Thursday, May 23, 2024

ကဆုန်လပြည့် ဗုဒ္ဓနေ့

မှတ်ချက်။         ။

 

၁။ ဤပို့စ်သည် ရာဇဝတ်အိုးကို ဒုတ်နှင့်ထိုးသော ပို့စ်ဖြစ်၏။

၂။ ဤပို့စ်ကိုဖတ်ပြီး ချစ်သူများတော့ တိုးလာစရာမရှိ။ မုန်းသူများသာ ပွားများလာစရာရှိ၏။

၃။ ဘာသာရေးအစွန်းရောက်များဖြစ်လျင် ကျွန်ုပ်ကို သတ်ချင်စိတ်တောင် ပေါက်လာနိုင်စရာရှိ၏။

၄။ ဤကဲ့သို့သော အတွေးမျိုးရှိသူမှာ ဤဒွန္နယာကြီး၌ ကျွန်ုပ်တစ်ဦးတည်းသာ ရှိပါလိမ့်မည်။

၅။ ဤပို့စ်နှင့်ပတ်သက်၍ အငြင်းပွားလိုသူများ Jurong Point ကိုလာခဲ့ပါ။ တစ်ခွက်လျှင် S$4.50 ပေးရသော ကော်ဖီတိုက်၍ ငြင်းပါမည်။

 

ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန် 

 

မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာမြတ်စွာဘုရားထံ၌ နိယတဗျာဒိတ်ခံယူသည်ဆို၏။

ကဆုန်လပြည့်နေ့၌ပင် ဖွားမြင်တော်မူပြီး -

ကဆုန်လပြည့်နေ့၌ပင် ဗောဓိပင်နှင့် ရွှေပလ္လင်ကို အောင်မြင်တော်မူကာ -

ကဆုန်လပြည့်နေ့၌ပင် ပရိနိဗ္ဗာန် စံဝင်တော်မူ၏။

 

မြတ်စွာဘုရားသည် ကဆုန်လပြည့်နေ့၌ ဗျာဒိတ်ခံတော်မူ၊ ဖွားမြင်တော်မူ၊ ဗောဓိပင်ကိုအောင်တော်မူ၊ ပရိနိဗ္ဗာန် စံတော်မူတာ ပြဿနာမရှိပါ။

 

ပြဿနာကား ကျွန်ုပ်ဖြစ်၏။

 

မြတ်စွာဘုရားပွင့်တော်မူတာ ဘီစီ ၄၀၀ ကျော်က။ 

မြန်မာပြက္ခဒိန်ကို သူရိယသိဒ္ဓန္တကျမ်းပေါ် အခြေပြုတွက်ထားတာဖြစ်၏။

မူရင်း သူရိယသိဒ္ဓန္တကျမ်းကိုသော်မှ ၄ ရာစု၊ ၅ ရာစုတွင် ပြုစုခဲ့ကြသည် ဆို၏။ 

ဆိုတော့ မြတ်စွာဘုရားပွင့်သည့်အချိန်နှင့် သူရိယသိဒ္ဓန္တကျမ်း ပေါ်သည့်အချိန်မှာ နှစ် ၈၀၀ ခန့် ကွာမနေပါသလော။

မြန်မာပြက္ခဒိန်သည်လည်း မည်သည့်နည်းနှင့်မှ ၄ - ၅ ရာစုထက် ပိုစောစရာ အကြောင်းမရှိ။ ပြက္ခဒိန်မရှိဘဲနှင့် ကဆုန်ဆိုတာလည်း ရှိစရာအကြောင်းမရှိ။

 

မြတ်စွာဘုရား ဖွားမြင်တော်မူတာ မဟာသက္ကရာဇ် ၆၈ ဟုဆို၏။ ထိုသက္ကရာဇ် ဘယ်ကလာသနည်း။ ထိုခေတ်တွင် ပြက္ခဒိန် ရှိနေနှင့်ပြီလော။ မဟာသက္ကရာဇ်ဟူသည် အာကာရဌမင်း၊ ကုသမင်းနှင့် ဘိုးတော်အဉ္ဇနမင်းတို့ဖြို၍ ကြွင်းသော နှစ်များဖြစ်သည်ဆို၏။ အာကာရဌမင်းက နှစ်ပေါင်း မဟာသုဒ္ဓဝယကိန်းနှင့် ၁၁၄၉၇၈၅၊ ကုသမင်းက နာတိမဇ္ဇလဒ္ဓံဝိယကိန်းနှင့် နှစ်ပေါင်း ၁၄၉၃၈၅၆၀၊ ဘိုးတော်အဉ္ဇနမင်းက မာဃစန္ဒေကိန်းနှင့် နှစ်ပေါင်း ၈၆၄၅ ကို ဖြိုခဲ့သည်ဆိုရာ ၎င်းတို့သည်လည်း ယုတ္တိကင်းမဲ့လှ၏။ သူတို့လိုသာဆိုရလျှင် လူတွေ အဝတ်မကပ်မီကတည်းက ပြက္ခဒိန်ဆိုတာ ရှိနှင့်နေပြီး ဖြစ်ရပေလိမ့်မည်။

 

ဆိုတော့ မြတ်စွာဘုရား မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ဘုရားဖြစ်သည်ဆိုတာ ဘယ်သူ ပြောတာပါနည်း။ ဒါတစ်ချက်။ 

 

ဒါ့ထက်ပိုဆိုးတာ ရှိသေးသည်။

 

ဤကမ္ဘာကို ဘုရားငါးဆူပွင့်မည့် ဘဒ္ဒကမ္ဘာဟု ဆိုကုန်ကြ၏။ ထိုဘုရားငါးဆူတွင် ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမတို့ ပွင့်တော်မူကုန်ကြပြီး အရိမေတ္တယျ ဘုရားတစ်ဆူသာ ကျန်သည်ဆို၏။

 

သို့ဆိုလျှင် ဒီပင်္ကရာမြတ်စွာဘုရားသည် ဤကမ္ဘာ၌ပွင့်သည့် ဘုရားမဟုတ်တာ သေချာပြီ။

ဒီပင်္ကရာမြတ်စွာဘုရားပွင့်တော်မူစဉ်အခါက မစ်လ်ခီဝေး ဂယ်လက်ဇီကြီးတောင် မွေးချင်မှ မွေးဦးမည်။

ဂေါတမမြတ်စွာဘုရားသည် ကဆုန်လပြည့်နေ့၌ ဒီပင်္ကရာမြတ်စွာဘုရားထံတွင် ဗျာဒိတ်ခံယူသည်ဆိုတော့ ဆိုတော့ - -

အဲ့လယ် . . . 

စကြာဝဠာမစမီကတည်းက မြန်မာပြက္ခဒိန်ပေါ်နေမှ ဖြစ်မည်။ (စဒါဘာ စဒါဘာ)

 

“မင်းက ဘယ်လောက်တတ်လို့ ဆရာတော်ကြီးတွေရဲ့ ကျမ်းကြီးကျမ်းခိုင်တွေကို ဝေဘင်ရဒါဒုံးကွ” 

 

တားက ဝေဘင်တာ မဟုတ်ပါခင်ညာ

ခညားတို့ ဝေဘင်တတ်အောင် တွေးပြတာပါ။

ကျော်ကတော့ ဘယ်သူကြီးတွေ ဘယ်လိုရေးခဲ့တယ် ဆိုတာထက် လက်တွေ့နဲ့ကိုက်ညီမညီ ဆိုတာကို ပို သဘောကျကြောင်းပါ။

 

ဆဲလိုသူများ စိတ်ကြိုက် ဆဲနိုင်ပြီဖြစ်ကြောင်း

 

အေးငြိမ်း

၂၂ မေလ ၂၀၂၄

No comments: