Tuesday, November 15, 2011

အရေးပေါ် လက်စွဲစာအုပ် (ဒု)

၁၊ ၁၀။ မြွေကိုက်လူနာအား ပြုစုခြင်း  


မြန်မာနိုင်ငံတွင် မြွေကိုက်ခြင်းကြောင့် နှစ်စဉ်လူပေါင်းများစွာ အသက်ဆုံးရှုံးနေကြရသည်။ သို့အတွက် မြွေကိုက်လျှင် မည်ကဲ့ သို့ ရှေးဦးပြုစုရမည်ကို သိထားရန် အရေးကြီးသည်။




မြန်မာနိုင်ငံ၌ အဖြစ်အများဆုံးမြွေကိုက်မှုများမှာ မြွေပွေး၊ မြွေဟောက် တို့ကြောင့်ဖြစ်သည်။ သို့သော် မည်သည့်မြွေကိုက်၍ မည်သည့်ဆေးဖြင့် ကုရမည်ဆိုသည်မှာ ဆေးရုံမှ ဆရာဝန်များအလုပ်ဖြစ်၏။ ရှေးဦးပြုစုခြင်းအတွက်မူ မည်သည့်မြွေ ကိုက်သည်ဖြစ်စေ ပြုစုရမည့်နည်းမှာ အတူတူပင်ဖြစ်သည်။ မြွေကိုက်ခြင်းအတွက် ရှေးဦးသူနာပြုခြင်း ရည်ရွယ်ချက်ကား မြွေဆိပ်များကို မပျံ့စေရန် ထိန်းနိုင်သမျှ ထိန်းထားရေး ဖြစ်သည်။



 
မြွေကိုက်လူနာအား ပြုစုနည်း

အဆိပ်မရှိသော ရေမြွေ၊ လင်းမြွေ စသည်တို့ကိုက်ခြင်းဖြစ်လျှင် ၁၊ ၂ တွင်ပြခဲ့သည့်အတိုင်း ပြုစုပါ။

အဆိပ်ရှိသော မြွေဖြစ်ပါက အောက်ပါအတိုင်း ပြုစုပါ။

၁။ ဒါဏ်ရာကို ရေများများလောင်းပြီး ဆပ်ပြာဖြင့် ဆေးကြောပါ။

၂။ လှုပ်လှုပ်ရှားရှားလုပ်လျှင် သွေးလှည့်ပတ်နှုံးမြန်မည်။ သို့အတွက် အဆိပ်ပိုပျံ့မည်။ ထို့ကြောင့် မြွေကိုက်လူနာအား လဲလျောင်း နေပါစေ။ လမ်းမလျှောက်ပါစေနှင့်။ စိတ်အေးအေးထားရန် ပြောပါ။ သက်တောင့်သက်သာ နေပါစေ။

၃။ မြွေကိုက်ဒါဏ်ရာသည် လက် သို့မဟုတ် ခြေထောက်တွင် ဖြစ်ပါက ဒါဏ်ရာ၏ တစ်ဖက်တစ်ချက်တွင် ပတ်တီးဖြင့် ချည်နှောင်ပါ။ ထိုအခါ ထိုအနီးတ၀ိုက်တွင် သွေးလှည့်ပတ်နှုံးနှေးသွားသဖြင့် အဆိပ်ပျံ့နှုံးကို ထိန်းထားနိုင်မည်။ သို့သော် အလွန်တင်းကျပ်မနေစေရန်လည်း သတိပြုပါ။ သွေးကြောများ ပိတ်သွားတတ်သည်။

၎။ ထို့နောက် အောက်ပါအတိုင်း ပတ်တီးစည်းပေးပါ။



 
၅။ အကယ်၍ သင့်တွင် မြွေဆိပ်စုပ်ကိရိယာရှိပါက မြွေဆိပ်များကို စုတ်ထုတ်နိုင်သည်။



၆။ ထို့နောက် ဆေးရုံ၊ ဆေးခန်းသို့ အလျှင်အမြန်ပို့ပါ။ လှေ၊ ကား၊ မရှိသော အရပ်များတွင် ထမ်းစင်၊ ပုခက်များသုံးပြီး သယ် ဆောင်နိုင်သည်။ လှည်းသည်ကား အလွန်ချိုင့်လှသဖြင့် လူနာအတွက် မသင့်တော်ပါ။ သယ်ရာတွင် အရေးကြီးဆုံးမှာ ဒါဏ်ရာ ရထားသော အစိတ်အပိုင်းကို တတ်နိုင်သမျှ မလှုပ်ရှားစေရန် ထိန်းပေးထားဘို့ဖြစ်ပါသည်။

မှတ်ချက်။

ရှေးဦးသူနာပြု website အမျိုးမျိုး၌ မြွေကိုက်ခြင်းအတွက် ပြုစုခြင်းကို အမျိုးမျိုးပြထားပါသည်။ အချို့က ဒါဏ်ရာကို မည်သည့် အရာနှင့်မှမဖုံးဘဲ ဖွင့်ထားပါဟု ဆို၏။ အချို့ကျတော့ အထက်တွင်ပြထားသကဲ့သို့ ပတ်တီးစည်းပါဟု ဆို၏။ အချို့က ဒါဏ်ရာ တစ်ဝိုက်ကို ရေခဲ သို့မဟုတ် ရေအေးတင်ပေးပါဟု ဆို၏။ အချို့ကျတော့ ဤကဲ့သို့ရေခဲတင်ခြင်းမှာ မကောင်းဟုဆိုပြန်၏။

ယခင်က ပုလင်းဝကို အပူပေးကာ ဒါဏ်ရာပေါ်အုပ်ခြင်းဖြင့် အဆိပ်ကို စုတ်ထုတ်သည့်နည်းကို သုံးကြသည်။ ယခုတော့ ဤနည်းကို မထောက်ခံကြပြန်တော့။ ယခင်က မြွေကိုက်ဒါဏ်ရာကို ဒါးဖြင့် ကြက်ခြေခတ်ခွဲကာ ပါးစပ်၌အနာမရှိသူများ မြွေဆိပ်ကို စုတ်ထုတ်နိုင်သည် ဆို၏။ ယခု ဤနည်းသည်လည်း မသင့်တော်သောနည်း ဖြစ်သွားချေပြီ။

WHO (World Health Organization) ကမူ မြွေဟောက်၊ သို့မဟုတ် မြွေပွေး မဟုတ်လျှင် အောက်ပါ ပတ်တီးစည်းနည်းကို သုံးနိုင်သည် ဟု ဖော်ပြထားပါသည်။


သို့သော် မြွေပွေး၊ မြွေဟောက်များအတွက် ဤပတ်တီးစည်းနည်းကိုမသုံးပါနှင့်။ ဒါဏ်ရာတည့်တည့်ပေါ်တွင် ပိုးသတ်ထား သောပတ်တီး သို့မဟုတ် သန့်ရှင်းသောပိတ်ပါးစကို ခေါက်တင်ကာ ခပ်လျော့လျော့စည်းပေးပါ ဟု ဖော်ပြထားပါသည်။

မြွေကိုက်လျှင် မြွေကိုသတ်ရန် မကြိုးစားပါနှင့်။ သို့သော် မြွေပွေး၊ မြွေဟောက်၊ ငန်းမြွေ စသဖြင့် ခွဲခွဲခြားခြားသိရန် မှတ်သား သင့်ပါသည်။ အချို့မြွေဆေးများမှာ မြွေပွေးဆေး၊ မြွေဟောက်ဆေးစသဖြင့် ခွဲလာသောကြောင့်ဖြစ်၏။ မြွေပွေးဆေးကို မြွေဟောက်ကိုက်ခြင်းအတွက် ထိုးလို့မရ။ မြွေဟောက်ဆေးကို မြွေပွေးကိုက်ခြင်းအတွက် ထိုးရန်မသင့်တော်။ သို့သော် ယခု အခါ မည်သည့်မြွေမျိုးမဆို သုံးနိုင်သောဆေး ပေါ်နေပြီဟု သိရပါသည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်း၏

အမှောင်ထဲတွင် သွားစရာရှိလာပါက လက်နှိပ်ဓါတ်မီး ဆောင်သွားပါ။ အထူးသဖြင့် မိုးဦးကျ၊ လေဦးကျအချိန်များတွင် သတိထား သွားပါ။ တတ်နိုင်လျှင် လည်ရှည်ဘွတ်ဖိနပ် စီးသွားပါ။

ခြုံများ၊ တောင်ပို့များ၊ အမှိုက်ပုံများကို ရှောင်ပါ။ ခြုံအတွင်း ၀င်စရာရှိလျှင် ခြုံကို ဦးစွာတုတ်ဖြင့် ရိုက်ပြီး ချောက်ထုတ်ပါ။
အခေါင်းများ၊ တွင်းများ၊ ချောင်များကြားသို့ မည်သည့်အခါမှ လက်မနှိုက်ပါနှင့်။

ကောက်ရိတ်ချိန်များတွင် မြွေပေါတတ်သည်။ ဖြစ်နိုင်လျှင် သားရေဘွတ်ဖိနပ် လည်ရှည်များစီးပြီး ကောက်ရိတ်သင့်ပါသည်။

ကောက်လှိုင်းစည်းသူများ၊ ကောက်လှိုင်းပုံသူ၊ ကောက်လှိုင်းသယ်သူများလည်း အထူးသတိထားသင့်ပါသည်။ မြွေသည် ကောက်လှိုင်းပုံများအကြား ၀င်ခွေနေတတ်သည်။ တလင်းထဲ၌ စပါးနယ်ရန် ကောက်လှိုင်းများ စီထားပါက စပါးမနယ်မီ ကောက်ပြန့်ကို ကြိမ်လုံးဖြင့် လှည့်ပတ်ရိုက်ပါ။

တောထဲ၊ လယ်ထဲ၌ အလုပ်လုပ်နေစဉ် သင့်အိတ်များကို အလုံပိတ်ထားပြီး တိုင်မြင့်မြင့်တွင် ချိတ်ဆွဲထားပါ။
ချွတ်ထားသော ဘွတ်ဖိနပ်ကို ပြန်ဝတ်တော့မည်ဆိုလျှင်ပင် ဖိနပ်အတွင်း၌ ဘာမျှမရှိနေစေရန် ဖိနပ်ကို လှုပ်ခါပြီးမှ ၀တ်ပါ။

တဲအတွင်း၌နေသူများ ဖြစ်ပါက စားကြွင်းစားကျန်များကို ချန်မထားပါနှင့်။ သို့မဟုတ် တဲအနီး လွှင့်မပစ်ပါနှင့်။ ထိုစားကြွင်း စားကျန်များကို ကြွက်များလာစားမည်။ ကြွက်ရှိရာသို့ မြွေလာနိုင်ပါသည်။
အိုးများ၊ တောင်းများ၊ ပုတ်များ၊ ဖျာလိပ်များ၊ ၀ါးလုံးခေါင်းများ စသည်တို့ကိုလည်း သတိထားပါ။ မြွေဝင်ခွေနေတတ်သည်။
မြွေသည် မှောင်ပြီးအေးသောနေရာကို ကြိုက်၏။ ထို့ကြောင့် အိမ် သို့မဟုတ် တဲမှ မှောင်သောနေရာသို့ဝင်လျှင် ဓါတ်မီးထိုးပြီး ၀င်ပါ။

၁၊ ၁၁။ ၀မ်းပျက်၊ ၀မ်းလျှောခြင်း


တစ်ရက်အတွင်း ၀မ်းအရေများ ၃ ကြိမ်နှင့်အထက် သွားပါက ၀မ်းပျက်သည် ဟု သတ်မှတ်သည်။ မသန့်ရှင်းသောအစားအစာ၊ ရက်လွန်နေသော အစားအစာ၊ မတည့်သောအစားအစာ စသည်တို့ကို စားမိလျှင်သော် လည်းကောင်း၊ မသန့်ရှင်းသောရေ ကြောင့်သော်လည်းကောင်း၊ မသန့်သောလက်နှင့် အစားအစာများကို ကိုင်သောကြောင့်သော် လည်းကောင်း ၀မ်းပျက်၊ ၀မ်းလျှော ဖြစ်တတ်သည်။

ဝမ်းသွားချင်လျှင် သွားလိုက်ပါ။ ချုပ်မထားပါနှင့်။ ၀မ်းသွားခြင်းသည် ပိုးကြောင့်ဖြစ်သည်။ မည်သည့်ဆေးမှ မသောက်သော်လည်း လူကြီးများတွင် ၂ ရက်မှ ၄ ရက်အတွင်း၊ ကလေးများတွင် ၅ ရက်မှ ၇ ရက်အတွင်း ပြန်ကောင်းနိုင်သည်။ သို့သော် ရက်ကြာလာလျှင်မူ ဆရာဝန်ပြပါ။

ဝမ်းပျက်၊ ၀မ်းလျှောဖြစ်လျှင် အဓိကအန္တရာယ်မှာ ခန္ဓာကိုယ်မှ ရေဓါတ်ဆုံးရှုံးခြင်းဖြစ်သည်။ ထို့ကြောင့် ၀မ်းပျက်ပြီဆိုသည် နှင့် အရေးကြီးသည်မှာ ဓါတ်ဆားရေတိုက်ရန် ဖြစ်သည်။ အရက်၊ ဘီယာ၊ ကော်ဖီ၊ နို့၊ ဖျော်ရည် စသည်တို့ မတိုက်ရ။ ပိုဆိုး တတ်သည်။ ဓါတ်ဆားရေမရနိုင်ပါက မိမိဘာသာ ပြုလုပ်နိုင်ပါသည်။

သကြား လဖက်ရည်ဇွန်း ၈ ဇွန်း၊ အိမ်သုံးဆား လဖက်ရည်ဇွန်း၏ ၄ ပုံ ၃ ပုံ၊ ရေကျက်အေး ပုလင်းကြီးတစ်လုံး (၁ လီတာ) ကို ရောဖျော်ပြီး တိုက်နိုင်ပါသည်။ နောက်ဆုံး ဘာမှမရနိုင်လျှင်ပင် ရေသန့်သန့်ကို နည်းနည်းချင်း မကြာခဏ တိုက်ပေးနိုင် ပါသည်။

ဝမ်းပျက်နေစဉ် ပူသော၊ စပ်သောအစာများ မစားပါနှင့်။ အရက်မသောက်ပါနှင့်။ အစားအသောက် အစိမ်းများ၊ ဖုံးအုပ်မထား သော အစာများမစားပါနှင့်။ အစာမစားမီနှင့် စားပြီးသည့်အခါတိုင်း လက်ကို ဆပ်ပြာနှင့် သေချာစွာဆေးပါ။ နို့သောက်ခြင်း သည် အားဖြစ်စေသော်လည်း ၀မ်းလျှောခြင်းကို ပိုကြာစေသဖြင့် ရှောင်နိုင်လျှင် ကောင်းပါသည်။


  
ဝမ်းပျက်၊ ၀မ်းလျှောခြင်းမှ ကာကွယ်ခြင်း

အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးပါ။ အစာမစားမီ လက်ကို စင်ကြယ်စွာဆေးပါ။ အစားအသောက်များ ပြင်ဆင်သည့်အခါ စဥ့်နှီးတုံး၊ ငရုတ်ဆုံ၊ ငရုတ်ကျည်ပွေ့၊ ဒါး၊ စသည်တို့ကို စင်ကြယ်စွာဆေးကြောပါ။ အသီးအရွက်၊ အသား ငါး များကိုလည်း မချက်မီ စင်ကြယ်စွာဆေးကြောပါ။ သောက်သုံးရေ၊ ချက်ပြုတ်သည့်ရေကို သန့်ရှင်းပါစေ။ အိမ်သာကျင်းများကိုလည်း လုံခြုံစွာ အုပ်ထားပါ။ ကလေးသူငယ်များ၏ အညစ် အကြေးများကို စနစ်တကျ စွန့်ပစ်ပါ။


 
၁၊ ၁၂။ အဆိပ်သင့်ခြင်း


မတော်တဆဖြစ်ခြင်း၊မှားယွင်း၍ဖြစ်ခြင်း၊ တမင်သောက်ခြင်း စသည်ဖြင့် အဆိပ်သင့်ခြင်းအမျိုးမျိုးရှိသည်။ ဆပ်ပြာ၊ ပိုးသတ်ဆေး၊ ရေနံဆီ စသဖြင့် အဆိပ်အမျိုးမျိုး ရှိသလို အရေပြားကိုထိခြင်း၊ ရှူမိခြင်း၊ ပါးစပ်အတွင်း ၀င်ခြင်း၊ မျက်လုံးအတွင်း ၀င်ခြင်း၊ ဆေးထိုးအပ်ဖြင့် ထိုးထည့်ခြင်း စသဖြင့် အဆိပ်သင့်သည့် ပုံစံလည်း အစားစားရှိ၏။ ဆေးကိုသောက်သင့်သည်ထက် ပိုသောက်မိပါကလည်း ဆေးဆိပ်သင့်တတ်သည်။ ကင်းမြီးကောက်ကဲ့သို့ အကောင်ကိုက်ရာမှလည်း အဆိပ်သင့်တတ်သည်။ အစားမှားလျှင်လည်း အစာအဆိပ်သင့်တတ်သည်။

အဆိပ်သင့်လျှင် နှုတ်ခမ်းများပြာလာတတ်သည်။ အရေပြားတွင် အနီပြင်၊ အဖုအပိန့် စသည်တို့ ထွက်တတ်သည်။ အသက်ရှူ ရခက်မည်။ ၀မ်းပျက်တတ်သည်။ ပျို့အန်တတ်သည်။ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ငိုက်မျဉ်းခြင်း တို့ဖြစ်တတ်သည်။ ဗိုက်နာ တတ်သည်။ ဂနာမငြိမ်ဖြစ်ခြင်း၊ ကြွက်တက်ခြင်းတို့ ဖြစ်တတ်သည်။ အားနည်းလာမည်။ နောက်ဆုံး သတိမေ့မြောသွားသည် ထိဖြစ်တတ်ပါသည်။

အဆိပ်သင့်ပြီဆိုလျှင် ဦးစွာ မည်သည့်အဆိပ်ဖြစ်ကြောင်း စူးစမ်းပါ။ သူ့ဘာသာသူ အန်သည်မှလွဲ၍ မည်သည့်အခါမှ အန်အောင် မလုပ်ပါနှင့်။ အန်လျှင် အန်ဖတ်များကို လွှင့်မပစ်ပါနှင့်။ ပလတ်စတစ်အိတ်နှင့် ထည့်ထားပါ။ ဤအန်ဖတ်များမှ မည်သည့်အဆိပ် ဆိုသည်ကို ဓါတ်ခွဲခန်းတွင် သိနိုင်သည်။ ထို့ကြောင့် ဆေးကုသရာတွင် အထောက်အကူဖြစ်စေသည်။ အသားကို အန်ဖတ်များ မထိပါစေနှင့်။ ထိလျှင်ပင် ရေများများဖြင့် ကုန်စင်အောင်ဆေးပစ်ပါ။ ပါးစပ်အတွင်း အန်ဖတ်များ မကျန်အောင် ဂရုစိုက်ပါ။ မေ့မျောသွားလျှင် အန်ဖတ်များဆို့ပြီး အသက်ရှူလမ်းကြောင်း ပိတ်တတ်သည်။

အဆိပ်ငွေ့ရှူမိခြင်းဖြစ်ပါက လေကောင်းလေသန့်ရရန် အမြန်လုပ်ပါ။ မိမိကိုယ်တိုင် အဆိပ်မိ မရှူမိစေရန် အထူးသတိပြုပါ။ ရေဆွတ်ထားသော အ၀တ်ဖြင့် သင်၏ နှာခေါင်းနှင့် ပါးစပ်ကို ပိတ်ထားပါ။ မည်သည့်အခါမှ မီးခြစ်၍ မစမ်းပါနှင့်။ အချို့သော အငွေ့များမှာ မီးလောင်တတ်သည်။

အဆိပ်ပျယ်စေရန်ရည်ရွယ်၍ လူနာကို လိမ္မော်ရေ၊ အုန်းရေ၊ ရှာလကာရေ စသည်တို့မတိုက်ပါနှင့်။

ကာကွယ်ခြင်း

မတော်တဆ အဆိပ်သင့်ခြင်းမှ ကာကွယ်ရန် ဆေးပုလင်းများကို ထင်ထင်ရှားရှား ရေးထားပါ။ ဆေးပုလင်းများကို ကလေးများ လက်လှမ်းမမီသော အမြင့်တွင် တင်ထားပါ။ သက်တမ်းကုန်နေပြီဖြစ်သော ဆေးများကို အမြန်ဆုံးစွန့်ပစ်ပါ။

သောက်ဆေးများ၊ စားသောက်စရာများနှင့် ပိုးသတ်ဆေး၊ ရေနံဆီ စသည်တို့ကို မည်သည့်အခါမှ အတူရောမထားပါနှင့်။ ပိုးသတ်ဆေးဘူးများကို အန္တရာယ် အမှတ်အသား ထင်ထင်ရှားရှား ကပ်ထားပါ။






ပိုးသတ်ဆေးမှုံ့၊ အရည်စသည်တို့ကို မူလပုလင်း သို့မဟုတ် အိတ်အတွင်းမှ ထုတ်လျှင် အသစ်ထည့်လိုက်သော ပုလင်း သို့မဟုတ် အိတ်တွင်လည်း ပိုးသတ်ဆေးဖြစ်ကြောင်း ထင်ထင်ရှားရှားရေးသားထားပါ။ ပိုးသတ်ဆေးများကို မီးဖိုဆောင် အတွင်း မည်သည့်အခါမှ မထားပါနှင့်။ လုံခြုံသောနေရာတွင် ထားပါ။
မိမိ မသိသော မှိုများဖြစ်ပါက သေချာစွာ စစ်ဆေးပြီးမှ ချက်ပါ။ မှိုသည် အဆိပ်သင့်တတ်သည်။
 
၁၊ ၁၃။ ဓါတ်လိုက်ခြင်း

ဓါတ်လိုက်နေသူကို မည်သည့်အခါမှ သွားမဆွဲပါနှင့်။ ပထမဦးစွာ မီးခလုတ်ကို ပိတ်ရပါမည်။ မီးပလတ်ကိုလည်း ချွတ်ပါ။ ထို့နောက်မှ လူနာကို စစ်ဆေးပါ။ ဒါဏ်ရာမပြင်းထန်လျှင် သက်တောင့်သက်သာနေပါစေ။ ဒါဏ်ရာပြင်းထန်လျှင် ဆေးခန်း၊ ဆေးရုံများသို့ ပို့ပါ။
နိမ့်သော မီးပလပ်ပေါက်များအား အလိုအလျောက် အပိတ်ပါသော ပလပ်ပေါက် များသာ သုံးပါ။ ကလေးငယ်များသည် အပေါက်အတွင်း လက်နှိုက်တတ်သည်။
ကျိုးပျက်နေသော ၀ိုင်ယာကြိုးများကို အသစ်လဲပါ။ လျှပ်စစ်ပစ္စည်းများကို မတတ်လျှင် ပြင်ရန် မကြိုးစားပါနှင့်။ သင့်တော်သော လျှပ်စစ်ပစ္စည်းသာ သုံးပါ။
ဝိုင်ယာကြိုးများကို ရေစိုနေသောနေရာများအား ဖြတ်သန်းပြီး မသွယ်တန်းပါနှင့်။ မီးခလုတ်၊ မီးခေါင်းများ ပျက်နေလျှင် အမြန်ဆုံးပြင်ပါ။








No comments: