Thursday, December 11, 2008

Working in Singapore Part I

အနာဂါတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း
(၁၉-၁၁-၂၀၀၈၊ ဗုဒ္ဓဟူးနေ့)

နိဒါန်း

ခေတ်ပြိုင် နှင့် လျှပ်တပြက် ဂျာနယ်များမှ ဆရာ ဦးအောင်သင်းကို တွေ့ဆုံကာ နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ် ကိုင်နေသော လူငယ်များ၏ အနာဂါတ်နှင့် ပတ်သက်၍ မေးမြန်းသည်ကို ဆရာကြီးမှ ပြန်လည် ဖြေကြား ထားသော ဆောင်းပါးများကို ဖတ်ကာ ဆရာ၏ လူငယ်များအပေါ်ထားရှိသော စေတနာကို သိမြင်နိုင်ပါသည်။ ယခင် ကလည်း ဆရာမှ မျိုးဆက်သစ် တိုးတက်ရစ်ဖို့ ကဲ့သို့သော စာအုပ်များနှင့် ဟောပြောပွဲများ ပြုလုပ်ကာ လူငယ်များ မိမိ အနာဂါတ်ကို မိမိ မည်သို့ ပုံဖော်ရမည်ကို လမ်းညွှန်ဟောပြောချက်များ ပြုလုပ်ခဲ့ပါသည်။ အလွန် အဖိုးတန်သော လမ်းညွှန်ချက်များ ဖြစ်ပါ၏။
ယခု ခေတ်ပြိုင် နှင့် လျှပ်တပြက် ဂျာနယ်များမှ ဆရာ ဦးအောင်သင်း၏ အင်တာဗျူးကို မိတ်ဆွေများ၏ ကောင်းမှုဖြင့် ဖတ်လိုက်ရပြီးသကာလ ကျွန်တော်လည်း ကိုယ်သိထားသည့် ဗဟုသုတများကို အခြေခံကာ နိုင်ငံခြား ရောက် အထူးသဖြင့် ကျွန်တော်ရောက်ရှိနေသော စင်ကာပူရောက် မြန်မာလူငယ်များ၏ အနာဂါတ်အတွက် လမ်းညွှန် စာတစ်ပုဒ်လောက် ရေးချင်လာမိသဖြင့် ဤဆောင်းပါးကို ရေးလိုက်ခြင်း ဖြစ်ပါ၏။
တစ်နည်းအားဖြင့်လည်း ကျွန်တော့်ဆောင်းပါးကိုသာ မြန်မာပြည်ရှိ စာနယ်ဇင်းတစ်ခုခုတွင် ဖော်ပြခွင့်ရပါက စင်ကာပူလာရန် ကြိုးစားနေသူများအတွက်လည်း များစွာ အကျိုးရှိလိမ့်မည် ဟု ယုံကြည်ပါသည်။ ကျွန်တော့် ကြိုးစား အားထုတ်မှုသည် ထို တက်လမ်းကို ရှာဖွေနေသူ လူငယ်များအတွက် တစုံတရာ အကျိုးရှိမည် ဆိုလျှင် ကျွန်တော် အလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိမည် ဖြစ်ပါကြောင်း။
ပထမဦးဆုံးပြောလိုသည်မှာ ပညာမတတ်လျှင် မန်နေဂျာတစ်ဦး၊ အရာရှိတစ်ဦး သို့မဟုတ် supervisor တစ်ဦး ဖြစ်မလာနိုင်ပါ ဆိုသည့်အကြောင်း ဖြစ်ပါ၏။ အဘယ်ကြောင့်နည်း။ သာမန် အလုပ်သမားတစ်ဦးအနေနှင့် မိမိ supervisor က ဒါလုပ်လိုက်ဆိုလျှင် ထိုဟာကို ကောက်ကက် လုပ်လိုက်ရန်သာ ဖြစ်ပြီး ဘာကြောင့်လုပ်ရသည်ကို သိရန်မလို။ သို့သော် supervisor ဖြစ်လာပြီဆိုလျှင်မူ သိစရာတွေ ပိုများလာသည်။ ထို့ထက် မန်နေဂျာတစ်ဦး ဆိုပါက သိစရာတွေ ပိုများသေးသည်။ လုပ်ငန်းတစ်ခုကို စီမံအုပ်ချုပ်ရန် လွယ်ကူလှသည် မဟုတ်။ သို့အတွက် ထိုအရာများ ကို တတ်သိနားလည်ရန် ပညာတတ်ထားမှ ဖြစ်မည်။ ထို့ကြောင့် ပညာရေး အရေးကြီးကြောင်း ပြောရခြင်း ဖြစ်ပါ၏။
ဝမ်းနည်းစရာကောင်းသည်မှာ ကျွန်တော်တို့ဆီမှ မြန်မာလူငယ်လေးများအတွင်း ပညာရေးကို တန်ဖိုးထားရ ကောင်းမှန်း သိသူ တစ်နေ့တခြား နည်းပါးလာခြင်း ဖြစ်ပါ၏။ ဒါ သူတို့ အပြစ် မဟုတ်ပါ။ သူရို့ခေတ်နှင့် သူရို့ ပတ်ဝန်းကျင် က ပညာရေးကို တန်ဖိုးမထားတတ်အောင် သင်ပေးလိုက်သဖြင့် ဖြစ်ပါ၏။ အကျယ်အကျယ် မငြိမ်းဖွယ်၊ ဟိုလူ့အပြစ်တင်၊ သည်လူ့အပြစ်တင် တော့ ပြောမနေတော့ပါ။ လူတိုင်း သိပြီးဖြစ်ပါ၏။ ကျွန်တော်တို့ တတ်နိုင်သည့် ဘက်မှ လူငယ်များအား ပညာကို တန်ဖိုးထားတတ်လာအောင် သွန်သင်ပြသ ဆိုဆုံးမပေးဖို့ရာသာ ရှိပါသည်။
အခြေခံပညာမရှိဘဲ မည်သည့် အဆင့်မြင့် နည်းပညာများကို တတ်မြောက်နိုင်ပါမည်နည်း။ ယခု ကျွန်တော်က ကနေဒါသွားမည့် welder နှင့် fitter များကို သက်ဆိုင်ရာ welding technology, pipe fitting theory, safety, English စသည်များ သင်ကြားပေးနေရရာ ပညာအခြေခံရှိသူကို သင်ရခြင်း နှင့် ပညာအခြေခံနည်းသူကို သင်ရခြင်း မည်မျှ ကွာခြားကြောင်း အလွန်ခေါင်းကိုက်စွာ လက်တွေ့ နားလည် သိရှိရပါ၏။ ပညာအခြေခံနည်းသူကို high tech တွေ သင်ပေးမည့် အစား ကြက်တူရွေးကို စကားပြော သင်ပေးတာကမှ ပိုလွယ်လိမ့်ဦးမည်။
စင်ကာပူတွင် အလုပ်သမားအဆင့်၌ ၀င်ရောက်လုပ်ကိုင်နေသူများ အနက် ခုနစ်တန်းရှစ်တန်း၊ ဆယ်တန်း၊ တချို့လည်း ဘွဲ့ရ(အဝေးသင်) အမျိုးမျိုး ရှိပါ၏။ ကျွန်တော့် ပတ်ဝန်းကျင်ရှိလူငယ်များကို တီးခေါက်မိသမျှတော့ ဆယ်တန်း နှင့် အဝေးသင်ဘွဲ့ရ ဘာမှ မကွာပါ။ အတူတူပဲ ဖြစ်ပါ၏။ သို့သော် လေ့လာမှု၊ ဉာဏ်ပြေးမှု နှင့် သွက်လက် ချက်ချာမှုတို့ပေါ် မူတည်ပြီး သိတာ တတ်တာ ကွာသွားပါသည်။ သာမန်ဘွဲ့ရ တစ်ဦးထက် ဆယ်တန်းကျ တစ်ဦးက ပိုပြီး တတ်သိနေတတ်သည်။ မိမိဘယ်လောက်တတ်သလဲ ဆိုသည်မှာ အတန်းဘယ်လောက် အောင်ခဲ့ သလဲ ဆိုတာထက် ဘယ်လောက်ဆက်လေ့လာ နေသလဲဆိုတာပေါ် ပိုပြီး မူတည်နေပါသည်။ ပညာဆိုသည် မှာ လေ့လာ လို့ မကုန်နိုင်သည်နှင့်အမျှ မိမိနှင့် ပတ်သက်ဆက်နွယ်နေသော လုပ်ငန်းဗဟုသုတများကို တရံမလပ် လေ့လာ ဆည်းပူးနေကြရန် တိုက်တွန်းလိုက်ရပါ၏။
တစ်ကြောင်းမှာလည်း ယခု အင်တာနက်ခေတ်တွင် အသိပညာ အတတ်ပညာ၊ မကုန်နိုင် မခမ်းနိုင်သော ဗဟုသုတ တို့သည် မိမိလက်တစ်ကမ်း လက်ညှိုးထိပ်တွင်ပင် ရှိနေသည်ဖြစ်ရာ အင်္ဂလိပ်စာသာ ကောင်းကောင်း တတ်ပါက အလွန်ကောင်းလှသော အခွင့်အလမ်းတို့ ပွင့်လျှက် ရှိနေပေ၏။ သို့သော် အင်္ဂလိပ်စာ တတ်ဖို့တော့ လိုသည်။ သို့အတွက် မိမိ၏ အနာဂါတ်ကို တည်ဆောက်ရာတွင် အင်္ဂလိပ်စာသည် အလွန်အရေးကြီးသော အခန်း ကဏ္ဍပါဝင်နေသဖြင့် အချိန်ရတိုင်း အင်္ဂလိပ်စာကို ကြိုးစားပမ်းစား လေ့လာကြပါဟု ထပ်လောင်း တိုက်တွန်း လိုက်ရပါသည်။
ယခု ကျွန်တော် သူတို့အတွက် လုပ်လို့ရနိုင်သည့် သာမန်အလုပ်သမားထက် သာသည့် အလုပ်များနှင့် ထိုအလုပ်များကို မည်သို့ရနိုင်သည့် အခွင့်အလမ်းများကို ဖွင့်ပြမည် ဖြစ်ပါ၏။ မိမိတို့ဘာသာ လေ့လာကာ ထူးချွန် ထက်မြက်သော (ယခု ကျွန်တော်တို့ မြန်မာများ မိမိတို့ကိုယ်ကို မိမိတို့ခေါ်နေသည့်) “ရွှေ” (၁၆ပဲရည် အပြည့်ရွှေ) များ ဖြစ်လာနိုင်ကြ ပါစေကုန်။
ထို့ပြင်တ၀ သာမန်အလုပ်သမား မဟုတ်တော့သဖြင့် အခြားသူများကို ဦးဆောင်ရမည့် Supervisor အဆင့် ရောက်လာပြီဆိုသည်နှင့် Supervisor တစ်ဦး သိသင့် သိထိုက်၊ လုပ်သင့်လုပ်ထိုက်သည့် တာဝန် ၀တ္တရားများ အကြောင်း နှင့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာအောင် မည်ကဲ့သို့ လေ့ကျင့်ပျိုးထောင် ယူရမည် ဆိုသည် ကို သိရှိနားလည်ရမည် ဖြစ်ပေရာ ခေါင်းဆောင်မှု အနုပညာ ဆိုသည့် ခေါင်းစဉ်နှင့် စာတစ်ပုဒ် သပ်သပ် ကျွန်တော် ဆက်လက်ရေးသား ပါမည်။ ခေါင်းဆောင်ကောင်းများ ဖြစ်လာနိုင်ကြပါစေသတည်း။
တစ်နည်းအားဖြင့်လည်း ကျွန်တော့်ရင်ထဲတွင် အမိမြန်မာနိုင်ငံကို မေ့ဖျောက်ထား၍ မရပေရာ ထိုလေ့ကျင့် ပျိုးထောင်ပြီးသား ခေါင်းဆောင်ကောင်းများသည် အခြေအနေပေးသည်နှင့် အမိမြန်မာနိုင်ငံတော်ကြီး ပြန်လည် ထူထောင်ရာတွင် အုပ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ပါဝင် ဆောင်ရွက်နိုင်ကြလိမ့်မည် ဟု မျှော်လင့်ပါသည်။
သည်တွင် ကျွန်တော် အပိုင်း နှစ်ပိုင်းခွဲပြီး တင်ပြပါမည်။ ပထမပိုင်းမှာ စင်ကာပူတွင် လာရောက် အလုပ်လုပ်ကိုင်လိုသူ၊ လုပ်ကိုင်နေသူများ သိသင့် သိထိုက်သည်များကို တင်ပြပြီး ဒုတိယပိုင်းတွင် စင်ကာပူရောက် လူငယ်များ မိမိတက်လမ်းကို မည်ကဲ့သို့ ရှာဖွေရမည်ကို လမ်းညွှန်ပြသပေးမည် ဖြစ်ပါ၏။

No comments: