“အမှန်တကယ် ကာတွန်းဆရာ” (အော်ပီကျယ်) 12:49 pm
(ဆရာအော်ပီကျယ်ပြောသွားသည်များကို အားလုံးရေးခြင်းမဟုတ်ဘဲ ကြိုက်သည့်အပိုင်းလေးများကိုသာ
ဖြတ်ရေးထားခြင်း ဖြစ်သဖြင့် ဖတ်ရတာ အဆက်အစပ်မဲ့သကဲ့သို့ ပြတ်တောင်း၊ ပြတ်တောင်းဖြစ်နေပါလိမ့်မည်။
သည်းခံဖတ်ကြပါရန် မေတ္တာရပ် ပါ၏။)
ကျုပ်တို့ပြည်တွင်းဖြစ်ပြောပါတယ်။
သွားကြားထိုးတံတောင် တစ်ဝက်ပဲ ထိုးလို့ရတယ်။ သွားကြားထိုးတံ တစ်ဘူးဝယ်ရင် တစ်ဝက်လောက်က
ထိုးမယ်ကြံတာနဲ့ ကျိုးနေတယ်။ အရည်အသွေးဆိုတာကို နည်းနည်းမှ ထည့်မစဉ်းစားဘူး။ ဓာတ်တိုင်တွေ
ကျိုးကျလို့တဲ့။ သွားကြည့်တော့ အထဲမှာထည့်ထားတဲ့ သံချောင်းက သွားကြားထိုးတံ လောက်ရှိတယ်။
ဓာတ်တိုင်နားမှာ နှာတောင် မချေရဲဘူး။ ဟတ်ချိုးလို့ ခပ်ပြင်းပြင်း နှာချေလိုက်ရင် ဓာတ်တိုင်ကျိုးကျမှာ
စိုးလို့။
စီးပွားရေးလဲ
ကြည့်လိုက်ပါဦး။ အရင်က ခြံတစ်ခြံကို သိန်း ၂၀ လောက်နဲ့ ၀ယ်ထားတယ်။ သိပ်မကြာခင် သိန်း
၂၀၀ လောက်ဖြစ်လာတော့ ထုတ်ရောင်းလိုက်။ အချင်းချင်း လှည့်ပတ်ရောင်းချနေတာ။ ဘာ
production မှ မရှိဘူး။ အကုန် non-productive job တွေပဲဖြစ်နေတယ်။ အဲဒါ စီးပွားရေးတဲ့။
နောက်ပြီး မလိုဘဲနဲ့ အလကားလူတွေကို
အပိုသုံးနေတာ။ ဆိုပါစို့။ ဟောသည်စင်ကာပူက ဘတ်စ်ကားတွေမှာ စပယ်ယာမလိုဘူး။ မြန်မာပြည်က
ဘတ်စ်ကားတွေမှာ စပယ်ယာ သုံးယောက်လောက်ရှိတယ်။ လက်မှတ်ရောင်းဘို့က တစ်ယောက်။ Fင်တွန်းဘို့က
တစ်ယောက်။ ၁ ယောက်ပဲ လိုတဲ့နေရာမှာ ၃ ယောက်ခန့်ထားတယ်။ ဆိုတော့ တစ်ယောက် ရရမဲ့လစာကို
သုံးယောက်ခွဲယူနေရတယ်။ ဆိုတဲ့အခါကျတော့ အရည်အသွေးတွေ ကျကျလာတယ်။
လူတွေဟာ ရေကြည်ရာ မြက်နုရာကို
ပြောင်းကြတယ် ဆိုတဲ့စကားရှိတာကိုး။ မြန်မာပြည်မှာ ရေတွေ အများကြီးရှိတယ်။ မကြည်ဘူး။
မြက်တွေရှိတယ်။ မနုဘူး။ ဒီတော့ ရေကြည်ရာ၊ မြက်နုရာကို သွားကြတယ်။ အဲဒါ သူတို့ အပြစ်မဟုတ်ဘူး။
Human Resource တဲ့။ အဲဒီ
Human တွေဟာ resourceful ဖြစ်ရမယ်။
မြန်မာပြည်မှာနေရတာ အချိန်တွေ
အရမ်းကုန်တယ်။ တစ်နေရာကနေတစ်နေရာ သွားချင်ရင် နာရီပေါင်းများစွာ အချိန်ယူရတယ်။ မလိုဘဲနဲ့
အချိန်တွေကုန်နေတာ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ပေါင်းများစွာ လုပ်တယ်။ ဘာတိုးတက်မှုမှမရှိဘူး။
အလကား အချိန်တွေ ကုန်နေတယ်။
NLD က ၄၃၆ ပြင်ဘို့ဆိုပြီး လက်မှတ်ကောက်တာ
လက်မှတ် ၄ သန်းရပြီပြောတယ်။ အဲဒီလက်မှတ် ၄ သန်းလောက် ရဘို့ လူအင်အား အချိန်တွေ ဘယ်လောက်
ကုန်လိုက်သလဲ။ လူတစ်ယောက်တည်းက ဟေ့၊ ဒါလုပ်လိုက်ကွ ဆို ပြီးတဲ့ကိစ္စ၊ မလိုအပ်ဘဲ အလဟဿ
အချိန်တွေ၊ လူအင်အားတွေ ကုန်နေရတယ်။
မန်နေဂျာကောင်းတစ်ယောက်ဟာ ပန်းကန်ဆေးရင်
စင်အောင်ဆေးတယ်။
ဆရာဇော်ဂျီရဲ့ကဗျာလေး ရှိတယ်။
“ဖန်ပြာခွက်နဲ့ ကျောက်စက်ရေ၊ အမောပြေအောင်
တိုက်ပါမမ” တဲ့။
ဖန်ပြာခွက်ဆိုတာ ထည့်တဲ့ခွက်ရဲ့
အရည်အသွေး။ တွေ့ရာခွက်နဲ့ ထည့်တာမဟုတ်ဘူး။ အပြာရောင်လဲ့နေတဲ့ ဖန်ခွက်။
ကျောက်စက်ရေ ဆိုတာက ရေရဲ့အရည်အသွေးကိုပြတာ။
ရေတောင်မှ ကျောက်သားတွေထဲကထွက်လာတဲ့
အထပ်ထပ်စစ်ပြီးသားဖြစ်တဲ့ အေးစက်နေတဲ့ ရေ။
ကျုပ်တို့ဟာ သွားကြားထိုးတံပဲလုပ်လုပ်။
နဖားကလော်ပဲလုပ်လုပ်။ ဘာလုပ်လုပ်။ ပါရဂူမြောက်ဖြစ်အောင် လုပ်ရမယ်။ အဲဒီကိုယ်လုပ်လိုက်တဲ့
ပစ္စည်းတွေဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ ယှဉ်နိုင်ရမယ်။
ကျွန်တော်တို့ ကာတွန်းဆွဲတယ်ဆိုတာမှာ
ကိုယ်သွားချင်တဲ့လမ်းကြောင်းကို ပြတတ်ရတယ်။ ကိုယ် ဘာပေးချင် တာလဲ။ အဲဒီလမ်းကြောင်းကို
ရပြီဆိုတော့မှ အဲဒီလမ်းက အပြစ်အနာအဆာတွေကို ပြရတယ်။ လမ်းကြောင်းမသိဘဲ အပြစ်အနာအဆာတွေချည်းမပြရဘူး။
လမ်းကြောင်းပေါ်က အပြစ်အနာအဆာတွေကို အမှားတွေကို ပြနိုင်မှ အဲဒီ အပြစ်အနာအဆာတွေ အမှားတွေကို
ပြင်ဘို့သိမယ်။ ကိုယ်ရောက်ရမဲ့ ရည်မှန်းချက်ကို သိနေရမယ်။
အရင်တုံးက မဆလခေတ်မှာ လူမှန်နေရာမှန်ဆိုတာ
ဘာလဲလို့ မသိတဲ့အခါကျတော့ ဆိုက်ကားသမား တရားသူကြီးတွေ ဖြစ်လာတယ်။ ကျောင်းဆရာ တရားသူကြီးတွေ
ဖြစ်လာတယ်။ ဆရာဝန်တရားသူကြီးတွေ ဖြစ်လာတယ်။ လူတွေဟာ သူတို့လုပ်ရမဲ့အလုပ်တွေမလုပ်ဘဲ
သူတို့မတတ်တဲ့ အလုပ်တွေ လုပ်နေကြရတယ်။
လူဆိုတာ ဘယ်သူမှ အကုန်လုံး တတ်တယ်ဆိုတာ
မရှိနိုင်ဘူး။ အင်ဂျင်နီယာဟာ အင်ဂျင်နီယာအတတ်ပဲတတ်မယ်။ သူက ဆေးကုတဲ့အတတ်လည်းတတ်မယ်၊
စိုက်ပျိုးရေးလည်းတတ်မယ် ဆိုတာ မဖြစ်နိုင်ဘူး။ ခုတော့ ဒီခေတ်ကြီးမှာ စစ်ဗိုလ်လူထွက်တွေက
ဒီနေ့ ယဉ်ကျေးမှုဝန်ကြီးဖြစ်လိုက်၊ နက်ဖြန်ခါ စက်မှုဝန်ကြီးဖြစ်လိုက်၊ နောက်နေ့ကျတော့
ဆောက်လုပ်ရေး ၀န်ကြီးဖြစ်လိုက်။ သူတို့မတတ်တာ ဘာမှမရှိဘူး။ အကုန်ကို တတ်နေတယ်။
အဲတော့ ကျွန်တော်ကာတွန်းလေးတစ်ကွက်
ဆဲဖြစ်တယ်။ နွားကြီးက ကြွက်ခုတ်တဲ့ကာတွန်း။
တစ်ခါတော့ လယ်သမားကြီးတစ်ယောက်၊
နွားကြီးဆွဲပြီး တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ ရောက်လာတယ်။ ဘာဖြစ်လို့လဲလို့ ဆရာဝန်ကမေးတော့
အိမ်ကကြပ်ခိုးစင်မှာ ကြွက်တွေသောင်းကျန်းလို့ နွားက ကြပ်ခိုးစင်ပေါ်တက်ပြီး ကြွက်ခုတ်တာ
ကြပ်ခိုးစင်ကျိုးကျပြီး လက်ကျိုးလို့တဲ့။
(ခေတ်ကာလ သားသမီးများကတော့ ကြပ်ခိုးစင်ကို နားလည်မှာမဟုတ်ဘူးဆိုပြီး
ဆရာက ကြပ်ခိုးစင်ဋီကာ ထပ်ဖွင့်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုံးက ထမင်းချက်တာ ထင်းမီးနဲ့ချက်တယ်။
မီးဖိုမှာ ဖိုခုံလောက်ဆိုင် သုံးလုံးပါတယ်။ မီးဖိုပေါ်မှာ ဗန်းတို့၊ ဆန်ကောတို့၊ ဆန်ခါတို့တင်တဲ့
စင်လေးရှိတယ်။ မီးဖိုက ထင်းမီးထိုးလိုက်လို့ထွက်လာတာက မီးခိုး။ အဲဒီမီးခိုးမှိုင်းတွေ
ကျတော့ ကြပ်ခိုးလို့ခေါ်တယ်။ ကြပ်ခိုးတွေရဲ့ဒဏ်ကို အမြဲခံနေရတဲ့အဲဒီစင်ကလေးကို ကြပ်ခိုးစင်လို့
ခေါ်တယ်။
ဆိုတော့ တိုလီမုတ်စတွေတင်တဲ့ အဲဒီစင်လေးက
ခိုင်ခိုင်ခံ့ခံ့ ဘယ်ဟုတ်လိမ့်မတုံး။ ခနော်နီ ခနော်နဲ့ပေါ့။ အဲဒီစင်ပေါ် နွားကတက်တော့
သေချာပေါက်ကျိုးကျမှာပေါ့။ ဒါကိုဆိုလိုချင်တာ။ - အယ်မယ်လေး၊ နင်တို့ပြောရတာ လက်ဝင်လိုက်တာ။)
အဲဒါကိုကြားတော့
ဆရာဝန်က ဟင်၊ နွားက နွားအလုပ်မလုပ်ဘဲ ကြောင်အလုပ်သွားလုပ်တော့ လက်ကျိုးတာတောင် နည်းသေး
လို့ ကောင်းချီးပေးတယ်။ နောက်ပြီးမှ - ကျုပ်ဒီနေ့မအားသေးဘူး၊ နောက်နေ့မှ လာခဲ့ လို့
ပြောတယ်။
လယ်သမားကြီးက
ဘာဖြစ်လို့လဲဆရာရယ် လို့မေးတော့ တိရစ္ဆာန်ဆရာဝန်က ခေါင်းပေါင်းကို ပြင်ရင်း ပြောတယ်။
ကျုပ် တံတားဖွင့်ပွဲ သွားစရာရှိသေးတယ် တဲ့။
ကျုပ်တို့ဆီလည်း
လာကြပါတယ်။ ပြည်တွင်းဖြစ် နိုင်ငံခြားပြန် ပညာရှင်များ။ လာပြောကြ၊ ဆွေးနွေးကြတယ်။ သူတို့က
ပညာတွေပဲဆွေးနွေးသွားပြီး ပြည်သူတွေကို မေ့ထားတယ်။
သေသေချာချာကြည့်ပါ။
ကြည့်မှမြင်တယ်။ စွင့်မှကြားတယ်။ ကြည့်တဲ့အခါ ဘ၀ရှုထောင့်ကနေကြည့်၊ လှုပ်ရှားလာတဲ့ စိတ်ဓာတ်နဲ့ကြည့်၊
ဉာဏ်နဲ့ကြည့်။
လွဲနေတာတွေသိဘို့
အမှန်ကိုသိဘို့လိုတယ်။ အဲဒီလိုသိဘို့ ဝေဖန်းပိုင်းခြားနိုင်ဘို့ စာဖတ်ဖို့လိုတယ်။ စာမဖတ်ရင်
ကောင်းမကောင်း ဝေဖန်ဆန်းစစ်တာ မလုပ်နိုင်ဘူး။
ဘာပဲလုပ်လုပ်
အလုပ်တစ်ခုလုပ်ရင် သေသေချာချာလေ့လာပါ။ အရင်တုံးက အရိုင်း ကိုဆွဲခဲ့တဲ့ ကာတွန်းဆရာကြီး
သော်က ဆိုရင် သူကာတွန်းဆွဲဘို့ မြစ်ဝကျွန်းပေါ်ဘက်သွားပြီး သေသေချာချာ လေ့လာတယ်။ ဥပမာ
- လှေ ဆိုပါတော့။ လူစီးတဲ့လှေ၊ စပါးတင်တဲ့လှေ၊ ငါးပိတင်တဲ့လှေ၊ ဓနိတင်တဲ့လှေ တစ်ခုနဲ့တစ်ခု
မတူဘူး။ သူက အဲဒါတွေကို သေသေချာချာ လေ့လာတယ်။ ကာတွန်းဆွဲတဲ့အခါမှာ ဆီလျော်တဲ့လှေပုံကို
ဆွဲတယ်။ ဆရာပေါ်ဦးသက်တို့လည်း အဲသလိုပဲ။
(သူကဆရာကြီးတစ်ယောက်နာမည်ပြောပါသည်။ သို့သော် ကျွန်တော်မသဲကွဲလိုက်။)
ဦး - - ဆိုရင် သစ်ပင်တွေ အများကြီး စိုက်ဖူးတယ်။ သူ သစ်တောတစ်ခုလုပ်ချင်တယ်။ ဒါပေမဲ့
သစ်တောတစ်ခုဖြစ်လာအောင် ထူထောင်ရတာ မလွယ်ဘူး။ သစ်ပင်ထောင်သောင်းချီစိုက်တာနဲ့ သစ်တောတစ်ခု
ဖန်တီးတာမတူတဲ့အကြောင်း ပြောပြတယ်။
ဘယ်အလုပ်ပဲလုပ်လုပ်၊
ကိုယ်လုပ်တဲ့အလုပ်တိုင်းကို သေသေချာချာ ကျကျနန ကျွမ်းကျင်အောင် လုပ်ပါ။ အသေးအဖွဲကလေးတွေကစ
လေ့လာပါ။
မူလတန်း၊
အလယ်တန်း၊ အထက်တန်းတွေမှာ သင်တာက teaching လုပ်တာ။ ဆရာက သင်သွား။ အောက်က လိုက်နားထောင်။
စာအုပ်ထဲမှာ ပြဌာန်းထားတာတွေကို ဆရာက သင်ပေးသွားတာ။ ဟော - တက္ကသိုလ်ကတော့ teaching မဟုတ်တော့ဘူး။
တက္ကသိုလ်ကဆရာကိုကျတော့ lecturer လို့ခေါ်တယ်။ သူ့အတွေ့အကြုံတွေနဲ့ယှဉ်ပြီး သင်ပြသွားတာ။
အာလူးဖုတ်သွားတာ။
Resourceful
human တွေဖြစ်လာဘို့ လူတွေရဲ့ အသိပညာကို မြှင့်တင်ပေးဘို့လိုတယ်။ ဘာပဲလုပ်လုပ် အရည်အသွေးရှိရှိလုပ်ပါ။
ကမ္ဘာ့အဆင့်မီ လုပ်ပါ။
အဲဒီလိုလုပ်နိုင်ဘို့
ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။
“တကယ်လား”
မှတ်ချက်။
သူမေးခိုင်းသည့်“တကယ်လား” မှာ အင်ဂျင်နီယာဆိုလျှင်လည်း ငါ
တကယ်တတ်တဲ့ လူတန်းစေ့ အင်ဂျင်နီယာလား။ ဆေးသုတ်တဲ့သူဆိုရင်လည်း ငါ ဆေးအကြောင်းနားလည်တဲ့
တကယ့် ဆေးသုတ်တဲ့ ပညာရှင်လား ဟု မေးခိုင်းခြင်း ဖြစ်ပါသည်။ (တကယ့်ဆေးသုတ် ပညာရှင်ဆိုသည်မှာ
သံမျက်နှာပြင်၊ သွပ်မျက်နှာပြင်၊ သစ်သားမျက်နှာပြင် စသည် မျက်နှာပြင် အမျိုးအစားတွေ
သိသည်။ မျက်နှာပြင်များ၏ အသား (texture) ကို သိသည်။ ဆီခံဆေး၊ ရေခံဆေး၊ နေပူခံတဲ့ဆေး၊
အောက်ခံဆေး စသည်တို့ကို သိသည်။ အိပ်ခန်းအတွက် မည်သည့်အရောင်ကောင်းသည်။ ဧည့်ခန်းဆိုလျှင်
မည်သည့်အရောင်နှင့် လိုက်ဖက်မည်။ မည်သည့်အရောင်နှင့် မည်သည့်အရောင်ကို တွဲမသုတ်သင့်။
ဆေးသုတ်ဘို့ မည်သည့် စက်ကိရိယာများလိုမည်။ မည်သည့်ဆေးမျိုးကိုသုတ်လျှင် မည်ကဲ့သို့သော
ကျန်းမာရေး အန္တရာယ်များရှိသည်။ ကျန်းမာရေးကို မထိခိုက်စေရန် မည်ကဲ့သို့သော အစီအမံများ
လုပ်ထားသင့်တယ် . . . . အစရှိသည်တို့ကို အူမချေးခါးမကျန် သိထားသူအား ဆိုလို၏။)
ဖွံ့ဖြိုးသောနိုင်ငံများတွင်
မည်သည့်လုပ်ငန်းလုပ်လျှင် မည်သည်တို့ကို သိထား၊ တတ်ထားသင့်သည် စသဖြင့် သတ်မှတ်ထားပါသည်။
ဤသည်ကို National Competency Standard ဟုခေါ်ကြောင်း အမျိုးသား ကျွမ်းကျင်မှုဆိုင်ရာ
စံနှုန်း ဟု ကျွန်တော်ရေးခဲ့ပြီးပါပြီ။
အကျွန်ုပ်တို့သည် ကျွန်ုပ်တို့လုပ်နေသော
အလုပ်အကြောင်း စဉ်ဆက်မပြတ်လေ့လာနေလျှက် မိမိအလုပ်တွင် ပါရဂူမြောက် ဆရာတစ်ဆူဖြစ်အောင်
ကြိုးစားကြပါစို့ဟု တိုက်တွန်းလိုက်ရပါသတည်း။
No comments:
Post a Comment