Monday, August 25, 2014

ဓမ္မစေတီခေါင်းလောင်း၊ ပညာ နှင့် အာဏာကို လက်ဝါးကြီးအုပ်ထားလိုမှု

            အမှန်က သည်အကြောင်းရေးဘို့ တော်တော်စောစောကတည်းက ကျွန်တော် လက်ယားနေခဲ့တာဖြစ်၏။  အချိန်မတန်သေး၍ မရေးတာသာဖြစ်ပါသည်။ အများတကာက သည်းသည်းလှုပ်ဖြစ်နေသည့် သည်ကိစ္စကို ကျွန်တော်က လူအများ မကြိုက်သည့်စကားပြောလိုက်ခြင်းအားဖြင့် အများသောက်မြင်ကပ်မည့်အရေး တွေးမိသောကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ဆုံးမကာ ရေငုံနှုတ်ပိတ် နေခဲ့ခြင်း ဖြစ်၏။ အခြားတတ်သိသည့် ပညာရှိကြီးများက ဘာမှမပြောဘဲ လက်ရှောင်နေခြင်းမှာလည်း ကျွန်တော်ကဲ့သို့ပင် လူမုန်းမခံလို၍ဟု သည်လိုပင် ထင်မြင်မိပါသည်။

            အခြားမဟုတ်ပါ။ ယခုတလော ရေပန်းစားလှသည့် ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေး အကြောင်း ဖြစ်ပါသည်။
ဓမ္မစေတီခေါင်းလောင်း ဆယ်ရန်ကြိုးပမ်းနေသည့် ဖြစ်ရပ်ကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ တိုင်းသူပြည်သားများ၏ အသိ ပညာဉာဏ်နည်းပါးမှု၊ ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိမှု၊ အများယောင်လို့ယောင် - အမောင်တောင်မှန်းမြောက်မှန်းမသိမှု၊ ဘာ planning မှမရှိဘဲ ရမ်းလုပ်၊ ရမ်းမှားမှုတို့ကို အတိုင်းသား တွေ့နိုင်ပါသည်။

            သည်ခေါင်းလောင်းကြီးဆယ်ဘို့ရာ မည်သည့်အစီအမံ (planning) များ ရေးဆွဲထားပါသနည်း။ ခေါင်းလောင်းဆယ် ယူရေးကော်မတီဖွဲ့ကာ ထိုကော်မတီတွင် မည်သည့်ပညာရှင်များ ထည့်သင့်သည်။ မည်သူပါသင့်သည် စသဖြင့် စဉ်းစားပါ သလား။

ယခင်အခါ ကာလများက ထိုခေါင်းလောင်းကြီးကို ဆယ်ယူဘို့ရာ အကြိမ်ကြိမ် ကြိုးစားခဲ့ကြဖူးသည်ဆို၏။ သို့ဆိုလျှင် မည်သူများက မည်သည့်နေ့ရက်တွင် ဆယ်ယူရန် ကြိုးစားသည်။ မည်သည့်နည်းလမ်းများသုံးခဲ့သည်။ ၎င်းတို့အဘယ်ကြောင့် မအောင်မြင်သည်ကို သေချာဂဏစွာ သုံးသပ်ပါသလော။ ၎င်းတို့၏ ချို့ယွင်းချက်၊ အားနည်းချက်များကို သင်ခန်းစာယူကာ မိမိတို့က ထို မအောင်မြင်သည့် နည်းလမ်းများကို ရှောင်ရှားလျှက် အောင်မြင်အောင် မည်ကဲ့သို့သော နည်းလမ်းများ သုံးသင့်သည်ဟု ဆွေးနွေးမေးမြန်းကြတာ prototype များဖြင့် လက်တွေ့ စမ်းသပ်ကြည့်ကြတာ ရှိပါသလား။

            ရှေးဟောင်းသုတေသနပညာရှင်များသည် မြေပေါ်မြေအောက်၊ ရေအောက်မှ ပစ္စည်းများကို မည်ကဲ့သို့ရှာဖွေသင့် သည်ကို လေ့လာမိကြမည်မလွဲ။ မြန်မာပြည်၏ မည်သည့်နေရာများ၌ မည်သည့်ရှေးဟောင်းပစ္စည်းများ ရှိသည်ကို အကုန်အစင် မဟုတ်တောင် အတော်များများတော့ သိမည်မချွတ်။ မိမိတို့ ခေါင်းလောင်းဆယ်ယူရေးတွင် ထိုရှေးဟောင်း ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး အကြံဉာဏ်များ ရယူပါသလား။

            သည်ကိစ္စက အလွန်ရှုပ်ထွေးလှပေမည်။ မြစ်ဟူသည် အငြိမ်နေတာမဟုတ်။ တစ်ရံမလပ် စီးဆင်းနေတာ ဖြစ်၏။ ထို့ကြောင့် မြစ်ကြမ်းပြင်မှ ရွံ့နွံများဖြင့်ပြည့်နေမည့် မြေသားမျက်နှာပြင်သည်လည်း ရွေ့နေမည်မှာမလွဲ။ သည်နှစ်နှင့် နောက်နှစ်တောင် တူချင်မှတူမည်။ ထိုအခါ ထိုမြစ်ကြမ်းပြင်ပေါ်တွင် ကျနေမည့် အနှီခေါင်းလောင်းကြီးမှာကော မရွေ့နိုင်ပါသလော။

            သို့ဆိုလျှင် မည်သည့်မြစ်ကြောင်းများသည် မည်သည့်ရေစီးနှုန်းရှိလျှင် မြစ်ကြမ်းပြင် မည်မျှရွေ့သည်ကို မည်သူ သုတေသန လုပ်ကြည့်ပါသနည်း။

            ခေါင်းလောင်းကြီးကို မဆယ်မီ သည်ခေါင်းလောင်းကြီး တကယ်ရှိမရှိ၊ ရှိခဲ့လျှင် မည်သည့်နေရာများတွင် ရှိနိုင်သည်၊ သို့ဆိုလျှင် မည်ကဲ့သို့သော surveyor များ ခေါ်ကာ မည်ကဲ့သို့သော ကျွမ်းကျင်ပညာရှင်များ ငှားရမ်းလျှက် ခေတ်မီနည်းပညာ များ အကူအညီဖြင့် ခေါင်းလောင်းကြီးတည်နေရာကို မည်ကဲ့သို့ရှာဖွေကြမည်ကို တွေးတောပါသလား။

            အခါတစ်ပါး လှေသမားတစ်ယောက်သည် ခြေချော်လက်ချော်ဖြစ်ကာ ရေထဲသို့ ဓားတစ်ချောင်း ကျသွားလေ၏။ လှေသမားသည် ထို ဓားကျသွားသော နေရာကို ဓားနှင့်ထစ်ကာ မှတ်ထားလျှက် ခရီးဆက်၏။ တစ်နေရာသို့ရောက်ရှိ၊ မိမိ ဓားလွတ်ကျသည်၏ အဖြစ်ကို သတိရသဖြင့် ရေထဲသို့ ဆင်းငုပ်ကာ ဓားကိုစမ်းလေရာ ကံအားလျော်စွာ တံစဉ်တစ်ချောင်းကို စမ်းယူရရှိလေသည်။

            ထိုအခါမှ လှေသမားက သြော်၊ ငါ့ဓားကလေးခမျာ ရေထဲမှာ ချမ်းလွန်းလို့ ကွေးတောင် နေပါရော့လား ဟု မြည်တမ်း လေသည် ဟူသတတ်။

ထိုပုံပြင်အားဖြင့် လှေနံဓားထစ် ဟူသောစကားပုံ ဖြစ်ပေါ်လာရလေသည်။ ထိုလှေနံဓားထစ်ဟူသော စကားပုံမှာ လွန်ခဲ့သော (အများပြောစကားအရ) နှစ်ပေါင်း ၄၀၀ လောက်က ကျခဲ့သော ခေါင်းလောင်းကြီးကို ဆယ်ယူရန် ကြိုးစား နေသည့် ယခု လူကြီးမင်းအပေါင်းကို ရည်ရွယ်ကာ ရှေးလူကြီးများက အမြော်အမြင်ကြီးစွာဖြင့် ထားခဲ့ကြမှန်း ယခုမှ ကျွန်ုပ်မှာ သဘောပေါက်ရလေတော့သည်။

ကျွမ်းကျင်သော ရေငုပ်သမားများ ငှားရမ်းကာ စမ်းသည်ဆို၏။ သည်ရေငုပ်သမားများက နွံအောက်မှ ခေါင်းလောင်းကြီးကို မည်ကဲ့သို့ရှာဖွေနိုင်မည်မှန်း ကျွန်ုပ်ဦးဏှောက် တစ်မိုက်လောက်ကလေးဖြင့် မည်ကဲ့သို့မျှ စဉ်းစား မရနိုင်အောင် ရှိချေသည်။

ခေါင်းလောင်းကြီးကို နဂါးသိုက်က စောင့်ရှောက်ထားသည် ဆို၏။ သည်နဂါးများမှာ အလွန်အအိပ်ကြီးလှသည်။ ရေပေါ်တက်ကာ တစ်ခါမှ မမြူးတူးစဘူး။ သည်နေရာတွင် သည်နဂါးများရှိနေပါလျှက် သည်မြစ်အတွင်း နေ့နေ့ညည သွားလာနေသည့် လှေသင်္ဘောများ နဂါးများ ပျော်မြူးသွားလာနေသည်ကို မြင်ပါသည်ဟု တစ်ခါဖူးမျှ မကြားစဖူး။ အလွန် အံ့သြစရာကောင်းလှသည်။

ထို့ထက် သည်ခေါင်းလောင်းကြီးက မည်မျှကြီးသည်။ မည်မျှလေးသည် အစရှိသည်တို့ကို လေသံကြားနှင့် ဖမ်းတရားနာနေသူများအားလည်း အလွန်အံ့သြမိရသည်။ ကျွန်တော်က သူများပြောတာ လွယ်လွယ်နှင့် ယုံတတ်သူမဟုတ်။ ထို့ကြောင့် ဘယ့်နှာ၊ ခေါင်းလောင်းကလည်း ပိဿာချိန် တစ်သိန်း၈သောင်းတောင်ဆိုတော့ လေး-လေးလှချည့်ဟု စိတ်ထဲတွင် သံသယဖြစ်လျှက် တွက်ကြည့်ရာ သူတို့ပြောထားသော အတိုင်းအတာနှင့်ဆိုလျှင် ခေါင်းလောင်းမသွန်းပဲ သည်အတိုင်း ကြေးအတုံးလိုက်ကြီးထားလျှင်တောင်မှ ထိုအလေးချိန်မရှိ။

            သည်ခေါင်းလောင်းကြီးမှာ နဂါးသိုက်က စောင့်ရှောက်ထားသဖြင့် ခေတ်သိပ္ပံနည်းများဖြင့် ဆယ်လို့မရ၊ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဆယ်မည်ဟု ဆိုသည်။ ထို မြန်မာ့နည်းမြန်မာ့ဟန် ဆိုသည်ကို စနစ်တကျ ရေးဆွဲထားပါသလား။ မည်သည့် ကိရိယာများသုံး၍ မည်ကဲ့သို့ ဆယ်ယူမည်ကို စာတစ်စောင်ပေတစ်ဖွဲ့ ပြင်ဆင်ကာ ထိုနည်းလမ်းသည် ဖြစ်နိုင်မဖြစ်နိုင် ပြန်လည် သုံးသပ်ခြင်းမျိုး ရှိပါသလား။

ကျွန်တော်တို့ Safety အလုပ်တွင် ဘာလုပ်လုပ် ထိုအလုပ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ ကြိုတင် ပြင်ဆင်ရတာ ရှိပါသည်။ ထိုအထဲကမှ အလွန်အရေးကြီးသည့် စာရွက်စာတမ်းများမှာ Method Statement, Risk Assessment နှင့် Safe Work Procedure တို့ ဖြစ်၏။ သည်အကြောင်း အများနားလည်စေရန် သီးစုံကုလားဟင်း ချက်သည့် ဥပမာနှင့် ပြပါမည်။ (ကျွန်တော်က ဟင်းချက်နည်း သေသေချာချာ မသိ၍ ကျွန်တော့်အစ်မကြီး (ဒေါ်ကျင်ကျင်) ကို မေးကာ ပြန်ပြင်ရေးလိုက်ပါသည်။ ကျေးဇူးပါ အစ်မကြီးခင်ဗျား။)

            သီးစုံကုလားဟင်း ချက်တော့မည်ဆိုပါစို့။ ထိုဟင်းချက်ရန် Method Statement ကို အောက်ပါအတိုင်း ရေးရပါမည်။

သီးစုံကုလားဟင်းချက်ခြင်း

၁။ စားမည့်သူဦးရေ = ၅ ယောက် ဖြစ်၏။

၂။ လှည်းတန်းဈေးတွင် လူငါးယောက်စာ ဟင်းအမယ်များ ၀ယ်မည်။ ၀ယ်မည့်ဟင်းအမယ်များ -

  • ကြက်သား - ၁၀ သား
  • ဖရုံသီး - တစ်စိတ်
  • အာလူး - ၂ လုံး
  • ဗုံလုံသီး - ၁ ပိုင်း
  • ရုံးပတီသီး - ၁၀ တောင့်
  • ပဲသီး - ၁၀ တောင့်
  • ခရမ်းသီး - ၁ လုံး
  • ခရမ်းကျွတ်သီး - ၅ လုံး
  • မုန်လာဥဖြူ - အသေး ၂ ဥ
  • ဂေါ်ရခါးသီး - ၂ လုံး
  • ပိန်းဥ - အသေး ၂ ဥ
  • ငြုပ်သီးခြောက် - ၃ ကျပ်သား
  • မန်ကျည်းသီးမှည့် - ၂ ကျပ်ခွဲသား
  • မျှင်ငါးပိ - ထမင်းစားဇွန်းနှင့် ၁ ဇွန်း
  • ဆား - ၂ ကျပ်သား
  • နနွင်းမှုန့် - နားဖာကလော်နဲ့ ၂ ကလော်စာ
  • အရောင်တင်မှုန့် - ထမင်းစားဇွန်းနှင့် ၁ ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်းနှင့် ၂ ဇွန်း
  • နံနံပင် - ၁၀၀ ဘိုး  


၃။ ကြက်သားကို စားလောက်ရုံ အတုံးကလေးများ တုံးပြီး သေချာစွာ ဆေးကြောကာ ဇလုံတစ်ခုထဲတွင် အရံသင့်ထားပါ။
၎။ ဟင်းသီးဟင်းရွက်များကို သေချာစွာရေဆေးပြီး သင့်တော်ရုံလှီးပါ။
၅။ ကြက်သွန်နီကို ထက်ဝက်ဝက်။ တစ်ဝက်ကို လေးစိတ်စိတ်ပြီး လှီးထားသော ဟင်းသီးများနှင့်ရောပါ။ ကျန်တစ်ဝက်ကို ငရုပ်သီးနှင့်ရောထောင်းပါ။
၆။ မျှင်ငါးပိကို ရေဖျော်ပါ။
၇။ ရုံးပတီသီးမှအပ ထို ဟင်းသီးဟင်းရွက်၊ ကြက်သားများအားလုံးကို ချက်မည့်အိုးထဲထည့်လျှက် ဆီ၊ ဆား၊ ထောင်းထားသော ကြက်သွန်နီ၊ မျှင်ငါးပိရေဖျော်၊ ငံပြာရည်တို့ဖြင့် ရောနယ်ကာ ရေ ၅၀၀ စီစီ ထည့်ပြီး ချက်ပါ။
၈။ ၁၀ မိနစ်ခန့်ကြာလျှင် ရုံးပတီသီးထည့်ပါ။
၉။ အသီးအားလုံးနူးလျှင် မန်ကျည်းသီးဖျော်ရေ ထည့်ပါ။
၁၀။ ၃ မိနစ်ခန့်ကြာလျှင် နံနံပင်ထည့်ပြီး ချလို့ရပါပြီ။

            ချက်မည့်သူသည် ထိုဟင်းတွင် မည်သည့်အမယ်များ ပါရမည်ကို သိရမည်။ ချက်မည့် အစီအစဉ်ကို သိရမည်။ သေချာစွာ ချက်တတ်ရမည်။ ရိုးသားရမည်။ ကျွန်တော်နမူနာပြထားသော method statement ကို ကြည့်ပါ။ အားလုံးကို အရေအတွက် အတိအကျဖြင့်ဖော်ပြထားသည်ကို တွေ့ပါလိမ့်မည်။ ဖြစ်နိုင်လျှင် ဆားကိုပင်လျှင် အလေးချိန် အတိအကျ (ဥပမာ ၂ ကျပ်သား စသည်) ဖြင့်ဖော်ပြပါ။ အချိန်ကိုလည်း အတိအကျ ဖော်ပြပါ။

            ထို့ကြောင့် သူရို့ပြောပြောနေသည့် မြန်မာ့နည်း၊ မြန်မာ့ဟန်ကို ဤကဲ့သို့ method statement အတိအကျ ရေးထားတာ ရှိပါသလား။ ကျွန်တော်သိသည့် မြန်မာ့နည်း၊ မြန်မာ့ဟန်မှာမူ KKL + LTPS သာ ဖြစ်၏။ (KKL = ကြုပ်ကြက်လိ။ LTPS = လိုတိုးပိုလျှော့)

            အယ်မယ်လေး၊ နဂါးကလည်း သူတော်ကောင်းနဂါးခင်ဗျ။ သူ့အပေါ် သောင်တူးစက်ကြီးပိနေတာတောင် လူတွေ ဒုက္ခရောက်မှာစိုးလို့ နည်းနည်းမှ မလူးလွန့်ဘဲ အနာခံနေပြီး ဟဲ့၊ ငါ့အပေါ် သောင်တူးစက်ပိနေတယ်။ ဖယ်ပေးကြဦးလို့ အဖွားအိုကြီးကို ပူးပြီးပြော ဆိုပါလား။ ဧကန္တ၊ ဘုရားအလောင်း ဘူရိဒတ်နဂါးမင်းရဲ့ ညီတော်ထင်ပါရဲ့။

            ဘယ်လိုမှ မရေရာတဲ့၊ ဆောက်ဖြစ်မှ ကျောင်းတကာကိစ္စတစ်ခုကို ပိုက်ဆံ သိန်းပေါင်း ထောင်ချီသုံးတယ်ဆိုတော့ အင်း၊ တယ်လဲ ချမ်းသာကြပါလား။ ငါတို့သာ ပိုက်ဆံလေး သုံးလေးသိန်းကုန်ဘို့အရေး ဆံပင်ဖြူအောင် တွက်သုံးနေရတာ ဟု တွေးမိ၏။ ထို့ပြင် ထိုငွေများမှာ အလှူငွေများဟု သိရသည့်အတွက် မြန်မာပြည်သားတွေ ဆင်းရဲတယ်ဆိုတာ ကျွန်တော် မယုံနိုင်တော့ပါ။ သို့တိုင် ကျွန်တော်တို့ရွာသူရွာသား တောင်သူများမှာ တစ်နှစ်နေလို့ ငွေ ဆယ်သိန်းဝင်ဘို့ပင် အနိုင်နိုင် ဖြစ်နေရတာ တွေ့ရပြန်တော့ ကျွန်တော့်မှာ မျက်စိခုနစ်ပြန် လည်နေရပါတော့သည်။

            မြန်မာပြည်တွင် ကျန်းမာရေးအတွက်သော်လည်းကောင်း၊ ပညာရေးအတွက်သော်လည်းကောင်း၊ လူမှုရေးအတွက် သော်လည်းကောင်း လုပ်စရာ အများအပြားရှိပါသည်။ လိုသမှ တစ်နိုင်ငံလုံးလိုလို လိုနေတာ ဖြစ်၏။ ထိုလိုအပ်ချက်မှန်သမျှမှာ ပိုက်ဆံသုံး၍ လုပ်ရမည့် အလုပ်များချည်း ဖြစ်၏။

            သည်ကိစ္စများကို အားထည့် လုပ်ကြမည်ဟုတော့ မစဉ်းစားဘဲ မယောင်ယာဆီလူးသည့်ကိစ္စကိုတော့ ကျွန်တော် နည်းနည်းကလေးမှ သဘောမတူပါ။ ကျွန်တော့်ကို မိစ္ဆာဒိဌိလို့ သမုတ်ကြပါခင်ဗျား။

            အများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိသူများကလည်း နေ့ညမဟူ ကမ်းလုံးညွတ်မျှ လာရောက်အားပေးနေလေသေးရာ ကျွန်ုပ်သည်ပင်လျှင် စင်ကာပူမှပြန်ပြီး ထိုမြစ်ကမ်းနားဘေး၌ ကွမ်းယာဆေးလိပ် သွားရောင်းရန် အကြံပေါ်မိပေသော ဟူ၏။ ဓမ္မစေတီပရောဂျက်ပြီးသွားသည့်ကာလ၌ သေချာပေါက် အမြတ်ထွက်မည့်အရာ ကား အနှီမြစ်ကမ်းနဖူး၌ ထောင်ပေါင်းများစွာသောလူတို့ စွန့်ပစ်ရာမှ ကျန်ခဲ့သော အမှိုက်သရိုက်များဖြစ်ကြောင်း ပြေးကြည့် စရာမလို။ တွေးကြည့်ရုံနှင့် သိနိုင်ပါသည်။
            (ထို့ကြောင့်လည်း ကျွန်တော်တို့မိတ်ဆွေကြီး အဆိုတော် ကိုအောင်ခိုင်က အင်း၊ မြန်မာတွေ တော်တော်အားနေ ထင်ပါရဲ့ ဟု မချင့်မရဲ ရေရွတ်မိရခြင်းဖြစ်၏။)

            အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။
            ပညာမဲ့သောကြောင့် ဖြစ်ရသည်။
ပညာဟူသည် ဟုတ်၏၊ မဟုတ်၏၊ မှန်၏၊ မမှန်၏ ဆင်ခြင်တိုင်းထွာနိုင်ခြင်းကို ဆိုလိုသည်။

အကယ်၍ ထိုသူများသည် အထက်တွင် ကျွန်တော်ရေးပြခဲ့သလို ဆင်ခြင်တိုင်းထွာနိုင်ပါက ထိုကဲ့သို့ ငါ့မြင်းငါစိုင်း ငသိုင်းချောင်းရောက် (ဟုတ်ပေါင်) စစ်ကိုင်းရောက်ရောက် အလုပ်မျိုး လုပ်ပါမည်လား။ လာကြည့်သူများကလည်း သည် အလွန်ကြီးမားလေးလံလှသည့် ခေါင်းလောင်းကြီးကို ဒန်အိုးကလေး ရေထဲမှ ဆယ်လိုက်သလို နေ့ချင်းညချင်း ဗွမ်းကနဲ ပေါ်လာမည်ဟု မျှော်လင့်ကာ လာစောင့်ကြပါမည်လား။

            နေရာအတိအကျသိနေပြီး ခေါင်းလောင်းကြီးကို မြင်နေရပါပြီဆိုသည့်တိုင် သည်ခေါင်းလောင်းကြီး ရေပြင်ပေါ်ရောက် လာရန် ရက်ပေါင်းများစွာ ဆယ်ယူရမည်ကို အသက် ၈ နှစ်မျှသာ ရှိသေးသော ကျွန်တော့်သား မေးကြည့်လျှင်ပင် ပြောနိုင်ပါ လိမ့်မည်။ (အတိဿယ၀ုတ္တိအလင်္ကာပေါ့လဗျာ)။ သို့ဆိုလျှင် ထိုသူများသည် ဘာကိုတွေးပြီး ဘာကိုလာစောင့်တာပါနည်း။
           
            ပြောရလျှင် သည်ကဲ့သို့သော ဖြစ်ရပ်များ အများအပြားရှိပါသည်။ ထင်ရှားသောဖြစ်ရပ်တစ်ခုမှာ ဂျပန်တွင် ဆူနာမီ တိုက်စဉ်က နျူကလီးယားဓာတ်ပေါင်းဖို ယိုစိမ့်သဖြင့် မြန်မာပြည်သား လူအများတို့ အက်စစ်မိုးရွာမှာ ကြောက်ကြခြင်း ဖြစ်၏။ ရေဒီယိုဓာတ်ကြွလျှင် အက်စစ်မိုးရွာမည်ဟု မည်သည့်ပညာရှိက အဟောထုတ်လိုက်သည်မသိ။

            ဤအကြောင်း ယုန်သူငယ်၊ ပညာ၏တန်ဘိုးနှင့် ကာလာမသုတ် ဟု ကျွန်တော်ရေးခဲ့ပါသည်။ ကျွန်တော့် blog တွင် ဖတ်ကြည့်ကြပါ။ Link: http://www.shwenyein.blogspot.sg/2011/03/blog-post_20.html

            တော်ကြာ ဘယ်ကကောင်မလေးက သူနဲ့ဖက်အိပ်လိုက်ရင် ရောဂါတွေပျောက်သွားတယ်။ တော်ကြာ ဘယ်ကသီလရှင်က ဘာတဲ့ သူ့လက်နဲ့ထိလိုက်ရင်ဆိုလား ရောဂါတွေ ပျောက်သွားတယ်။ အမျိုးမျိုး ကြားရပါသည်။ တော်ကြာ လူတစ်စုက အလံရှုးလုပ်လိုက်။ ၀ိုင်း ဆွမ်းကြီးလောင်းလိုက်ကြ။

            ဘယ့်အတွက် မြန်မာပြည်တွင် ဤကဲ့သို့ဖြစ်နေကြပါသနည်း။       
ရှင်းပါသည်။

            မိမိတို့အာဏာတည်မြဲနိုင်ရေးအတွက် မြန်မာပြည်သားအားလုံး၊ ငတုံးတွေဖြစ်ပေရော့လဟယ် ဟု အကွက်ချကာ စနစ်တကျ စီမံကိန်းများရေးဆွဲလျှက် ပညာရေးဆိုသည့် အရာကြီးအား တစ်စစီဖျက်ဆီးပစ်လိုက်ခြင်း၏ ရလဒ်ပင် မဟုတ် ပါလော။

            ကျွန်ုပ်တို့ ငယ်စဉ်ကာလကတည်းက တံခါးပိတ်ဝါဒဆိုကာ ဘိုးဘိုးဦးနေ၀င်းက ရှိသမျှ အကုန်ဖြတ်ကာ မြန်မာပြည်သူ ပြည်သားများအား နားမျက်စိများ ပိတ်ထားခဲ့သည်။ ကျွန်ုပ်တို့မှာ နိုင်ငံတကာ ဗဟုသုတဆို၍ ၎င်းတို့ထံမှ ပြန်အံထွက် လာသည့် သတင်းပလင်း အစုတ်ပလုပ်ကလေးမျှလောက်သာ သိရသည်။ Times တို့ NewsWeek တို့ဆိုတာ အဟောင်း ဆိုင်မှာ မြင်ဖူးရုံ မြင်ဖူးရတာ ဖြစ်သည်။ အမှန်ပြောရလျှင် ရှေ့လာချပေးသည့်တိုင် ထိုအင်္ဂလိပ်မဂ္ဂဇင်းများကို ကျွန်တော်တို့ မဖတ်တတ်ခဲ့ပါ။

            ဖတ်စရာ အင်္ဂလိပ်စာဆိုလို့ ဘာတဲ့ လုပ်သားပြည်သူ့နေ့စဉ်၏ အင်္ဂလိပ်ဗားရှင်းဖြစ်သော Working Peoples Daily, Guardian, Aurora တို့လောက်သာရှိသည်။ နောက်ပြီး အင်္ဂလိပ်စာကို ပြည်တွင်းဖြစ်အင်္ဂလိပ်စာသာ သင်ရသည်။ ဆိုလိုသည်မှာ မြန်မာများ (ဆရာကြီးတက်တိုးတို့ရေးထားသော) အင်္ဂလိပ်စာများသာ သင်ရခြင်းဖြစ်သည်။ မူရင်း အင်္ဂလိပ်စာကို မမြင်ခဲ့ရစဖူး။

            ယခုတော့ ဘာတဲ့။ စဉ်ဆက်မပြတ်အကဲခတ်ဟု လုပ်ပြန်သည်။ ငါတို့နဲ့ တော်၏၊ မတော်၏။ သင့်၏၊ မသင့်၏ဟု နည်းနည်းမှ မဝေဘန်၊ မစဉ်းစား။ ထိုပညာရေးစနစ်ကြောင့် ကျောင်းသားများမှာ ဆယ်တန်းရောက်လာသည့်တိုင် ကိုယ့်နာမည်ကို စာလုံးမှန်အောင် မပေါင်းတတ်တော့။ ပညာရေးသည် မိမိတို့ သက်မွေးဝမ်းကျောင်းအတွက် အာမခံချက် မပေးနိုင်သည့်အခါ လူငယ်၊ လူကြီး၊ ကျောင်းသူကျောင်းသား၊ ဆရာဆရာမ၊ မည်သူကမှ ပညာရေးကို တန်ဘိုးထားရ ကောင်းမှန်း မသိကြတော့။ အချိန်တန်လျှင် လက်မှတ်တစ်စောင်ရရေးသာ အားထုတ်ကြသည်။ ဘယ်လိုနည်းနဲ့ရရ၊ လက်မှတ်ရပြီးရော။ မိမိသင်ခဲ့သည့်ပညာကိုလည်း တန်ဘိုးမထားသလို မိမိကိုင်ထားသောလက်မှတ်ကိုလည်း တန်ဘိုးမထား။ ပို၍ ဆိုးသည်မှာ မိမိကိုယ်ကိုယ် တန်ဘိုးမထားခြင်းဖြစ်သည်။

            ထိုကလေးများက ယခု ကျွန်ုပ်တို့အရွယ် (အသက် ၅၀) လူကြီးများဖြစ်လာခဲ့သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အရည် အချင်းကို ကျွန်ုပ်တို့ သိပါ၏။ ယခုလူရွယ်များ (ကျွန်ုပ်တို့နောက် မျိုးဆက်) ကရော။ ပိုဆိုးသေး။ ထိုမျိုးဆက်များ၏ နောက်။ ယခုလက်ရှိလူငယ်များကရောတဲ့။ ကမ်းကုန်နေတော့သည်။

            ဤသည်မှာ ကျွန်ုပ်တို့ တိုင်းသူပြည်သားများ၊ လူငယ်လူကြီးများ၊ ကျောင်းသားကျောင်းသူများအပြစ်မဟုတ်။

            ဒီကောင်တွေ အကုန်ငတုံးတွေဖြစ်မှ ငါတို့ အာဏာသက်ဆိုးရှည်မယ်ဟု တွက်ကာ စနစ်တကျ ရာစုနှစ် ထက်ဝက် ကျော် ဖျက်ဆီးခဲ့သော ငရဲသားများသာ အဓိက တရားခံဖြစ်ပါသည်။
            ဒီမင်း၊ ဒီစိုး၊ ဒီသူခိုးနဲ့။ ဒီမိုး၊ ဒီရေ၊ ဒီလူတွေနဲ့တော့ - - - အင်း။ သည်ပုံနဲ့ မိုးကြီးချုပ်လိမ့်မည်။

ခေါင်းလောင်းဆယ်တာကို ဝေဖန်လို့ မကျေနပ်သူများ သည်နေရာတွင် ပြောင် ဆဲသွားနိုင်ပါသည်။

အေးငြိမ်း
၂၅ သြဂုတ်၊ ၂၀၁၄။ ညနေ ၄း၂၅ နာရီ

ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်၍ ဖတ်စရာအခြား Link များ

No comments: