Thursday, May 23, 2024

ဆရာကြီးတစ်ဦး အတွေးချော်ခြင်း အကြောင်း

ရှေးပဝေသဏီကတည်းက လူများ လက်ခံယုံကြည်လာခဲ့သည့် အကြောင်းအရာတစ်ခုကို ကျွန်ုပ်က ထောက်ပြဝေဖန် လိုက်သည့်အခါ ကြိုက်သူများထက် မကြိုက်သူများက အပုံကြီး ပိုများပါလိမ့်မည်။ အရိုးစွဲနေသည့် အကြောင်းတစ်ခုကို မည်ကဲ့သို့လျှင် နေ့ချင်းညချင်း ပြောင်းနိုင်ပါမည်နည်း။

 

လူ့ဂွစာ ဖြစ်သော ကျွန်ုပ်ကမူ မဟုတ်တာကြီးကို အတင်းမျက်စိမှိတ်ပြီး လက်မခံနိုင်။ 

တစ်ကမ္ဘာလုံးမှာ ကျွန်ုပ်တစ်ယောက်တည်း ရှိနေပါစေ။ ကျွန်ုပ်ယုံကြည်ရာကိုသာ ဆုပ်ကိုင်ထားပါမည်။

 

အရင်တုံးကလူတွေက ကမ္ဘာကြီးသည် စကြာဝဠာ၏ အလယ်ဗဟိုဖြစ်၍ အခြား ဂြိုဟ်၊ နက္ခတ်တာရာတို့သည် ကမ္ဘာကြီးကို ဝိုင်းပတ် လှည့်လည်နေကြသည်ဟု ယုံခဲ့ကြ၏။ အသည်းအသန်ယုံခဲ့ကြ၏။ စောက်ကျိုးနဲ ယုံခဲ့ကြ၏။

 

ဤသည်ကို ဂျော်ဒါနို ဘရူနိုက “မဟုတ်ပါ။ ကမ္ဘာကြီးကသာ နေကိုလှည့်နေတာ ဖြစ်ပါသည်” ဟု ဆိုသည့်အခါ သူ့ကို တိုင်မှာ ကြိုးနဲ့တုတ်ပြီး အရှင်လတ်လတ် မီးတင်ရှို့ခဲ့ကြပါသည်။

 

ကြယ်တွေကို မျက်စိဖြင့်ကြည့်နိုင်သော တယ်လီစကုပ်ကို တီထွင်ခဲ့သူ ဂယ်လီလီယိုကိုလည်း နောက်ထပ် ဘာစကား တစ်ခွန်းမှ မဟနိုင်အောင် သေသည်ထိ အချုပ်ချထားခဲ့ကြ၏။

 

ယခု ဆရာကြီးတစ်ဦး အတွေးချော်ပုံကို နည်းနည်းလောက် ပြောပြပါရစေ။

 

ကျွန်ုပ် အသက် ၂၆ - ၂၈ နှစ် အရွယ် နက္ခတ်ဗေဒင်ကို အရူးအမူးလေ့လာလိုက်စားခဲ့စဉ်အခါက ဗြို့ဟဇ်ဇာတကမှစ၍ ဆရာကြီး ဒေါက်တာဗိုလ်လေး၏ စာအုပ်များကို တစ်အုပ်မကျန် ဝယ်ယူလေ့လာခဲ့၏။ ဆရာကြီး၏ စာအုပ်မှရသော ဗဟုသုတများဖြင့် အဟောများလည်း ထုတ်ခဲ့ပါ၏။

 

ဆရာကြီး၏ စာအုပ်များထဲတွင် “ဗုဒ္ဓဇာတာတော် လက်တွေ့သုတေသနကျမ်း” လည်း တစ်အုပ် အပါအဝင်ဖြစ်၏။ ဆရာကြီးတွက်ပြထားသည်များ၊ ဆရာကြီး၏ အယူအဆများစွာကို ကျွန်ုပ် လေ့လာမှတ်သား ဆည်းပူးခဲ့ရပါ၏။

 

ဤစာအုပ်၌ ဆရာကြီးက မြတ်စွာဘုရား မွေးဖွားစဉ်အခါက ရှိမည့် ပြက္ခဒိန်ကို အင်္ဂလိပ်လများနှင့် ဖော်ပြထားကာ ဂြိုဟ်နေများနှင့် ဇာတာဖွဲ့ပြထားပါ၏။ ထိုစာအုပ်မှာ ရန်ကုန်တွင် ကျန်နေခဲ့သဖြင့် ယခု ကျွန်ုပ်လက်ထဲတွင် မရှိပါ။

 

စာအရေးအသားတွင်သော် လည်းကောင်း၊ နက္ခတ္တဗေဒတွင်သော်လည်းကောင်း၊ ယဉ်ကျေးမှုအရာ၌ အနောက်တိုင်းသား တို့သည် အရှေ့တိုင်းသားတို့ထက် များစွာ နောက်ကျခဲ့၏။ ပြက္ခဒိန်အရာတွင်လည်း အရှေ့တိုင်းသားတို့ထက် များစွာ နောက်ကျခဲ့သည်သာ ဖြစ်၏။ အိန္ဒိယနှင့် တရုတ်ပြည်တို့တွင် ပြက္ခဒိန်တစ်ခု အခိုင်အမာပေါ်ထွက်နေပြီးသည့်တိုင် အနောက်တိုင်း၌ ပြက္ခဒိန်ဆိုတာ စမ်းတဝါးဝါး သုံးနေတုံးဖြစ်၏။ အသေးစိတ်သိလိုသူများ ကျွန်ုပ်၏ မြန်မာပြက္ခဒိန် စာအုပ်ကို ဝယ်ယူ ဖတ်ရှုကြပါရန် တိုက်တွန်းပါ၏။

 

အတိအကျဆိုရပါမူ ယခု ကမ္ဘာသုံး အင်္ဂလိပ်ပြက္ခဒိန်ကို နောက်ဆုံးလက်ခံသုံးစွဲလာတာ နှစ် ၁၀၀ တောင် မပြည့်သေးပါ။ နိုင်ငံအတော်များများမှာ ၂၀ ရာစု အစောပိုင်းနှင့် အလယ်ပိုင်းလောက်ကျမှ လက်ခံကျင့်သုံးကြတာဖြစ်၏။ 

 

သို့အတွက် လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်၊ မြတ်စွာဘုရား ဖွားတော်မူစဉ်က အင်္ဂလိပ်ပြက္ခဒိန်ဆိုတာ ရှိဘို့မပြောနှင့်။ သန္ဓေတောင် မတည်သေး။ ကြားတောင်မှ မကြားစဖူးသေး။

 

ဤသည်ကို ဆရာကြီးက ဗုဒ္ဓမွေးသည့်အချိန် ရှိမည့် အင်္ဂလိပ်ပြက္ခဒိန်ကို ဆွဲပြထားတော့ ဘာနှင့်တူသနည်းဟူမူ ပန်းချီဆရာတို့ နတ်ပြည်နှင့် နတ်များပုံသဏ္ဍာန်ကို ပန်းချီရေးပြထားသကဲ့သို့ ဖြစ်၏။

 

သီယိုရက်တစ်ကယ်လီးအရ မှန်ချင်မှန်ပါမည်။

သို့သော် ဘယ်နည်းနှင့်မှ လက်တွေ့ မကျပါကြောင်း။

 

ဗုဒ္ဓနေ့ဆိုပြီး အသင်တို့ ကျင်းပနေသည့် ကဆုန်လပြည့်နေ့သည် မှန်ချင်သည့်အခါမှန်ပြီး မမှန်သည့်အခါ တက်တက်စင်အောင် လွဲနေပုံကို ထပ်မံပြဆိုပါအံ့။

 

အေးငြိမ်း

၂၃ မေလ၊ ၂၀၂၄

No comments: