(၄)
ဤပရောဂျက်တွင် ကျွန်တော်တို့ ကိုရွှေမြန်မာ များလည်း အများအပြား ပါဝင် ဆင်နွှဲ နေကြသည် ဖြစ်ရာ IC အသီးသီးတွင် မြန်မာ စုစုပေါင်း ၁၀၀၀ နီးပါး ရှိပါသည်။ လွန်ခဲ့သော တစ်နှစ်ခန့်ကမူ ၃၀၀ ခန့်မျှသာ ရှိပါသည်။ သို့သော် နိုင်ငံခြား သွားရင်တော့ ဟန်ကျပကွ ဟု တွက်၍သော် လည်းကောင်း၊ ရန်ကုန်မှ အလွန် အပြော ကောင်းသော ကိုရွှေ အေးဂျင့်များ၏ အလွန် ထွားလွန်းသော လေလုံးများကြောင့် တစ်ကြောင်း တစ်လ တစ်လလျှင် ရာပေါင်း များစွာသော နယ်ပယ်ပေါင်းစုံ၊ ဒေသပေါင်းစုံ၊ အလွှာ ပေါင်းစုံမှ မြန်မာများ ရောက်ရှိလာသည် ဖြစ်ရာ နေ့စဉ် လိုလို အသစ်အသစ် ရောက်လာသော အလုပ်သမား များစွာထဲတွင် ယူနီဖောင်း အသစ်များနှင့် မြန်မာများကိုလည်း မပြတ် တွေ့နေရ ပါသည်။ မျှော်လင့်ချက်တွေ ကိုယ်စီနှင့်။
ကိုယ်ချင်းစာ ကြပါ။ သူတို့ အိပ်မက် ကလေးများကို မဖျက်ဆီးချင် ကြပါနှင့်။ လူအများ၏ မသိနားမလည်မှု အပေါ် အခွင့်ကောင်း မယူကြပါနှင့်။ မသိသူကို သိအောင် ရှင်းပြပါ။ အနည်းဆုံး ကိုယ့်အမျိုးသား အချင်းချင်း စာနာ စိတ်ဖြင့် ကူညီကြပါ။ စီးပွားရေး လုပ်တာ လုပ်တာ တစ်ပိုင်းပေါ့။ သို့သော် ရှဥ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ ဆိုသော စကားပုံရှိပါသည်။ ကိုယ်လည်း အကျိုးအမြတ်ရ၊ တစ်ဖက်ကလည်း သူတို့ မိသားစု စားဝတ်နေရေး ပြေလည်အောင် ကူညီရာလည်း ရောက်။
သည် ပရောဂျက်ရှိ မြန်မာများတွင် မန်နေဂျာ ရာထူးမှ အစ သာမန် အလုပ်သမားထိ အစားစား ရှိပါသည်။ ပညာတတ်၊ ရာထူးကြီးများတွင် လခကောင်းကောင်း နှင့် လုပ်နေသူများအဖို့ ဘာမှ ပြောစရာမရှိပါ။ သို့သော်
တစ်နေ့မှ ၁၆ ကျပ် (စင်ကာပူဒေါ်လာ ကို ခပ်လွယ်လွယ် ကျပ်လို့ပဲ ပြောလိုက်ကြပါစို့) ရသူများကို တော့ ထည့်သွင်း စဉ်းစားဘို့ လိုပါသည်။ သူတို့မှာ များသောအားဖြင့် ပညာတတ်များ မဟုတ်ကြ၊ ဟုတ်သည့်တိုင်အောင် ဗဟုသုတ နည်းပါးသေးသည် ဖြစ်ရာ သူများပြောသမျှ အဟုတ်ထင်နေရသော တစ်နည်းအားဖြင့် သူများလုပ်သမျှ ခံနေရသူများ ဖြစ်ပါသည်။
ကိုယ့် အမျိုးသားချင်း မသိသေးသည်ကို သိအောင် ပြောပြရမည့် အစား မသိသည်ကို အခွင့်ကောင်းယူကာ ဗမာ အချင်းချင်း ခေါင်းပုံဖြတ် အမြတ်ကြီးစား နေသူများကိုတော့ ကျွန်တော် အလွန် အသည်းနာလှ ပါသည်။ ကျွန်တော်က လူတွေအကြောင်း စိတ်ဝင်စားတတ်သူ ဖြစ်ရာ တစ်နည်းအားဖြင့်လည်း ငယ်စဉ်က ကွန်မြူနစ် တို့၏ ကျောမွဲလူတန်းစား ၀ါဒများကို အသည်းစွဲခဲ့သူ ဖြစ်ရာ ယခုထိတိုင် မရှိဆင်းရဲသားများ၊ လက်လုပ်လက်စားများ အကြောင်း စိတ်ဝင်တစား လေ့လာတတ် ပါသည်။ သို့အတွက် ကိုယ်နှင့် နီးစပ်ရာ (မနီးစပ်သော်မှ သွားရောက် မိတ်ဆက်ကာ) သူတို့အကြောင်းများ စကားစပ် မေးမြန်း စပ်စုတတ်ပါသည်။
လူဆိုသည်မှာ ကိုယ့်အကြောင်း သူများက မေးလာလျှင် သဘောကျတတ်ရာ သူတို့ကလည်း သူတို့ အကြောင်းများ ပြောပြပါသည်။ သို့အတွက် သူတို့ ဘ၀အကြောင်း ကလေးများကို တစွန်းတစ သိလာရပါသည်။ ထိုမှ တဆင့် သူတို့အပေါ် ဗမာပြည်မှ အေးဂျင့်များ မည်ကဲ့သို့ ခေါင်းပုံဖြတ် လိုက်ကြောင်း၊ စင်ကာပူ ရောက်သည်ထိ သူတို့ စက်ကွင်းမှ မလွတ်နိုင်သေးကြောင်း၊ စင်ကာပူတွင်လည်း ကောင်းသည့် ကုမ္မဏီနှင့် တိုးသည့်သူများအဖို့ မဆိုးလှ သော်လည်း၊ ညစ်ပတ်သည့် သူဌေးများနှင့် ဆုံဆည်းရသူများ အဖို့ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး သည့်အဖြစ်မျိုးနှင့် ကြုံရပါသည်။
တစ်ခုသော ကုမ္မဏီမှ မြန်မာ မန်နေဂျာ တစ်ဦးသည် ဤပရောဂျက်အတွက် မြန်မာ အလုပ်သမားများကို အေးဂျင့်ဖီး နင့်လောက်အောင် ယူကာ လိုသည်ထက် ပိုပြီး လူများ ခေါ်ခဲ့ပါသည်။ သည်ရောက်တော့ အလုပ်မရှိသေး သည့် အတွက် အခြား ကုမ္မဏီတစ်ခုသို့ ငှားထားရပါသည်။ အခြား ကုမ္မဏီ ဆိုသည်မှာ အချိန်ပို ဖြတ်စရာရှိလျှင် မိမိ ကုမ္မဏီမှ လူများထက် အခြား ကုမ္မဏီမှ ခေါ်ထားသူများကို အရင် ဖြတ်လေ့ရှိပေရာ ထို မောင်ရင်ကလေးများမှာ လခ က နည်းရသည့် အထဲ အချိန်ပိုကလည်း မရှိသဖြင့် လခမှာ ပီဘိ မဖြစ်စလောက် သာ ရပေတော့သည်။
သည်တော့ စင်ကာပူရောက်ရင်တော့ ဘာလုပ်လိုက်မကွ၊ ညာလုပ်လိုက်မကွ နှင့် အားခဲလာခဲ့သူ ထို သကောင့်သား ကလေးများမှာ မှန်းချက်နှင့် နှမ်းထွက် မကိုက်တော့ပါ။ ထို့ပြင်တ၀ သူတို့အထဲမှ အများစုမှာ စင်ကာပူ လာစရိတ် (အေးဂျင့်ဖီး+လေယာဉ်ခ+ ဘာညာကွိကွ ခ) အားလုံးလိုလိုကို အလွန်ကြီးလှသော အတိုး( အချို့မှာ ၁၀ တိုး ထိ)ဖြင့် ချေးလာရ သည် ဖြစ်ရကား အိုဗာတိုင် မရှိသော လများတွင် အရင်းထား၍ အတိုးကိုပင် ကျေအောင် မဆပ်နိုင်ပါ။
အို- ဒါတော့ သူတို့ ဘ၀နဲ့ သူတို့ ဘာတတ်နိုင်မှာလဲကွ။ ငါလုပ်ပေးလို့ သူတို့ စင်ကာပူ ရောက်လာရတာပဲ ကျေးဇူးတင်ပါဦး။ ဒီတော့ ကဲ ဟေ့ကောင်တွေ၊ မင်းတို့ ၀ပ်ပါမစ်က တစ်နှစ် သက်တမ်းပဲ ရှိတာ။ ဒီတော့ ဘယ်ကောင် တွေ ပြန်ချင်သလဲ။ ဘယ်ကောင်တွေ သက်တမ်း ဆက်တိုးချင် သလဲ။ သက်တမ်း ထပ်တိုးချင်တဲ့ ကောင်တွေ ငါ့ကို နောက်ထပ် တစ်ယောက် တစ်ထောင်စီ ထပ်ပေး။
ခင်ဗျာ၊ အနို့ ရန်ကုန်မှာ လာပြီး အင်တာဗျူးတုံးက ဆရာပဲ ၀ပ်ပါမစ်ကို နှစ်နှစ် ချပေးမယ်ဆို။
ဟာ - အဲဒါတော့ ငါလည်း ဘယ်တတ်နိုင်မလဲကွ။ ဒါ စင်ကာပူ အစိုးရက လုပ်တဲ့ကိစ္စ။
အင်းလေ၊ ထားပါတော့ ဒါပေမဲ့ နှစ်နှစ်လို့ပြောထားတဲ့အတွက် နောက်ထပ်တစ်နှစ် ထပ်တိုးဘို့ ဘာလို့ ကျွန်တော်တို့ကို ပိုက်ဆံထပ် တောင်းတာလဲ။
ဟေ့ကောင်၊ မင်းစကားမများနဲ့။ မင်းသက်တမ်း ဆက်တိုးချင် သလား။ မတိုးချင်ဘူးလား ဒါပဲပြော။ သက်တမ်း ထပ်တိုးချင်ရင် ပိုက်ဆံ တစ်ထောင်ထပ်ပေး။ ပိုက်ဆံ မပေးချင်ဘူးလား။ ဗမာပြည်ပြန်။ ရှင်းရဲ့လား။ ငါ့ကို အာခံမယ် မကြံနဲ့၊ အကုန် ပြန်လွှတ် ပစ်လိုက်မယ် ဟင်း။
x @#%#@ x #%&*&^$&(%#! - - -
သည်မျှ မကသေးပါ။ အေးဂျင့်ဖီးကို မတန်တဆ နင့်လောက်အောင် တောင်းရတာတင် အားမရသေး။ ပေါက်ဈေး မဟုတ်သော ပိုက်ဆံလဲနှုံးနှင့်ပါ ဖြတ်လိုက်ပါ သေးသည်။
သိပ်မကြာသေးခင်၊ တလောကမှ ရောက်လာသော ဗမာကလေးတစ်စု နှင့် မိတ်ဆွေတစ်ဦး၏ ကောင်းမှု ကြောင့် တွေ့ဆုံရပါသည်။ ကျွန်တော့် မိတ်ဆွေက သူတို့ ရန်ကုန်မှာ စင်ကာပူဒေါ်လာ ဈေးကို ၈၆၀ နဲ့ ပေးခဲ့ရတယ် ဟု ဆိုပါသည်။ သူတို့ ငွေချေစဉ်က စင်ကာပူ တစ်ဒေါ်လာ ပေါက်ဈေးမှာ ၆၈၀ ဈေးမျှသာ ရှိပါသည်။ ထိုသူများကို မှ ယုတ်မာသည် မခေါ်လျှင် အဘယ်သူများကို ခေါ်ရပါမည်နည်း။
ဥပမာပြရလျှင် ကြိုက်ဈေး ခေါ်ရောင်းသော ကြက်သားသည် အလေးခိုး သည်နှင့် တူပါသည်။ ဘယ့်နှယ်ဗျာ။ သူတို့ စိတ်ကြိုက် ဈေး တောင်းထားပြီးပြီကပဲ။ အေးဂျင့်ဖီး စင်ကာပူ ဒေါ်လာ ၃၅၀၀ ဆို ၃၅၀၀ ပေးရသည်သာ ဖြစ်၏။ ဒါ ဈေးရောင်း ဈေးဝယ် လုပ်နေတာ မဟုတ်။ ဈေးဆစ်လို့မရ။ သည့်အတွက် စင်ကာပူ ဒေါ်လာနှင့် ဖြတ်သော ဈေးကို မြန်မာငွေနှင့် ချေရာတွင် ဘယ့်အတွက် မတရားသဖြင့် ဈေးနှင့် ဖြတ်ရပါသနည်း။
ကျွန်တော့်ညီများကတော့ လေဆိပ် အ၀င်တွင်ပင် လေဆိပ်ဝင်ခ ၁၀၀၀ ဆိုတာ ထပ်ပေးရသေးသည် ဆိုပါသည်။ သြော် - ကျွန်တော်တို့ ကိုမြန်မာများ သည်ကား ရလျှင် ဘ-နဖူး၊ သိုက်တူးမည့် သူများ ဖြစ်ပေသည်။ နင်တို့ ထမင်းငတ်တာ အရေးမကြီးဘူး။ ငါတို့ နောက်ဆုံးပေါ်ကား မစီးရမှာ အကြောင်း။
ထို မန်နေဂျာဆိုသူမှာ သူ့အဆင့်နှင့် ဆိုလျှင် အနည်းဆုံး မရဘူးဆို လခ စင်ကာပူ ဒေါ်လာ ၅၀၀၀ နှင့် အထက် ရမှာ သေချာပါသည်။ သို့နှင့်တောင် လောဘများကို အတောမသတ်နိုင်ဘဲ တစ်နေ့မှ ၁၆ ကျပ်မျှသာ ရသည့် ကိုယ့်သားလောက်၊ တူလောက် ရှိသော ကောင်ကလေးများ၏ ထမင်းအိုးအား လုစားချင်သေးသည်ကို ကျွန်တော့် အနေနှင့် ဘယ်လိုမှ မစဉ်းစားတတ်အောင် ရှိရပါသည်။ ထိုသူ့ကို ကျွန်တော် မြင်ဖူးချင် လှပါဘိ။
ဒါက ဗမာပြည်ဘက်မှာ ဖြစ်ပါသည်။ စင်ကာပူ ရောက်တော့ ပိုဆိုး။ ဟိုဟာ ဖြတ်လိုက်မည်၊ သည်ဟာ တောက် လိုက်မည်။ ဖြတ်ပါများတော့ နောက်ဆုံး ကံဆိုးသူ မောင်ရှင်ကလေးများမှာ ငုတ်တုတ်သာ ကျန်ပါ တော့သည်။
သည်အကြောင်းများကို သူရို့ တစ်ဦးချင်းစီကို အင်တာဗျူးကာ ကျွန်တော် ဆောင်းပါးပေါင်း မြောက်များစွာ ရေးချင်ပါသည်။ ယခု နည်းနည်း အချိန်အား ရပြီဖြစ်ရာ ဖြစ်နိုင်လျှင် လာမည့် တနင်္ဂနွေ သူတို့နှင့် တွေ့ဆုံ စကားစမြည် ပြောကာ စင်ကာပူ ကိုယ်တွေ့ ဇာတ်လမ်းများ တစ်ပုဒ်ချင်းစီ ရေးသွားမည် ဖြစ်ပါသည်။ အလွန် စိတ်ဝင် စားစရာ ကောင်းသော ဇာတ်လမ်းများ ပါပါသည်။
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (215)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (571)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (6)
- Working in Singapore (45)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
No comments:
Post a Comment