(၁)
၂၀၀၉ ခုနှစ် ၏ တစ်ခုသော သင်္ကြန်ရက်ဖြစ်သော ဧပြီလ ၁၂ ရက် နေ့နံနက်က သတိတရ ရှိလာသည်နှင့် သူငယ်ချင်းဖြစ်သူ ကိုဂိုင်ကြီးထံ ဖုံးဆက်လိုက်၏။ ထွေရာလေးပါးများ ပြောကြရင်းမှ ကျွန်တော်က တိုးပါးရိုးဘုန်းကြီး ကျောင်းရှိ သင်္ကြန်ပွဲသို့သွားမည့် အကြောင်းပြောရာ သူက သူ့စိတ်ထဲတွင် မကြေမချမ်း ဖြစ်နေရသော အကြောင်း တစ် ရပ်ကို ပြောလှာပါ၏။
“ကိုအေးငြိမ်း၊ စာတစ်ပုဒ်လောက် ရေးစမ်းပါဦးဗျာ။” “ဘာအကြောင်းများလဲဗျ၊ ပြောစမ်းပါဦး။” “ဒီလိုဗျာ၊ ဟိုတစ်နေ့က ကျွန်တော့်ကို မိတ်ဆွေတွေက မင်းတို့ သင်္ကြန်ရက်က ဘယ်တော့လဲ မေးတော့ ကျွန်တော်က ဧပြီလ ၁၃ ရက်လို့ ပြန်ဖြေလိုက်ရတယ်။ အမှန်က ဗမာ သင်္ကြန်ဟာ ဗမာရက်မှာပဲ ကျဘို့ မကောင်းဘူးလားဗျာ။” “အင်း၊ လုပ်စမ်း ပါဦးဗျ။ ခင်ဗျားပြောတာလဲ ဟုတ်တုတ်တုတ်ပဲ။” “ခင်ဗျားဗျာ၊ ကျွန်တော်တို့ သိကြားမင်းက ဘယ့်နဲ့ ယေရှုခရစ်ရဲ့ ပြက္ခဒိန်ကို ကြည့်ပြီး လူ့ပြည်ဆင်းရမယ် ဆိုတာ သိပ်တော့ ဘ၀င်မကျစရာပဲဗျ။ တကယ်ဆို တရုပ်တွေမှာ သူတို့ နှစ်သစ်ကူးဟာ တရုပ်ပြက္ခဒိန်အရ သူ့ရက်နဲ့သူ ရှိပြီးသားပဲ။ ကျွန်တော်တို့မှာလည်း ဆိုပါတော့ဗျာ၊ အဘိဓမ္မာ အခါတော်နေ့ဆို သီတင်းကျွတ် လပြည့်နေ့ လို့ပြောလို့ ရတယ်။ ဒါဖြင့် သင်္ကြန်ရက်ကို ဗမာပြက္ခဒိန်အရ ဘယ်နေ့လို့ ပြောလို့ ရမလဲဗျာ။” “အဲဒါ ခုမှ တက်တဲ့ ပြဿနာ မဟုတ်ပဲကိုးဗျ၊ လွန်ခဲ့တဲ့ အနှစ် ငါးရာကျော်လောက် ကတဲက ဖြစ်နေတဲ့ ပြဿနာ၊ ဒါပေမဲ့ ဘယ်သူမှ မရှင်းနိုင်လို့ ခုထိ လိပ်ခဲတည်းလည်းပဲ။”
“အမှန်ဆိုရင်ဗျာ၊ တန်ခူးလ ဘယ်နှရက်နေ့ စသဖြင့် ရှိရမှာပေါ့၊ လုပ်ပါဦးဗျာ၊ ဆောင်းပါးလေးတစ်ပုဒ် ရေးစမ်း ပါဦး။” “အေးဗျ၊ သင်္ကြန် ဘယ်ရက်မှာ ကျသလဲ။ ဘာ့ကြောင့် သင်္ကြန်ရက်ဟာ ဗမာပြက္ခဒိန်ထဲမှာ အတည်တကျ မရှိရ တာလဲ။ သင်္ကြန်မှာ အကြို ဆိုတာဘာလဲ၊ အကျဆိုတာ ဘာလဲ။ ဘာ့ကြောင့် အကြပ်ရက်ကို ထည့်ထားရတာလဲ။ နှစ်ဆန်းတစ်ရက်နေ့ ဆိုတာ ဘာကို ခေါ်တာလဲ စတာတွေကို မြန်မာလူမျိုး တစ်ထောင်လောက်ကို လိုက်မေးကြည့်ပါ။ သိတဲ့လူ နှစ်ယောက် ရှိရင် ကံကောင်းပေါ့ဗျာ။” “အင်း၊ လုပ်စမ်းပါဗျ။” “ကိုဂိုင်ကြီးရေ၊ ကျွန်တော် လူငယ်လေးတွေ သိပါစေ ဆိုပြီး စိုက်ပျိုးရေးတက္ကသိုလ်မှာ ရှိစဉ်က သင်တန်းလေးပေးပြီး သင်ဘို့ ကြိုးစားဖူးသဗျ။ သို့သော်လည်း စိတ်ဝင်စားတဲ့သူ သိပ်မရှိတာနဲ့ လက်လျှော့လိုက်ရတယ်။”
“xxxxxxx------”
(၂)
မိတ်ဆွေ၊ အသင်ရော ဘယ့်အတွက် သင်္ကြန်ကျရသည်။ သင်္ကြန်ကျသည်ဆိုသည်မှာ အဘယ်နည်း။ ဘယ်ရက်တွင် သင်္ကြန်ကျသနည်း စသည်များကို ဂဃနဏ သိပါရဲ့လား။ စိတ်ဝင်စားပြီး လေ့လာသူ အနည်းငယ်မှအပ မည်သူမျှ သေသေချာချာမသိ ဟု ကျွန်တော် အတပ်ပြောရဲပါသည်။ အဘယ့်ကြောင့်နည်း။ ကျွန်တော်ကိုယ်တိုင် ထို သင်္ကြန်အကြောင်းသိရန် ကျမ်းစာပေါင်းများစွာ ကို လပေါင်းများစွာ ဆည်းပူးလေ့လာခဲ့ရသောကြောင့် ဖြစ်ပါ၏။ (လွန်ခဲ့သော အနှစ်နှစ်ဆယ်လောက်က ကျောင်းပြီးသောအခါ အလုပ်ရှာဆဲကာလ ဗေဒင် နက္ခတ်၊ အင်းအိုင် ခလှဲ့၊ လက်ဖွဲ့၊ မြန်မာ့ရိုးရာ တိုင်းရင်းဆေးပညာ စသည်တို့ကို နှစ်အတန်ကြာ ကျွန်တော် လေ့လာ လိုက်စားခဲ့ပါသည်။ လေ့လာ သည် ဆိုသည်မှာ လေ့လာကာမတ္တ မဟုတ်မူ၍ အရူးအမူး လေ့လာခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ကို ဗေဒင်ပညာ သင်ပေးသူ မြန်မာနိုင်ငံ ဝေဒအဖွဲ့မှ ဆရာမြိုင်ကလည်း ရူးမှထူးမယ် ဟု သြ၀ါဒ ပေးပါ၏။ ထမင်းမေ့၊ ဟင်းမေ့၊ မအိပ် မနေ လေ့လာခဲ့ခြင်း ဖြစ်ပါသည်။ ဤကား စကားချပ်။)
ထို ရှုပ်ထွေးလှသည့် သင်္ကြန်အကြောင်းကို ဆောင်းပါးတစ်ပုဒ်မျှနှင့် ရှင်းပြရန် အလွန်ခက်ပါလိမ့်မည်။ ထို့ပြင် ဤအကြောင်းအရာမှာ ဂြိုဟ်များ၊ နက္ခတ်တာရာများ၊ ဗေဒင်ဝေါဟာရများ ပါဝင်နေသလို လက်ရိုးဗေဒင်အကြောင်း အခြေခံလောက် သိထားသူများကိုသာ ရှင်းပြရန် ဖြစ်နိုင်ပေရာ ဤနေရာတွင် အများနားလည်နိုင်ရန် ကျွန်တော် တတ်နိုင်သလောက် ရှင်းပြပါမည်။ မရှောင်သာ မလွှဲသာ ပညာရပ်ဆိုင်ရာ ဝေါဟာရများ သုံးရပါကလည်း နားလည် ခွင့်လွှတ်ပါရန် မေတ္တာရပ်ခံပါ၏။ အသေးစိတ်ပိုမိုသိလိုသူ စိတ်ဝင်စားသူများအား ကျွန်တော့်ထံ ဆက်သွယ်မေးမြန်း လာပါက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမည့်အကြောင်းကိုလည်း ပြောလိုပါသည်။ လိပ်ပတ်လည်အောင် ရှင်းပြရမည် ဖြစ်ရာ စာအနည်းငယ် ရှည်လျှင် သည်းခံဖတ်ပါဟု မေတ္တာရပ်ခံပါ၏။
သင်္ကြန်သည် မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ခုဖြစ်ပေရာ မြန်မာ့ယဉ်ကျေးမှုအကြောင်း မြန်မာတို့ သိထားစေချင် ပါသည်။ ဤသည်မှာ ဤဆောင်းပါးရေးရခြင်း၏ အဓိက ကျွန်တော့် ရည်ရွယ်ချက် ဖြစ်ပါကြောင်း။ သို့သော် လူတိုင်း စိတ်ဝင်စားလိမ့်မည် ဟုတော့ ကျွန်တော် မမျှော်လင့်ရဲပါ။ တစ်ကြောင်းမှာလည်း မင်း သင်္ကြန်အကြောင်း သိလို့လည်း ငါတို့ဘ၀ ကြီးပွားတိုးတက်ရေးကို ဘာမှ အထောက်အကူ မပြုပါဘူးကွာ ဟု ဆိုသူများလည်း ရှိနိုင်ပါသည်။ ထိုသူများ အတွက် မရည်ရွယ်ပါ။ စိတ်ဝင်စားသူများသာ ဖတ်ပါ။
(၃)
မြန်မာ့ သင်္ကြန်နှင့် ပတ်သက်သော ပုံပြင်များ အနက် လူအများ ကြားဖူးနေသော ပုံပြင်တစ်ပုဒ်နှင့် စပါမည်။ ခု ခေတ် ကလေးများတော့ သိ မသိ မသိပါ။ ကျွန်တော်တို့ သက်တမ်း လူလတ်ပိုင်း၊ လူကြီးပိုင်းများကတော့ ဗြဟ္မာမင်း ဦးခေါင်းကို နတ်သမီးများ အလှည့်ကျ ကိုင်ရသော ပုံပြင်ကို ကြားဖူးနားဝ ရှိကြပါလိမ့်မည်။
ကမ္ဘာဦးက သိကြားမင်း နှင့် ဗြဟ္မာမင်းတို့ လူ့ပြည် ပြဿဒါးရက်နှင့် ပတ်သက်၍ အငြင်းအခုံဖြစ်ကြ၏။ သိကြား မင်းက သက္ကရာဇ်ကိုတည်၊ ခုနစ်နှင့်စား၊ သုံးကြွင်းပါက လူ့ပြည် ပြဿဒါး ဟု ဆို၏။ ဗြဟ္မာမင်းကမူ ငါးကြွင်း ပါက လူ့ပြည် ပြဿဒါး ဟု ဆို၏။ (ဤအကြွင်းဂဏန်းများကို အတိအကျ ကျွန်တော် မမှတ်မိပါ၊ မှားချင် မှားနိုင်ပါသည်။) မည်သူ မှန်သည်မှားသည်ကို မည်သူမျှ မဆုံးဖြတ်နိုင်သောကြောင့် အလွန် ဉာဏ်ပညာကြီးသည် ဟု ထင်ရှားကျော်ကြား သော လူ့ပြည်မှ က၀ါလမိုင်း ဗေဒင်ဆရာကြီးထံ အဆုံးအဖြတ် ခံရန် သွားကြသည်။ မသွားမီ နိုင်သူက ရှုံးသူကို ခေါင်းဖြတ်ကြေး ဟု လောင်းကြသည်။ သူရို့လောင်းကြေးမှာ အလွန်ကြီးသဖြင့် ကြောက်စရာကောင်းလှပါ၏။
က၀ါလမိုင်းဆရာကြီးက သိကြားမင်းကို အနိုင်ပေးလိုက်သည်။ သို့သော် သိကြားမင်းသည် သောတာပန် ပုဂ္ဂိုလ် ဖြစ်ရကား ဗြဟ္မာမင်းကို ခေါင်း မဖြတ်ပါ။ ဗြဟ္မာမင်းကလည်း ကတိတည်သူ ဖြစ်သည့်အတိုင်း သိကြားမင်းက သူ့ကို ခေါင်းမဖြတ်သဖြင့် သူ့လည်ပင်းကို သူ လက်ညှိုးဖြင့် ရစ်လိုက်ရာ ခေါင်းပြုတ်ကျလာသည်။
ပြဿနာက ဗြဟ္မာမင်းသည် အလွန် ဘုန်းတန်ခိုးကြီးသူ ဖြစ်ရကား သူ့ ဦးခေါင်းကို မြေပြင်တွင် ချလိုက်ပါက တကမ္ဘာလုံး ပြာကျမည်။ ကောင်းကင်သို့ ပစ်တင်လိုက်ပါကလည်း ခုနစ်နှစ်တို့ပတ်လုံး မိုးခေါင်မည်။ သမုဒ္ဒရာအတွင်း ချလိုက်ပါက ပင်လယ်ရေ အားလုံး ခန်းခြောက်သွားမည်။ သို့အတွက် သိကြားမင်းမှာ လူသူ သတ္တ၀ါအပေါင်းတို့ ဒုက္ခ များမည့် ဘေးမှ ကင်းဝေးစေရေးအတွက် ဗြဟ္မာမင်း ဦးခေါင်းကို ကိုင်ထားရန် နတ်သမီးခုနစ်ပါးကို တာဝန်ပေး လိုက် သည်။ (ယခုခေတ်ကာလ မည်သူမျှ မကိုင်ရဲသော ပြဿနာ အရှုပ်ထုပ်ကြီးပေါ်လာပါက ဗြဟ္မာမင်း ဦးခေါင်း ဟု တင်စား ခေါ်ဝေါ်ကြသည်ကို မိတ်ဆွေများ ကြားဖူးကြပါလိမ့်မည်။)
ကျွန်တော့်စာအုပ်များမှာ ရန်ကုန်တွင် ကျန်ခဲ့သဖြင့် နတ်သမီးများ၏ နာမည်ကို မဖော်ပြနိုင်ခြင်းအတွက် တောင်းပန်ပါ၏။ (ကျွန်တော် ထိုလောကီပညာရပ်များကို လေ့လာလိုက်စားနေစဉ် အခါကမူ ထို နတ်သမီးများ ၏ နာမည်များကို အလွတ်ရပါသည်။ ခုတော့ မမှတ်မိတော့ပါ။) နတ်သမီးတစ်ပါးလျှင် တစ်ရက်ကျ ဗြဟ္မာမင်း ဦးခေါင်းကို ကိုင်ထားရသည်။ သို့သော် နတ်ပြည်မှ တစ်ရက်သည် လူ့ပြည်မှ တစ်နှစ်နှင့်ညီရကား လူ့ပြည်တွင်မူ တစ်နှစ်ကူးသော အခါ နတ်သမီးတပါးက သူ့အလှည့်စေ့ ၍ သူကိုင်ထားရသော ဗြဟ္မာမင်း ဦးခေါင်းကြီးကို အခြားနတ်သမီးတစ်ပါးသို့ လွှဲအပ်သည် ဟု ဖြစ်လာရပါသည်။ ထိုနတ်သမီးများ ၀တ်ဆင်လာမည့် ဖက်ရှင် ဒီဇိုင်းသည်လည်း ကျွန်တော်တို့ မြန်မာ များအတွက် အလွန်အရေးကြီးပါ၏။ အဘယ်ကြောင့်နည်း။
ဤသည့်နှစ်၌ ဘာဖြစ်မည်နည်း။ မိုးကောင်းမည်လော၊ လေထန်မည်လော၊ စပါးပဲပြောင်း နှမ်းဝါ တို့ အထွက် ကောင်းမည်လော၊ ရွှေဈေးတို့ အတက်အကျ ဖြစ်မည်လော စသည့် သင်္ကြန် အဟောများသည် ဤသည့် နတ်သမီး တစ်ပါးနှင့်တစ်ပါး ဗြဟ္မာမင်း ဦးခေါင်းကို အဘယ်သို့ လွှဲသနည်း ဆိုသည့်အပေါ် မူတည်နေပါသည်။ ထို နတ်သမီးသည် မည်သည့် အ၀တ်အစားများကို ၀တ်ဆင်လျှက် မည်သို့သော မျက်နှာထားနှင့် မည့်သည့် အနေအထားမှ နေကာ ဤ နတ်သမီးကို လွှဲသည်။ ဤ နတ်သမီးသည် မည်သည့် အ၀တ်အစားများ ၀တ်လျှက် မည်သည့်အနေအထားနှင့် ဗြဟ္မာမင်း ဦးခေါင်းကို လက်ခံသည်။ သို့အတွက် ဤနှစ်တွင် ရေကြီးအံ့၊ မိုးခေါင်အံ့၊ ဘာညာကွိကွ။
နောက်တစ်ခု မြန်မာ့ရိုးရာ ယဉ်ကျေးမှုတွင် သင်္ကြန်နှင့် ပတ်သက်သည့် အရေးကြီးသည့် အရာတစ်ခုမှာ သင်္ကြန်စာ ဖြစ်ပါ၏။ ခုခေတ် မြို့ပြမှ လူများကတော့ သင်္ကြန်စာ ဆိုသည်ကို မသိတော့ပါ။ တောလက် ကျေးရွာများတွင် လည်း သင်္ကြန်စာသည် ခေတ်မစားတော့ ဟု ထင်ပါသည်။ တိုးတက်လာသော ခေတ်ကြီးတွင် ဤအရာများ တိမ်မြုပ် ပျောက်ကွယ် ကုန်ကြပြီ။
ကျွန်တော်ငယ်စဉ်က ကျွန်တော့် ဦးကြီး အရီးများကို သင်္ကြန်စာ နှစ်စဉ်လိုလို ဖတ်ပြခဲ့ရသဖြင့် သင်္ကြန်စာနှင့် ကျွန်တော်မှာ ငယ်စဉ်ကပင် ရင်းနှီးကျွမ်းဝင်နေခဲ့ပါသည်။ သို့သော် ထိုစာများမှာ မည်သည့် အဓိပ္ပါယ်ကို ဆောင်မှန်း တော့ မသိခဲ့ပါ။ သင်္ကြန်စာ ပါ စာလုံးများ၊ အခေါ်အဝေါ်များကိုတော့ အလွတ်နီးပါး ရနေခဲ့ပါသည်။
သင်္ကြန်စာတွင် မည်သည့်ခုနှစ် မည်သည့်လ မည်သည့်ရက် မည်သည့်နာရီ မည်သည့် မိနစ် မည်သည့်စက္ကန့် တွင် သင်္ကြန် ကျမည်၊ ကြတ်မည်၊ တက်မည်။ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ကား မည်သည့် ခုနှစ်၊ နေ့၊ လ၊ ရက် မှ စမည်။ ဤ နှစ်ကို ဘာနှစ် ခေါ်သည်။ ဘယ်လ ဘယ်ရက် ဘယ်ရက်တွင် ဘာတို့ဖြစ်မည်။ ဘာနေ့သားသမီးတို့ ကံကောင်းမည်၊ မည်သည့်သားသမီးတို့ ကံနိမ့်နေသည်။ မည်သည့် အဆောင်များ ဆောင်ထားပါ။
သင်္ကြန်ရက်များတွင် “အိမ်ယာမမှား၊ သားငါးသုတ်သင်၊ သစ်ပင်ခုတ်ဖြတ်၊ ပုတ်ခတ်ငိုကြွေး၊ ကိုယ်သွေး ထုတ်ခြင်း၊ ဆီနနွင်းက၊ သောက်ခြင်း သေစာ ---- ” စသည်တို့ မလုပ်ရ။ မည်သည်တို့ လုပ်ရမည် စသည်တို့ကို ဖော်ပြထားပါ၏။ ဦးခေါင်းဆေးလျှော်ခြင်း သည်လည်း အရေးကြီးသော အလုပ်တစ်ခုဖြစ်ရကား မည်သည့် အချိန်တွင် မည်သည့်နေ့ရက် သားသမီးတို့သည် မည်သည့် အရပ်ကို မျက်နှာမူကာ မည်သည်တို့နှင့် စီရင်ထားသော တလျော်၊ ကင်းပွန်းတို့ဖြင့် ဦးခေါင်းဆေးရမည် စသည် အတော်စုံစုံလင်လင် ဖော်ပြထားပါ၏။ ကျွန်တော် မှတ်မိသလောက် ကျွန်တော်တို့ အမြဲ ၀ယ်နေကျ သင်္ကြန်စာ မှာ မန္တလေးမှ ပုဏ္ဏားဆရာကြီး ဦးဗိုလ်ထွေး စီရင်သော သင်္ကြန်စာ ဖြစ်ပါသည်။ မိတ်ဆွေများ နမူနာ ဖတ်ရှုနိုင်ရန် နမူနာ သင်္ကြန်စာ ကို တင်ဆက်လိုက်ရပါ၏။
မြန်မာသက္ကရာဇ် ၁၃၇၁ ခုနှစ်သမ္မာကာလဇနသဒ္ဒ မဟာသင်္ကြန်စာ
မဟာသင်္ကြန်ကျချိန် - ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၅) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၄) ရက်၊အင်္ဂါနေ့၊ မြန်မာစံတော်ချိန် နံနက်စက် (၃) နာရီ (၁၅) မိနစ်၊ (၃၆) စက္ကန့်။မဟာသင်္ကြန်အကြတ်ရက် - ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၆) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၅) ရက်၊ ဗုဒ္ဓဟူးနေ့။မဟာသင်္ကြန်တက်ချိန် - ၁၃၇၀-ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၇) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၆) ရက်၊ ကြာသပတေးနေ့၊ မြန်မာစံတော်ချိန် နံနက်စက် (၇) နာရီ၊ (၂၀) မိနစ်၊ (၁၈) စက္ကန့်။နှစ်ဆန်းတစ်ရက် - ၁၃၇၁-ခု၊ တန်ခူးလပြည့်ကျော် (၈) ရက်၊ ခရစ်နှစ် ၂၀၀၉ ခု၊ ဧပြီလ (၁၇) ရက်၊ သောကြာနေ့။ (သုဒ္ဓဒိန် - ၁)။
ဇေယျတုသဗ္ဗမင်္ဂလံ ။ ။သင်္ကြန်သုံးပါးတို့တွင် သမန္တသင်္ကြန်ဖြစ်သောကြောင့် သင်္ကြန်ကျပြီးနောက် (၂၄)မိနစ် ရောက်သောအချိန်၌ ဦးခေါင်းဆေး မင်္ဂလာပြုရာ၏။ ဝိသေသအားဖြင့် ဤကဲ့သို့နှစ်ဟောင်းကူးပြောင်း နှစ်သစ်ကို ရောက်သောအချိန်၌ (မံသံနိဝုဍ္ဎတ္တိ၊ ပညာတ္တိ နဝုဍ္ဎတ်္တိ) မံသံနိ အသားတို့သည်၊ဝုဍ္ဎတ္တိ တိုးပွားကုန်၏။
xxxxxx------
ဘာနုရာဇာမည်သော တနင်္ဂနွေဂြိုလ်မင်းသည် ဇင်ရွေးနီအဆင်းနှင့်တူသော အ၀တ်တန်ဆာကိုဝတ်ဆင်လျက်၊ ဂဠုန်ကိုစီး၍ လက်တစ်ဘက်ကား သန်လျက်၊ လက်တစ်ဘက်ကား တံစဉ်ကိုင်၍၊ မြောက်ကသည် အရှေ့တောင်ထောင့်သို့ဝင်၏။ ဓံနီ နတ်သမီးကား အလှည့်စေ့၍၊ ပရမိသွာနတ်မင်း၏သား “အာသီ” အမည်ရှိသော ဗြဟ္မာမင်း၏ဦးခေါင်းကို ကမ်းသည်ရှိသော် ဃောရဿနတ်သမီးကား မှောက်ခုံနေ၍ လှမ်းလင့်၏၊ မဟောရကာဒေ၀ီနတ်သမီးကား အဖြူ၊ အနီ၊ အစိမ်း၊ အပြာ၊ အ၀ါ အားဖြင့် ငါးပါးသောအဆင်းဖြင့်ပြီးသော အ၀တ်တန်ဆာကိုဝတ်ဆင်လျက် သင်္ကြန်မင်းကို စောင့်လင့်၏။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPqiXisO7vayfIcsZuRuG1FU2V32r7ZunT09E7B43RJiTuW30It_41v62gNDn5XQifwECGcx-k5aUfHBtVtR1wtv-7A7TFnDyxPlNHxXPlMDaTtiu86crDttrEjjSM30RKoxBPzJ9hR14/s400/Thagyan+Zartar.jpg)
(၄)
အမှန်ဆိုရလျှင် သင်္ကြန်သည် မြန်မာ့ယဉ်ကျေးမှု စစ်စစ်မဟုတ်။ ဟိန္ဒူယဉ်ကျေးမှုကို မွေးစားထားခြင်း ဖြစ်သည် ဟု ကျွန်တော်ဆိုလိုက်လျှင် မိတ်ဆွေတို့ အံ့သြသွားပါလိမ့်မည်။ သင်္ကြန်သည် မင်္ဂလာ ၁၂ ပါးထဲမှ တစ်ပါး ဖြစ်ပါ၏။ ဤ မင်္ဂလာ ၁၂ ပါးသည်ပင် ဟိန္ဒူယဉ်ကျေးမှု ဖြစ်ပါ၏။ ကုလားတို့သည် ကလေးတစ်ဦးမွေးပါက နေပြ မင်္ဂလာ၊ လပြ မင်္ဂလာ၊ ကွမ်းခွံ့ မင်္ဂလာ၊ ထမင်းခွံ့ မင်္ဂလာ၊ ပုခက်တင် မင်္ဂလာ၊ နားထွင်း မင်္ဂလာ၊ နာမည်ပေး မင်္ဂလာ စသဖြင့် ပြုပါ၏။ မင်္ဂလာ ၁၂ ပါးအကြောင်း သိလိုလျှင် မာမာအေး၏ မင်္ဂလာ ၁၂ ပါးသီချင်း ကို နားဆင်ကြည့်ပါ။ “ရ၀ိန္ဒု ဒဿန- နေလပြတဲ့ မင်္ဂလာ အညီ၊ ကဏ္ဍ၀စ္ဆ နားကို သ ခြင်း ပြုပါသည် ----- ”
သင်္ကြန်ဟူသည်မှာ ပါဠိစကားလုံး သင်္ကန္တ ကို မြန်မာသံနှင့် ဖလှယ်ထားခြင်း ဖြစ်ပြီး ကူးပြောင်းခြင်း ဟု အဓိပ္ပါယ် ရ၏။ နှစ်ကူးသင်္ကြန်၊ လကူး သင်္ကြန်၊ ရက်ကူး သင်္ကြန် စသဖြင့် ဖြစ်ပါသည်။ သို့သော် တစ်လနှင့် တစ်လ၊ တစ်ရက်နှင့် တစ်ရက် ကူးပြောင်းခြင်းများ အစား တစ်နှင့်တစ်နှစ် ကူးပြောင်းခြင်းကိုသာ သင်္ကြန် ဟု လူသိများပါသည်။
သို့ဆိုလျှင် သင်္ကြန် ဘယ်အချိန်ကျသနည်း ဆိုပါက တစ်နှစ်နှင့် တစ်နှစ် ကူးပြောင်းသည့် အချိန်တွင် ကျသည် ဟု ဖြေရပါလိမ့်မည်။ အများနားလည်အောင် ဥပမာပေးရလျှင် ဒီဇင်ဘာလ ၃၁ ရက် ည သန်းခေါင် အချိန် ၂၄း၀၀း၀၀ မှ ဇန္န၀ါရီလ ၁ ရက် နေ့ နံနက် ၀၀း၀၀း၀၁ အချိန်သို့ ကူးပြောင်းကာ တရုပ်ကလေး၊ တရုပ်မ ကလေးများ count down လုပ်ပြီး 5 – 4 – 3 – 2 – 1 Happy New Year ဟု အော်ဟစ်လျှက် အနီးရှိသူကို ကောက်ကက် ဖက်လိုက် ကြသည်မှာ သူတို့ဘာသာနှင့် သင်္ကြန် ကျလိုက်ခြင်း ဖြစ်ပါ၏။
ခရစ်နှစ်အရ (ခရစ် သက္ကရာဇ် ဟု မှားယွင်းစွာ မခေါ်ပါနှင့်။ မြန်မာ သက္ကရာဇ် ဆိုမှ မှန်သည်။ အဘယ့်ကြောင့် ဆိုသည်ကို သိလိုပါက သီးသန့်မေးပါ။) သင်္ကြန်ရက်သည် နှစ်စဉ် ဇန္န၀ါရီလ ၁ ရက် New Year Day ဖြစ်ပါသည်။ သို့သော် အထက် ကျွန်တော့် သူငယ်ချင်း ကိုဂိုင်ကြီးမေးသလို မြန်မာ သင်္ကြန်ရက်သည် မြန်မာ သက္ကရာဇ် မည်သည့် နေ့ရက် ဖြစ်သနည်း။ အဘယ်ကြောင့် မြန်မာရက်ကို မသုံးပဲ နှစ်စဉ် ဧပြီလ ၁၃ ရက်တွင် သင်္ကြန်ကျသည် ဟု မှတ်ရ ပါသနည်း။ ခရစ်နှစ်တွင် ပထမဆုံးလဖြစ်သော ဇန္န၀ါရီလ၏ တစ်ရက်နေ့သည် နှစ်ဆန်းတစ်ရက် ဖြစ်သော်လည်း မြန်မာပြက္ခဒိန်တွင် အဘယ်ကြောင့် တန်ခူးလဆန်း ၁ ရက် နေ့သည် မြန်မာ နှစ်ဆန်း တစ်ရက်နေ့ မဖြစ်ရ ပါသနည်း။
မြန်မာနှစ်သည် တန်ခူးလဆန်း ၁ ရက်နေ့မှ စတင်သည်ဟု မှတ်ယူသူအများအပြား ရှိနိုင်ပါသည်။ ထိုအထဲတွင် ယခုစာရှုနေသူ မိတ်ဆွေပင် ပါကောင်းပါနိုင်ပါသည်။ မြန်မာပြက္ခဒိန်အဖို့ နှစ်ဆန်း ၁ ရက်နေ့သည် နှစ်ဆန်းတစ်ရက် နေ့သာ ဖြစ်ပြီး တန်ခူးလဆန်း ၁ ရက်နေ့ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသည်ကို နောက်ပိုင်းတွင် ရှင်းပါမည်။
သင်္ကြန်ရက်သည် မြန်မာ့ ပြက္ခဒိန် နှင့် တိုက်ရိုက် ပတ်သက်နေသည် ဖြစ်ရာ သင်္ကြန်အကြောင်း ပြောလျှင် မြန်မာ့ ပြက္ခဒိန်အကြောင်းလည်း ပြောရပါလိမ့်မည်။ မြန်မာ့ ပြက္ခဒိန်အကြောင်း နားလည်မှ သင်္ကြန်အကြောင်း နားလည် နိုင်ပါလိမ့်မည်။ သည်တွင် မြန်မာ့ ပြက္ခဒိန် အကြောင်း သဘောပေါက်ရုံ အကျဉ်းပြောပြပါမည်။ အကျယ်သိလိုသူများ ကိုဝဏ္ဏကို၏ Blog http://kowunnako.blogspot.com/ တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။ ကျွန်တော်လုပ်ချင်သည့် အလုပ်ကို လုပ်ပေးသည့်အတွက် အလွန်အထူး ကျေးဇူးတင်ကြောင်းပါ ကိုဝဏ္ဏကို ခင်ဗျား။
(၅)
တစ်နှစ် ဟူသည်မှာ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးက သူရိယ နေမင်းကို တစ်ပတ်(ကွက်တိ) ပတ်မိသော အချိန် ကို ခေါ်ပါသည်။ ဆိုလိုသည်မှာ ကမ္ဘာကြီးသည် သူစထွက်ခဲ့ရာ အမှတ်ကို နောက်တစ်ချိန် ကွက်တိ ပြန်ရောက် ရန် ကြာသော အချိန်ကို ခေါ်၏။ ရှုပ်ထွေးလှသည့် အတွက် အချက်များကို ဘေးချိတ်လျှက် အကြမ်းဖျဉ်း ပြောရလျှင် တစ်နှစ်၌ Average Length of Tropical Year အရ ၃၆၅.၂၄၂၁၇၅၆ ရက်၊ တစ်နည်းအားဖြင့် ၃၆၅ ရက်၊ ၅ နာရီ၊ ၄၈ မိနစ်၊ ၄၃.၉၇ စက္ကန့် ရှိပါသည်။ သူရိယ သိဒ္ဓန္တကျမ်းအလိုအရမူ တစ်နှစ်တွင် ၃၆၅.၂၅၈၇၅၆၅ ရက် တနည်းအားဖြင့် ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၆.၅၆ စက္ကန့် ရှိပါသည်။ သို့သော် ဤ ကိန်းများသည် လက်တွေ့ တွက်ချက်၍ရသော ခေတ်သိပ္ပံ ကိန်းများနှင့် အနည်းငယ် ကွာဟမှု ရှိပါသည်။ သို့သော် ပီဘိ မဆိုစလောက်သာ ဖြစ်ပါ၏။ ထားပါတော့။
ပြက္ခဒိန်ကို နှစ်မျိုးခွဲကြည့်ရလျှင် အနောက်တိုင်း ပြက္ခဒိန်နှင့် အရှေ့တိုင်း ပြက္ခဒိန်ဟု နှစ်မျိုးခွဲနိုင်ပါသည်။ အနောက်တိုင်းတွင်မူ ဂရေဂေါရီယန် ပြက္ခဒိန် တစ်မျိုးသာ ရှိပြီး အရှေ့တိုင်းတွင်မတော့ တရုပ်ပြက္ခဒိန်၊ ဟိန္ဒူ ပြက္ခဒိန်၊ အစ္စလာမ် ပြက္ခဒိန်၊ ဗုဒ္ဓဘာသာ ပြက္ခဒိန် စသည်ဖြင့် အများကြီး ကွဲသွားပါသည်။ အကြမ်းဖျဉ်းအားဖြင့် အနောက်တိုင်း ပြက္ခဒိန်သည် နေသွားလမ်းကို အခြေခံလျှက် အရှေ့တိုင်း ပြက္ခဒိန်များက လသွား လမ်းကြောင်းကို အခြေခံပါသည်။ တကယ်ဆိုရလျှင် အနောက်တိုင်း ပြက္ခဒိန်ကို ပြက္ခဒိန်ဟု ပင် မခေါ်နိုင်ပါ။ သူတို့ဘာသာနှင့် Calendar ဟု သာ ခေါ်ရမည် ဖြစ်ပါ၏။ အဘယ်ကြောင့်ဆိုသော် ပြက္ခဒိန် ဟူသည် ပါဠိစကား ပက္ခဒိန မှ လာသောကြောင့် ဖြစ်၏။ ပက္ခ တွင် နှစ်မျိုးရှိပြီး လဆန်း ပက္ခ လဆုတ် ပက္ခ ဟု ဖြစ်၏။ ပက္ခကို ကောင်းကင်မှ လ ၏ ထွန်းလင်းတောက်ပမှု အပေါ် အခြေခံတွက်ချက်ခြင်းကြောင့် နေသွားလမ်းပေါ် အခြေခံသော အနောက်တိုင်း ပြက္ခဒိန်ကို ပြက္ခဒိန်ဟု မခေါ်ထိုက် ကြောင်း ဆိုရခြင်း ဖြစ်ပါ၏။ (ပြက္ခဒိန် = ပက္ခ+ဒိန , ပက္ခ = လဆန်းခြင်းဆုတ်ခြင်းပေါ် အခြေခံတွက်ထားသော + ဒိန = နေ့ များ)
ခရစ်ပြက္ခဒိန် သည် ဂရေဂေါရီယန် ပြက္ခဒိန် ဖြစ်ပြီး နေပတ်လမ်းကြောင်း တစ်နည်းအားဖြင့် Average Length of Tropical Year ကို အခြေခံထားပြီး တွက်ရလည်း လွယ်ပါသည်။ နှစ်ကို ၄ နှင့်စား၊ သို့မဟုတ် ရာပြည့်နှစ်များကို ၄၀၀ နှင့်စား၊ ပြတ်သော နှစ်များတွင် ဖေဖော်ဝါရီလကို ၂၉ ရက် လုပ်လိုက်။ ကျန်သော လများမှာ ပုံသေဖြစ်၏။ အလွန် ရှင်းပါ သည်။ ဥပမာ -၁၉၉၆ ကို ၄ နှင့်စားလိုက်ရာ ပြတ်သဖြင့် ထိုနှစ်တွင် ဖေဖော်ဝါရီ ၂၉။ ထို့အတူ ၂၀၀၀ ပြည့်နှစ်ကို ၄၀၀ နှင့်စားသော် ပြတ်သဖြင့် ထိုနှစ်သည်လည်း ဖေဖော်ဝါရီ ၂၉။ ကျန်နှစ်များတွင် ဖေဖော်ဝါရီ ၂၈။
သို့သော် အရှေ့တိုင်းပြက္ခဒိန်များမှာ ဤမျှ မလွယ်ကူပါ။ အဘယ်ကြောင့်ဆိုသော် လသွားချိန်ကို မူတည်တွက် သည် ဖြစ်ရာ လသွားချိန်နှင့် နေသွားချိန်သည် အဘယ်မှာလျှင် တူနိုင်ပါမည်နည်း။ ကျွန်တော်တို့သုံးနေသော မြန်မာ ပြက္ခဒိန်မှာ သူရိယ သိဒ္ဓန္တကျမ်း ၏ တွက်ချက်မှုများကို အခြေခံပါသည်။ နေသွားချိန်ကို မူတည်တွက်သော အနောက် တိုင်း ပြက္ခဒိန်ကို သူရိယမာသ (သူရိယ = နေမင်း + မာသ = လ , သူရိယမာသ = နေသွားခြင်းကို မူတည်တွက်ချက် သောလ) ဟု ခေါ်ပြီး မြန်မာပြက္ခဒိန်ကို စန္ဒြမာသ (စန္ဒြ = လ (ကောင်းကင်မှ လမင်း) + မာသ = လ , လသွားခြင်းကို အခြေခံတွက်ချက်သော လ) ဟု ခေါ်ပါသည်။
သို့အတွက်ကြောင့်သာ အင်္ဂလိပ် ပြက္ခဒိန်များတွင် လဆန်း၊ လဆုတ် ဟု မရှိဘဲ မြန်မာ ပြက္ခဒိန်တွင်သာ လဆန်း၊ လဆုတ် ဟု ရှိခြင်း ဖြစ်ပါသည်။ လဆန်း ရက်များသည် ကောင်းကင်မှ လမင်းကြီး ကောင်းကင်မှ လုံးဝ ကွယ်ပျောက်သွားပြီး တဖြည်းဖြည်း ပြန်လည် ထွန်းလင်းတောက်ပ လာသော ရက်များ ဖြစ်ပါသည်။ ထိုသို့ တဖြည်းဖြည်း ပြန်လည် ထွန်းလင်းလာရာ ၁၅ ရက်ကြာသော အခါ လုံးဝ ပြည့်နေသော လမင်းကြီးကို ကောင်းကင်တွင် အလွန်လှပစွာ တွေ့ရမည် ဖြစ်ပါ၏။ ထိုကဲ့သို့ လမင်းကြီး လုံးဝပြည့်နေသော ရက်ကို လပြည့်နေ့ ဟု သတ်မှတ်ထားခြင်း ဖြစ်ပါ၏။
ထိုကဲ့သို့ ပြည့်နေရာမှ ပြန်လည် ဆုတ်ခွါသွားသော နောက်တစ်ရက်ကို လပြည့်ကျော်(လဆုတ်) ၁ ရက် ဟု သတ်မှတ်ပါသည်။ လဆုတ်ရက်များမှာ ပြည့်နေသော ထို လမင်းကြီးသည် တဖြည်းဖြည်း ပြန်လည် ဆုတ်သွားသည့် ရက်များဖြစ်ပါသည်။ လမင်းကြီးသည် တဖြည်းဖြည်း ပြန်လည် ဆုတ်သွားရာ ၁၄ ရက် သို့မဟုတ် ၁၅ ရက်ကြာသော အခါ ကောင်းကင်မှ လုံးဝကွယ်ပျောက် သွားပါသည်။ ထိုကဲ့သို့ ကောင်းကင်မှ လမင်းကြီး လုံးဝကွယ် ပျောက် သွားသောနေ့ကို လကွယ်နေ့ ဟု သတ်မှတ်လိုက်ပါသည်။
သို့ဆိုလျှင် လမင်းကြီး လုံးဝပြည့်သည် မပြည့်သည်၊ လုံးဝကွယ်သည် မကွယ်သည်ကို မည်ကဲ့သို့ သိနိုင်ပါသ နည်း ဟု မေးမည်ဆိုက မေးစရာ ရှိပါ၏။ ဤ အရာမှာ သာမန် လူပြိန်းတို့၏ အရာမဟုတ်။ အာကာသ နက္ခတ္တဗေဒကို တတ်ကျွမ်းသော ပညာရှင်တို့၏ အရာဌာနသာ ဖြစ်ရကား သူတို့တွက်ပေးသည့်အတိုင်း လပြည့်နေ့ဆိုလျှင် ပြည့်သည်၊ လကွယ်နေ့ ဆိုလျှင် ကွယ်သည် ဟု မှတ်လိုက်ရုံသာ ရှိပါ၏။ ဤသည်ကိုမှ မကျေနပ်သေး။ ထပ်မံ သိလိုပါသေးသည် ဆိုလျှင် အမေရိကန် ဂြိုဟ်သွားပြက္ခဒိန် ရှိပါသည်။ သို့သော် ဗေဒင်ပညာမတတ်ပဲ ဖတ်လျှင်မူ ကျွန်တော်တို့ တရုပ်စာ ဖတ်နေသည်နှင့် မခြား ရှိပါလိမ့်မည်။
မြန်မာပြက္ခဒိန်သည် ကျွန်တော်တို့ မြန်မာ ဗုဒ္ဓဘာသာဝင်များအတွက် အရေးကြီးပါသည်။ အဘယ်ကြောင့် ဆိုသော် လဆန်း ၈ ရက်၊ လပြည့်ကျော်(လဆုတ်) ၈ ရက် နေ့များတွင် လည်းကောင်း။ လပြည့် လကွယ် ရက်များတွင် လည်းကောင်း ဥပုသ် စောင့်ကြခြင်းကြောင့် ဖြစ်ပါသည်။ ထိုနေ့များကို ဥပုသ်နေ့ ဟု ခေါ်ပြီး ထိုရက်မတိုင်မီ တစ်နေ့ကိုမူ အဖိတ်နေ့ ဟု ခေါ်ပါသည်။ သို့အတွက် တစ်လလျှင် လဆန်း ၈ ရက်၊ လပြည့်၊ လပြည့်ကျော် ၈ ရက်၊ လကွယ် ဟု ဥပုသ်နေ့ ၄ နေ့ ရှိပါသည်။ ယခင် ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားကြစဉ်က ကျောင်းပိတ်ရက်သည် ထို ဥပုသ်နေ့များ ဖြစ်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က ၀ါတွင်း သုံးလ တွင် ကျောင်းပိတ်ရက်ကို တနင်္ဂနွေနေ့အစား ဥပုသ်နေ့ဟု သတ်မှတ်ပေးပါသည်။
ကျွန်တော့်သဘောအရ ပြောရပါမူ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော ကျွန်တော်တို့တိုင်းပြည်တွင် ကျောင်းပိတ်ရက်၊ အစိုးရ ရုံးပိတ်ရက်များသည် ဥပုသ်နေ့များ ဖြစ်သင့်ပါသည်။ (တကယ်လို့သာ ကျွန်တော်တို့ဟာ ခရစ်ယန်တွေ တနင်္ဂနွေနေ့မှာ Church ပုံမှန်သွားသလို ဥပုသ်နေ့တိုင်း ဥပုသ်စောင့်ကြမယ် ဆိုရင် ပြောပါတယ်။) အဘယ်ကြောင့်ဆိုသော် တနင်္ဂနွေနေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်းသည် ခရစ်ယန် ဘာသာဝင်များ ဘုရားကျောင်း တက်နိုင်ရန် ဖြစ်သောကြောင့်ပါတည်း။
1 comment:
ဒီဘလော့ကို ကျွန်တော် အခုမှပဲရောက်ဖူးတော့တယ် ဗဟုသုတရစရာတွေ အများကြီးရေးထားတာပဲ။ စောစောဖတ်မိရင် မနေ့ကစကားပြောလို့ ပိုကောင်းမယ် :D အစ်ကိုနဲ့စကားပြောရတာ ဗဟုသုတလည်း အများကြီးရပါတယ်။ နောက်တစ်ခါဆုံဖြစ်ရင် အေးအေးဆေးဆေး စကားပြောကြတာပေါ့။ ရေးထားတဲ့စာတွေက အများကြီးဆိုတော့ ဖြည်းဖြည်းချင်း ကျွန်တော်လာဖတ်ပါဦးမယ်။
Post a Comment