနှင့်ဟစ်လိုက်၊ ဓမ္မသီချင်းများ ဖွင့်လိုက်ဖြင့် ည ၁၀ နာရီ ၁၁ နာရီထိ ခံစားရမည့် အနှီ လမ်းနေပြည်သူအပေါင်း၏ နားဒုက္ခကို တွေးကြည့်ရုံနှင့် ခေါင်းကိုက် လှပြီ ဖြစ်ပါသည်။
သဟာဆို သည်လိုလုပ်တာ တရားသလား၊ မတရားဘူးလား။ ကိုယ်လုပ်ချင်တာပဲလုပ်ပြီး သူများဘို့ နည်းနည်း ကလေးမှ ထည့်မတွက်သည့် အနှီ တရားဒကာ၊ ဒကာမ တို့လုပ်ရပ်ကို ဓမ္မဟုခေါ်မည်လား၊ အဓမ္မဟု ခေါ်မည်လား။ တရားဟောသည့် ဓမ္မကထိကဆရာတော်များကရော ဟဲ့၊ နင်တို့သည်လိုလုပ်တာ မတော်ဘူးဟဲ့ မပြောသင့်ပါလား။ မပြောလို့သာ ကျွန်တော်ပြန်တိုင်း သည်တရားပွဲများ တွေ့နေရခြင်းဖြစ်သည်။ ဒါဆို ထိုဆရာတော်များသည်လည်း ဓမ္မထဲမှ အဓမ္မဖြစ်နေခြင်း မဟုတ်ပါလား။
(အင်း၊ ခုလောက်ဆို ဆဲမည့်သူ အနည်းဆုံး ၂၅၀ လောက်တော့ရပြီ။ ရိုက်ပေါက်ကို ဆက်ပြောပါမည်။)

             နောက်တစ်ခု။ သည်ခေါင်းစဉ်အစပိုင်းက ဖော်ပြခဲ့သည့် City Harvest ဘုရားရှိခိုးကျောင်း ငွေအလွဲသုံးစားမှုနှင့် ဆင်တူမည်။ မည်သည့်တရားပွဲမဆို တရားဟော ဓမ္မကထိကများမှာ အလှူငွေများ သောက်သောက်လဲရသည်။ (အောင်မယ်၊ သိန်း ၃၀ မရရင် ပလ္လင်ပေါ်မတက်ဘူးဆိုတာက ရှိသေး။) ကလျာဏနွယ်ဝင် သူတော်စင်အပေါင်းတို့ကလည်း အိမ်က ကလေးသာ ထမင်းမ၀ ရှိရမည်။ နိဗ္ဗာန်ရောက်ဘို့အရေးဆိုတော့ အိတ်ထဲပါသမျှ အကုန်လှူလိုက်ရမှ။
            သို့ဆိုလျှင် ထိုတရားပွဲတွင် အလှူငွေမည်မျှရသည်၊ တရားပွဲအတွက် ကုန်ကျစရိတ် မည်မျှရှိသည်။ ဆရာတော်ကို အသားတင်လှူလိုက်တာ ငွေသားက ဘယ်လောက်၊ မည်သည့်ပစ္စည်းက ဘယ်မျှ စာရင်းလုပ်ထားတာ ရှိပါသလား။ ထို့ထက် ထိုမျှများပြားလှသော သိန်း ဆယ်ဂဏန်းတော်တော်များများ (ရာဂဏန်းတော်တော်များများ ဖြစ်ချင်ဖြစ်ပါမည်။ ကျွန်တော် မသိပါ။) ကို အနှီဆရာတော် မည်ကဲ့သို့ အသုံးပြုသည်ကို မည်သူ စာရင်း စစ်ပါသနည်း။
(တောက်၊ ခွေးမသား။ မင်းဘာစကားပြောတာလဲ။ ဟင်၊ မိစ္ဆာဒိဌိ။ ငါတို့လှူတယ်ဆိုတာ အပြတ်လှူတာကွ။ သူ့ဟာသူ ဘာသုံးသုံး။ မင်းနဲ့ဘာဆိုင်သလဲ။)
(ခဏနေပါဦးခင်ဗျာ။ စကားဆုံးအောင် နားထောင်ပါဦး၊ ပြီးတော့မှ နားရင်းအုပ်ချင်အုပ်ပါ။)

မိတ်ဆွေများခင်ဗျာ။ ကျွန်တော်တို့ဦးဆောင်၍ စနေဓမ္မမိတ်ဆွေများအဖွဲ့ကို ဖွဲ့စည်းပြီး လစဉ် (တစ်လမှမပျက်ဘဲ) လှူဒါန်းခဲ့တာ ယခုဆို ၁၂ နှစ်ကျော်ခဲ့ပါပြီ။ ကျွန်တော်တို့က ပညာရေးကိုပထမ၊ ကျန်းမာရေးကို ဒုတိယထားပြီး ရေတွင်းရေကန်၊ လမ်းတံတားများကို တတိယထားလှူသည်။ လှူစ (၂၀၀၁၊ ၂၀၀၂ခုနှစ်) ကာလများက အစိုးရမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများကို ဦးစားပေးလှူပါသည်။ သို့သော်လည်းပေါ့ခင်ဗျာ။
အစိုးရကျောင်းပါဆိုမှ အစိုးရက ပိုင်သပေါ့။ သည်တော့ ကျွန်တော်တို့က ဆင်းရဲသည့်ကျောင်းများကို အခင်းများ ခင်းပေး၊ အမိုးအကာများ မိုးကာပေး လုပ်နေသည်ကို မကြည့်နိုင်သော ပညာရေးဌာန ကြီးကြီးမာစတာကြီးက ဟေ့ကောင်၊ မင်းတို့ကို ဘယ်သူက ခွင့်ပြုလို့ ငါတို့ဌာနကကျောင်းတွေ လာလှူနေတာလဲ၊ နောက်ကို လှူချင်သပဆို ငါ့ဆီ လူကိုယ်တိုင်လာ တွေ့ပြီး ခွင့်ပြုမိန့်ယူရမယ် ဟု အမိန့်စာထုတ်လေတော့ရာ ကျွန်တော့်မှာ အသည်းများနာလျှက် ကဲကဲ၊ ကလေးတို့ရေ၊ မင်းတို့ထိုက်နဲ့ မင်းတို့ကံပေါ့ကွယ်။ မြေကြီးပေါ်သာထိုင် စာသင်ကြပေရော့ ဟု နောက်ဆုတ်လိုက်ရပါတော့၏။
ထိုမှစ၍ အစိုးရကျောင်းများကို ကျောခိုင်း၊ ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင် စာသင်ကျောင်းများကိုသာ အဓိက ထား လှူကြပါသည်။ ထို့ကြောင့် မြန်မာပြည်မှ ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ကျောင်းမှန်သမျှ ကျွန်တော်တို့အလှူနှင့် မကင်းဟုပင် ကြွားလုံးထုတ်လိုက်ချင်ပါသည်။ အဘယ်ကြောင့်နည်း။ ထို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ကိုင်ရသူ ဦးတင်ထွဋ်က မြန်မာ တစ်နိုင်လုံးရှိ ဘုန်းတော်ကြီးသင်နှင့် သီလရှင်သင်ကျောင်းအားလုံး၏ မှတ်ပုံတင်စာအုပ်ကြီး အား ကျွန်တော်တို့ကို ပေးကာ စိတ်ကြိုက်လှူစေသောကြောင့် ဖြစ်သတည်း။
ကျွန်တော်ဆိုလိုချင်သည်မှာ ပရဟိတလုပ်နေသည့် ဘုန်းတော်ကြီးများရှိသည်ကို ကျွန်တော်တို့သိကြောင်း ပြောလို၍ ဖြစ်ပါသည်။ သို့တိုင် ထို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဘုန်းတော်ကြီးများမှာ တစ်ည သိန်း ၃-၄၀ ရသည့် တရားဟော ဓမ္မကထိကများ မဟုတ်ကြပါ။
သို့ဆိုလျှင် (တရားပွဲကျင်းပသူများကိုပါ) ကျွန်ုပ်မေးခွန်းထုတ်လိုသည်မှာ ထိုတရားပွဲများ ဆိုသည်မှာ လူများကို ဓမ္မအသိအမြင်များ ပေးဘို့လား။ သို့မဟုတ် ပိုက်ဆံရှာဘို့လား။  (ကျွန်တော်က မြန်မာပြည်သို့ တစ်နှစ်မှ ဆယ့်လေးငါးရက် လောက်ပြန်သဖြင့် သေသေချာချာ မသိပါ။ သိသူများ ပြောပြနိုင်ပါသည်။)

ဘုန်းကြီးဟူသည် ဘာ စား၊ ၀တ်၊ နေမှုအတွက်မှ ပူပန်ကြောင့်ကြစရာမလို။ 

  • ဆွမ်း - ဒါယိကာ၊ ဒါယိကာမတွေက ကပ်သည်။
  • သင်္ကန်း - ဒါယိကာ၊ ဒါယိကာမတွေက လှူသည်။
  • ကျောင်း - ဒါယိကာ၊ ဒါယိကာမတွေက လှူသည်။
  • ဆေး - ဒါယိကာ၊ ဒါယိကာမတွေက လှူသည်။


            သည်ပစ္စည်းလေးပါးစုံလျှင်ပင် ဘုန်းကြီးကိစ္စပြီးတော့၏။ နောက်ထပ် ဘာ သားကျွေးမှု၊ မယားကျွေးမှုမှ ပူစရာမလို။ ဘာပစ္စည်းလိုချင်သည်။ ဒကာ၊ ဒကာမတွေထံ အလှူခံလိုက်ရုံဖြစ်သည်။ မရတော့ကော၊ ဘာမှ မဖြစ်။
            သဟာဆို ဘယ့်အတွက် သည်မျှများပြားသော ပိုက်ဆံများ လိုအပ်ပါသနည်း။

            တောမြို့လေးတစ်မြို့မှ ကျွန်တော့်ဦးလေး ဘုန်းကြီးတစ်ပါး ရန်ကုန်ကို ကြွလာသည်။ တောမြို့လေးဖြစ်သည့်အတွက် မြို့သူမြို့သားများက အလွန်ကြည်ညိုသဖြင့် အလွန်ချမ်းသာသည် ဆို၏။ ဘုန်းကြီးရန်ကုန်ကိုလာသည်ဆိုတော့ အဆွေအမျိုးတွေက ကျွန်တော်တို့အိမ်ကိုလည်း ကြွစေချင်သည်။ သည်တော့ မမက ဘုန်းကြီးထံ လှမ်း ဖုံးဆက်၏။ အရှင်ဘုရား၊ အိမ်ကို ဆွမ်းစားကြွပါ ပေါ့။ သည်တော့ ကျွန်တော်တို့ဦးလေးဘုန်းကြီးက နင်တို့က ငါ့ကို ဘယ်လောက်လှူမှာ မို့လို့လဲ ဟု မေးသည်ဆို၏။
            ကျွန်တော့်အစ်မကြီးမှာ ကျွန်တော်နှင့်မောင်နှမတော်သည့်အတွက် ကျွန်တော်ကဲ့သို့ပင် ဂွစကားပြောရာ၌ ချန်ပီယံ မြောက်ပေသည်။
            ဒီမယ်ဦးဇင်း၊ ဦးဇင်းတို့မှာ သားကျွေးမှု၊ မယားကျွေးမှု ဘာမှ ကုန်ကျစရာမရှိပါဘဲလျှက် သည်လောက်တောင် လောဘတွေတက်နေရင်လည်း မလာပါနဲ့။ လှူမှကြွမယ်ဆိုရင်တော့ တပည့်တော်တို့ မဖိတ်ပါဘူး ဟု ဘုတောလိုက်လေသည်။

တရားလျှောက်လျှင်မဆုံး၊ တရားပေါက်လျှင် တစ်လုံး ဆိုသော စကားရှိသည်။ မြင်းခြံမှ ရဟန္တာ စွန်းလွန်းဆရာတော် ဘုရားကြီးမှာ လယ်သမားကြီးဖြစ်ပါသည်။ စာတစ်လုံးမှ မတတ်ဟု အဆိုရှိသည်။ သို့ဆိုလျှင် သူ အဘယ်ကြောင့် ရဟန္တာ ဖြစ်သနည်း။
မြတ်စွာဘုရား၏ ညီတော် ပန်ဆုလေးသွယ်၊ ပယ်ဆုလေးပါး အရှင်အာနန္ဒာ မှာ ဘုရားဟောသမျှ တရားအားလုံးကို အာဂုံဆောင်ထားနိုင်သဖြင့် ဓမ္မဘဏ္ဍာဂါယိက၊ တရားဘဏ္ဍာတော်ထိန်း ဖြစ်၏။ သို့တိုင် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုသည်ထိ ရဟန္တာမဖြစ်သေး။ သောတာပန်မျှသာ ရှိသေးသည်။ နောက်ပိုင်း တရားအားထုတ်တော့မှ သစ္စာလေးပါးကို မျက်မှောက် ပြုနိုင်တာဖြစ်၏။
မြန်မာပြည်လောက် တရားပွဲပေါတာ သည်ကမ္ဘာမှာ ဘယ်နေရာမှ မရှိနိုင်။ ကမ္ဘာပေါ်တွင် တရားနာပရိသတ် အများဆုံးနိုင်ငံကို ပြပါဆိုလျှင် မြန်မာနိုင်ငံကို ပြရလိမ့်မည်။
သည်မျှ တရားပွဲများပေါများလျှက်၊ သည်မျှ တရားနာပရိသတ်များ များပြားနေပါလျှက် အဘယ်ကြောင့် -
(အဲလေ တစ်ခုချင်း ချမရေးတော့ပါဘူး။)
မြန်မာပြည်တွင် သည်မျှ ဗရုတ်သုတ်ခတွေ ပေါများနေရပါသနည်း။ (အလေးခိုးတာ၊ ရေထိုးတာ၊ ကယ်မီကယ်တွေ ရောတာ၊ ပိုက်ဆံ နှစ်သိန်းလောက်တောင်းပြီး နှစ်ထောင်တန်လောက် လုပ်ပေးတာ၊ ကျောင်းမှာစာမသင်ဘဲ အိမ်ခေါ် ကျူရှင်ပေးတာ၊ ဓာတ်မြေသြဇာအိတ်တွေကို မော်တော်အစီးလောက် ဖျောက်ပစ်တာ၊ ဘုရားဒကာ အကြီးစားကြီးတွေက ဗမာပြည်ကထွက်သမျှ ကိုယ့်အဖေပစ္စည်းလိုသဘောထားပြီး ထုတ်ရောင်းစားတာ၊ ဟ၀ှာတွေ ပြန်ပေးရမှာစိုးလို့ နေ့ခင်းကြောင်တောင် အိမ်ပေါ်တက် အကုန်သတ်ပစ်တာ၊ အို - အကုန်ပေါ့လဗျာ။)
မိတ်ဆွေများ ဖြေကြပါခင်ဗျား။

ဘုန်းကြီးတွေကို ဝေဘန်လို့ ယမမင်းက စောင့်နေတယ်ဆိုရင်လည်း တစ်နေရာစာသာ ချန်ထားလိုက်ပါလို့ ပြောလိုက်ပါ။

တော်ပါပြီ။ (ဒုတ်စာလောက်နဲ့ ရပ်ထားမှ။ ဆက်ပြောရင် ဓားစာမိတော့မည်။ ယနေ့မှစ၍ နောက် လမ်းထွက်ရင် ဟဲလမက် အမြဲဆောင်းတော့မည်။)

(သြော် နေပါဦး။ သူများမကောင်းကြောင်းတွေပြောနေတာနဲ့ မေ့တော့မလို့။)
မိတ်ဆွေတို့အားလုံး အစစ်အမှန် ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) ပွားနိုင်ကြပါစေ၊ အမှန်နဲ့ အမှား။ တရားနဲ့ မတရား ဝေဖန်ပိုင်းခြားတတ်ကြပါစေကြောင်း ဆုတောင်းလိုက်ပါသည်။

အေးငြိမ်း
၂၆၊ ၈၊ ၂၀၁၄။ ည ၉း၁၈ နာရီ

No comments: