Sunday, May 19, 2024

အသင်တို့သည် စာကို ကြိုးစားပြီး ဖတ်သင့်ကြသည် ဆိုခြင်း အကြောင်း

ကျွန်ုပ်သည် သင်တန်းများ၌ အခုမှ မြန်မာပြည်က ရောက်လာသည့် သင်တန်းသား အသစ်ကျပ်ချွတ်များကို သင်ခန်းစာနှင့် ပတ်သက်သည်များ၊ သင်ခန်းစာနှင့် မပတ်သက်သည့် အထွေထွေ ဗဟုသုတများကို မေးလေ့ရှိ၏။

သင်ခန်းစာနှင့် ပတ်သက်သည်များ၌ အောက်ပါမေးခွန်းတို့ပါ၏။

၇၅ ကီလိုလေးတဲ့ လူတစ်ယောက်ဟာ အပေါ်ကပြုတ်ကျပြီး တစ်ခုခုနဲ့ ရိုက်မိပြီ ဆိုကြပါစို့ကွာ။ သူ့အပေါ် သက်ရောက်တဲ့အားဟာ ဘယ်လောက်ရှိမလဲ။
လက်ရမ်းတန်းရဲ့ အပေါ်တန်းက အနည်းဆုံး ၁ မီတာမြင့်ရမယ်။ ၁ မီတာ ဘယ်လောက်မြင့်သလဲ။
အလုပ်သမားတွေကို သယ်လာတဲ့ လော်ရီဟာ တစ်နာရီကို ကီလို ၆၀ ထက်ပိုမမောင်းရဘူး။ ဆိုတော့ အဲဒီ အမြန်နှုန်းဟာ တစ်နာရီဘယ်နှစ်မိုင် (mile per hour) နှုန်းရှိသလဲ။
လေထဲမှာ အောက်ဆီဂျင်ဟာ ၂၁% ပါတယ်။ ဒါဆို ကျန်တာ ဘာဓာတ်ငွေ့တွေလဲ။
PPE တွေကို နေရောင်တိုက်ရိုက်ကျတဲ့နေရာမှာ မထားရဘူး။ ပျက်စီးတတ်တယ်။ အဲဒါ UV ကြောင့်။ UV ဆိုတာ ဘာလဲ။

- စသည်တို့ ဖြစ်၏။

အထွေထွေဗဟုသုတအနေနှင့် -
ဒုတိယကမ္ဘာစစ် ဘယ်နှစ်က ဖြစ်ခဲ့တာလဲ။
နပိုလီယံဆိုတာ ဘယ်သူလဲ။
မြဝတီမင်းကြီး ဦးစ ကို သိသလား။
ယောအတွင်းဝန် ဦးဘိုးလှိုင်ဆိုတာ ဘယ်သူလဲ။
(ကျွန်တော်က အတန်းကျောင်းမနေခဲ့ဖူးဘူး။ ဘုန်းကြီးကျောင်းပဲ နေခဲ့ဖူးတာ။) ဟုတ်လား။ ဒါဆို “ယံမင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံသု၊ သဒေဝကာ” ဆိုတာ ဘာလဲ။

သူတို့အတန်းပညာ မေးကြည့်တော့ ၂ တန်း၊ ၃ တန်းမှသည် ဘွဲ့ရအထိ မျိုးစုံပါ၏။ သို့သော် များသောအားဖြင့် ၉ တန်း၊ ၁၀ တန်း အဆင့်များ ဖြစ်၏။ ၉ တန်း၊ ၁၀ တန်း ဆိုတော့လည်း ဘုရားစူးရပါစေ့ ၉ တန်း၊ ၁၀ တန်းများ ဖြစ်၏။ ဘာ မေးမေး မသိ။ ဘာဗဟုသုတမှ မရှိ။ ဘာစာအုပ်တွေ ဖတ်ဖူးလဲ ဆိုတော့ စာဖတ်ဖူးသူသည် ၁၀ ယောက်မှာ ၁ ယောက် တောင်မရှိ။

‘မင်းတို့ ဝတ္ထုတွေ မဖတ်ဖူးဘူးလား’ ဆိုတော့ ဟိုတစ်ယောက်က ‘ဖတ်ဖူးပါတယ်’ ဟု ဖြေ၏။ တယ်ဟုတ်ပါလားကွ။ စာရေးဆရာနာမည်လေး ပြောပြနိုင်မလား ဆိုတော့ ‘ဦးပုည’ ပါ တဲ့။ ဟိုက်ရော့စ်ခ်လ်

တယ်ဟုတ်ပါလားကွ။ ကိုယ်ကတော့ ဦးပုညရဲ့ ဝတ္ထု ၃ ပုဒ်ဖတ်ဖူးတယ်။ ဆဒ္ဒန်ဆင်မင်းဝတ္ထု၊ သူအိုမကြီး ဝတ္ထု၊ ကာက ဝလ္လိယဝတ္ထု စသဖြင့်ပေါ့။ မင်း ဘယ်ဝတ္ထုတွေ ဖတ်ဖူးတာလဲ . . . .မေးလိုက်တော့
.
.
.
.
ခေါင်းကြီးငိုက်စိုက်ချကာ ပြန်ဖော်မလာတော့။ ကျွန်ုပ်ပဲ လက်လျှော့လိုက်ရပါ၏။

ကျွန်ုပ်အထင်မှာ အနှီသကောင့်သားကလေးသည် ဆယ်တန်း၌ ရေသည်ပြဇာတ်ကိုသင်စဉ်က ဦးပုည နာမည်ကို မှတ်မိနေပါလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်က စာရေးဆရာနာမည်မေးသည်တွင် ကြားဖူးနားဝနှင့် ရမ်းတုတ်လိုက်တာ ဖြစ်ပါလိမ့်မည်။

ဟိုတစ်ယောက်ကတော့ လင်းသိုက်ညွန့်စာတွေ ဖတ်တယ် ဆို၏။ သေဗျဇီ

ကျွန်ုပ် ခေတ်ဟောင်း ခေတ်သစ် စာရေးဆရာနာမည်၊ ဝတ္ထုနာမည်များ ရွတ်ပြ၏။ 
ဘုရားစူးရပါစေ့၊ ထိုနာမည်များကို ကြားဖူးတာ တစ်ယောက်ကမှ မရှိ။ 
ထားပါ၊ မဟာဆွေ၊ ဗန်းမော်တင်အောင်၊ ဒဂုန်ခင်ခင်လေး၊ ယုဝတီခင်စိန်လှိုင် . . . တို့ကို မကြားဖူးတာထားပါ။
အခုတော့ မစန္ဒာကို မသိ၊ မိုးမိုး (အင်းလျား) ကို မကြားဖူး။ စမ်းစမ်းနွဲ့ (သာယာဝတီ) ကို သာယာဝတီက မုန့်နာမည်ဟု ထင်နေပါလိမ့်မည်။

သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်၊ လေတိုက်လို့ သစ်ပင်လှုပ်တာ - သစ်ပင်လှုပ်လို့ လေတိုက်တာ၊ ပုဏ္ဏားဘကွန်း၊ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား၊ မသုဓမ္မစာရီ၊ ဓမ္မဝိလာသ . . . . ဘာဆို ဘာတစ်ခုမှ မကြားစဖူး။

ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမြစ်မြစ်လျင်၊ ကျစ်လစ်တင့်စံပယ်၊ လှမျိုးကြွယ်သား . . . . 
ဆင်းလှဆင်းထွတ်၊ ဆင်းလွတ်လှမော၊ တူလျောတူဖက်၊ တူစက်ပြိုင်အံ့၊ . . . . . .
တောစံပယ်ဖြူ၊ ဝတ်မှုံကျင်းတဲ့ သင်းကြူကြူကို၊ လေချူလို့လွှင့်၊ ပန်းထုံတဲ့ လေချိုမှာ၊ ရွှေချိုးပျို ကူသံဆင့်ပေလိမ့် . . .
မောင်မောင်ရယ် ဘယ်ခါညှိုးပါဘု၊ မြတ်နိုးလျင် ပန်ချင်ပန်လေ့၊ မပန်ချင် တွင်တွင် ငြင်းသော်လည်း၊ တသင်းသင်း နေမယ်နော် . . . 

. . . စသည့်ကဗျာများကို ကျွန်ုပ်ရွတ်ပြတော့ သူတို့မှာ မျက်လုံးအကြောင်သားနှင့် ငေးကြည့်နေပါသည်။

၇ တန်းထိ နေခဲ့ဖူးသည်ဆိုသည့် တစ်ယောက်ကတော့ စာဖတ်ရအောင် ကျွန်တော်တို့ရွာမှာ စာကြည့်တိုက်မှ မရှိတာ ဟု ကွန်ပလိန်းတက်ပါသည်။ ကျွန်ုပ် အတော်လေး ဒေါကန်သွားပါ၏။

ဒီမယ်ကိုယ့်လူ၊ ကိုယ်က ဝါးတောကွင်းဆိုတဲ့ ရွာကလေးက လာခဲ့တဲ့လူ။ ကိုယ်တို့ရွာရဲ့ ဟိုဘက်မှာ ဘာရွာမှ မရှိတော့ဘူး။ ရခိုင်ရိုးမတောင်ခြေမှာ ကပ်နေတာ။ ဒါပေမယ့် ကိုယ် အသက် ၁၄ နှစ်သားမှာ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ ပထမတွဲနဲ့ ဒုတိယတွဲကို ဖတ်နေပြီ။ တစ်အုပ်ကို လက်နှစ်လုံးလောက်ထူတယ်။ ကိုယ် အသက် ၁၆ နှစ် ဆယ်တန်းတက်တော့ ရှင်မဟာရဋ္ဌသာရ အနှစ် ၅၀၀ ပြည့်စာအုပ်ထဲက ကဗျာတွေကို အလွတ်ကျက်နေပြီ။ ဖတ်ချင်တဲ့သူအဖို့ စာအုပ်မရှားပါဘူးကွ။

၎င်းကို ကျွန်ုပ်ဖုန်း ဖွင့်လျက် ကျွန်ုပ် save လုပ်ထားသည့် စာအုပ်ပေါင်းများစွာကို ပြလိုက်၏။ 

ငါတို့ငယ်ငယ်က ဘာစာအုပ်မှ ရှိတာမဟုတ်ဘူး။ ကိုရင်တို့ခေတ်မှာ ဟောဒီလက်ညှိုးလေး သုံးလေးချက်လောက် တောက်လိုက်ရုံနဲ့ စာအုပ်ပေါင်း သောင်းနဲ့ချီပြီး အလကားရတယ်။ 

ကိုရင်တို့ စာအုပ်တွေ ဘယ်လိုရှာရမယ်၊ ဘယ်လို download လုပ်ရမယ် မသိရင်ပြော။ ကိုယ် အခုပြပေးမယ်။ ဒါမှ မရှာချင်ဘူး ပျင်းတယ်ဆို ဟောဒီမှာ ကိုယ့်ဖုန်းနံပတ်၊ လှမ်းတောင်းလိုက်၊ ကိုယ်ပို့ပေးမယ်။

သို့သော် -
မည်သူမှ တုတ်တုတ်မလှုပ်ပါ။

ဤသည်မှာ ကျွန်ုပ် တစ်တန်းတည်းကို ပြောခြင်းမဟုတ်။ အတန်းတိုင်းလိုလို ပြောပြတာဖြစ်၏။ သို့တိုင် စာအုပ်ဖတ်ချင်လှချည်ရဲ့ဟု ကျွန်ုပ်ထံ ဆက်သွယ်လာတာ တစ်ယောက်မှ မရှိပါ။ ကိုရင်တို့ သိချင်တာတွေ ဟောဒီအထဲမှာ အကုန်ရှိတယ် ဟု ကျွန်ုပ်၏ blog link ပေး၏။ သို့သော်လည်း ကျွန်ုပ်၏ blog ကို အလည်လာသူများမှာ ယခင်က ဦးရေထက် တိုးတက်လာသည် မရှိ။

အသင်တို့သည် စာဖတ်ပါက အသိအမြင် များစွာရပေမည်။ စာမဖတ်ဘဲ ဘာတွေသိပါမည်နည်း။

သို့သော် စာဖတ်ခြင်းသည် လူတစ်ဦးချင်းစီနှင့်ဆိုင်၏။ ကျွန်ုပ်အနေနှင့် ၎င်းတို့ကို စာဖတ်ခြင်း၏ကောင်းကျိုးများ ပြောပြ၍ စာဖတ်ဖို့ တိုက်တွန်းရုံမျှ တတ်နိုင်ပါသည်။ သည့်ထက်ပိုပြီး ဘာလုပ်နိုင်ပါမည်နည်း။ တကယ်ဖတ်ဘို့ဆိုတာ သူတို့ကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုပေါ် မူတည်၏။ 

ကျွန်ုပ်မူကား ကျွန်ုပ်ဖတ်ခဲ့သည့် စာအုပ်များကို ဘယ်နေ့တုံးက ဘယ်သူရေးသည့် ဘာစာအုပ်ဟု မှတ်စုစာအုပ်ထဲ၌ ဘောပင်နှင့်ရေးကာ မှတ်သားထားသော ဟူ၏။

အသင်တို့သည် စာဖတ်သူများ ဖြစ်ကြပါစေကုန်သတည်း။

အေးငြိမ်း
၁၉ မေလ၊ ၂၀၂၄

No comments: