Friday, May 31, 2024

ကဆုန်လပြည့်နှင့် ဝိသာခါနက္ခတ်တို့အကြောင်း (၂)

တချို့နက္ခတ်ကိန်းဂဏန်းတွေက ကိုယ့်ဆီမှာမရှိတော့ တွက်ရတာသိပ်အဆင်မပြေ။

ဒေါင်းလို့ရထားသည့် ဂြိုဟ်သွားပြက္ခဒိန်တွေက သာယနစနစ်အတွက်ဆိုတော့ အရှေ့တိုင်းကသုံးသည့် နိရာယနစနစ် ပြန်ပြောင်းဘို့ အာယနအံသာများ လို၏။ 

 

ကျွန်ုပ်ထံ၌ရှိသည့် အာယနအံသာဇယားများက ၂၀ ရာစုအတွက်သာဖြစ်ပြီး ၂၁ ရာစုအတွက်မရှိ။ အင်တာနက်ကရှာ ဒေါင်းတော့ အိန္ဒိယ website များမှ KP အာယနအံသာဇယားများရ၏။ သို့သော် ကျွန်ုပ်တို့ မြန်မာအာယနအံသာများနှင့် မတူသည့်အတွက် ကျွန်ုပ်အနေနှင့် ဘဝင်မကျ။ မသုံးချင်။

 

သို့အတွက် ထူးပါဘူးကွာဟု အချိန်ကုန်ခံကာ ကွကိုယ်တွက်ရလေတော့၏။ ကျွန်ုပ်တွက်ထားသည်များကို မိတ်ဆွေများ အား ပြန်လည် ဝေမျှလိုက်ပါ၏။ အလိုရှိသူများ ယူငင်သုံးနိုင်ပါ၏။

 

ဤတွင် ကျွန်ုပ် သုတေသနပြုထားသည်များကို မိတ်ဆွေများအား ပြန်လည် ဝေငှလိုက်ပါ၏။

 

ပထမ - ကျွန်ုပ်က ဗုဒ္ဓဘာသာတိုင်းပြည်များမှ ဗုဒ္ဓနေ့ကျင်းပသည့် နေ့ရက်များကို စူးစမ်းကြည့်၏။



ဤတွင် စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများ၏ ဗုဒ္ဓနေ့များမှာ အတော်များများတူပြီး မြန်မာပြည်နှင့် သီရိလင်္ကာနိုင်ငံများမှ ဗုဒ္ဓနေ့များမှာ အတော်များများ ကွဲလွဲနေသည်ကို တွေ့ရ၏။ အထူးသဖြင့် သီရိလင်္ကာမှ ဗုဒ္ဓနေ့များမှာ အတော့်ကို ကိုးယိုးကားယားနိုင်လေ၏။ ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် အခြားနိုင်ငံများနှင့် မနီးယိုးစွဲတူလာ သော်လည်း ၂၀၁၅ ခုနှစ်မတိုင်မီနှစ်များက ထိုရက်များကို အဘယ်ကြောင့် ဗုဒ္ဓနေ့ဟု ရွေးထားခဲ့မှန်း ကျွန်ုပ် နားမလည် နိုင်အောင် ဖြစ်မိရ၏။

 

ကျွန်ုပ်က ကဆုန်လပြည့်နေ့အကြောင်း မနေနိုင်မထိုင်နိုင် ပြောပြသည်ကို ကဲ့ရဲ့သင်္ဂြိုဟ် အတင်းဆိုကြကုန်သော အသင် မိတ်ဆွေအပေါင်းတို့အား ဘာတွေမှားနေသလဲဆိုတာ ယခု ကျွန်ုပ်က လက်တွေ့ သက်သေပြပါအံ့။

 

သို့သော်လည်း ဤသည်မှာ နက္ခတ်များ၊ ဂြိုဟ်များနှင့်ပတ်သက်နေ၍ သင်တို့ နားလည်ချင်မှ နားလည်ပါလိမ့်မည်။ သို့သော်ဤသည်မှာ ကျွန်ုပ် ဘာမှတတ်နိုင်သော အရာမဟုတ်။ ဂြိုဟ်နက္ခတ်တို့မပါဘဲ ပြောလို့မရသည့်ကိစ္စဖြစ်၍ ပြောကို ပြောရပါမည်။

 

ကဆုန်လပြည့်နေ့တွင် အမှန်တကယ်လပြည့်တာ ဟုတ်ပါရဲ့လားဟု စူးစမ်းကြည့်သော် မြန်မာပြက္ခဒိန်ပေါ်မှ ကဆုန် လပြည့်ရက်နှင့် ကောင်းကင်ပေါ်မှ လဝန်းကြီး အမှန်တကယ်ပြည့်ဝသည့်ရက်တို့ တိုက်ဆိုင်သည့်ရက်မှာ နည်းပါးလှချေ၏ တကား။



၁၉၉၆ ခုနှစ်က ကဆုန်လပြည့်နေ့သည် မေလ ၁ ရက်နေ့ဖြစ်သော်လည်း အမှန်တကယ်လပြည့်တာ မေလ ၃ ရက်နေ့ ညနေ ၆ နာရီကျမှ ဖြစ်ပါ၏။

၂၀၀၄ ခုနှစ် ကဆုန်လပြည့်နေ့သည် မေလ ၃ ရက်နေ့ဖြစ်သော်လည်း အမှန်တကယ်လပြည့်တာ မေလ ၅ ရက်နေ့ မနက် ၃ နာရီကျမှ ဖြစ်ပါ၏။

 

၂၀၀၆ ခုနှစ် ကဆုန်လပြည့်နေ့သည် မေလ ၁၁ ရက်နေ့ဖြစ်သော်လည်း အမှန်တကယ်လပြည့်တာ မေလ ၁၃ ရက်နေ့ ညနေ ၁ နာရီခွဲကျမှ ဖြစ်ပါ၏။

 

၂၀၀၇ ခုနှစ် ကဆုန်လပြည့်နေ့သည် ဧပြီလ ၃၀ ရက်နေ့ဖြစ်သော်လည်း အမှန်တကယ်လပြည့်တာ မေလ ၂ ရက်နေ့ ညနေ ၄ နာရီခွဲကျမှ ဖြစ်ပါ၏။

 

၂၀၂၃ ခုနှစ် ကဆုန်လပြည့်နေ့သည် မေလ ၃ ရက်နေ့ဖြစ်သော်လည်း အမှန်တကယ်လပြည့်တာ မေလ ၆ ရက်နေ့ သန်းခေါင်ချိန်ကျမှ ဖြစ်ပါ၏။ 

 

အတော့်ကို ဆိုးပါသည်။

 

သဟာဆိုလျှင် ခညားတို့ပြောသည့် မြတ်စွာဘုရားပွင့်တာ လမင်းသည် ဝိသာခါနက္ခတ်နှင့် စန်းယှဉ်သည့်ရက် ဆိုသည်ကို ဆန်းစစ်ကြည့်ကြပါဦးစို့။

 

ဤတွင် ကျွန်ုပ်က ဇယားလုပ်ပြထား၏။ 



အနီရောင်လေးထောင့်ကွက် မဟုတ်သည့် နှစ်များသာ ဝိသာခါနက္ခတ်နှင့် စန်းယှဉ်သောနှစ်များဖြစ်၏။

 

ဤမျှဆိုလျှင် အသင်တို့သည် -

လပြည့်ရက်ထင်ပြီး လမပြည့်သောရက်များတွင် ဥပုသ်စောင့်နေကြရသည်ကိုသော် လည်းကောင်း -

ဗုဒ္ဓရက်ထင်ပြီး ဗုဒ္ဓရက်မဟုတ်သည့်နေ့များ၌ ဘာသာရေးဆိုင်ရာ အခမ်းအနားများကျင်းပ နေကြသည်ကိုသော် လည်းကောင်း -

အနည်းအပါးမျှ ရိပ်မိကြပြီဟု ယူဆပါကြောင်း။




 

ဝမ်းနည်းပါသည်။

 

ကြောင်ရေချိုးသည့်အလုပ်ကို ရပ်တန်းက ရပ်လိုက်ပါပြီ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃၁ မေလ၊ ၂၀၂၄

No comments: