ECC @ PULAU ULAR
ပူလောအူလာ မှ အီးစီစီ ဘဝ
နိဒါန်း
ကျွန်တော် ဗမာပြည်သို့ ၂၀၀၉ ဇန္န၀ါရီလကုန်က ခေတ္တပြန်သွားပြီး ပြန်လာသောအခါ အလုပ်သစ်တစ်ခုကို စကိုင်ရပါသည်။ ကျွန်တော့်အောက်မှ Sub-con ပေးထားသော အဖွဲ့မှာ ပြေးရေကြည့်လိုက်ပါမှ လုပ်တတ် ကိုင်တတ် ကျွမ်းကျင်သူ တစ်ဦးထဲသာ ပါပါသည်။ ကျွန်တော် “စိတ်နဲ့ကျုပ်နဲ့ ညစ်တယ်နော်” ဖြစ်သွားရပါသည်။ အစစ ကိုယ့်ခေါင်းပေါ်မှာချည်း ဖြစ်၏။ ပရောဂျက် မန်နေဂျာ ဆိုသူမှ အစ အောက်ခြေ အလုပ်သမားအဆုံး မည်သူမျှ ကျကျ နန နားမလည်၊ မလုပ်တတ်ပါ။ သို့အတွက် ကျွန်တော့်မှာ အလုပ်ဝန်ထုပ်ဝန်ပိုးများ နှင့် မထနိုင်အောင် ဖြစ်နေပါတော့ ၏။ ရေးလက်စ “အနာဂါတ်တစ်ခုကို ဖန်တီးတည်ဆောက်ခြင်း” ကို ဆက်ရေးချင်သည့်တိုင် လုံးဝ မကိုင်ခဲ့နိုင်ပါ။ ညဘက်များလည်း ပြီးသလောက်လုပ်။ ပိတ်ရက်များတွင်ပါလုပ်။ အတင်း အသည်းအသန် တွန်းလုပ်သည့်တိုင် တစ်လ လောက်ကြာလျှင် အသားကျသွားမည် ဟု မှန်းထားသော အလုပ်များမှာ နှစ်လလောက်ထိ လုပ်ယူလိုက်ရ ပါသည်။ ယခုမှ အတော်ပါးသွားသည် ပြောရမည်။ သို့အတွက် ဗိုက်ထဲတွင် ကျလိကျလိဖြစ်နေသော ကျွန်တော်တို့ “အီးစီစီဘ၀” ကို ယခုအချိန်နည်းနည်းရသည်နှင့် ဆက်လက် အောင့်ထားခြင်းငှာ မစွမ်းသာတော့ဘဲ အန်ချလိုက်ရ ခြင်း ဖြစ်ပါ၏။
ကျွန်တော်၏ ဤဆောင်းပါးသည် ကျွန်တော်နှင့် ဘ၀တူ ကျွန်းပေါ်၌ အလုပ်လုပ်နေသူအားလုံးကို ကိုယ်စား ပြုနိုင်လိမ့်မည် ဟု ယုံကြည်ပါကြောင်း။
အေးငြိမ်း
(၀၆-၀၄-၂၀၀၉)
(၁)
နံနက် ၅ နာရီခွဲ၊ အင်မတန် အိပ်လို့ကောင်းသည့်အချိန်တွင် မိုဘိုင်းဖုံးမှ နှိုးစက်၏ ပယောဂကြောင့် မနိုးချင် နိုးချင်နှင့် နိုးထလာခဲ့ရ၏။ ညက အိပ်ယာဝင်နောက်ကျသွား၍ အိပ်ရေးမ၀သေး။ ဖွင့်ရန် အကြောက်အကန် ငြင်းဆန် နေသည့် မျက်လုံးများကို အတင်းရော အဓမ္မပါ ခြေစုံကန် ဖွင့်လျှက် မထချင်သေးသော်လည်း ထလိုက်ရ၏။ ဖင့်နှေး နေလျှင် တိုင်ပင်ကိုက်ထားသော အချိန်များ အလွဲလွဲ အချော်ချော် ဖြစ်တော့မှာမို့ ဆက်နှပ်နေချင်သေးသော ဆန္ဒကို အတင်းချိုးနှိမ်ကာ လုပ်စရာရှိသည်များကို ဆက်တိုက် လုပ်။ ကိုယ်လက်သန့်စင်၊ နံနက်စာကို အရသာမခံအားပဲ ဗိုက်ပြည့်အောင် ပါးစပ်ထဲ ထိုးသိပ်ထည့်။ ဤသို့ ဆက်တိုက်လုပ်ပါမှ ပုံမှန် အိမ်မှ ထွက်ရမည့်အချိန် နံနက် ၆ နာရီ ၁၅ တွင် ထွက်နိုင်သည်။
အောက်မှ အလုပ်သွားရန် ပြင်နေသည့် မလေးကောင်ကလေး၏ မော်တော်ဆိုင်ကယ် စက်နှိုးလိုက်သံကို ဗျီးကနဲ ဗျီးကနဲ ကြားလိုက်ရ၏။ တစ်ဖက်တိုက်မှ နောက်ကျနေသည့် အဖော်ကို အော်ခေါ်လိုက်သည့် ကုလား ကလေး၏ အော်သံကိုလည်း မပျက်မကွက် ကြားဖြစ်အောင် ကြားလိုက်ပေသေးသည်။ နံနက်စောစောထွက်သည့် ၂၄၀ ဘတ်စ်ကား တစ်စီး ဖြတ်မောင်းသွားသံကိုလည်း နောက်ဘက်လမ်းမှ ကြားရ၏။ ခပ်ဝေးဝေး Yuan Ching လမ်းပေါ်မှ မော်တော်ဆိုက်ကယ်ကို စက်ကုန်ဖွင့်ကာ တဗြှဲဗဲ မောင်းသွားသံကိုလည်း ကြားရသည်။ သြော် ဒါကြောင့် လည်း မကြာခဏ ကားတိုက်မှု ဖြစ်တာပေပဲ ဟု ကိုယ်နှင့် မဆိုင်ပဲ အတွေးရောက် သွားသေးသည်။ တိုက် အနောက်ဖက် လမ်းပေါ်တွင်မူ လာကြိုမည့် ကားကိုစောင့်နေသည့် အလုပ်သွားမည့်သူများကို ရပ်လျှက်တချို့၊ ထိုင်လျှက် တချို့ တွေ့ရ၏။ ၎င်းတို့နှင့် မလှမ်းမကမ်းတွင် xxxxxx Marine Engineering ဟု ရေးထားသော ကြိုပို့ လော်ရီ တစ်စီးကို တွေ့နိုင်သည်။ သင်္ဘောကျင်းတွင် အလုပ်လုပ်သည့် သူများကို လာကြိုခြင်း ဖြစ်ပေသည်။
လောကသည် မနိုးထတတ်သေး။ သို့သော် လူအများမှာ လောကကြီး နိုးထသည်၊ မနိုးထသည်ကို ဂရုမစိုက် အား။ ရောင်နီမလာခင်ကပင် လှုပ်ရှားနေကြရပြီ။ သြော် - စင်ကာပူ။
အိမ်မှ Lake Side ဘူတာသို့ လမ်းလျှောက်လာခဲ့သည်။ လမ်းတွင် အလုပ်သွားသူများကို တွေ့ရ၏။ အားလုံး မှာ သုတ်သုတ်၊ သုတ်သုတ် နှင့်။ သူတို့ကိုတွေ့တော့ “ လူသူတွေက တသုတ်သုတ်နဲ့ လုပ်ငန်းခွင်သို့ ၀င် ” ဟူသည့် စိုင်းထီးဆိုင်၏ သီချင်း တစ်ပိုင်းတစ်စ က ပါးစပ်ထဲ အလိုလို ရောက်လာသည်။ ကျောင်းသွားသည့် ကျောင်းသား၊ ကျောင်းသူကလေးများ ကိုလည်း တွေ့ရ၏။ သူတို့ကတော့ အလုပ်သွားမည့် သူများလို သိပ် တက်သုတ်မရိုက်။ အေးအေး ဆေးဆေးပဲ လျှောက်သွားကြသည်ကို တွေ့ရသည်။ ဒေါက်ဖိနပ်စီးထားသူ လှပျိုဖြူများ၏ ဒေါက်ဖိနပ်ခွာသံ တစ်ခွပ်ခွပ် ကို စီးချက်ကျစွာ ကြားနေရသည်။
လမ်းဘေး ဓါတ်မီးတိုင် တစ်ခု၏ အောက်တွင်မတော့ ကတ္ထူပုံးပေါ်တွင် ပလတ်စတစ်ခြင်း တင်ကာ ထို ခြင်းထဲတွင်မှ ပလတ်စတစ်အိတ်များနှင့် ထည့်ထားသော မုံ့များကို တည်ခင်းလျှက် “curry puff, curry puff – one dollar, one dollar” ဟု မတိုးမကျယ် ရေရွတ်ကာ ရောင်းနေသော အသက် အစိတ်ဝန်းကျင်ခန့် မုံ့သည် ကလေးကို လည်း နေ့တိုင်းတွေ့ရ၏။ တခါတရံ ၎င်း၏ အိမ်သူသက်ထား ကိုပါ သူ့ဘေးတွင် တွေ့ရတတ်သည်။ ပတ်ဝန်းကျင်တွင် ရောင်နီတို့သန်းလာခဲ့ပြီ။
အတန်ငယ် စောသေးသည့်တိုင် ဘူတာမှာ လူအများနှင့် စည်ကားနေပြီ။ ဘူတာအစပိုင်းပင် ဖြစ်လင့်ကစား ရထားပေါ်တွင် လူပြည့်မတတ် ပါလာ၏။ ရထားမှာ လူများတတ်သည်ဖြစ်ရာ ကျွန်တော်က ဟို့ ထိပ်ဆုံးဘက် တွဲတွင် သွားရောက် စီးနင်းလေ့ ရှိသည်။ ရထားပေါ်တွင်မူ အချို့မှာ နံနက်ခင်း သတင်းထူးများကို ဖတ်လျှက်၊ အချို့မှာ အိပ်ငိုက်လျှက် (များသောအားဖြင့်တော့ ခရီးသည် အများစုမှာ မျက်စိမှိတ်လျှက် လိုက်ပါလာသည်ကို တွေ့နိုင်ပါ သည်။)၊ အချို့မှာ တယ်လီဖုံး မက်ဆေ့ခ်ျများ ပို့လျှက်၊ လူလတ်ပိုင်း နှင့် လူငယ်ပိုင်းများ၏ နားများတွင် နားကြပ်များကို တပ်လျှက် တေးသီချင်းများ နားဆင်နေသည်ကို တွေ့ရပါလိမ့်မည်။ အချို့မှာမူ ဂိမ်းကစားလျှက်။ အများစုမှာ ကိုယ့်အာ ရုံနှင့် ကိုယ်မို့ ရထားတွဲထဲတွင် လူများနေလင့်ကစား ရထားသံမှ တပါး တိတ်ဆိတ်လျှက် ရှိ၏။
ကျွန်တော်သတိထားမိသော ရထားပေါ်တွင် တွေ့နေကျ ကလေးမကလေး သုံးဦးမှာ နံနက်အစော သင်သည့် သူရို့ဘာသာရေး သင်တန်းကျောင်းကို သွားတာ ဖြစ်လိမ့်မည်။ သုံးဦးစလုံး မလေးသီလရှင် ၀တ်စုံကို ကျကျနန ၀တ်ဆင်လျှက် အကြီးမကလေးမှာ သင်ခန်းစာများကို ရေးမှတ်လျှက်၊ အလတ်မကလေးမှာ မြန်မာ ပရိတ်ကြီးစာအုပ် ကဲ့သို့သော ခပ်ငယ်ငယ် ကျမ်းစာအုပ် ကလေးကို ဖတ်လျှက်၊ အငယ်ဆုံးမ ကလေးမှာမူ ဟိုသည် ငေးမောလျှက်။ အလတ်မကလေးမှာ ကျွန်တော် အင်မတန် ချစ်သည့် ကျွန်တော့် တူမကလေးအရွယ် ဖြစ်သည်။ ကလေးများ ဖြစ်သဖြင့် သူရို့မျက်နှာမှာ ပူပင်သောက ဒေါသ၊ မောဟ များ ကင်းစင်လျှက် ချစ်စရာကလေးများ ဖြစ်၏။
မကြာခဏ ရထားပေါ်တွင် တွေ့ရသည့် နောက် တစ်ဦးမှာ တရုပ်အမျိုးသမီး တစ်ဦးဖြစ်သည်။ အိပ်ယာထ နောက်ကျ၍ထင့်။ အိမ်တွင် အလှပြင်ချိန်မရခဲ့။ ရထားပေါ် ရောက်မှ လက်ကိုင်အိတ်အတွင်းမှ မှန်၊ တို့ပတ်၊ မိတ်ကပ်ဗူး စသည်များကို ထုတ်ကာ အလှပြင်နေသည်။ သူ လုပ်ပုံ ကိုင်ပုံများကို မသိမသာ ကျွန်တော် အကဲခတ် နေမိ၏။ ထိုအခါကျမှ အမျိုးသမီးများ သူတို့မျက်နှာကို အဘယ်ကဲ့သို့ ဆေးဆိုးပန်းရိုက်လုပ်ကြောင်း အနည်းငယ် ရိပ်မိ ပါတော့သည်။
Jurong East ဘူတာရောက်သော် နဂိုကမှ ပြည့်နေသည့် ရထားတွဲများအတွင်း လူများ အစုလိုက် အပြုံ လိုက် ထပ်မံ တိုးဝင်လာခဲ့သဖြင့် ရထားမှာ ကျပ်ညပ်သွားပါတော့သည်။ (သို့သော် ကျွန်ုပ်တို့ ချစ်သော မြို့တော် ရန်ကုန်မှ ရုံးဆင်းချိန် မြို့ပတ်ရထားကိုမူ မမီသေးပါ။)
Clementi ဘူတာရောက်သော် ဆင်းပြီး ကားပြောင်းစီး။ Clementi ဘူတာ သည်လည်း အလွန်လူစည်သော ဘူတာ တစ်ခု ဖြစ်ပါ၏။ လူအများမှာ တက်သုတ်ရိုက်ပြီး သွားလာနေသည်ကို တွေ့ရသည်။ ကျွန်တော့်ပုခုံးတစ်ဖက် ကို ၀င်တိုက်ပြီး ဆောရီးဟု ပြောသွားသော မိန်းမ ၀၀ကြီးတစ်ဦးကိုလည်း လှေခါးမှ အလောသုံးဆယ် ဆင်းသွားသည် ကို တွေ့ရသည်။ နောက်ကျနေပြီထင်ပါ့။ ကျွန်တော်ကတော့ ဓါတ်လှေခါးမှပင် အများနှင့်အတူ အေးဆေးစွာ ဆင်းလာ ခဲ့သည်။ ကျောင်းသားကလေးများမှာ အလျင်ဦးစွာ ၀င်လျှက် အတွင်းသို့ မ၀င်ပဲ အပေါက်ဝတွင် ပိတ်ရပ်နေရာ သူတို့ ကြောင့် အနည်းငယ် ကသိကအောက် ဖြစ်ရသည်။
ကားဂိတ်ရောက်တော့ တန်းစီနေသူ တော်တော်များနေပြီ ဖြစ်သည်။ အတန်းရှည်နေပြီကို ကြည့်ခြင်းအား ဖြင့် ကားလာရန် သိပ်မလိုတော့ ဟု ခန့်မှန်းနိုင်သည်။ တန်း သိပ်မရှည်သေးလျှင်မူ စောင့်ပေတော့။ အနည်းဆုံး မိနစ် ၂၀။ ကျွန်တော်ထင်သည့် အတိုင်းပင်။ ကျွန်တော်ရောက်ပြီး သိပ်မကြာခင် နံပါတ် ၁၇၅ ကား ဂိတ်ထိုး လာသည်။ ဆူးလေဂိတ်မှ ၄၅ ကားလို လူမှန်းမသိ၊ သူမှန်းမသိ အတင်းပြေးတက်ပြီး ထိုင်ခုံ လုစရာမလို။ သူ့အတန်းလိုက် စနစ် တကျ အသာ ကောက်ကက် တက်လိုက်ရုံ ဖြစ်ပါသည်။ ရထားပေါ်တွင် မပြီးလိုက်သော အိပ်ငိုက်ခြင်းအမှုကို ဘတ်စ် ကားပေါ်တွင် ဆက်လုပ်။ အိပ်ပျော်သည့်ထိတော့ ငိုက်လို့မဖြစ်။ မတော် ဆင်းရမည့် မှတ်တိုင် ကျော်သွားမှ ဒုက္ခ။ ကားပေါ်တွင်လည်း ခရီးသွားများ ပြည့်ကျပ်လျှက် ရှိ၏။ ထို ခရီးသွားအားလုံး၏ ထက်ဝက်ခန့်မှာ ကျွန်တော်နှင့် အတူသွားမည့် “ပူလောအူလာ ခရီးသည်” များပင် ဖြစ်ပေတော့၏။ ထိုသူများထဲတွင် နေ့စဉ်တွေ့နေကျ ကျွန်တော့် မိတ်ဆွေ အတော်များများလည်း ပါဝင်ပါသည်။
နံနက်ချိန်ကျောင်းတက်ရန် လာသည့်ကျောင်းသူကျောင်းသားများမှာ သူတို့ကျောင်းရှေ့မှတ်တိုင်တွင် ဆင်းသွားကြသည်။ သူတို့ဆင်းသွားသည်နှင့် ကားမှာ တော်တော် ချောင်သွားသည်။ ထိုကျောင်းမှတ်တိုင်မှ အလွန် တတိယမြောက် မှတ်တိုင်တွင် ကျွန်တော်တို့ ဆင်းရပါသည်။ ဘူတာနှင့်ဆင်းရမည့် မှတ်တိုင်မှာ သိပ်မဝေးလှ။ ၁၅ မိနစ် မပြည့်တတ်၊ ပြည့်တတ်သာ မောင်းရသည်။ ပူလောအူလာ ခရီးသည်များဆင်းသွားသည်နှင့် ကားမှာ လူသိပ် မကျန်တော့ပေ။ ထို့နောက်တော့ ကားအရှင်းစောင့်ကာ West Coast Highway လမ်းမကြီးကို ဖြတ်ကြရသည်။
ထိုနေရာတွင် လူကူးစရာ နေရာမရှိ။ ဟို့ဘက် မီးပွိုင့်မှ သွားကူးလျှင်လည်း အလွန်ထောင့်လှသည် ဖြစ်ရာ နံနက်ခင်း အလျင်လိုနေသူ ကျွန်တော်တို့အဖို့ အဘယ်မှာလျှင် မီးပွိုင့်မှ သွားကူးနေနိုင်ပါမည်နည်း။
သုတ်သုတ် သုတ်သုတ်၊ သုတ်သုတ် သုတ်သုတ် နှင့် တက်သုတ်ရိုက်ကာ သူ့ထက်ငါ အပြိုင်အဆိုင်၊ အလု အယက် ခရီးနှင်နေကြသော ကျွန်တော်တို့တစ်သိုက်ကိုသာ ဘေးမှ ကြည့်ပါက မာရသွန်ပြိုင်ပွဲဝင်နေကြသူများလား ဟု ထင်စရာ ရှိပေသည်။ သင်္ဘောဆိပ်သို့ West Coast Park ကို ဖြတ်သွားရ၏။ ပန်းခြံမှာ လမ်းလျှောက် လေ့ကျင့် ခန်း လုပ်လိုသူများအတွက် လမ်းကို အကွေ့အကောက်ပေါင်းများစွာနှင့် လုပ်ထားသည်ဖြစ်ရာ ကျွန်တော် တို့မှာ ထိုလမ်းအတိုင်းသွားရန် စိတ်မရှည်နိုင်ကြဘဲ မြက်ခင်းသော၊ ရွှံ့သော၊ ဘာသော၊ ညာသော ဘာမှ ဂရုမစိုက် နိုင်အား။ အတိုဆုံးဖြတ်လမ်းမှသာ သွားကြသည်ချည်း ဖြစ်၏။
နေမင်းကြီးသည် တစ်နေ့တာ သူ့တာဝန်ကို ထမ်းဆောင်ရန် အရှေ့ဘက်ကောင်းကင်မှ တစတစ တက်လာ ချေပြီဖြစ်ရာ ပတ်ဝန်းကျင်တစ်ခွင်လုံးကို ကောင်းကောင်းမြင်နေရပြီ ဖြစ်၏။ အောင်မယ်လေး၊ မနက်စောစော ထပြီး အဖော်ရှာနေသော ကိုရွှေဥသြ၏ အသံကိုလည်း တခါတရံ ချွဲချွဲပြစ်ပြစ် ကြားရလေသေးသည်။ ကိုရွှေဥသြက ပုံမှန် မလာ။ ပုံမှန် ကြားရသော အသံမှာ စစ်သင်တန်းတက်ရာတွင် ဘယ်ညာနင်းကာ အပြေးတက်ကြရာတွင် ခြေလှမ်းမှန် စေရန်အတွက် ရှေ့ဆုံးမှ တိုင်ပေးသော သူ ၏ “ဘိတ်ညာ၊ ဘိတ်ညာ၊ ဘိတ်ညာ ဘေး” ဟူသော တိုင်သံကဲ့သို့ အသံ ဖြစ်၏။ ဘောင်းဘီတိုကလေးမျှသာ ၀တ်ထားလျှက်၊ ဗလာကျင်းသောကိုယ်လုံးနှင့် မျက်မှန်အနက်ကို ဆင်ယင်ထား သော အဖိုးကြီးတစ်ဦးသည် ပန်းခြံကို ပတ်လျှက် အနှေးပြေးဖြင့် ပြေးနေရာမှ သူ့ဟာသူ တိုင်ပေးနေခြင်း ဖြစ်ပါသည်။ သဘောကျစရာ ကောင်း ကောင်းသေးတော့။
သင်္ဘောဆိပ်အ၀င် လမ်းတွင် Check Point တစ်ခု ရှိ၏။ ထိုနေရာတွင် တစ်ကျွန်း (အဲလေ ယောင်လို့) ကျွန်းသို့ သွားမည့်သူများအား Pass စစ်ခြင်း၊ အထုပ်အပိုးများကို စစ်ခြင်း တို့ကို Cisco ရဲများမှ ပြု၏။ ရဲမေ နှစ်ယောက်၊ ရဲသား နှစ်ယောက် ဖြစ်၏။ အလုပ်လာသူ များပါက ထိုနေရာတွင်လည်း တန်းစီရပါသည်။ ထို့နောက်တွင် မတော့ သင်္ဘောဆိပ်သို့ သူ့ထက်ငါ အပြိုင်အဆိုင် လမ်းလျှောက် ပြိုင်ကြပါတော့သည်။ နှေးသူတွေ ဘေးကပ်။ စိတ်မရှည်နိုင်သူတွေ လမ်းဘေးမှ လျှောက်။
အ-ဘားလေး၊ သင်္ဘောဆိပ်၌ ရာပေါင်းများစွာသော လူများ တန်းစီနေကြသည်ဖြစ်ရာ လူတန်းကြီးမှာ တမျှော်တခေါ်ကြီး ဖြစ်ပါ၏။ နှစ်တန်းပြိုင်၊ လေးတန်းပြိုင်၊ ခြောက်တန်းပြိုင် စီတန်းနေကြသည့်တိုင် သင်္ဘောဆိပ်မှ လျှံကာ အပြင် လျှောက်လမ်း တော်တော် ဝေးဝေးထိ ရောက်နေပါ၏။ ကျွန်တော်ကတော့ သိပ်မအိပ်ချင်သည့် အခါ များတွင် ယူလာသော မဂ္ဂဇင်းကို ထုတ်ဖတ်ပါ၏။ တန်းစီချိန်မှာ အနည်းဆုံး မိနစ် ၂၀ ခန့် ကြာတတ်ပါသည်။ မိနစ် ၂၀ ဆိုတော့ အနည်းဆုံး ဆောင်းပါးတစ်ပုဒ်လောက် ဖတ်နိုင်သည်။
ကျွန်းတွင် သွား အလုပ်လုပ်ရသည်မှာ အလွန် အချိန်စားပါသည်။ တစ်နေ့တစ်နေ့ လေ သွားသော အချိန် များကို တွက်လိုက်လျှင် မနည်းလှပါ။ ကျွန်တော်ဆိုလျှင် အသွားတွင် ရထားတစ်ခါစောင့် - ၅ မိနစ်၊ ကားတစ်ခါစောင့် တခါတလေ ၁၅ မိနစ်၊ တခါတလေ မိနစ် ၂၀။ သင်္ဘောစောင့် မိနစ် ၂၀။ မနက်ပိုင်းတွင်ပင် တစ်နာရီခန့် လေပါသည်။ ညနေပိုင်းတွင်လည်း မထူးပါ။ သို့အတွက် တစ်နေ့လျှင် နှစ်နာရီခန့် အချိန်များ ပုပ်ပါသည်။ တစ်ပတ်ဆိုလျှင်ပင် ၁၀ နာရီကျော် ပုပ်သွားပါပြီ။ လခနည်း ၀န်ထမ်းများအား သင်္ဘောစီးချိန်အတွက် တစ်နေ့လျှင် တစ်နာရီစာ ဆောင်းပေး သော်လည်း ကျွန်တော်တို့ မပါပါ။
သင်္ဘောများမှာ ၅ မိနစ်၊ ဆယ်မိနစ်လျှင် တစ်စီး စီစဉ်ပေးထားပါ၏။ အချိန်ဇယားအရသာ ၅ မိနစ် ကွာချင် ကွာရမည်။ လက်တွေ့တွင်မူ လွန်းပျံသွားနေသော သင်္ဘောများဖြစ်သဖြင့် ကျွန်းသို့သွားသော သင်္ဘောပြန်အလာကို စောင့်နေရသေးသည် ဖြစ်ရာ သို့အတွက်ကြောင့်သာ သင်္ဘောစောင့်ချိန်မှာ မိနစ် ၂၀ ဖြစ်သွားခြင်းဖြစ်ပါ၏။ သင်္ဘော ခုတ်ချိန်မှာ ကျွန်းမကြီး (West Coast Ferry Terminal) မှ ပူလောအူလာ (Pulau Ular) သို့ နာရီဝက် ဖြစ်ပါ၏။
တန်းစီနေစဉ် တစ်ဦးနှင့် တစ်ဦး စကားပြောသူပြော၊ သတင်းစာ ဖတ်သူဖတ်၊ စာဖတ်သူဖတ်၊ ဟိုသည် ငေးသူငေး။ သင်္ဘောများမှာ Penguin အုပ်စုနှင့် Batam အုပ်စု ဟု နှစ်စု တွေ့ရ၏။ ၂၀၀၉ ဖေဖော်ဝါရီလဆန်းထိ စင်ကာပူမှ ကျွန်းသို့ ပြေးဆွဲသော သင်္ဘောမှာ ၁၂ စင်းမျှသာ ရှိပါသည်။ သို့သော် main land မှ Pulau Ular သို့ သွား ရောက် အလုပ်လုပ်သူများမှာ တဖြည်းဖြည်း များသထက်များလာလေရာ အုပ်ချုပ်ရေးအဖွဲ့က သင်္ဘောစီးရေကို ထပ် ဖြည့်ပြီး ပြေးဆွဲချိန်များကိုလည်း (အထူးသဖြင့် မနက်ပိုင်းနှင့် ညနေပိုင်းများအတွက်) ထပ်ဖြည့်လိုက်ပါသည်။ ယခုအခါ ကျွန်တော်တို့ ပရောဂျက်တွင် လုပ်နေသူဦးရေမှာ တစ်သောင်းခန့်ရှိရာ (အရေအတွက် အတိအကျကို မသိပါ) သင်္ဘောစီးခရီးသည်မှာပင် ၄၀၀၀ ကျော်ခန့် ရှိပေမည်။
ကိုယ့်အလှည့်ရောက်လျှင် သင်္ဘောပေါ်တက်။ အချို့သင်္ဘောများမှာ အမြဲပြေးဆွဲနေသော ယာဉ်များဖြစ်၍ ပြင်ပြင်ဆင်ဆင်နှင့် သိပ်မဆိုးလှ သော်လည်း အချို့သင်္ဘောများမှာမူ အိုမင်းဟောင်းနွမ်း လှပြီဖြစ်ပါ၏။ လူမျိုး တစ်ရာ့ တစ်ပါးတို့ စီးနေသော သင်္ဘောဖြစ်သဖြင့် အနံ့အသက်မှာလည်း စုံလှပါသည်။ အချို့မှာ မေတ္တာလက်ဆောင် အဖြစ် မိမိတို့အိမ်မှ ကြမ်းပိုးများကိုပါ သယ်ဆောင်လာသေးသည်ဖြစ်ရာ တခါတလေ ထိုင်ခုံများမှ ကြမ်းပိုး ထိုးတတ်ပါ၏။
သင်္ဘောပေါ်တွင် နေရာယူပြီးသည်နှင့် များသောအားဖြင့် ကျွန်တော်လုပ်သောအလုပ်မှာ အိပ်စက် အနားယူ ခြင်းဖြစ်ပါ၏။ ညက သိပ်အိပ်ရေးမ၀ခဲ့သဖြင့် သင်္ဘောပေါ်တွင် နာရီဝက်ခန့် အိပ်လိုက်ပါသည်။ လှိုင်းတလူးလူးနှင့်မို့ ပုခက်လွှဲသိပ်သလိုဖြစ်ကာ အိပ်လို့ အလွန်ကောင်းပါသည်။ အချို့သော ပြည်ကြီးတရုပ်များ အော်ကျယ်ဟစ်ကျယ်နှင့် တခါတရံ စကားများသည်က လွဲ၍ များသောအားဖြင့်တော့ အားလုံးလိုလိုမှာ အိပ်ငိုက်လျှက် လိုက်ပါကြသည်ဖြစ်ရာ အင်ဂျင်စက်သံမှ အပ သင်္ဘောတစ်စီးလုံးမှာ တိတ်ဆိတ်လျှက် ရှိပါသည်။ လူပြည့်ခါနီးမှ သင်္ဘောပေါ်တက်ရလျှင် အပ်ပါး(upper) မှ စီးရလေ့ ရှိ၏။ (စကားမစပ်ပြောရလျှင် ကျွန်တော်တို့ ကျောင်းသားဘ၀က ဟိုင်းလပ်ကားကလေး များဖြင့် မကြာခဏ ခရီးသွားရလေ့ရှိ၏။ ထိုသည့်အခါများတွင် မိန်းမသားများမှာ အောက်မှ (ကားဝမ်းထဲမှ) စီး၊ ယောက်ျားများမှာ ကျားကျားလျားလျား ခေါင်းမိုးပေါ်ရှိဝက်ခြံအတွင်းမှ လိုက်။ ဤကဲ့သို့ ခေါင်းမိုးပေါ်မှ စီးရခြင်းကို ကျွန်တော်တို့က upper ဟု ကင်မွန်းတပ်ထားပါ၏။ အမှန်ကတော့ ကားများတွင် upper class မရှိပါ။ ရထားများတွင် သာ ပိုက်ဆံဝါလားများ စီးသော upper class ရှိပါသည်။ လူမှန်းသိစကတည်းက ယခုချိန်ထိ ရထားကို upper class မှနေ၍ တခါဘူးမျှ ကျွန်တော် မစီးဖူးသေးပါ။)
ထိုကဲ့သို့ သင်္ဘောကို upper မှစီးရသည့် အခါများတွင်မူ သဘာဝအလှအပကို တ၀ကြီး ကျွန်တော် ခံစားလေ့ ရှိပါသည်။ တခါတရံတွင် ပတ်ဝန်းကျင်သည် လင်းနေ၍ တခါတရံတွင် မြူနှင်းများဖြင့် ဝေ့၀ဲနေတတ်၏။ သင်္ဘောပေါ်မှ လှမ်းမြင်ရသော စင်ကာပူ၏ အလှသည် တရုပ်ပန်းချီကျော် တစ်ဦးဆွဲထားသော ပန်းချီကားတစ်ချပ်ကဲ့သို့ အလွန်လှပ နေပါသည်။ ပင်လယ်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်လျှင် အဝေးတွင် ရပ်နားထားသော သင်္ဘောကြီးများကို နှင်း မှုန်မှုန် အောက်တွင် ခပ်ဝါးဝါး တွေ့ရမည်။ ညာဘက်တွင်မူ Jurong Island မှ ဓါတုဗေဒ စက်ရုံများ၊ ရေနံချက် စက်ရုံ များကို ထိုးထိုးထောင်ထောင် တွေ့ရ၏။ စင်ကာပူသို့ မီးပေးနေသော အဓိက ဓါတ်အားပေးစက်ရုံကြီးများ အနက် တစ်ခုအပါအ၀င်ဖြစ်သော Power Seraya Station မှ မီးခိုးခေါင်းတိုင်ကြီး သုံးတိုင်ထိပ်တွင်မူ အနိမ့်ပျံလေယာဉ်များ အတွက် အန္တရာယ် အချက်ပေး မီးပွင့်ကလေးများမှာ တလက်လက် တောက်ပနေပါ၏။
သင်္ဘော၏ ဘယ်ဘယ်ကို လှမ်းကြည့်လိုက်ပါက စင်ကာပူနိုင်ငံကို အဓိက ငွေရှာပေးနေရာ PSA ဆိပ်ကမ်း ကို တွေ့ရပါလိမ့်မည်။ ဆိပ်ကမ်းတွင် crane ကြီးများသည် ဧရာမ ကြိုးကြာငှက်ကြီးများ တန်းစီရပ်နေသကဲ့သို့ လှပစွာ စီတန်းလျှက် ရှိပါ၏။ အချို့ ကြိုးကြာကြီးများမှာ လည်ပင်းထောင်လျှက်၊ အချို့ကြိုးကြာကြီးများမှာ လည်ဆန့်လျှက်။ သင်္ဘောများပေါ်သို့ တင်မည့်ကုန်များကို ခေတ္တထားရာ ကွက်လပ်ကြီးထဲတွင်မူ ယခုမှ နိုင်ငံခြားမှ ရောက်လာသော မော်တော်ကား အသစ်ကျပ်ချွတ်များကို ရာပေါင်းများစွာ စီတန်းလျှက်တွေ့ရပါသည်။ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထား သော ဧရာမသင်္ဘောကြီးများပေါ်မှ ကွန်တိန်နာများကိုမူ မီးခြစ်ဗူးများ ညီညာစွာ ထပ်တင်ထားသကဲ့သို့ တွေ့ရမည် ဖြစ်ပါ၏။ ပေလေးဆယ် ကွန်တိန်နာကြီးများမှာ ဧရာမသင်္ဘောကြီးများပေါ်သို့ ရောက်သွားသောအခါ မီးခြစ်ဗူးကလေး မျှသာ ရှိပါတော့၏။ ထူးဆန်းပါပေ့။ အချို့ကရိန်းကြီးများသည် ထိုမီးခြစ်ဗူးများကို ချီလိုက် မလိုက်၊ ဟိုသည် ရွှေ့လိုက် နှင့် အလွန် အလုပ်ရှုပ်လျှက်ရှိပါသည်။ ထို ကရိန်းကြီးများကို မောင်းနှင်နေသူများထဲတွင် ကျွန်တော်တို့ ရွှေမြန်မာများ ဘယ်နှယောက်မျှ ရှိသနည်း။ သိပ်နည်းလှမည် မဟုတ်ပါ။ ဟို့ အဝေးတွင်မတော့ နာမည်ကြီး ဆင်တိုဇာကျွန်းကို မှုန်ပျပျ တွေ့မြင်ရပါသည်။
နံနက် ၇ နာရီကျော်လာပြီဖြစ်သဖြင့် အရှေ့ဘက်ကောင်းကင်တွင် နေမင်းကြီး စတင်ပြူထွက်လာပြီ ဖြစ်ပါ၏။ ဤတွင် တစ်ခု ပညာပြချင်ပါသည်။ စင်ကာပူတွင် ၇ နာရီမှ နေထွက်သည်ကို အားလုံး သတိပြုမိပါလိမ့်မည်။ ကျွန်တော်တို့ အမိမြန်မာပြည်တွင်မူ နံနက် ၆ နာရီဆို မိုးလင်းပြီ။ တနည်း နေထွက်ပြီ။ သို့သော် စင်ကာပူတွင် အဘယ်ကြောင့် ၇ နာရီမှ နေထွက်ရပါသနည်း။ စင်ကာပူ စံတော်ချိန်နှင့် မြန်မာစံတော်ချိန် အဘယ်ကြောင့် ၁ နာရီခွဲ ကွာနေပါသနည်း။ မြန်မာပြည် စံတော်ချိန်သည် ဂရင်းနစ်စံတော်ချိန်နှင့် ၆ နာရီခွဲကွာတာ အတော်များများ သိပါလိမ့် မည်။ သိချင်လည်း သိမည်။ သိချင်မှလည်း သိမည်ပေါ့။ သိသည့်တိုင် အဘယ့်ကြောင့် ၆ နာရီခွဲ ကွာရသည်ကို လေ့လာဖူးသူများ ရှိပါသလော။ သိလိုသူများရှိပါက ကျွန်တော် သမားဂုဏ် ပြလိုလှပါဘိ။
Auto Batam Fast ferry သင်္ဘောသည် ရေများကို ဒေါသတကြီး တွန်းထုတ်ကာ ရေပြင်ကိုခွဲလျှက် တရိပ်ရိပ် ပြေးလျှက် ရှိပါ၏။ တခါတရံတွင် ကျွန်တော် သင်္ဘောနောက်ဆုံးခုံမှ ထိုင်လိုက်ကာ ရေလှိုင်းများ၏ အလှအပကိုလည်း ခံစားမိပါသည်။ သင်္ဘောမှ တာဘိုပန်ကာဖြင့် ရေကိုယက်ထုတ်ပြီး သွားသည်ဖြစ်ရာ ထိုကဲ့သို့ တာဘိုပန်ကာမှ ယက်ထုတ်လိုက်သဖြင့် ဖြစ်ပေါ်လာသော ရေလှိုင်းဂယက်များ၊ ရေမှုန် ရေမွှားများမှာ အလွန်ကြည့်၍ လှပါသည်။ တဖွားဖွား ဖြာထွက် လာသော အဖြူရောင် ရေဂယက်များ၊ လှိုင်းလုံးများ သည် သင်္ဘောနောက်တွင် အဆက်မပြတ် လိုက်ပါလျှက်ရှိ၏။ လှိုင်းလုံးများ ပြေပျောက်သွားသည့်တိုင် သင်္ဘောလာရာ လမ်းကြောင်းကို ရေပြင်တွင် ခပ်ဝေးဝေးထိ အတိုင်းသား မြင်နေရပါသည်။ တဖွားဖွားဖြာထွက်နေသော ရေလှိုင်းများ၏ dynamic art scene ကို ကျွန်တော်သည် မ၀တမ်း ကြည့်ရှုနေမိပါသည်။
အတန်ကြာသော် ဆိုင်းသံနှင့်အတူ နံနက်ချိန်ခါ တေးသံသာကို ကြားနေကျအတိုင်း နားဆင်လိုက်ရပါ၏။ “ - - - x!@#$% - - - According to the Shell Bukom’s safety requirement, please remain seated until the disembarkation bell is sounded, Thank you”. ထို ကြေငြာသံ ကြားပြီး မကြာမတင်မီပင် ကျွန်တော်တို့ Account အတွင်းသို့ လစဉ် ၀င်ငွေများ ဖြည့်တင်းပေးနေရာ ECC Project သို့ ရောက်ရှိပါတော့သတည်း။
ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ် ငါအတတ်ဟု၊ စာဖတ်သူပေါ် ခေါင်းကိုကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။ ။ တက္ကသိုလ်ဘုန်းနိုင်
Labels
- ၂၀၂၀ အထွေထွေရွေးကောက်ပွဲ (10)
- Bitter Life (26)
- Build Your Future (10)
- Christopher (34)
- Construction Safety Handbook (57)
- Covid19 (19)
- Education (26)
- Emergency handbook (7)
- Engineering (12)
- Environment (8)
- Farm Safety (10)
- Fire Protection (5)
- Fridge and Aircond (6)
- Gas Pipe Line (5)
- General (206)
- Greenery Singapore (2)
- Health (6)
- IOSS (3)
- ISO 45001 (7)
- ISO 9001 (2)
- Knowledge sharing sessions (4)
- Life (8)
- Living in Singapore (68)
- My Articles (562)
- Myanmar (65)
- Myanmar Culture (15)
- Myanmar Transitional Platform (31)
- Piping (41)
- PPE Book (3)
- Safety (153)
- Tire Safety (5)
- Welding Technology (5)
- Working in Singapore (44)
- ကဗ်ာမ်ား (27)
- စင်ကာပူအကြောင်း (96)
- စင်္ကာပူ (သို့မဟုတ်) ခြင်္သေ့မြို့တော်_၁ (3)
- စာအုပ္မ်ား (3)
- ဒသမတန်း မြန်မာစာ (9)
- မြန်မာစာ (1)
- မြန်မာပြက္ခဒိန် (7)
- မြန်မာပြက္ခဒိန် (62)
- မြွေဆိပ်ဖြေဆေး (5)
No comments:
Post a Comment