Thursday, December 11, 2008

Working in Singapore Part II

အပိုင်း (၁)

၁။ စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်း

မသိသူကျော်သွား၊ သိသူဖော်စား။ ပညာရွှေအိုး၊ လူမခိုး ဟူသော စကားများမှာ သွေးထွက်အောင် မှန်လှပေ ၏။ ပညာနည်းနည်းတတ်လျှင် နည်းနည်းလောက် ဖော်စားလို့ ရမည်။ များများတတ်လျှင် များများ ဖော်စားလို့ ရမည်။ မည်သို့ ဖော်စားရမည်နည်း ဆိုသည်ကို စတင်ကာ ပြောပါတော့အံ့။ ဤတွင် ဖော်ပြထားသော သတင်းအချက် အလက်များမှာ Singapore MOM website နှင့် အခြား သက်ဆိုင်ရာ Singapore Government website များ၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ မှ ထုတ်ယူ ဖော်ပြထားခြင်း ဖြစ်ပါ သည်။ မူရင်းကိုဖတ်ရှုစေနိုင်ရန် ရည်ညွှန်း စာရင်းတွင် သီးသန့်ဖော်ပြထားပါ၏။

၁၊ ၁။ စင်ကာပူတွင် အလုပ်လုပ်နိုင်သည့် Work Pass အမျိုးအစားများ

စင်ကာပူတွင် အလုပ်လုပ်နိုင်ရန် စင်ကာပူအစိုးရမှ ထုတ်ပေးသော Work Pass အမျိုးအစား ၉ မျိုး ရှိပါ၏။ ၎င်းတို့မှာ -
1. P and Q pass
2. S pass
3. R pass (Work Permit)
4. EntrePass
5. TEP (Training Employment Pass)
6. Dependent Pass / Letter of Consent (DP/LOC)
7. Long Term Social Visit Pass (LTSVP)
8. Miscellaneous Work Pass
9. Work Permit (Performing Artistes) တို့ ဖြစ်ပါ၏။

၁။ P and Q Pass
EP (Employment Pass) ကို လျှောက်ထားသူ၏ ပညာအရည်အချင်း၊ လုပ်သက်၊ လုပ်ငန်းကျွမ်းကျင်မှု၊ လုပ်ငန်းသဘာဝ နှင့် အခြားသက်ဆိုင်ရာ အချက်အလက်များပေါ် မူတည်ကာ ချပေးပါသည်။ အနည်းဆုံး လခ တစ်လလျှင် စင်ကာပူဒေါ်လာ ၂၅၀၀ ရ ရမည် ဖြစ်ပါ၏။
Personalised Employment Pass (PEP) - အဆင့်မြင့် ပညာတတ်ကျွမ်းသူများအတွက် မန်နေဂျာ၊ အထူး ကျွမ်းကျင်သူ စသည့် ရာထူးကြီးများတွင် အနည်းဆုံး လခ စင်ကာပူဒေါ်လာ ၇၀၀၀ နှင့် အထက် ရသူများ သို့မဟုတ် ယခင်က P1 pass နှင့် လုပ်ကိုင်ခဲ့ ဖူးသူ များ အတွက် ထုတ်ပေးသော pass ဖြစ်၏။ P2 pass နှင့် အနည်းဆုံး ၂ နှစ်၊ Q1 Pass နှင့် အနည်းဆုံး ၅ နှစ် လုပ်ကိုင်ခဲ့ဖူးပြီး တစ်နှစ်လျှင် လခ အနည်းဆုံး စင်ကာပူဒေါ်လာ သုံးသောင်း ထုတ်ယူ ရရှိခဲ့သူများ ဖြစ်ရမည်။ ထို pass သက်တမ်းသည် ၅ နှစ်ဖြစ်ပြီး သက်တမ်းထပ်တိုး၍ မရပါ။

၂။ S pass
ရသောလခ၊ ပညာအရည်အချင်း၊ ကျွမ်းကျင်မှု၊ လုပ်သက် နှင့် လုပ်ငန်းသဘာဝ တို့ပေါ်မူတည်၍ အနည်းဆုံး လခ စင်ကာပူဒေါ်လာ ၁၈၀၀ ရသောသူများကို S pass ချပေးပါသည်။ ကုမ္ပဏီ ၀န်ထမ်းအင်အား၏ ၂၅ရာခိုင်နှုံးကို S pass ချပေးပြီး S pass တစ်ဦးလျှင် levy စင်ကာပူဒေါ်လာ ၅၀ ပေးရပါသည်။ ၎င်းတို့သည် လခ ၂၅၀၀ ကျော်ရပါက dependent pass လျှောက်ထားနိုင်သည်။

၃။ R pass (Work Permit)
မကျွမ်းကျင်လုပ်သား သို့မဟုတ် အသင့်အတင့် ကျွမ်းကျင်သူ၊ S pass လျှောက်ရန် အရည်အချင်း မပြည့်မီသူ များအတွက် Work permit လျှောက်ထားနိုင်ပါသည်။ ၀န်ဆောင်မှု လုပ်ငန်းများတွင် မလေးရှား၊ ဟောင်ကောင်၊ မကာအို၊ တောင်ကိုးရီးယား နှင့် ထိုင်ဝမ်မှ အလုပ်သမားများကို ခန့်နိုင်ပြီး အခြားနိုင်ငံသားများကို လုပ်ငန်းအားလုံး တွင် ခန့်ထားနိုင်သည်။ ဤသို့ ခန့်ထားနိုင်ရန် ကုမ္ပဏီတွင် သတ်မှတ်ထားသော ခန့်နိုင်ခွင့်နေရာများ ရှိရပါမည်။ အိမ်ဖော်များအတွက်လည်း work permit လျှောက်ထားနိုင်ပြီး သူတို့သည် dependent pass လျှောက်ထားနိုင်ခွင့် မရှိပါ။

၎။ EntrePass
ကော်ဖီဆိုင်၊ စားသောက်ဆိုင်၊ အနှိပ်ခန်း၊ ကာရာအိုကေဆိုင်၊ ငွေလဲလုပ်ငန်း နှင့် ကျူရှင်ဖွင့်ခြင်း နှင့် အလားတူ လုပ်ငန်းများမှ လွဲ၍ အခြား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဤ pass ကို လျှောက်ထားနိုင်သည်။

၅။ TEP (Training Employment Pass)
စင်ကာပူကုမ္ပဏီများအနေနှင့် နိုင်ငံခြားရှိ မိမိတို့ရုံးခွဲများမှ ၀န်ထမ်းများကို သင်တန်းတက်စေရန် စင်ကာပူ သို့ ခေါ်လိုပါက ဤ pass ဖြင့်လျှောက်ထားနိုင်သည်။ နိုင်ငံခြားသားများအနေနှင့် မန်နေဂျာ ကဲ့သို့သော ရာထူးကြီးများ အတွက်ရည်မှန်း လုပ်ကိုင်ရန် စင်ကာပူအစိုးရမှ လက်ခံနိုင်သည့် ဘွဲ့ရ၊ သို့မဟုတ် ဘွဲ့လွန်လက်မှတ်ရပြီးသူများ သည် လခ စင်ကာပူဒေါ်လာ ၂၅၀၀ နှင့် အထက်ရနိုင်သည့်နေရာများအတွက် လျှောက်ထားနိုင်သည်။ ဘွဲ့မရသေးသူများ သည်များသည်လည်း အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုတွင် ဘွဲ့ရပြီးသည့်အခါ လုပ်မည့်အလုပ်နှင့် သက်ဆိုင်သော ဘာသာရပ်ကို တက်ရောက်သင်ကြားနေသူ ဖြစ်ပါက လျှောက်ထားနိုင်သည်။ အကယ်၍ Training Employment Pass လျှောက်ရန် အရည်အချင်း မပြည့်မီပါက Training Work Permit(TWP) ကို သတ်မှတ်ထားသော ခန့်ထားခွင့် နှင့် levy များအရ လျှောက်ထားနိုင်သည်။

၆။ Dependent Pass / Letter of Consent (DP/LOC)
EP သို့မဟုတ် လခ S$2500 နှင့်အထက်ရရှိသော S Pass ကိုင်ဆောင်ထားသူများသည် မိမိတို့ ဇနီး၊ အသက် ၂၁ နှစ် အောက် အိမ်ထောင် မကျသေးသော သားသမီးများ၊ တရားဝင်မွေးစား သားသမီးများအတွက် Dependent pass လျှောက်ထား နိုင်သည်။ Dependent Pass ကိုင်ဆောင်ထားသူသည် အလုပ်လုပ်၍ မရပါ။ သို့သော် EP များ၏ ဇနီး၊ သားသမီးများသည် Letter of Consent (LOC) လျှောက်ထားနိုင်ပြီး LOC ရသောအခါ အလုပ်လုပ်နိုင်သည်။ သို့သော် S pass များ၏ ဇနီး၊ သားသမီး များမှာ မူ LOC မလျှောက်နိုင်ပါ။ သို့သော် ၎င်းတို့၏ ဆန္ဒအရ P/Q/S/R Pass များ လျှောက်ထားနိုင်သည်။

၇။ Long Term Social Visit Pass (LTSVP)
P1 နှင့် P2 pass ကိုင်ဆောင်ထားသူများ၏ မိဘများ၊ ယောက္ခမများ၊ မွေးစားသားသမီးများ၊ နောက် အိမ်ထောင်၊ ခြေလက်မသန်စွမ်းသူ သားသမီးများ သို့မဟုတ် အသက် ၂၁ နှစ်အောက် သမီးအပျိုများ အတွက် လျှောက်ထားနိုင်သည်။ ထို pass ဖြင့် အလုပ်လုပ်၍ မရပါ။ အကယ်၍ ထို pass ကိုင်ဆောင်ထားသူများသည် စင်ကာပူတွင် အလုပ်လုပ်လိုပါက ၎င်းတို့၏ ဆန္ဒအရ P/Q/S/R Pass များ လျှောက်ထားနိုင်သည်။

၈။ Miscellaneous Work Pass (MWP)
၂၀၀၈ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ - Immigration & Checkpoints Authority (ICA) မှ Professional Visit Passes (PVP) အား နိုင်ငံခြားသားများသို့ ထုတ်ပေးခြင်း ကို ရပ်ဆိုင်းခဲ့ပါသည်။ ထို PVP အစား Miscellaneous Work Pass ကို လျှောက်ထားနိုင်ပါသည်။
စင်ကာပူသို့ ကိစ္စတစ်ခုဖြင့် ခေတ္တလာရောက်လိုသူများ ထို pass ကိုလျှောက်ထားနိုင်ပါသည်။ မိမိတို့ လာရင်း ကိစ္စပေါ် မူတည်ကာ အောက်ဖော်ပြပါ Pass အမျိုးအစား (A) , (B), (C) သုံးမျိုးအနက် သက်ဆိုင်ရာ pass ကို လျှောက်ထားရသည်။
(A)ဆီမီနာ (seminar) တက်ရောက်ခြင်း, ကွန်ဖရင့် (conference) တက်ရောက်ခြင်း, အလုပ်ရုံဆွေးနွေးပွဲ
(workshop) များသို့တက်ရောက်ခြင်း ၊ ဘာသာရေးပွဲလမ်းသဘင်များ သို့မဟုတ် လူမျိုးစု ပွဲလမ်းသဘင်
များသို့ တက်ရောက်ခြင်း၊
(B) တရားပွဲများ၊ တရားဆွေးနွေးပွဲများ ကျင်းပရန် ကြွရောက်ခြင်း
(C) နိုင်ငံခြား စာ၊ နယ်၊ ဇင်း သတင်းထောက်များ နှင့် အဖွဲ့များ လာရောက်ခြင်း

၉။Work Permit (Performing Artistes)
ထိုမျှသာ မကသေး။ နိုင်ငံခြားသား အနုပညာရှင်များအနေနှင့် မိမိတို့ အနုပညာပြကွက်များ (Performance Art) ကို နိုက်ကလပ်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကလပ်များတွင် ပြသရန် ယခင်ကထုတ်ပေးခဲ့သော Professional Visit Pass ကို ထုတ်မပေးတော့ပဲ ထို pass အစား Work Permit (Performing Artistes) ကို ထုတ်ပေးပါသည်။

နောက်တစ်မျိုးမှာ Employment Pass Eligibility Certificate (EPEC) ဖြစ်ပါသည်။ စင်ကာပူအစိုးရမှ ရွေးချယ်ထားသော တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိလာသူတစ်ဦး သည် ဤ EPEC ကို လျှောက်ထားနိုင်သည်။ ဤလက်မှတ်ရပါက စင်ကာပူတွင် အလုပ်ရှာရန် တစ်နှစ်နေခွင့် ရှိပါသည်။ သို့သော် ဤလက်မှတ်ဖြင့် အလုပ်လုပ် ၍တော့ မရပါ။ ၀မ်းနည်းစရာ ကောင်းသည်မှာ သူတို့ရွေးချယ်ထားသော ကမ္ဘာတစ်ဝှမ်းရှိ တက္ကသိုလ် အများအပြား ထဲတွင် မြန်မာပြည်မှ တက္ကသိုလ်နာမည် တစ်ခုတလေမှ မပါခြင်း ဖြစ်ပါသည်။ သီရိလင်္ကာ မှ တက္ကသိုလ် ၈ ခု၊ ထိုင်း မှ တက္ကသိုလ် ၅ ခု နှင့် ဗီယက်နမ် မှ တက္ကသိုလ် ၆ ခုတို့ အပြင် အိန္ဒိယ၊ မလေးရှား၊ ဖိလစ်ပိုင် နိုင်ငံများ မှ တက္ကသိုလ် များ ပါဝင်ပါသည်။

ပညာတတ်သူများသည် မိမိတို့သိလိုသည်ကို MOM website http://www.mom.gov.sg တွင် မိမိဖာသာ ဖတ်ရှု နိုင်သည်ဖြစ်၍ ဤတွင် ချန်လှပ်ခဲ့ပါအံ့။ ဤနေရာတွင်မူ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် မဖတ်တတ်သူ၊ အင်တာနက် သုံးရန် အခက်အခဲ ရှိသူများအတွက် ဦးစားပေး ရေးမည်ဖြစ်၍ S pass နှင့် Work permit များ အကြောင်း ဦးစားပေး ရေးသွားပါမည်။

No comments: