Wednesday, May 29, 2024

ကဆုန်လပြည့်နှင့် ဝိသာခါနက္ခတ်တို့အကြောင်း

နောက်တစ်ခု နည်းနည်းလောက် ပြောပါရစေဦး။

 

ကင်းဝန်မင်းကြီး၏ “တန်ခူး မိဿ၊ စိတြ၊ လနှင့်ယှဉ်ပြိုင်ထွန်း” အစချီ ၁၂ ရာသီ လင်္ကာမှ -

‘တန်ခူးလသည် မိဿရာသီ ဖြစ်၏’ ဆိုသည်မှာလည်း အခါခပ်သိမ်းမမှန်ပါ။ အကြမ်းဖျဉ်းမျှသာ မှန်၏။

မှတ်ရလွယ်အောင်သာ လင်္ကာစီကုံးခဲ့ခြင်းဖြစ်၏။ 

 

ထို့အတူပင် ခိုင်ထူး ၏ ‘ခတ္တာ’ တွင် ‘သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ’ ဆိုရာ၌လည်း သိဟ်ရာသီနှင့် ဝါခေါင် မတူပါ။ 

 

နောက်တစ်ယောက်တော့ အဆိုတော်နာမည်မသိ။ ‘လက်ပံပွင့်ကောက်’ သီချင်းထဲက ‘နွေမိန်တပေါင်း . . နေရှိန်လောင်း . . ရွက်ဟောင်းကြွေကျ . . မြေခခဲ့ပြီကွယ် . . ဒန်တန် ဒန်တန့်တန် တန့်တန်’ ဆိုသည့်အထဲက နွေမိန်တပေါင်း ဆိုသည်မှာလည်း ထို့အတူပင် ဖြစ်၏။ မိန်ရာသီနှင့် တပေါင်းလ တူချင်သည့်အခါ တူသည်။ တူချင်မှလည်း တူမည်။

 

ရှေးပညာရှိကြီးများကလည်း မြန်မာနှစ်တစ်နှစ်၏ အစဦးကို တန်းခူးလဆန်း (၁) ရက်နေ့မှ စ စေချင်ခဲ့ကြ၏။

တန်ခူးလနှင့် မိဿရာသီ တထပ်တည်း ဖြစ်စေချင်ခဲ့ကြ၏။

သို့သော် မလွယ်ပါ။ (အိန္ဒိယက အချို့သောပြည်နယ်များကမူ တစ်လ တစ်ရာသီ အတိအကျ ယူကြ၊ လနာမည်ကိုလည်း တခြားနာမည်မပေးတော့ဘဲ မိဿလ၊ ပြိဿလ စသဖြင့် ရာသီနာမည်များကိုသာ ပေးလိုက်ကြ၏။ ဤသို့ဖြင့် လနှင့် ရာသီ တစ်ထပ်တည်း ဖြစ်သွားတော့၏။)

ဂြိုဟ်နက္ခတ်တွေအကြောင်း နားမလည်ဘဲ ဤကိစ္စကို ရှင်းပြရန် မလွယ်ပါ။

 

မြန်မာနှစ်တစ်နှစ်တွင် တန်ခူးအစ၊ တပေါင်းအဆုံး ၁၂ လ ရှိသည်ဟု သင်တို့ ထင်ပါလိမ့်မည်။ မမှန်ပါ။ မှားပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်နှစ်ဆိုသည်မှာ ကမ္ဘာလုံးကြီးက နေကို တစ်ပတ်တင်းတင်း ပတ်မိသည့်အချိန် ၃၆၅ ရက် ဖြစ်ပြီး မြန်မာပြက္ခဒိန်မှ တစ်နှစ်မှာ ကောင်းကင်ပေါ်မှ လစန္ဒာက ကမ္ဘာလုံးကြီးကို ၁၂ ပတ်တင်းတင်း ပတ်မိချိန် ဖြစ်သောကြောင့်တည်း။ ဤရက်နှစ်မျိုးတို့သည် တစ်နှစ်လျှင် ၁၁ ရက်လောက် ကွာ၏။ မြန်မာပြက္ခဒိန်သည် နေနှင့်လ နှစ်မျိုးကို မူတည်တွက်သဖြင့် နေလသွားပြက္ခဒိန် (Lunisolar Calendar) ဖြစ်ကြောင်း ယခင် ပို့စ်များ၌ ရှင်းပြခဲ့ပြီ။

 

သင်္ကြန်ကျချိန်သည် မိဿရာသီအစဖြစ်၏။ ဤရက်မှစ၍ ရေတွက်လိုက်လျှင် ရက် ၃၀ ပြည့်သောနေ့၌ မိဿရာသီ ဆုံး၏ဟု အကြမ်းဖျဉ်း မှတ်နိုင်၏။ 

 

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ် (ခရစ်နှစ် ၂၀၁၄) တွင် တန်ခူးလပြည့်နေ့၌ သင်္ကြန်ကျ၏။ ထို့ကြောင့် မိဿရာသီသည်  ထိုနေ့မှ စ၏။ ထို့ကြောင့် ၁၃၇၅/၁၃၇၆ ခုနှစ်တွင် မိဿရာသီ၌ တန်ခူးလက ၁၄ ရက်၊ ကဆုန်လက ၁၆ ရက် ပါ၏။

 

မည်မျှဆိုးသနည်းဟူမူ အချို့နှစ်များတွင် တန်ခူးလ၌ သင်္ကြန်မကျဘဲ ကဆုန်လ၌ သင်္ကြန်ကျ၏။ ဥပမာ -

၁၃၇၁ ခုနှစ် (ခရစ်နှစ် ၂၀၁၀) တွင် ကဆုန်လဆန်း ၂ ရက်နေ့၌ သင်္ကြန်ကျ၏။ ထို့ကြောင့် မိဿရာသီသည် တန်ခူးလထဲ၌ လုံးလုံးမရှိတော့ဘဲ ကဆုန်လ၌ ၂၈ ရက်၊ နယုန်လ၌ ၂ ရက်ပါလေ၏။

 

၁၃၆၀ ခုနှစ် (ခရစ်နှစ် ၁၉၉၉) တွင် တန်ခူးလဆုတ် ၁၄ ရက်နေ့၌ သင်္ကြန်ကျ၏။ ထို့ကြောင့် မိဿရာသီသည် တန်ခူးလထဲ၌ လုံးလုံးမရှိတော့ဘဲ ကဆုန်လသည် မိဿရာသီ ဖြစ်သွားလေ၏။ ဤနှစ်တွင် မိဿရာသီသည် မိန်ရာသီဖြစ်လျက် အထက်ဖော်ပြပါ နွေမိန်တပေါင်း ဟူသော သီချင်းမှာ တက်တက်စင် လွဲလေတော့သတည်း။

 

မင်းဟာက ဘာလဲကွ။ ကဆုန်အကြောင်းကနေ တန်ခူးကို ဘယ့်နှာကြောင့် ရောက်သွားရသတုံး။ ယခွမ်း

ဟုတ်၊ ဆန္ဒမစောကြပါနှင့်ခင်ဗျား။ ကဆုန်ဆိုတာ တန်ခူးပြီးမှ လာရတာပါ။ အဲသဟာကြောင့် တန်ခူးနေရာလွဲနေရင် ကဆုန်ဆိုတာလည်း ဒက်ဖနိတ်လီး နေရာလွဲတော့မယ်ဆိုတာ ပြောချင်လို့ပါ။

 

ကဆုန်လပြည့် စန်းယှဉ်နက္ခတ် - ဝိသာခါနက္ခတ်

--------------------------------------------------------

 

တန်ခူး မိဿ၊ စိတြ၊ လနှင့်ယှဉ်ပြိုင်ထွန်း။

ကဆုန် ပြိဿ၊ ကောင်းကင်ဝ၊ ထွန်းပ ဝိသာခါ။

 

- ဆိုသည့်လင်္ကာအရ ကဆုန်လ၏ စန်းယှဉ်နက္ခတ်သည် ဝိသာခါနက္ခတ်ဖြစ်သည် ဆိုကြပါစို့။ 

စန်းယှဉ်နက္ခတ်ဆိုတာကို နည်းနည်းလောက်ရှင်းပြပါမည်။

 

ကောင်းကင်တွင် ကြယ်နက္ခတ်များသည် နေစကြာဝဠာကြီးမှ အလင်းနှစ် သန်းပေါင်းများစွာတွင် ရှိကြသဖြင့် ကမ္ဘာမှ ကြည့်လိုက်လျှင် ဘယ်ကိုမှ မရွေ့ပဲ တည်မြဲနေသကဲ့သို့ မြင်ကြရ၏။ ထို့ကြောင့် နေစကြဝဠာထဲမှ ဂြိုဟ်များ၏ တည်နေရာကို တွက်သည့်အခါ ထို ကြယ်နက္ခတ်များကို မူတည်ထား တွက်ကြ၏။

 

စန်း ဆိုသည်မှာ (ချစ်သူ့မျက်နှာနှင့်တင်စားသည့်) ကောင်းကင်ပေါ်မှ လပြည့်ဝန်းကြီး ဖြစ်၏။

စန်းယှဉ်နက္ခတ်ဆိုသည်မှာ ထိုလမင်းကြီး ရောက်ရှိရာနေရာမှ နက္ခတ်ကို ခေါ်၏။

ကဆုန်လ၏ စန်းယှဉ်နက္ခတ်ဆိုသည်မှာ ကဆုန်လပြည့်နေ့တွင် လမင်းကြီး ရောက်ရှိနေသော နက္ခတ်ကို ဆိုလိုခြင်း ဖြစ်သတည်း။

 

သို့ဆိုလျှင် တန်ခူးလသည် မိန်ရာသီထဲရောက်လိုက်၊​ မိဿရာသီထဲရောက်လိုက် ခုန်ပေါက်ပြေးလွှားနေသည် ဖြစ်ရာ (လင်တာဝန်ကျရာနောက်သို့ မယားသည် အထုပ်ကလေးဆွဲလျက် တကောက်ကောက်လိုက်နေရသည့်ပမာ) တန်ခူးနောက်ကို လိုက်နေရသော ကဆုန်လသည်လည်း ဘယ်မှာ နေရာအတည်တကျ ရှိပါတော့မည်နည်း။

 

သို့ဆိုလျှင် အသင်တို့ ဗုဒ္ဓနေ့ဟု ကျင်းပနေသော ကဆုန်လပြည့်နေ့ ဆိုသဟာကြီးမှာလည်း သူ့နေရာသူ မှန်မှန်ကန်ကန် ရှိနေသည့် ကဆုန်လပြည့်နေ့ရော ဟုတ်ပါလေရဲ့လား။

 

တူနယ်တယ့်နယ် လဗျောင် . . . 

 

ဆက်ပါဦးမည်။

 

အေးငြိမ်း

၂၉ မေလ၊ ၂၀၂၄

No comments: