Saturday, November 12, 2011

အရေးပေါ်လက်စွဲစာအုပ်အတွက် အမှာ

ယခု ကျွန်တော် စင်ကာပူ SCDF (Singapore Civil Defence Force) (စင်ကာပူ အမျိုးသားကာကွယ်ရေး တပ်ဖွဲ့) မှ ထုတ်ဝေသော EMERGENCY HANDBOOK အား အခြေခံကာ အရေးပေါ်လက်စွဲ ဟု အမည်ရသည့် စာအုပ်တစ်အုပ် ပြုစု ရေးသားနေပါသည်။ ထိုစာအုပ်မှ မြန်မာနိုင်ငံနှင့် မကိုက်ညီသော အချက်များကို ချန်ထားခဲ့ပြီး မြန်မာပြည်သူများအတွက် အသုံးတည့်မည့် နှာခေါင်းသွေးယိုခြင်း၊ မြွေကိုက်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ ရေပြတ်လတ်ခြင်း စသည်တို့အတွက် အင်တာနက်မှရရှိသော စာအုပ်စာတမ်းများကို အခြေခံကာ ထပ်မံဖြည့်စွက်ထားပါသည်။
 

စင်ကာပူတွင်မူ Emergency Handbook စာအုပ်ကို အင်္ဂလိပ်၊ တရုတ်၊ မလေး၊ တမီလ် ဘာသာများဖြင့်လည်း ရနိုင်ပါသည်။ ကျွန်တော်တို့တိုင်းပြည်တွင်လည်း တိုင်းရင်းသားဘာသာများဖြင့်ပါ ရိုက်နှိပ်ရလျှင် ကောင်းမည်ဟု စိတ်ကူးမိပါသည်။ အားလုံး မဟုတ်သော်မှ ရှမ်း၊ ကချင်၊ ရခိုင်၊ ကရင်၊ မွန် ဘာသာများဖြင့် ထုတ်ဝေရန် ဆန္ဒရှိပါသည်။ သို့သော် လက်တွေ့ကျ မကျ ကျွန်တော်မခန့်မှန်းနိုင်ပါ။

စင်ကာပူတွင် SCDF မှ ပြည်သူများသို့ အခမဲ့ဖြန့်ဝေခြင်း ဖြစ်ပါသည်။ Soft copy ကိုလည်း SCDF website ဖြစ်သည့် http://www.scdf.gov.sg တွင် အခမဲ့ download လုပ်ယူနိုင်ပါသည်။

ကျွန်တော်ဘာသာပြန်သော စာအုပ်မှာ ၂၀၁၀ ခုနှစ်က ပြင်ဆင်တည်းဖြတ်ထားသော စာအုပ်ဖြစ်သဖြင့် နောက်ဆုံးပေါ် အချက်အလက်များဟု ယူဆနိုင်ပါသည်။

ကျွန်တော်တို့နိုင်ငံတွင် မီးအရေးပေါ်၊ ရေအရေးပေါ်၊ မုန်တိုင်းအရေးပေါ်၊ ငလျင်အရေးပေါ် မည်သူမျှမလုပ်သေးဟု ထင်ပါသည်။ လှုပ်ရှားသံမကြားမိသေးပါ။ အမှန်ဆိုလျှင် အရေးပေါ်ကိစ္စကို လူတိုင်းယဉ်ပါးနေသင့်ပါသည်။ အများကြီး မသိနှင့်။ အနည်းငယ်မျှ သိလျှင်ပင် ထိုအနည်းငယ်မျှသောအသိသည် လူ့အသက်တစ်ချောင်းကို ကယ်နိုင်သည်။ လူအများကို ဒုက္ခတွင်းမှ ဆွဲထုတ်နိုင်သည်။ မပျက်သင့်တာ မပျက်အောင်ကာကွယ်နိုင်သည်။ ထို့ကြောင့်ပင်လျှင် မြန်မာစကားပုံက မရှိတာထက် မသိတာခက်ဟု ဆိုထားသည် မဟုတ်တုံလော။ စကားပုံပင်ရှိနေသော်လည်း သည်စကားပုံက ဘာကိုဆိုလိုမှန်း မသိလေတော့ သိအောင်အားထုတ်ဖို့ မည်သူမျှ မကြိုးစားကြ။

သိသူများဖြစ်လာအောင် ကြိုးစားအားထုတ်ကြပါဟု ဤနေရာမှ တိုက်တွန်းလိုက်ပါသည်။ မည်သို့တိုက်တွန်းလိုပါသနည်း။

မြန်မာနိုင်ငံအနှံ့ မြို့ဆိုလျှင် ရပ်ကွက်တိုင်း၌၊ နယ်ဆိုလျှင် ကျေးရွာတိုင်း၌ အရံမီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီအဖွဲ့များကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ ကမကထပြုကာ ဖွဲ့ပေးရပါမည်။ ပြီးလျှင် သူတို့ကို မီးသတ် သင်တန်းများ၊ မီးပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲ၊ ကလေးသူငယ်များ စိတ်ဝင်စားလာစေရန် Game ပုံစံများ၊ လုပ်ပေးရပါမည်။ ကြက်ခြေနီအသင်းကလဲ ရှေးဦးပြုစုနည်းသင်တန်းများ၊ အခြေခံကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ၊ ဉာဏ်စမ်းပြိုင်ပွဲများကို ကျေးရွာ၊ ရပ်ကွက်များတွင်ရှိသော ကျန်းမာရေးမှူး၊ သားဖွားဆရာမ၊ ကျန်းမာရေး လုပ်သား စသည်တို့နှင့် ပူးပေါင်းကာ လုပ်ပေးရပါမည်။

ကျွန်တော်တို့မြန်မာများ၏ မကောင်းသောအလေ့မှာ လုပ်ပြီး ပြီးပြီးပျောက်ပျောက် နေတတ်တာဖြစ်ပါသည်။ ဥပမာ - အိမ်ဆောက်သည် ဆိုပါစို့။ စဆောက်လိုက်သည်မှ နောက်ဆုံးသားစဉ်မြေးဆက်၊ အိမ်ကြီးပြိုပျက်သွားသည့်တိုင် မည်သူမှ ပြင်ဆင်ထိန်းသိမ်းခြင်းကို ဂရုတစိုက် မလုပ်ကြပါ။ ယုတ်စွအဆုံး မင်္ဂလာဆောင်စက ထောင်ထားသော ခြင်ထောင်ကိုပင်လျှင် တစ်နှစ်ကြာလို့ တစ်ခါရုတ်ပြီး လျှော်ရကောင်း မှန်းမသိ။ အိမ်သာဆို ပိုဆိုးသေးသည်။ မည်သူမျှ အိမ်သာကို သန့်သန့်ရှင်းရှင်း ထားရန် သတိမရ။ ဗိုက်နာလာတော့သာ အတင်းပြေး တက်ပြီး ကိစ္စပြီးပြီဟေ့ ဆိုသည်နှင့် ခြေကန်ကာ ဆင်းသွားကြသူချည်း ဖြစ်၏။

ရလဒ်မှာ မပျက်သင့်သော မူလတန်းကျောင်းများ ပျက်ရသည်။ ၁၀ နှစ်ခံမည့် တံတားက ၅ နှစ်နှင့်ကျိုးသည်။ ကျွန်တော်တို့ တစ်တိုင်းပြည်လုံးလိုက်ကြည့်ပါ။ အစိုးရပိုင်အဆောက်အအုံဖြစ်စေ၊ ပုဂ္ဂလိကပိုင် အဆောက်အအုံဖြစ်စေ တစ်ခါမှ ပြင်တာ မတွေ့ရစဖူး။ သည်အတိုင်း ပစ်ထားကြသည်ချည်း ဖြစ်သည်။ ပြုပြင်ထိန်းသိမ်းရေးဆိုတာ မြန်မာအဘိဓါန်တွင်မရှိ။

ကျွန်တော်ပြောချင်သည်မှာ ဖွင့်ဟေ့ဆိုလျှင် ကြက်ခြေနီသင်တန်း ဆိုပြီး နေ့မှန်းမသိ၊ ညမှန်းမသိဖွင့်။ အလံကြီးတွေ၊ ပိုစတာ ကြီးတွေနှင့် အကြီးအကျယ်လုပ်။ တစ်ခါနှစ်ခါလောက်လဲ လုပ်ပြီးရော နောက်ဘယ်တော့မှ မလာတော့။ နင်နေငါသွား ပစ်ထား လိုက်ကြ၏။ မီးသတ်ဆိုလည်း သည်အတိုင်း။ အရံမီးသတ်ဆိုပြီး ဖွဲ့ပေးထားလိုက်သည်။ နောက်တော့ ဘာမှ သင်တန်း ပေးတာတို့၊ သရုပ်ပြပွဲတို့ ဘာဆိုဘာမှမလုပ်ပါ။ သူတို့ကို မြင်ရတာ တစ်နေရာရှိပါသည်။ ဘာအခန်းအနားဟေ့၊ ဘာပွဲဟေ့ ဆိုသည်နှင့် အသစ်ကျပ်ချွတ်၊ ယူနီဖောင်းများဝတ်ကာ ကားယားကားယားနှင့် လူကြားထဲ ဟန်ရေးပြကြပါသည်။ အဲဒါ ဘာလုပ်တာပါနည်း။ မီးသတ်ဆိုတာ မီးသတ်ဘို့ဖွဲ့ပေးထားတာ။ လူမြင်ကောင်းအောင်၊ ဟန်ရေးပြဘို့မဟုတ်။ သည်လို မလုပ်ပါနှင့်။ ဗိုလ်ချုပ်လိုသာ ပြောလိုက်ချင်တော့သည်။ ခင်ဗျားတို့ သောက်ကျင့်တွေ ဒီကနေ့စ ပြင်ကြပါ။ ကျုပ်တို့အကြောင်း သိနေလို့ ဗိုလ်ချုပ်က လွန်ခဲ့သော အနှစ် ၆၀ လောက်က ပြောခဲ့သည်။ ဒီနေ့ထိ အဲဒီ သောက်ကျင့်များကို မပြင်ကြသေးပါ။

လောကနီတိကျမ်း အခန်း (၅) ဣတ္ထိယဏ္ဍ၊ အပိုဒ် (၉၇) ၌  တတ်လှစွာသော စောင်းသမားသည် ငါးရက်မျှ စောင်းနှင့်ကင်းမူ ပျက်၏။ တတ်လှစွာသော လေးသမားသည် ၇ ရက်မျှ လေးနှင့်ကင်းမူ ပျက်၏ ဟု ဆိုပါသည်။ ကြက်ခြေနီ၊ မီးသတ်တို့သည် လည်း ထိုသင်တန်း၊ အလေ့အကျင့်များနှင့် ထိတွေ့မနေပါက ဆယ်ရက်ကြာလျှင် အကုန်ပျက်တော့သည်။ သည်တော့ ကောက်ရိုးမီးလိုမလုပ်ဘဲ အမြဲပုံမှန် လေ့ကျင့်နေ၊ ဟောပြောပွဲတွေလုပ်နေ၊ သင်တန်းတွေ ပေးနေဘို့လိုပါသည်။ မီးဆိုတာ ငါတော့ ဒီနှစ်ပျင်းလို့ မလောင်သေးဘူးဟေ့၊ နောင်နှစ်မှ ပေါင်းလောင်တော့မယ် ဟု ရှိပါသလား။ လူများ ပေါ့လျော့သည်နှင့် အမျှ သူလောင်ချင်သည့်အချိန် ထလောင်မည်။ သည်တော့ ကိုယ့်ဘက်က အမြဲအဆင်သင့်ဖြစ်နေဘို့ လိုပါသည်။

သည်ဘက်နှစ်များတွင် ဗုံးပေါက်ကွဲမှုများ၊ မီးလောင်မှုများ၊ ရေကြီးမှုများ၊ မုန်တိုင်းများ၊ ငလျင်ဒဏ်များကို မကြာခဏဆိုသလို ကြားနေရသည်။ သို့အတွက် မိမိဘက်က မပျက်တန်တာ မပျက်ရ၊ မသေတန်တာ မသေရအောင် ကြိုတင်ပြင်ဆင်ထားဘို့ လိုပါသည်။ သည်အရာသည် အလွန်အရေးကြီး၏။ ယခုကတည်းက စတင်ပြင်ဆင်ကြဘို့ လိုပြီ။

ယခု ဤစာအုပ်ကို သင်တို့လက်ထဲအရောက် ပို့ပေးပါတော့မည်။ ဤစာအုပ်ပါ အချက်များကို နားလည်အောင် ကျကျနန လေ့လာပါ။ လက်တွေ့ကျင့်သုံးပါ။ အနည်းဆုံး သင့်ကိုယ်သင်နှင့်၊ သင်ချစ်သော သင့်မိသားစု၏ အသက်ကိုတော့ ကယ်နိုင်မည်ဖြစ်၏။ ကိုယ်သိပြီဆိုလျှင်လည်း ကိုယ်တစ်ယောက်ထဲ မြုံမထားပါနှင့်။ မိမိပတ်ဝန်းကျင်ရှိ နားပါးသူများကို ပြန်လည် သင်ကြားပြသပေးပါ။ ပညာကို ဖြန့်ဝေပေးပါ။

ဤစာအုပ်ပြီးသွားပြီဆိုလျှင် မြန်မာနိုင်ငံ၌ ကျွန်တော့်စရိတ်နှင့်ကျွန်တော် စာအုပ် ၁၀၀၀ ခန့် ထုတ်ပါမည်။ ပြီးလျှင် မြန်မာနိုင်ငံတစ်နံ တစ်လျားရှိ ကျောင်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စာကြည့်တိုက်များသို့ အခမဲ့ဖြန့်ဝေပါမည်။ ဆွဲဆောင်မှုရှိအောင် စာအုပ်ကို စာရွက်အကောင်းစား၊ ရောင်စုံထုတ်မည်ဖြစ်ပါသည်။ ကုန်ကျစရိတ်များပါလိမ့်မည်။ မိတ်ဆွေများ စေတနာရှိလျှင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ပါသည်။ ရံပုံငွေသာ အလုံအလောက်ရမည်ဆိုလျှင် အုပ်ရေ တစ်သောင်းလောက် ထုတ်ချင်ပါသည်။ စာကြည့်တိုက်များအားလုံး၊ ကျောင်းများအားလုံး၊ ပရဟိတ အဖွဲ့အစည်းများအားလုံး၊ မြို့ပြ၌ ရပ်ကွက်များအားလုံး၊ ကျေးလက်တောရွာများအားလုံး စသဖြင့် တတ်နိုင်သမျှ များများဖြန့်ချင်ပါသည်။

ဤစာအုပ်ဖြင့် မြန်မာနိုင်ငံသားများ၏ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးနိုင်လိမ့်မည်ဟု လေးလေးနက်နက် ယုံကြည်ပါသည်။

မိမိအသက်ကိုမိမိ တန်ဖိုးထားကြသူများ ဖြစ်နိုင်ကြပါစေသတည်း။

နောက်ဆက်တွဲ -

ကျွန်တော်တို့နိုင်ငံသားများကား စာဖတ်အလေ့အကျင့် အလွန်နည်းလှသေး၏။

စာအုပ် ၁၀၀၀ လောက်ထုတ်လျှင်ပင် မနည်းကုန်အောင် ရောင်းနေရသည်။ စာအုပ်မပြောပါနှင့် ဂျာနယ်ပင်လျှင် ၅၀၀၀ ကုန်အောင်ရောင်းရသော ဂျာနယ်ကား အလွန်စွံလှပြီ။ မြန်မာလူဦးရေ သန်း ၅၀ ကျော်တွင် စာအုပ် ၁၀၀၀ လောက်ကို မနည်းကုန်အောင် စောင့်ရောင်းနေရသည် ဆိုကတည်းက စဉ်းစားသာ ကြည့်ပါတော့။ ကျွန်တော့် အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်းကား ၂၀၁၀ ဇူလိုင်လက အရောင်းရဆုံး စာအုပ် နံပတ် ၂ ဟု MRTV4 မှ လွှင့်သွားခဲ့သည်။ သို့သော် စာအုပ် ၁၅၀၀ ကုန်အောင် တစ်နှစ်ခွဲလောက် ရောင်းယူရသည်။ ဆရာမကြီး ရွှေကူမေနှင်းကတော့ သူတို့စာအုပ်တိုက် (အလင်းသစ်စာပေ) ဂိုဒေါင်ထဲတွင် ရောင်းမကုန်သဖြင့် ပုံနေသောစာအုပ်များ တောင်ပုံရာပုံ ရှိနေသည်ဟုဆိုပါသည်။

သည့်အတွက် မြန်မာနိုင်ငံသား လူအများ စာဖတ်လာကြစေရန် မိမိတို့စရိတ်နှင့် လိုက်ဟောပြောပေးပါမည်။ ပွဲကလေး ဖြစ်မြောက်အောင်သာ စီစဉ်ပေးပါဆိုကာ ဆရာမကြီးတို့လူသိုက် (သူတို့စာရေးဆရာ ၅ ဦးအဖွဲ့) ကိုယ့်စရိတ်နှင့်ကိုယ် မြန်မာနိုင်ငံအနှံ့လျှောက်သွားကာ စာပေဟောပြောပွဲများ လုပ်နေကြပါသည်။ မနေနိုင်သော ကျွန်တော်က သူတို့အဖွဲ့ကို ခရီးစရိတ်တစ်ခါတလေ ထောက်ပံ့ပေး၏။

UNICEF က မြန်မာနိုင်ငံ မိခင်နှင့်ကလေးများ ကျန်းမာရေး၊ ပြည်သူအများကျန်းမာရေးအတွက် အလွန်အဖိုးတန်လှသော ပညာပေးစာစောင်များ၊ လက်ကမ်းစာစောင်များ၊ ပိုစတာများ ထုတ်ဝေကာ ကျန်မာရေးဌာနမှတဆင့် ကျန်းမာရေးဝန်ထမ်း (Midwife) များသို့ဝေသည်။ ၎င်းတို့ကမှ တဆင့် အများပြည်သူသို့ ပညာပေးရန် ဖြစ်၏။ သို့သော် မြန်မာပြည်သူ သန်း ၅၀ ကျော်အနက် လူ ၅၀၀၀ ပြည့်အောင် ထိုစာအုပ်စာတမ်း၊ ပိုစတာများကို မြင်ဖူးကြမည် မထင်ပါ။ သို့ဆိုလျှင် ထိုစာအုပ် စာတမ်းများ မည်သည့်နေရာသို့ ရောက်သွားသနည်း။

များသောအားဖြင့် အနှီ သားဖွားဆရာမများ၏အိမ်၊ ကျေးရွာလူကြီး၏အိမ်၊ ကောင်စီစာရေးများ၏ အိမ်ထောင့်များတွင် သည်အတိုင်းပုံနေမည်။ သို့မဟုတ်ပါကလည်း သက်ဆိုင်ရာ လူကြီးမင်းများ၏ အိမ်မှ (စာအုပ်ဝါသနာပါလျှင်) စာအုပ်ဘီရိုများ အတွင်း၌သော်လည်းကောင်းရှိနေမည်။ ပိုပြီးအမြော်အမြင်ရှိသူများကမူ လိုချင်သူများ ၀ယ်ဖတ်ကြပါစေဟူသော စေတနာဖြင့် ပလက်ဖောင်းစာအုပ်ဆိုင်များသို့ သွားရောင်းလိုက်ကြမည်။ လိုချင်သူများ ပန်းဆိုးတန်း ပလက်ဖောင်းစာအုပ်ဆိုင်များ၌ ၀ယ်ယူနိုင်ပါ၏။

ဘ၀တွက်တာ သိမှတ်စရာ ဟူသောစာအုပ်မှာ ပြည်သူများကျန်းမာရေး ပညာပေးအတွက် အလွန်ကောင်းလှသော စာအုပ် ဖြစ်၏။ ရောင်စုံပုံများ၊ စာရွက်သားကောင်းကောင်းများနှင့် ရိုက်နှိပ်ထား၏။ လမ်းဘေးစာအုပ်ဆိုင်များတွင် ကြိုကြားကြိုကြား တွေ့နိုင်ပါသည်။ ကျွန်တော်သည်ပင်လျှင် တစ်အုပ်ဝယ်ထားသေး၏။

ဤစာအုပ်ကို ကျွန်တော့်မရီး သားဖွားဆရာမထံတွင် တွေ့လိုက်ရသောအခါ ကျွန်တော်အလွန်အံ့သြမိသွားပါသည်။ ဤကဲ့သို့ သော အလွန်တန်ဖိုးရှိလှသော စာအုပ်သည် ပြည်သူများအကြားမရောက်ပဲ အိမ်တစ်အိမ်၏ ချောင်တစ်ချောင်တွင် ဖုံတက်နေ သည်ကို မြင်ရသောကြောင့်ပါတည်း။  ကျွန်တော့်မရီးကိုမေးကြည့်သောအခါမှ သူတို့အိမ်တွင် အစည်းလိုက်၊ အလိပ်လိုက် ရှိနေသည့် လက်ကမ်းစာစောင်များ၊ ပိုစတာများကို စိတ်မကောင်းစွာတွေ့ရပါတော့သည်။ သူကတော့ ဒီမှာရှိနေလို့ ဒီလောက် မြင်ရသေးတာ။ အကုန်ဝေပေးလိုက်ရင် ဆယ်ရက်တောင် မခံဘူး။ ဖတ်လည်းဖတ်တာမဟုတ်ဘဲ ဟိုအရုပ်ဖြဲယူ၊ သည်ပုံလေး ဆုတ်ယူနဲ့ အကုန် လုံးပါးပါးကုန်ရော ဟု ဆို၏။

ကျွန်တော် အပင်ပန်းခံကြိုးစားရေးသား၊ ငွေကုန်ကြေးကျခံကာထုတ်ဝေ၊ ဖြန့်ဝေပေးမည့် ဤ “အရေးပေါ်လက်စွဲစာအုပ်” သည်လည်း ဤကဲ့သို့ ဖြစ်သွားမှာ အလွန်စိုးရိမ်မိပါသည်။ ပြည်သူအများ သိစေချင်လို့ ရေးသားထုတ်ဝေလိုက်သော်လည်း မည်သူမျှ တန်ဘိုးထားရကောင်းမှန်းမသိ။ စာဖတ်သူ ဆယ်ဂဏန်းအနည်းငယ်ကသာ လေးလေးစားစား ဖတ်ရှု၊ သိမ်းဆည်း ထားမည် ဖြစ်သော်လည်း စာအုပ် ထောင်ဂဏန်းတော်တော်များများမှာ အိမ်များ၊ စာကြည့်တိုက်များ၊ စာအုပ်ချစ်တတ်သူများ ထံတွင် ချောင်ထိုးထားခံရမှာ မြင်ယောင်နေမိပါ၏။ အခမဲ့ဖြန့်ဝေလိုက်သော ဤစာအုပ် အတော်များများမှာ ပန်းဆိုးတန်း ပလက်ဖောင်းစာအုပ်ဆိုင်များသို့ မနှေးအမြန် ရောက်လာဦးမည် ဖြစ်ပါသည်။ ဖတ်လိုသူ၊ သိမ်းထားလိုသူများမှာ ဈေးကြီး ပေးကာ ၀ယ်ယူရပါလိမ့်မည်။ ဤသည်ကို တားဆီးရန် နည်းလမ်းမရှိ။

၂၀၀၃ ခုနှစ်က ကျွန်တော်တို့ရွာတွင် တက်နေ၀န်း ဟူသော စာကြည့်တိုက်တစ်ခု ကျွန်တော်ဖွင့်ပေးခဲ့သည်။ ရွာကလူတွေ စာဖတ်ကြပါစေပေါ့။ သူတို့ကိုလည်း စာဖတ်ဖို့ စည်းရုံးရ၏။ လူငယ်တွေ စာကြည့်တိုက်ကိုလာ။ စာဖတ်ကြ။ ရပ်ရွာအရေး ဆွေးနွေးကြ၊ တိုင်ပင်ကြ။ သာရေးနာရေးကိစ္စတွေ ၀ိုင်းဝန်းလုပ်ကြ စသဖြင့် ဖြစ်ပါ၏။

သို့သော် ဖွင့်စ လေးငါးလလောက်တွင်သာ အထူးအဆန်းအနေနှင့် လာကြ။ စာအုပ်တွေ ဟိုလှန်သည်လှန် လုပ်ကြသည်။ တစ်နှစ်မပြည့်မီပင် အနှီစာကြည့်တိုက်ကလေးမှာ ကျီးနှင့်ဖုတ်ဖုတ် ဖြစ်သွားပါတော့၏။ ဆရာလေး ကိုတင်သိန်း နှင့် လူပျိုသိုးကြီး ကိုဖိုးအောင်တို့ကို စာကြည့်တိုက်ပြင်ဆင် ထိန်းသိမ်းရေးကိစ္စ လှမ်းပြောတော့ သူတို့က စာကြည့်ကို အကာလဲ ဘို့။ သွပ်မိုးဘို့ ဆော်သြပါသည်။ စာကြည့်တိုက် သွပ်မိုးဘို့ ရွာအတွင်း အလှူငွေလိုက်ကောက်တော့ ဟေ့၊ ဘုန်းကြီးကျောင်း အတွက်ပဲ ထည့်နိုင်မယ်။ မင်းတို့စာကြည့်တိုက်အတွက် မထည့်နိုင်ဘူးကွ ဟု ပြောလွှတ်ကြသည် ဟူ၏။

ဖွင့်စက သုတ၊ ရသစာအုပ်များ၊ တရားစာအုပ်ကောင်းကောင်းများ တော်တော်များများ ကျွန်တော်ထည့်ပေးပါသည်။ သို့သော် နှစ်နှစ်ကျော်အကြာ ကျွန်တော်ရွာပြန်ရောက်သွားတော့ စာကြည့်တိုက်တွင် ကလေးများဖတ်သည့် ကာတွန်းစာအုပ်၊ ၀တ္တု စာအုပ်နှင့် ဂျာနယ်များသာ ကျန်ပါတော့သည်။ ဖတ်စရာကောင်းသော စာအုပ်စာတမ်းများမှာ စာကြည့်တိုက်တွင် မနေလို သောကြောင့် တစ်ပြည်ရပ်ခြားသို့ စွန့်ခွာသွားချေပြီ။ တစ်အုပ်မှ မတွေ့ရတော့ပါ။

စာကြည့်တိုက်နှင့် စာအုပ်များထိန်းသိမ်းရန် စာကြည့်တိုက်မှူးတစ်ဦး ခန့်ထားပေးပါသည်။ ရွာသားအပေါင်းမှာ ထိုစာကြည့်တိုက်မှူးကို တရန်တမန် လုပ်ကြ၏။ ကိုယ်လဲမလုပ်နိုင်။ သူများလုပ်တာကိုလည်း မကြည်ဖြူ။ စည်းနှင့်ကမ်းနှင့် လုပ်တာကို လက်မခံနိုင်။ ထုံးစံအတိုင်း ကဖျဲကရုန်းနေမည်။ လုပ်ချင်သလိုလုပ်မည်။ အကျိုးမှာကား စာအုပ်များအားလုံး လုံးပါးပါးကုန်ခြင်း ဖြစ်ပါသည်။

သို့သော် ကျောင်းသားကလေးများကတော့ လာဖတ်ကြပါ၏။ ကျောင်းဆင်းလိုက်သည်နှင့် စာကြည့်တိုက်သို့ အပြေးအလွှား ၀င်လာကြကာ စာအုပ်များကို လှန်ကြ၊ ဖတ်ကြ၊ အချင်းချင်း ဖလှယ်ကြလုပ်တာ တွေ့ရတော့ ကျွန်တော်သူတို့ကိုကြည့်ပြီး ကြည်နူးမိပါသည်။ လူကြီးများ၊ လူလတ်ပိုင်းများကို အားမရသော်လည်း သူတို့ကလေးတွေကို သည်လိုတွေ့ရတော့ ဂျာနယ်များ၊ စာစောင်များကို လူကြုံတိုင်း မပြတ်ဝယ်ပို့ပေးပါသည်။

ကျွန်တော်ငယ်စဉ်က ကျွန်တော်တို့ရွာတွင် အတန်းပညာတတ်သူ၊ ဆယ်တန်းအောင်သူ၊ ဘွဲ့ရသူတစ်ဦးမှ မရှိ။ လေးတန်း အောင်ပင် ရှားလှသည်။ အားလုံး ဘုန်းကြီးကျောင်းထွက်များသာ ဖြစ်၏။ ကျွန်တော် ငါးတန်း၊ ခြောက်တန်းလောက် စာကောင်းကောင်းဖတ်နိုင်သောအရွယ်၌ တွေ့သမျှစာအုပ် လိုက်ရှာဖတ်သည်။ ထိုအချိန်က ဦးကြီးထွန်းလှိုင်တို့အိမ်တွင် သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ စာအုပ်ကိုတွေ့ရသည်။ ကျွန်တော် မည်မျှကြိုက်သနည်းဟူမူ ၆ တန်းကျောင်းသား အရွယ်၌ပင် ဤစာအုပ်အထူကြီးကို စွဲစွဲလန်းလန်း အပြီးအထိ ဖတ်ခဲ့ပါသည်။ သို့သော် ကလေးဆိုတော့ သေသေချာချာ နားမလည်သေး။ သို့သော် ထိုစဉ်ကဖတ်ခဲ့သည်များကို ယခုတိုင် အတော်များများ မှတ်မိနေသေးသည်။

ကျွန်တော့် (အမေဘက်မှ) အဖိုး ဦးမြကြီးကို ကျွန်တော် မမီလိုက်။ သို့သော် ကျွန်တော့်အဖိုးကား အလွန်စာအုပ်ဝါသနာပါသူ ဖြစ်မှန်း အဖွားအေပြောပြသဖြင့် သိရသည်။ ကျွန်တော် ၇ တန်း၊ ၈ တန်းကျောင်းသားအရွယ်တွင် အဖိုး၏ ပဏ္ဍိတဝေဒနိယ ဒီပနီကျမ်း၊ သင်္ဂြိုဟ်ကျမ်း၊ ရူပကဏ္ဍ၀ိနိစ္ဆယဓါတ်ကျမ်းများကို လှန်လှောကြည့်တတ်နေပြီ။ ထိုအရွယ်ကဖတ်ခဲ့သော အဖိုး၏ သုဝဏ္ဏသျှံဇာတ်တော်ကြီး စာအုပ်မှ အချို့စာသားများကို ယခုတိုင် အလွတ်ရနေသေးသည်။

အဖေကြီး၏ အစ်မ၀မ်းကွဲ အရီးအေးကြိုင်ကား စာဖတ်ဝါသနာပါသည်။ သူတို့အိမ်တွင် မဂ္ဂဇင်းနှင့် ၀တ္တုတော်တော်များများ ရှိသည်။ သူ့အိမ်မှာ ၀ါးကြမ်းခင်း၊ ထရံကာ တဲပုတ်ကလေးမျှသာဖြစ်၏။ နွေကျောင်းပိတ်ရက် အိမ်ပြန်ချိန်များတွင် အခြားနေရာ များထက် အရီးအေးကြိုင်တို့အိမ်တွင်သာ ကျွန်တော် အချိန်ကုန်လေ့ရှိသည်။ ထိုစဉ် ၇ တန်း၊ ၈ တန်း ကျောင်းသားဘ၀က ဖတ်ခဲ့သော တင့်တယ်၏ ကြယ်ကြွေသည့်ည၊ ထန်းတက်သမား ငထေကြီး၊ မဂျိုးကို ဘယ်လိုပြောရပါ့၊ ဒီပုံနဲ့ဆို မိုးကြီးချုပ်လိမ့် မယ်။ ဒေါ်ရီကြိမ်၏ ဆောင်းပါးများ၊ တင့်ဆန်း၏ တောင်ဇလပ်ပန်းနီနီ စသည်တို့ကို ယခုတိုင်မှတ်မိနေသေးသည်။ အခြားအိမ် များမှလည်း စန္ဒာ၊ ရှုမ၀၊ သွေးသောက်၊ ငွေတာရီ၊ မြ၀တီ၊ သပြေတေးမဂ္ဂဇင်း၊ စသောမဂ္ဂဇင်းများ၊ ပြည်သူ့တပ်မတော်စာစဉ် ကဲ့သို့ စာစောင်များ အများအပြား ဖတ်ခဲ့ရပါသေးသည်။

ထိုစဉ်ကဖတ်ခဲ့သော စာအုပ်များအနက် ကျွန်တော်အနှစ်သက်ဆုံးစာအုပ်ကို ပြပါဆိုလျှင် မြို့စားကြီးတစ်ဦးအကြောင်း စာအုပ် ဖြစ်ပါသည်။ စာအုပ်နာမည်ကိုကောင်းစွာ မမှတ်မိသော်လည်း ဖြစ်နိုင်သည်မှာ မွန်တီခရစ္စတို မြို့စားကြီး ဖြစ်မည်ထင်ပါသည်။ ဗကပများကို နှိမ်နှင်းရန် စစ်ကြောင်းချီလာစဉ် ရဲဘော်များနှင့်အတူ ပါလာသောစာအုပ်ဖြစ်၏။

ပြောတာ ဘေးရောက်သွားသည်။

ကျွန်တော်ဆိုလိုချင်သည်မှာ ဟိုးယခင် ဘာခေတ်ပညာမှ မသင်ခဲ့ရသော ကျွန်တော်တို့ ဘိုးဘေး၊ ဘကြီးဘထွေးများသည် စာဖတ်ကြသည်ကို သူတို့အိမ်ရှိ အနှီစာအုပ်များက သက်သေပြနေပါသည်။ သည်တော့ အကျိုးဆက်အနေဖြင့် သူတို့သည် ကျွန်တော်တို့ရွာကို ကောင်းစွာအုပ်ချုပ်တတ်ကြ၊ အုပ်ချုပ်နိုင်ကြသည်။ ကျွန်တော်ငယ်စဉ်ဘ၀ ကျွန်တော်တို့ရွာကြီးမှာ စည်ပင် ဖွံ့ဖြိုးပြီး နေချင့်စဖွယ်ဖြစ်၏။ ရွာတွင် အမြော်အမြင်ရှိသူ လူကြီးများနှင့် အပြည့်။ ဦးကြီးထွန်းလှိုင်(ဖြူ)၊ ဦးကြီးထွန်းလှိုင်(ဖ၀ိုင်း)၊ ဦးကြီးမြဆင်၊ ဦးကြီး ကြီးရွှေ၊ ဦးကြီးမြဒင်၊ ဘိုးစိန်ခို၊ ကျွန်တော့်ဖခင် (ဦးမောင်ဆိုင်)၊ ဦးမောင်မောင် စသူတို့မှာ ရွာကို ကောင်းကောင်း အုပ်ချုပ်နိုင်သည်။ ရွာသူရွာသားများကလည်း သူတို့စီမံမှုအောက်တွင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိကြသည်။

သူတို့လက်ထက်တွင် လာဘ်စားတာ၊ မတော်မတရားလုပ်တာ ဘာတစ်ခုမှ ကျွန်တော်မတွေ့ခဲ့ရစဖူး။ သည်တော့ သူတို့က ရွာအပေါ် သြဇာညောင်းသည်။ အကြီးအကျယ်ရန်ဖြစ်နေသော လင်မယားများပင် သူတို့သွားရပ်လိုက်သည်နှင့် မီးကိုရေနှင့် သတ်လိုက်သည့်အလား ရန်ပွဲငြိမ်းသွားရသည်။ ယခု သည်လိုအခြေအနေမျိုးများ ပြန်လည်မတည်ဆောက်နိုင်တော့သည်ကို ကျွန်တော် အလွန်ဝမ်းနည်းမိသည်။

ယခု ကျွန်တော် အသက် ၅၀ ရှိပြီ။ ကျွန်တော်တို့ရွာကို အုပ်ချုပ်နိုင်မည့်သူ မည်သူ့ကို ရွေးရမည်နည်းဟု လိုက်ကြည့်လိုက် သောအခါ ရွာကိုအုပ်ချုပ်နိုင်မည့် အရည်အချင်းရှိသူ တစ်ဦးမှ မတွေ့ရပါ။ ကျွန်တော်က သည်ရွာတွင်ပင် ကြီးပြင်းလာသည့် အတွက် သည်ရွာသားများအကြောင်း အူမချေးခါးမကျန် ကောင်းကောင်းသိသည်။ ထိုသူများကား စာတစ်အုပ်ပြည့်အောင်ပင် ဖတ်ဖူးကြသူများ မဟုတ်ပါ။ သည်တော့ မည်သည့်ဗဟုသုတ ရှိပါမည်နည်း။ ၎င်းတို့အထဲတွင် ဆယ်တန်းအောင်သူ၊ ဘွဲ့ရသူ များ ရှိပါသည်။ စာမေးပွဲပင် မအောင်သော်လည်း ဆယ်တန်းထိ စာသင်ဖူးသူ မနည်းလှပါ။ အားလုံးလိုလိုမှာ ကျွန်တော့် ညီ၊ ညီမ၊ တူ၊ တူမများဖြစ်၏။ စာမေးပွဲများပင် အောင်လာကြသော်ငြား သူတို့တွင် ရွာကိုအုပ်ချုပ်နိုင်မည့် အရည်အချင်း မရှိကြပါ။

သည်အခြေအနေမှာ ကျွန်တော်တို့ရွာတစ်ခုတည်းမဟုတ်။ မြန်မာတစ်ပြည်လုံး သည်အတိုင်းချည်း ဖြစ်ဖို့များသည်။ ပညာမရှိသူ၊ ပညာမတတ်သူများနှင့် သည်နိုင်ငံကြီးကို မည်သို့တည်ဆောက်ရပါမည်နည်း။ ဆယ်တန်းအောင်ရုံမျှ၊ ဘွဲ့ရရုံမျှ သည် ပညာတတ်တာမဟုတ်ကြောင်း အထူးပြောနေစရာမလိုပါ။ စာရွက်ထဲတွင် ဖော်ပြထားသော အရည်အချင်း မိမိမှာ တကယ်ရှိရဲ့လားဟု ကိုယ့်ကိုယ်ကိုယ် ပြန်လည်မေးသင့်ပါသည်။

ကိုလိုနီခေတ်က ၇ တန်းအောင်လျှင် မြို့အုပ်ဖြစ်သည် ဆို၏။ မြို့အုပ်ဖြစ်နိုင်လောက်သည့် အရည်အချင်းရှိအောင် သင်ကြား လေ့ကျင့်ပေးလိုက်သဖြင့်သာ မြို့အုပ်တန်းခန့်သည်။ ဗလချီးနမ်းလူတစ်ယောက်ကို အဘယ်သူသည် မြို့အုပ်ခန့်ပါမည်နည်း။

ယခု ကျွန်တော်တို့က သိပံ္ပမောင်ဝတို့၊ ဆရာဇော်ဂျီတို့၊ ဆရာကြီး မင်းသုဝဏ်တို့၊ ဆရာတင်မိုးတို့၊ ဆရာကြီး ရွှေဥဒေါင်းတို့၊ မောင်ထင်တို့ စသဖြင့် အကြောင်းများ ပြောကြဆိုကြ၊ ရေးသားကြ၊ သူတို့စာများကို တရှိုက်မက်မက် ဖတ်ကြ၊ မှီငြမ်းကြ။

သို့ဆိုလျှင် နောင်အနှစ် ၃ - ၄၀ အကြာ၌ ကျွန်တော်တို့၏ နောင်လာနောက်သားများသည် ကျွန်တော်တို့ လက်ရှိခေတ်မှ မည်သူတို့အကြောင်း ပြောဆိုဆွေးနွေးကြ၊ မှီငြမ်းကြ၊ ကိုးကားကြပါမည်နည်း။ ၎င်းတို့သည်လည်း ယခု ကျွန်တော်တို့ ပြောဆို၊ ဆွေးနွေး၊ မှီငြမ်းနေသည့် ဆရာကြီးများဖြစ်သော သိပံ္ပမောင်ဝတို့၊ ဆရာဇော်ဂျီတို့၊ ဆရာကြီး မင်းသုဝဏ်တို့၊ ဆရာတင်မိုးတို့၊ ဆရာကြီး ရွှေဥဒေါင်းတို့ စသဖြင့် အကြောင်းများကိုသာ ပြောစရာရှိသည်။ သူတို့ခေတ်နောက် မှီငြမ်းလောက်၊ ပြောဆို လောက်၊ စံထားလောက်စရာ မရှိတော့ပါဆိုလျှင် -

ကျွန်တော်တို့သည်လည်း ကျွန်တော်တို့ရွာသားများနှင့် ဘာထူးပါတော့မည်နည်း။

စဉ်းစားကြ၊ တွေးတောကြဘို့ ဖြစ်ပါ၏။

အားလုံးကို ကျေးဇူးတင်ပါသည်။
 
အေးငြိမ်း

12/11/2011, 10:55 am
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Tel: 97303027
Email: y_nyein@yahoo.com.sg

No comments: