Thursday, December 4, 2008

The Woman who I love

(ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ညီတော်မောင်တစ်ယောက်က e-mail တစ်ခု forward လုပ်လိုက်ပါတယ်။ “အရမ်းချစ်တဲ့ မိန်းမတစ်ယောက်အကြောင်း” တဲ့။ ဘယ်သူရေးတာမှန်း မသိပါ။ ဒါပေမဲ့ ကျွန်တော် နှစ်သက်တဲ့ စာညွန့်လေးတစ်ပုဒ် ဖြစ်တာကြောင့် ကျွန်တော့်ဆီမှာ ရှိသမျှ မိတ်ဆွေများထံ ပြန်ပြီး ဝေမျှ ခံစားခဲ့ပါတယ်။
နောက်ပြီး အဲဒီစာလေးဖတ်ပြီးတော့ ကျွန်တော့်ရင်မှာ ခံစားချက်တွေ ပေါ်လာလို့ မိတ်ဆွေများကို ပြန်လည် ဝေငှလိုက်တာပါ။ သည်ခံစားချက်ဟာ ကျွန်တော်တစ်ဦးတစ်ယောက်ထဲရဲ့ ပုဂ္ဂလိက ခံစားချက်မျှသာ ဖြစ်ပါတယ်။ မူရင်းစာကိုလည်း ပူးတွဲ ဖော်ပြလိုက်ပါတယ်။)

လက်မထပ်လိုက်ရတဲ့ အရမ်းချစ်တဲ့ မိန်းကလေး တစ်ဦးအကြောင်း

အကယ်၍ မြန်မာပြည်ဟာ ကျွန်တော်အရမ်းချစ်ပြီး လက်မထပ်ဖြစ်ခဲ့တဲ့ မိန်းကလေးတစ်ဦး ဖြစ်ခဲ့ရင် စင်ကာပူဟာ မချစ်သော်လည်း အခြေအနေအရ ပေါင်းသင်းနေရတဲ့ ကျွန်တော့် girl friend လို့ တင်စားပြစေ။

ကျွန်တော် သိပ်ချစ်တဲ့ မိန်းကလေးဟာ ပထွေးဆိုးရဲ့ နှိပ်စက်ကလူ ပြုနေတာကို ဘာမှမတတ်နိုင်ပဲ ငြိမ်ခံနေရတဲ့ အတွက် ကျွန်တော် သူ့ကို သိပ်သနားမိပါတယ်။ နောက်ပြီး ကျွန်တော့်လို ပမွှားတစ်ယောက်အနေနဲ့ လူမိုက်ပေါင်း သောင်းချီပြီး မွေးထားတဲ့ သူ့ပထွေးကြီးကို ဘယ်လိုမှ ယှဉ်ပြိုင်လို့မရတဲ့အတွက်လည်း သူ့ဘ၀ကို မကယ်တင်နိုင် လို့ အင်မတန်မှ ၀မ်းနည်းမိပါတယ်။ သူ့ပထွေးဆိုးကြီးက သူ့ကို အာခံမယ်ကြံတဲ့ သူတိုင်းကို ငရဲကို အရှင်လတ် လတ် ပို့ ပို့ ပစ်နေတာလည်း လူတိုင်းအသိမဟုတ်လား။ ကျွန်တော်ဟာ သိပ်ချစ်တဲ့ မိန်းကလေးနဲ့ မခွဲချင်သည့် တိုင် ၀မ်းရေးအတွက် ဝေးရာကို ခေတ္တထွက်ခွာလာခဲ့ရပါတယ်။

နောက်ပြီး အဲဒီမိန်းကလေးထက် အစစအရာရာ သာနေတဲ့၊ မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ girl friend နဲ့ ယှဉ်လိုက်တဲ့ အခါတိုင်း သည်မိန်းကလေးကို အသနားပိုမိပါတယ်။ ကျွန်တော်ဟာ အခြေအနေအရ ကျွန်တော့် ဘ၀အတွက် လိုအပ်လို့ လက်တွဲနေရသည့်တိုင် အင်မတန် ချောမောလှပတဲ့၊ အင်မတန် ဆွဲဆောင်မှုအားကောင်း တဲ့၊ အင်မတန် sexy ဖြစ်တဲ့၊ ပီဘိ အရှက်လုံရုံမျှ ဖုံးထားတဲ့အ၀တ်နဲ့ မရှက်မကြောက် လူတွေကြားထဲ သွားလာနေ တဲ့၊ နေရာတိုင်းမှာ သဘာဝမရှိပဲ manmade တွေသာရှိတဲ့ ဒီ girl friend မကလေး ကိုတော့ အစစ အရာရာ ပြည့်စုံနေသည့်တိုင် ဘယ်လိုနည်းနဲ့မှ ချစ်လို့မရပါ။ ရိုးသားဖြူစင်တဲ့၊ ဆင်းရဲနွမ်းပါးတဲ့၊ အစစ ချို့တဲ့လှတဲ့ ကျွန်တော့် မိန်းကလေးကိုသာ ကျွန်တော် နှစ်နှစ်ကာကာ ချစ်ပါတယ်။ သူ့ကို တစ်နေ့တစ်ရက်မှ ကျွန်တော် မေ့လို့ မရပါ။

ဘာပဲပြောပြော ကျွန်တော် ဒီလိုဘ၀အခြေအနေရောက်အောင် သည်မိန်းကလေးကပဲ အစစအရာရာ မြေတောင်မြှောက် သင်ကြားပေးလိုက်တာပါ။ ကျွန်တော့်အသိပညာ အတတ်ပညာတွေကို အသုံးချပြီး နောက်မှ ပေါက်တဲ့ ရွှေကြာပင် girl friend က ကျွန်တော့်ကို တန်ရာတန်ကြေးပေးပြီး ခိုင်းနေခြင်းမျှသာ ဖြစ်ပါတယ်။ ခပ်ရိုင်းရိုင်း ပြောရရင် ကျွန်တော်ဟာ အခကြေးငွေစားပြီး လုပ်ပေးနေရတဲ့ ကြေးစား တစ်ယောက်မျှသာ ဖြစ်ပါ တယ်။ ကျွန်တော်ဟာ ကျွန်တော်ချစ်တဲ့မိန်းကလေးကို အနီးကပ် ပြုစုလုပ်ကျွေးခွင့် မရတဲ့အတွက် girl friend ထံက ရတဲ့ အခကြေးငွေထဲက တစ်ချို့တစ်ဝက်ကိုပဲ မိန်းကလေးထံ ပို့ပေးပြီး ကျေးဇူးဆပ်နေရပါတယ်။ ဒါပေမဲ့ အခွင့်သာတဲ့အခါမှာ ဒါမှမဟုတ် အခြေအနေပေးတဲ့အခါမှာတော့ မိန်းကလေးရဲ့ ရင်ခွင်ထံ ပြန်ခိုလှုံမှာ ဖြစ်ပါတယ်။

တစ်ကြိမ်တစ်ခါသော အခါကတော့ ဆင်းရဲချို့တဲ့လှတဲ့ မိန်းကလေးကို ပစ်ပြီး အစစ အရာရာ သာလွန်တဲ့ girl friend နဲ့ လက်တွဲဘို့ ကြံစည်မိပါသေးတယ်။ ဒါပေမဲ့ဗျာ၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးခွန်းထုတ်ပါ တယ်။ မင်း အဲသည် မိန်းကလေးနဲ့ ခွဲနိုင်တာ သေချာပြီလား ပေါ့။ သည်တော့မှ ကျွန်တော် သည်မိန်းကလေး ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန် တွက်စစ်ကြည့်မိတယ်။ အို - ကျွန်တော်ချစ်သော မိန်းကလေးရဲ့ ရင်ခွင်မှာ ရွှေတိဂုံစေတီ တော်မြတ်ကြီး၊ မိခင်ဧရာဝတီ နဲ့ စစ်ကိုင်းတောင်၊ မင်းဝံတောင်ရိုး တို့ ရှိနေပါလား။ ဟိုးဘက် လှမ်းကြည့်လိုက်ရင် ပုပ္ပါးတောင်တော်မြတ်ကို တွေ့ရပါလိမ့်။ တခြားဟာတွေ ထားပါ။ ရွှေတိဂုံစေတီတော်မြတ်ကြီး တစ်ဆူထဲနဲ့တင် ကျွန်တော်ချစ်သော မိန်းကလေးကို ဘယ်အရာတွေနဲ့မှ အစားထိုးလို့ မရနိုင်ပါ။ သည်မှာတင် ကျွန်တော့် ပေါက် တတ်ကရ စိတ်ကူးယဉ် အိပ်မက်တွေကို ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ပါတယ်။

သူ့ပထွေးကြီးမကောင်းလို့ သည်မိန်းကလေး အခြေအနေ သည်လိုဖြစ်ရုံမျှနဲ့တော့ ကျွန်တော် သူ့ကို ပစ်ပစ်ခါခါ ထွက်မသွားရက်ပါ။ ကိုယ်တတ်နိုင်တဲ့ဘက်က သူ့ကို ပြန်လည် စောင့်ရှောက်ဖို့ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ကျွန်တော်တတ်နိုင်တဲ့ဘက်က တစ်ဖက်တလမ်း သူ့ကို ပြန်ပြီး ကျေးဇူးဆပ်ရပါမယ်။ နောက်ပြီး လူပုံအလယ် မျက်နှာငယ်နေရ ရှာတဲ့ သူ့ဘ၀ကို ပြန်ပြီး အဖတ်ဆယ်ဘို့ ကျွန်တော်တို့ လုပ်ရပါဦးမယ်။

R ဇာနည့် သီချင်းလိုပဲ ကျွန်တော်ဟာ သည်မိန်းကလေးကို ဘယ်အခြေအနေပဲ ရောက်နေပါစေ -

“ပြန်ဆုံချိန်ကျ မြေမှာကြွေလည်း ကောက်ယူမယ်” - ဖြစ်ပါကြောင်း။

အခြေအနေပေးတဲ့အခါမှာ သည်မိန်းကလေးရဲ့ဘ၀ကို ပြန်လည်ကယ်တင်ဘို့ အဝေးရောက် ကျွန်တော်တို့အားလုံး သူ့ရင်ခွင်ကို ပြန်လည် ခိုဝင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။


(မူရင်း)

Subject: အရမ်းချစ်တဲ့ မိန်းမတစ်ယောက်အကြောင်း
တကယ်တော့ မြန်မာပြည်ဆိုတာ
အရမ်းချစ်ပြီး ဘယ်လိုမှလက်ထပ်လို့မဖြစ်နိုင်တဲ့
မိန်းမတစ်ယောက်ပေါ့ …
ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ ...
၂၁ ရာစုမှာ internet ကို
ဆန်တစ်ပြည်လောက်မှ တန်ဖိုးမထားတဲ့ မိန်းမ ...
အမှောင်ထဲမှာပဲ ပျော်ပိုက်ပြီး
ညတွေမှာ မီးမလင်းနိုင်တဲ့ မိန်းမ ...
ခဏခဏပြင်ပြီး အညာခံနေရတဲ့
နှစ်သုံးဆယ်စီမံကိန်းပညာလောက်ပဲတတ်တဲ့ မိန်းမ ...
ပြည်ပလုပ်အလှပြင်ကိရိယာ ပြည်ပကနည်းပညာနဲ့
ကိုယ့်ကိုယ်ကို အလှဖန်တီးရှင်ပါလို့
စက်မူဇုန်ထဲကနေ ကြုံးဝါးနေတဲ့ မိန်းမ …
တတ်သမျှပညာတွေ ရှိသမျှလုပ်အားတွေနဲ့
ပြည့်ပြည့်ဝဝ လုပ်ကျွေးတာတောင်
လက်ဖက်ရည်ဖိုးလောက်ပဲ ပြန်ပေးချင်တဲ့ မိန်းမ ...
သည်းခံယူပြီး ပြုပြင်ပေးချင်တာတောင်
အုပ်ထိန်းသူက လက်သင့်မခံတဲ့ မိန်းမ ...
ယုတ်မာကောက်ကျစ်ပြီး အကြံပက်စက်လွန်းတဲ့
ပထွေးရဲ့တာဝန်ယူမူကို ခံထားရရှာတဲ့ မိန်းမ …
အုပ်ထိန်းသူတွေ ကိုယ်တိုင်က
ပြည့်တန်ဆာဇာတ်သွင်းခြင်းကို
မသိမသာ ခံနေရရှာတဲ့ မိန်းမ ...
သားသမီးတွေကို နွေးနွေးထွေးထွေးချစ်တတ်ပေမယ့်
ပထွေးမျက်နှာကြည့်ပြီး အသက်ရှူနေရရှာတဲ့ မိန်းမ …
ဒီလိုမိန်းမမျိုးနဲ့ကျွန်တော်
ဘယ်လိုလက်ထပ်လို့ဖြစ်နိုင်ဦးမှာလဲဗျာ ...
ဘယ်လိုပဲ ရည်းစားတွေထပ်ပြီးထားထား
သူ့ကိုတော့ တစ်နေ့မှမေ့မရနိုင်တာ အမှန်ပါပဲ ...
တကယ်လို့များ ...
သူ့ပထွေးကြီးမရှိတော့ဘူးဆိုရင် …
လက်ဖက်ရည်ဖိုးလောက်ပဲ ပေးပေး
ပြည့်တန်ဆာပဲဖြစ်နေပါစေ
အရာရာကိုပြုပြင် လက်ထပ်ချင်တဲ့ကောင်ပါ ...
တကယ်တော့ ...
ကျွန်တော့်ချစ်သူ မြန်မာပြည်ဟာ
စိတ်သောကတွေကြုံတိုင်းမှာ
အဖေကိုလွမ်းဆွတ် ငိုကြွေးတတ်တဲ့
အရမ်းလှပတဲ့ဗီဇတွေကို
ပထွေးက အနိုင်ကျင့် အစော်ကားခံလိုက်ရတဲ့
ချစ်စရာကောင်းတဲ့ မိန်းမတစ်ယောက်ပါ ...

No comments: