Sunday, May 26, 2024

ကျွန်ုပ်သည် ယဥကို သန်းရှာသူတစ်ယောက် ဖြစ်သည် ဆိုခြင်းအကြောင်း

ရှေးလူကြီးများကား အလွန် အမြော်အမြင်ရှိကြပါပေကုန်၏။

၎င်းတို့သည် ကျွန်ုပ် မမွေးမီကတည်းက ကျွန်ုပ်အတွက် စကားပုံတစ်ခု တီထွင်လျက် ထားခဲ့ကြ၏။

၎င်းကားအခြားမဟုတ်။ “အလုပ်မရှိ၊ ယဥသန်းရှာ” ဟူသော စကားပုံပါပေတည်း။

 

ယခင်ကလည်း Vesak Day နှင့် ပတ်သက်၍ ကျွန်ုပ်လိုက်လံရှာဖွေခဲ့ဖူးပါ၏။ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသည့် တိုင်းပြည်များသည် Vesak Day ကို အညီအညွတ် တစ်နေ့တည်း၌ ကျင်းပကြသလားဆိုတာကို သိလို၍ ဖြစ်၏။ သို့သော် ဆက်မလုပ်ဖြစ်ဘဲ မေ့မေ့ပျောက်ပျောက် ထားလိုက်မိ၏။

 

ယခု ကဆုန်လပြည့်နေ့အကြောင်း မီးမွှေးမိတော့ ထိုအကြောင်း ပြန်ကောက်မိ၏။

 

ကျွန်ုပ်သည် အချိန်ကုန်ခံ၍ မည်သည့်တိုင်းပြည်များက မည်သည့်နေ့တွင် Vesak Day ကို ကျင်းပသည့်အကြောင်း အနှစ် (၃၀) စာမျှ လေ့လာကြည့်မိ၏။ ဗုဒ္ဓဘာသာတိုင်းပြည်များသည် Vesak Day ကို တစ်နေ့တည်း၌ တညီတညွတ်တည်း မကျင်းပကြဘဲ မိမိတို့ယုံကြည်သည့်အတိုင်း တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ကျင်းပကြသည်ကို မထူးဆန်းစွာပင် တွေ့ရလေ၏။

 

မထူးဆန်းလှစွာပင် မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့သည် အခြားနိုင်ငံများမှ Vesak Day များနှင့် ၃ နှစ် သို့မဟုတ် ၄ နှစ် သို့မဟုတ် ၅ နှစ် ကြာသည့်အခါတိုင်းတွင် တစ်ကြိမ်၊ တစ်လမျှ ကွာခြားနေသည်ကို တွေ့ရလေ၏။ 

 

ကျွန်ုပ်သည် ဆက်လက်၍ မြန်မာပြက္ခဒိန်များ၌ ကဆုန်လပြည့်ဟု သတ်မှတ်ထားသောနေ့များသည် အမှန်တကယ် လပြည့်သောနေ့များ ဟုတ်မဟုတ်ကိုလည်း စူးစမ်းမိပြန်လေ၏။

 

ဤတွင် မြန်မာပြည်မှ ကဆုန်လပြည့်နေ့များသည် တကယ်လပြည့်သည့်နေ့များ မဟုတ်ကြောင်းလည်း တွေ့ရပြန်၏။ 

(ဟိ ရိုက်ပေါက်ကတော့ အတော့်ကို နီးနေပြီ။ ဖျား ဖျား)

 

၁၉၉၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်များအတွင်း ကဆုန်လပြည့်နေ့သည် ကောင်းကင်ပေါ်မှ လဝန်းကြီးတကယ်ပြည့်သည့်အချိန်နှင့် ကိုက်ညီတာ ၂ ကြိမ်မျှသာ ရှိလေ၏။ Oh my gosh!!!

 

ထို့ပြင် အနှီကဆုန်လပြည့်နေ့၌ လမင်းကြီးသည် ဝိသာခါနက္ခတ်နှင့် တကယ်စန်းယှဉ်သလားကိုလည်း မနေနိုင် မထိုင်နိုင် အနာလိုက်ဇ် လုပ်မိပြန်လေ၏။ စန်းယှဉ်နက္ခတ်ကို ရှာဘို့ရာ ဂြိုဟ်သွားပြက္ခဒိန်လို၏။

 

ကျွန်ုပ်ထံ၌ နှစ် (၅၀) အမေရိကန်ဂြိုဟ်သွား ပြက္ခဒိန်ရှိပါ၏။ သို့သော် ၁၉၀၀ ခုနှစ်ထိသာ ဖြစ်၏။

(၁၀) နှစ်စာ တစ်အုပ် ထုတ်ထားသည့် သံဒိဋ္ဌဂြိုဟ်သွားပြက္ခဒိန် ၅ အုပ်လည်း ရှိ၏။ သို့သော် ၁၉၉၀ ခုနှစ်ထိသာ ဖြစ်၏။ ၂၀၀၀ ခုနှစ်နောက်ပိုင်းနှစ်များအတွက် မရှိ။ ယခွမ်း။

 

သို့အတွက် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းနှစ်များအတွက် အဖီးမီးရီးစ်များ လိုက်ရှာရာ မမျှော်လင့်ပဲ ရတနာသိုက်ကြီးကို တူးဆွမိလျက်သား ဖြစ်လေ၏။ ကျွန်ုပ်လည်း ရွှေအိုးကို ဝင်ခလုတ်တိုက်မိသူကဲ့သို့ ဝမ်းသာအားရ ဒေါင်းလေရာ မနက် ၃ နာရီတီးမှ အိပ်ရလေသော ဟူ၏။ အကျိုးဆက်ကား နောက်တစ်နေ့တွင် သင်တန်းထဲ၌ ရူးကြောင်မူးကြောင် ဖြစ်နေလေသတည်း။

 

ကျွန်ုပ်ရှာဖွေတွေ့ရှိမိသော ရတနာသိုက်ကို မိတ်ဆွေတို့အား ဝေမျှလိုက်ပါသည်။ နှစ်ပေါင်းထောင်နှင့်ချီ ရှိပါသည်။ စိတ်ကြိုက် ဒေါင်းကြပါလေ။ သိပြီးသူတို့လည်း သိပြီးကောင်း သိပြီးကြပါလိမ့်မည်။ ကျွန်ုပ်မူ အခုမှ သိရတာဖြစ်၏။ သို့အတွက် ကျွန်ုပ် တကူးတက သံဒိဋ္ဌပြက္ခဒိန်များ လိုက်ဝယ်နေစရာ မလိုတော့ပြီ။ သို့သော် ၎င်းတို့မှာ သာယနစနစ်အတွက် ဖြစ်သဖြင့် နိရာယနစနစ်ကို ပြန်ပြောင်းဘို့တော့ လိုပါလိမ့်မည်။ 

 

ဟောဒီမှာ ရွှေအိုး link:

https://www.astro.com/swisseph/swepha_e.htm

 

တန်ခူးလသည် မိဿရာသီ မဟုတ်ကြောင်းနှင့် အသင်တို့ ဗုဒ္ဓနေ့ဆိုပြီး ကျင်းပနေသည့် ကဆုန်လပြည့်နေ့အကြောင်း နောက်မှ အပြည့်အစုံ ရေးပြပါမည်။ သို့သော် ကျွန်ုပ်ရေးသည်များကို နားလည်ရန် အသင်တို့မှာ နက္ခတ္တဗေဒဗဟုသုတ အနည်းငယ်တော့ ရှိဘို့ လိုပါလိမ့်မည်။

 

ကျွန်ုပ်သည် လောလောဆယ် ဘာသာပြန်တစ်ခု လုပ်နေ၏။ ပိုက်ဆံ မြိုးမြိုးမြက်မြက် ရ၏။

နေ့ခင်းမှာ စာသင်နေရ၍ ဘာသာပြန်အလုပ်ကို ညဘက်မှ လုပ်ရ၏။

 

ပိုက်ဆံရသည့် ဘာသာပြန်အလုပ်ကို ပစ်ထားပြီး -

ဘာတစ်ပြားမှ မရသည့် (လူများအတွက်လည်း အကျိုးရှိမည်မထင်ပါ) ကဆုန်လပြည့်နေ့အကြောင်းနှင့် အချိန်ကုန်နေသည်မှာ . . .

ယဥကို သန်းရှာနေခြင်း မဟုတ်ပါလော။

 

သည့်အတွက်

“အလုပ်မရှိ၊ ယဥသန်းရှာ” ဟူသော စကားပုံသည် ကျွန်ုပ်အတွက်ကလွဲ၍ အခြားသူများအတွက် မဖြစ်နိုင်ချေပြီတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၆ မေလ၊ ၂၀၂၄

No comments: