Monday, April 20, 2009

ECC Life @ Pular Ular VI

(၆)

Cisco to All IC, Cisco to All IC, CAT 1 is now in place, I repeat again, CAT - 1 - is - now - in - place, please acknowledge!!!
Penta Ocean acknowledge.... Shimizu acknowledge.... Hiap Seng acknowledge.... Grootint acknowledge..... Hai Lek acknowledge..... Leads Engineering acknowledge..... xxxx acknowledge......
စင်ကာပူသည် ကမ္ဘာ့ မိုးကြိုး အပစ်ဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံ အပါအ၀င်ဖြစ်၏။ ယခင်က မိုးရွာနေသည့် တိုင် စစ်သင်တန်းဆင်းရသည်။ လွန်ခဲ့သော ၃ နှစ်ခန့်ကမူ မိုးရွာထဲတွင် စစ်ချီတက်နေသော ယမနေ စစ်သား ကလေး ကို မိုးကြိုးပစ်ချလိုက်ရာ မိုးရွာလျှင် စစ်ချီတက်ခြင်း မပြုရ ဟု အမိန့် ထုတ်လိုက်ရ ပါသတည်း။ ဆန်းပါပေ့။
ထို့အတူ ကျွန်ုပ်တို့ ပူလာ အူလာသည်လည်း ယခုမှ တည်ဆောက်ဆဲ စက်ရုံဖြစ်ရကား အဆောက်အဦး ကြီးကြီးမားမား သိပ်မရှိသေး။ သို့အတွက် မိုးကြိုး အန္တရာယ် စိုးရိမ်ရသည်။ မိုးရွာနေတုံး အလုပ်လုပ်ခိုင်းလို့ မတော် မိုး ကြိုးပစ်ချလိုက်လျှင် MOM မှ ကောင်းကောင်း ထောင်းလိမ့်မည်။ သို့ အတွက် Cisco ရဲများတွင် မိုးကြိုးတိုင်း ကိရိယာ လေး ရှိသည်။ ကောင်းကင်မှ ဂျိမ်းဂျိမ်း ဂျိမ်းဂျိမ်း ဆိုပြီး ကျွန်ုပ်တို့ ဘိုးသိကြား စိတ်ဆိုးပြီ ဆိုလျှင် အထက်ပါ အတိုင်း ကြေငြာသံကို ရေဒီယိုများမှ ကြားရလိမ့်မည်။
CAT 1 ဆိုသည်မှာ မိုးကြိုးအန္တရာယ် ရှိသည်။ မည်သူမျှ အပြင်မထွက်ရ။ အားလုံး မိုးကြိုးလွှဲ တပ်ဆင် ထားသော အဆောက် အဦများထဲတွင် နေပါ ဟု အဓိပ္ပါယ် ရ၏။ ခဏလေး အစ်ကို့၊ ကျွန်တော် canteen ထဲ သွားပြ စေဦး ဟု ခေါင်းမမာ ပါနှင့်။ ရဲ ဖမ်းပြီ ဆိုပါက အနည်းဆုံး အိမ်သာတော့ ဆေးရမည် ဖြစ်၏။ ဟုတ်ပါသည်။ CAT 1 condition အတွင်း လမ်းသလား နေသူများကို ရဲကဖမ်းပြီး ကဒ် သိမ်းပြီး ၀မ်နင် ပေးလျှင်ပေး။ မပေးလျှင် အိမ်သာ ဆေးခိုင်းပါသည်။ ကုသိုလ် လိုချင်သူများ လမ်းသလားကြပါလေ။
နောက်ပြီး ထမင်းစားချိန်ကို သူ့ ကုမ္ပဏီနှင့် သူ အချိန်ခွဲထားသည်။ ဘယ် ကုမ္ပဏီ က ၁၁ နာရီကနေ ၁၂ နာရီ။ ဘယ် ကုမ္ပဏီ ကတော့ဖြင့် ၁၂ နာရီကနေ ၁ နာရီ။ သတ်မှတ်ထားသော အချိန်တွင် သွားစားရသည်။ ထုံးစံ အတိုင်း canteen အပေါက်ဝတွင် ကိုရွှေရဲတို့ စောင့်နေပါ၏။ ကိုယ့် အချိန်မဟုတ်ပဲ သွားစားလျှင် ဒါဏ်ငွေ ၁၀၀ တပ်ရိုက် ပါ၏။ ထမင်း တစ်နပ်လျှင် ၁၀၀ ပေး စားရမည်မှာ မတန်လှပါ။ မစွန့်စား ပါလေနှင့်။
ထိုမျှ မကသေး။ canteen ၀င်ချိန်ကိုလည်း ကန့်သတ်ထားပါ၏။ အချိန်မဟုတ်ပဲ တော့ မသွားလိုက်လေ နှင့်။ ဂန့်သွားမည် ဖြစ်ပါ၏။ သို့ပင် ဖြစ်ပါသော်လည်း အချိန်ကျ၍ သွားစားပြီ ဆိုပါက အားလုံး တစ်ချိန်ထဲ လာသည် ဖြစ်ရာ တန်းစီ ပေတော့ နာရီဝက်။
Canteen လေးခု ရှိ၏။ တရုပ်ဆိုင်၊ မွတ်ဆလင်ဆိုင်၊ ကုလားဆိုင် စသဖြင့် ဖြစ်၏။ များသော အားဖြင့် ကျွန်တော် တွေ့ရသည်မှာ ကုလားဆိုင်တွင် လူပိုများပြီး တရုပ်ဆိုင်တွင် လူရှင်းတတ်ပါသည်။ သည်တော့ ကျွန်တော် က အနည်းငယ် နောက်ကျ သွားကာ လူရှင်းသော တရုပ်ဆိုင်တွင် စားလေ့ ရှိပါသည်။ သို့သော် ဘာကို ဘယ်လို စားလိုက်ရမှန်း မသိပါ။ ဗိုက်ပြည့် ပြီးတာပဲ ဟု သဘောပိုက်ကာ စားရပါသည်။ ကုလားစာကတော့ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ။ အနံ့ ပြင်းတာ တကြောင်း၊ ပူပူ စပ်စပ် ဟင်းများ ဖြစ်သည် တကြောင်း ကြောင့် နည်းနည်း တော်သေးသည် ဟု ဆိုရမလား မသိ။ ကုလားစာကတော့ ပူတာ စပ်တာ နံတာ မှန်သမျှ အကုန်ထည့် ထားသည်။ နာနတ်ပွင့်၊ နံနံစေ့၊ လေးညှင်းပွင့်၊ သစ်ကြမ်းပိုးခေါက်၊ ကရဝေးရွက်၊ ပျဉ်းတော်သိမ်။ ဘာကျန်သေးတုံး အကုန် ထည့်၏။ ကျွန်တော်လည်း ကုလားစာ မကြာခဏ စားလေ့ ရှိ၏။ များသော အားဖြင့် တစ်နာရီ ထိုးခါနီး အားလုံး စားပြီးချိန်၊ လူရှင်းပြီဆိုမှ သွားစားခြင်း ဖြစ်ပါသည်။
များသောအားဖြင့် Project များမှ canteen များမှာ အစားအသောက် ဈေးသက်သာလေ့ ရှိပါသည်။ ခု သည်မှာလည်း အသီးအရွက် နှစ်မျိုးနှင့် စားလျှင် ၁ ကျပ် ၈၀၊ ၂ ကျပ်။ အသီးအရွက် တစ်မျိုးနှင့် ကြက်သား နှင့် ဆိုလျှင် ၂ ကျပ် ၂၀၊ ၂ ကျပ် ၃၀။ အသီးအရွက် တစ်မျိုး + ဆိတ်သား နှင့် ဆိုလျှင် ၂ ကျပ် ၈၀။ အသီးအရွက် ၂ မျိုး + အသားတစ်မျိုး ဆိုလျှင် ၃ ကျပ် ၂၀၊ ၃ ကျပ် ခွဲ။ အပြင်ဆိုင်များထက် စာလျှင် ဈေးသက်သာသည် ဟု ဆိုရပါမည်။
သူတို့ထည့်ပေးသော ဟင်းများမှာ များသဖြင့် ကျွန်တော့် အဖို့တော့ အသီးအရွက် တစ်မျိုး၊ အသားတစ်မျိုး ဆိုလျှင် လုံလောက် ပါသည်။ များသော အားဖြင့် ကျွန်တော်က အသီးအရွက် များသာ စားလေ့ရှိ၏။ curry powder များ နင်းကန် ထည့်ချက်ထားသော သူတို့ အသားဟင်း များကို ကျွန်တော် မကြိုက်ပါ။ တစ်ခါတလေ တော့ curry chicken၊ တခါတလေ ငါးကြော် စားပါသည်။
ကုလားဆိုင်တွင် ချာပါတီ၊ ရိုတီ ပရာတာ စသည်တို့ ရပါ၏။ မဆိုးပါ။ ကျွန်တော်က အစားနည်းသူ ဖြစ်ရာ တစ်ခါက ကြက်ဥပလာတာ နှစ်ချပ်ကို ကြက်သားနှင့် မှာစားရာ မနည်း ကုန်အောင် စားလိုက်ရပါသည်။ ကြက်သား ချက်ထားပုံ မှာလည်း မဆိုးပါ။ ဗမာ အကြိုက် ခပ်စပ်စပ်လေး ဖြစ်ပါ၏။ ထို့ပြင် အဆာပြေစားရန် ဆမူဆာ၊ ငှက်ပျောသီးမုံ့၊ အာလူးပူတီ စသည်တို့လည်း ရပါသေးသည်။ တရုပ်ဆိုင်များ တွင်တော့ ပဲနှင့် လုပ်ထားသော စွပ်ပြုတ် ရပါ၏။ သူလည်း သိပ်မဆိုးပါ။ သောက်လို့ ကောင်းပါသည်။


(၇)

ဆိုးသည်ကတော့ ပြန်ချိန် ဖြစ်ပါ၏။ စော၍ ပြန်လျှင် ဖြစ်စေ၊ နောက်ကျ ပြန်လျှင် ဖြစ်စေ။ သိပ် တန်းမစီရပါ။ သို့သော် ညနေ ၆ နာရီ သင်္ဘောနှင့် လိုက်မည်ဆိုပါမူ အတန်းကြီးမှာ အို့ အို၊ ဟို့ . . . . . . . . . . . . camp အဆောင် များလွန်၍ ဟိုးဘက်က လမ်းများထိအောင်ပင် (မီတာ ၂၀၀ ခန့်) ရှိပါ၏။ ဆိုးသည်မှာ ငါးတကာ၊ ယိုတဲ့ချေး ပုဇွန်ဆိတ် ခေါင်း စု ဆိုသလို။ သည်မှာ တော့ ပုဇွန်ဆိတ်ခေါင်း ကို မစုပဲ အဆောင်နေ သကောင့်သားများ၏ စွန့်ပစ် ပစ္စည်းများကို တိုင်ကီကြီးများ ဖြင့် သိုလှောင်ကာ ပင်လယ်တွင်း မစွန့်ပစ်မီ သန့်စင်သည် ဖြစ်ရကား ထို တိုင်ကီကြီးများကို တန်းစီရာ စင်္ကြန်နှင့် ကပ်လျှက် တွင် ဆောက်ထား လေရကား အညာ လေသံနှင့် ပြောရပါမူ နံချက်တော့ ပြော မပြောချင် ပေါင်။
အလာတုံးကလည်း သုတ်သုတ်၊ သုတ်သုတ်။ ပြန်ပြီ ဆိုပြန်တော့ င့ါ သူတိုး၊ သူ့ ငါတိုး။ တခါ တခါ ကျွန်တော် ထို အခြေအနေကို နွားများ ခြံမှ လွှတ်လိုက်သဖြင့် အလု အယက် တိုးထွက်ကြသကဲ့သို့ (စိတ်ထဲတွင်) ထင်ယောင် မိပါသည်။ တခါ တခါတော့လည်း အတင်းတိုးတိုက် သွား၊ ဖိနပ်တက်နင်း နှင့်မို့ ကျွန်တော် အလွန် စိတ်တို ပါသည်။ နောက်မှ သြော်၊ သူတို့က ဟိုဘက်မှာလည်း ဖယ်ရီကား မှာ အလုအယက် နေရာယူရဦးမှာ ပါလား ဟု စိတ်ကို ဖြေရ ပါ၏။


သို့နှင့်ပင် အီးစီစီ ၏ တစ်နေ့တာ ကုန်ဆုံး သွားပါတော့ သတည်း။


ကျွန်တော်က များသောအားဖြင့် ၆ နာရီ သို့မဟုတ် ၆ နာရီခွဲ သင်္ဘောနှင့် လိုက်လေ့ ရှိပါသည်။ ညနေ ၆ နာရီဆိုလျှင် ဗမာပြည်၌ နေ၀င်ပြီးဖြစ်သော်လည်း စင်ကာပူတွင်မူ နေမ၀င်သေးပါ။ အနောက်ဖက် ကောင်းကင်တွင် နေမင်းကြီးသည် တိမ်များ နောက်ကွယ်၌ ပုန်းကွယ်နေသဖြင့် တိမ်တိုက်များမှာ ငွေနားကွပ်ထားသကဲ့သို့ အလွန် လှပ လျှက် ရှိပါသည်။ လေ အနည်းငယ် ထန်နေသဖြင့် ပင်လယ် ရေမျက်နှာပြင်မှာ လှိုင်းကြက်ခွပ်များ ဖြင့် ပြည့်နှက်လျှက် ရှိပါသည်။ Auto Batam သင်္ဘောသည် ရေပြင်ကို ခွဲကာ လျှင်မြန်စွာ ခုတ်မောင်းလျှက် ရှိပါ၏။
အဝေးတွင် ကျောက်ချထားသော သင်္ဘောကြီးများကို ပင်လယ်အတွင်း ဆင်ကြီးများ ရပ်နား နေသကဲ့သို့ လည်းကောင်း။ တောင်ပူစာကြီးများ ပေါ်ထွက် နေသကဲ့သို့ လည်းကောင်း မြင်ရပါသည်။ Penguin သင်္ဘောတစ်စီးမှာ ရေမွှာများကို တဖွားဖွား ဖြစ်ပေါ်စေလျှက် စင်ကာပူမှ ပြန်လာသည်ကို တွေ့ရသည်။
အချို့သော (မော်လမြိုင်ဘက်မှ လေသံနှင့်ပြောရလျှင်) ကျွန်းသားကလေးများ မှာ ရေပြင်ပေါ်သို့ မ၀ံ့မရဲနှင့် ခေါင်း ပြူလျှက် ကြည့်နေပါသည်။ သူတို့အပေါ်တွင် မတော့ ရေတိမ် အချက်ပြ မီးတိုင်လေးများကို တွေ့ရပါသည်။ ကျွန်တော်တို့ သင်္ဘောမှာ ထို ကျွန်းပေါက်စန ကလေးများကို ရှောင်ကွင်း မောင်းနှင်နေရသည် ဖြစ်ရာ သင်္ဘော၏ ဦးမှာ အရှေ့ဘက် ကို ဦးတည်လိုက်၊ အနောက်ဖက် ကို ဦးတည်လိုက်၊ တခါတခါ မြောက်ဖက် အရပ်ကို ဦးတည် လိုက်။
စင်ကာပူမှ ပြန်လည် ထွက်ခွာသွားသော ကုန်တင် သင်္ဘောကြီးများကို တွေ့ရသကဲ့သို့ စင်ကာပူ ဆိပ်ကမ်း များဆီသို့ တရွေ့ရွေ့နှင့် ချဉ်းကပ်လာသော သင်္ဘောကြီးများကိုလည်း တွေ့ရပါသည်။ ထို သင်္ဘောကြီးများ ၏ နံဘေးတွင်မူ သင်္ဘောကြီးများကို တွန်းလာသည့် ဆွဲသင်္ဘောကလေးများကို ဆင်သေကြီးကို ၀ိုင်းတွတ်နေသော ငါးများသဖွယ် တွေ့ရပါသည်။
တခါတလေ အလုပ်များ မပြီးပြတ်သေးလျှင်တော့ ည ၇ နာရီခွဲ သို့မဟုတ် ၈ နာရီ မှ ကျွန်တော် ပြန်ပါသည်။ ထို အခါများတွင် မီးများထွန်းထားသော Jurong Island ကို လှပစွာ တွေ့ရပါသည်။ Jurong Island သည်ကား ကျွန်း တစ်ကျွန်းလုံး ဓါတုဗေဒ စက်ရုံများ၊ ရေနံချက် စက်ရုံများဖြင့် ပြည့်နှက်လျှက် ရှိရာ ထို စက်ရုံများတွင် မီးများကို အလျှံ ပယ် ထွန်းထားသဖြင့် ညဘက် ကြည့်လိုက်လျှင် သီတင်းကျွတ်လ မီးထွန်းပွဲနှင့် ပင် တူပါသေးတော့သည်။
ငါးဖမ်း မော်တော်ဘုတ် ကလေးများမှာမူ ဟိုမှ သည်မှ လူးလာ ခေါက်တုံ့ သွားလာနေပါ၏။
သင်္ဘောပေါ် လိုက်ပါလာသူများမှာ မနက်ပိုင်း လာစဉ်ကကဲ့သို့ မဟုတ်တော့ပဲ စကားပြောသူ၊ သီချင်းနား ထောင်သူ စသဖြင့် အနည်းငယ် ဆူညံလျှက် ရှိပါသည်။ သို့နှင့် ဆိပ်ကမ်းသို့ သင်္ဘောဆိုက်သော အခါတွင် တစ်ဦး နှင့် တစ်ဦး အတင်း တိုးဝှေ့ကာ အပြေးဆင်းသွားကြ ပါသည်။ ကျွန်တော်ကဲ့သို့ လူရှင်းအောင် စောင့်ကာ အေးအေး ဆေးဆေး ဆင်းသွားကြသူများလည်း ရှိပါ၏။

No comments: