ငလျင်လှုပ်ခြင်းတွင်လည်း စင်ကာပူမှ Emergency Handbook အပြင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးကော်မတီ နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ၂၀၀၉ ခုနှစ်က ပူးပေါင်းထုတ်ဝေခဲ့သော ငလျင်များနှင့်နေထိုင်ခြင်း စာအုပ်ပါ အချက် အလက်များကိုပါ ယူငင်သုံးစွဲထားပါသည်။
ငလျင်လှုပ်လျှင် အပျက်အစီးအနည်းဆုံး၊ အထိအခိုက်အနည်းဆုံးဖြစ်စေရန် အောက်ပါတို့ကို ကြိုတင်ပြုလုပ်ထားပါ။
o လဲကျနိုင်သည့် ဘီရို၊ စာအုပ်စင် စသည်တို့ကို နံရံများနှင့် ကပ်ရိုက်ထားပါ။
o ပန်းချီကားများ၊ မှန်ကြီးများကို အိပ်ယာ၊ ဆိုဖာ ဆက်တီ စသည်တို့နှင့် ဝေးရာတွင်ချိတ်ပါ။
o ပန်းအိုးကြီးများကို ကြမ်းပြင်ပေါ်ချထားပါ။
o မီးပန်းဆိုင်းများရှိပါက ချိတ်များ ခိုင်မခိုင်စစ်ဆေးပါ။
o အုတ်ညှပ်အဆောက်အဦများဖြစ်လျှင် ကျည်းဘောင်နှင့်အုတ်ရိုး သေချာစွာမတွဲမိလျှင် နံရံပြိုကျမည့်အန္တရာယ်ရှိသည်။ ခိုင်ခံ့အောင်ပြင်ဆင်ထားသင့်ပါသည်။
ငလျင်လှုပ်စဉ် အိမ်အတွင်း၌ -
o မိမိအိမ်အတွင်းမှ ခိုင်ခံ့သော နေရာ (ဥပမာ သစ်သားစားပွဲခုံ၊ ပြုတ်ကျနိုင်သော ပန်းချီကား စသည်တို့မရှိသည့်နံရံ) များ သို့သွားပါ။
o ပြုတ်ကျစရာမရှိသော နံရံထောင့်သို့သွားကာ ထိုင်နေပါ။
o ခိုင်ခံ့သောစားပွဲအောက်သို့သွားပါ။ စားပွဲအောက်တွင် စားပွဲခြေထောက်ကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ကာ ထိုင်နေပါ။
o ပြုတ်ကျနိုင်သော ပစ္စည်းများ (ဥပမာ - ဘီရိုပေါ်တင်ထားသော ပစ္စည်းများ၊ ပန်းချီကားများ)၊ လဲကျနိုင်သော ဘီရိုများ၊ စာအုပ်စင်များ၊ မီးပန်းဆိုင်းများ၊ ကွဲနိုင်သော ပြူတင်းပေါက်မှန်များ မှ ဝေးဝေးနေပါ။
o မီးခလုတ်အားလုံးကို ပိတ်ထားပါ။ ဓါတ်ငွေ့မီးဖိုရှိလျှင် ဓါတ်ငွေ့အိုးခလုတ်ကို ပိတ်ပါ။
o တိုက်အတွင်းမှ ထွက်ရန်လိုအပ်လျှင် ပြေးမထွက်ပါနှင့်။ မိသားစုများကို စနစ်တကျစုရုံးပြီး အေးဆေးစွာ စနစ်တကျ ဆင်းပါ။ ဓါတ်လှေခါးရှိလျှင် ဓါတ်လှေခါးကို မသုံးပါနှင့်။ ရိုးရိုးလှေခါးမှသာ ဆင်းပါ။
ငလျင်လှုပ်စဉ် အိမ်အပြင်၌ ရှိနေပါက -
o အထပ်မြင့်အဆောက်အဦးကြီးများမှ ဝေးဝေးနေပါ။
o ဓါတ်တိုင်၊ ဓါတ်ကြိုးများ၊ ကြော်ငြာဆိုင်းဘုတ်များ မှ လွတ်လွတ်ကင်းကင်းနေပါ။
o မြောင်း၊ ချောင်းစသည့် ကမ်းနဖူးများ မသွားပါနှင့်။
o ကွင်းပြင်အလွတ်တွင်နေပါ။
အကယ်၍ သင်သည်ကားမောင်းနေစဉ်ဖြစ်ပါက -
o အဆောက်အအုံ၊ တံတား၊ ဓါတ်တိုင်၊ ဓါတ်ကြိုး၊ ကမ်းပါး စသည်တို့မှ ရှောင်ကွင်းပြီး ကားကိုချက်ခြင်းရပ်ပါ။
o ကားထဲ၌ပင်နေပါ။ ရေဒီယိုဖွင့်ထားပြီး ငလျင်သတင်းနားထောင်ပါ။
ငလျင်လှုပ်ပြီးသွားပါက -
o နောက်ဆက်တွဲငလျင်များ လှုပ်နိုင်သေးသည်ကို အမြဲစိတ်ထဲစွဲထားပါ။
o မိမိပစ္စည်းများကို စိုးရိမ်စိတ်ဖြင့် အတင်းတိုးဝင်ပြေးမသွားပါနှင့်။ အဆောက်အအုံတွင် အက်ကြောင်းများ၊ အပြိုအပျက်များ ရှိမရှိ ဦးစွာစစ်ဆေးပါ။ ငလျင်ဒါဏ်ကြောင့် အဆောက်အအုံ အချိန်မရွေးပြိုကျနိုင်သည်ကို သတိရပါ။
o မိမိအိမ်သားအားလုံး စုံမစုံကို စစ်ဆေးပါ။
o ဒါဏ်ရာရသူများကို ကူညီပါ။ လိုအပ်လျှင် အရေးပေါ်ယာဉ်ခေါ်ပါ။ အပြိုအပျက်များကြား ပိတ်မိနေသူများ ရှိပါက အခြားသူများ အကူအညီဖြင့် ထုတ်နိုင်အောင် ကြိုးစားပါ။
o ဖြစ်နိုင်လျှင် မီးခလုတ်များ၊ ဓါတ်ငွေ့ခလုတ်များကို ပိတ်ပါ။ ငလျင်ကြောင့် ဓါတ်ငွေ့ပိုက်များကွဲခြင်း၊ ဓါတ်ကြိုးများ ပြတ် တောက်ခြင်း၊ ဖြစ်တတ်သည်။
o အနံ့တစ်ခုခု၊ သို့မဟုတ် ညှော်နံ့ရမရ သေချာစွာ စစ်ဆေးပါ။ မမြင်နိုင်သော နေရာတွင် ရှော့ဖြစ် နေခြင်း၊ မီးလောင်နေခြင်း၊ ဓါတ်ငွေ့စိမ့်နေခြင်းများ ဖြစ်နေတတ်သည်။ မီးလောင်နေသည်ကို တွေ့ပါက နိုင်လောက်လျှင် အမြန်ငြိမ်းသတ်ရန် ကြိုးစားပါ။ မိမိမနိုင်သည့်မီးဖြစ်ပါက မီးသတ်ဌာနသို့ အမြန်ဆုံးအကြောင်းကြားပါ။
o မိမိတို့ရှိနေရာသို့ အဆောက်အအုံများ၊ သစ်ပင်၊ ဓါတ်တိုင် စသည်တို့ ပြိုလဲကျလာမည့် အန္တရာယ်ကို လှည့်ပတ်စစ်ဆေးပါ။
အကယ်၍ သင်သည် အပြိုအပျက်များအောက် ရောက်နေပါက -
o အပြိုအပျက်များအောက် ရောက်နေသောကြောင့် တုန်လှုပ်ခြောက်ချားမနေပါနှင့်။ စိတ်အေးသက်သာထားပါ။ ကယ်မည့်သူ နှင့် မည်ကဲ့သို့ဆက်သွယ်ရမည်။ ဤအပြိုအပျက်များအောက်မှ မည်ကဲ့သို့ထွက်နိုင်မည်ကို ခေါင်းအေးအေးနှင့် စဉ်းစားပါ။
o အလင်းရောင်လာရာကို ဦးစွာရှာပြီး ထိုနေရာသို့ (စားပွဲ၊ ဘီရို စသောအရာဝတ္ထုများ အောက်မှ) တွားသွားရန် ကြိုးစားပါ။
o မှန်ကွဲ၊ ဖန်ကွဲ၊ ကြွေကွဲ၊ သွပ်ပြားစ၊ ဒါး စသည့် အန္တရာယ်ရှိသော ပစ္စည်းများ မိမိပတ်ဝန်းကျင်တွင် ရှိနေမနေ သေချာစွာ စစ်ဆေးကြည့်ရှုပါ။ ရှိနေလျှင် ဂရုတစိုက်ရှောင်ရှားပါ။
o ဖြစ်နိုင်သမျှ မတည်မငြိမ်၊ လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေသောနေရာမှ ဝေးရာသို့အမြန်ဆုံးထွက်ခွာပါ။
o လှေခါး၊ ဓါတ်လှေခါးစသည်တို့ကို တတ်နိုင်သမျှ မသုံးပါနှင့်။ ငလျင်ဒါဏ်ကြောင့် ကျိုးပျက်နေတတ်ပါသည်။
o ဓါတ်ငွေ့ရှိမရှိ မီးခြစ်ပြီးစမ်းခြင်း၊ မီးခလုတ်များကို ဖွင့်ခြင်း၊ ဓါတ်ငွေ့ခလုတ်များကို စမ်းသပ်ဖွင့်ကြည့်ခြင်းများ လုံးဝမလုပ်ပါနှင့်။
o မလိုအပ်ပဲ အသားကုန်မအော်ပါနှင့်။ ဤကဲ့သို့အော်ခြင်းဖြင့် ဖုံ၊ အမှုန်များ အသင့်နှာခေါင်း၊ ပါးစပ်များအတွင်း ၀င်ကာ အသက်ရှူခြင်းကို ထိခိုက်နိုင်သည်။
o ရနိုင်ပါက ၀ီစီမှုတ်ခြင်း၊ ပိုက် စသည့် အသံမည်စေနိုင်သည့်အရာများကို ခေါက်ခြင်း၊ ဓါတ်မီးထိုးခြင်းဖြင့် ကယ်ဆယ်ရေး လုပ်သားများကို အချက်ပေးပါ။
o သင့်တွင် သွေးထွက်နေသည့် ဒါဏ်ရာရခဲ့ပါက သွေးထွက်နည်းနိုင်သမျှနည်းစေရန် ဒါဏ်ရာကို လက်ဖြင့်ဖိထားပါ။
၆။ ရေကြီးခြင်း
ယခု ၂၀၁၁ ခုနှစ်အတွင်း၌ပင် မြန်မာနိုင်ငံအနှံ့ ရေကြီးခဲ့ပါသည်။ ပဲခူးရေဘေး၊ တောင်ငူရေဘေး၊ ဟင်္သာတရေဘေး၊ ပခုက္ကူ ရေဘေးများအတွင်း လူများသေကျေပျက်စီးခဲ့ပြီး ပစ္စည်းဥစ္စာများစွာ ဆုံးရှုံးခဲ့ရပါသည်။
သို့အတွက် ရေလွှမ်းသောအခါများ၌ လူအသေအပျောက် နည်းနိုင်သမျှနည်းအောင်၊ အပျက်အစီး နည်းနိုင်သမျှနည်းအောင် အာဏာပိုင်များဘက်မှ စီမံကိန်းများချကာ အရေးတယူဆောင်ရွက်ရန် လိုပါသည်။ ဖြစ်လာမှ ထလုပ်ခြင်းကား ရေကြောင့် ပျက်စီးနှင့် သေကြေနှင့်သည့်အရာများကို မကူနိုင်၊ မကယ်နိုင်တော့။ ကျန်နေသူများကိုသာ အနည်းအကျဉ်း ကူညီပေး၍ ရနိုင်ပေမည်။
အခြားနိုင်ငံအစိုးရများတွင် ရေကြီးလျှင် မည်ကဲ့သို့လုပ်ရမည်ကို စနစ်တကျ စီမံချက်ချလုပ်ထားတာ တွေ့ရပါသည်။ ဤစာ တမ်းများကို အင်တာနက်မှ download လုပ်ယူဖတ်ရှုနိုင်ပါသည်။ နှစ်စဉ်ရေလွှမ်းမိုးမှုဘေးကို ကြုံတွေ့နေရသော မြန်မာနိုင်ငံ တွင်လည်း ရေလွှမ်းမိုးမှု အရေးပေါ်စီမံချက်များ ချမှတ်လုပ်ဆောင်ရန် လိုနေပါပြီ။ တာဝန်ရှိသူ လူကြီးမင်းများ ယခုကပင် ထလုပ်ကြပါဟု တိုက်တွန်းလိုက်ရပါ၏။
ဤနေရာတွင် အစိုးရပိုင်းက ကြိုတင်ဆောင်ရွက်ရမည့် ရေကာတာများဆောက်လုပ်ခြင်း၊ (ရေကာတာဟူသည် ဆည်ကို ပြောခြင်းမဟုတ်၊ ဧရာဝတီတိုင်းမှ မြို့ကြီးများတွင် တွေ့ရတတ်သည့် မြစ်ရေများ မြို့တွင်းဝင်မလာနိုင်စေရန် ဖို့ထားသော ရေကိုကာသည့် တာကြီးများ ဖြစ်ပါသည်။ ဟင်္သာတမြို့တွင် ဤကဲ့သို့ ရေကာတာကြီးများအား တစ်မြို့လုံးပတ်လျှက် ဖို့ထားသည်ကို တွေ့နိုင်ပါသည်။) ရေနုတ်မြောင်းများချဲ့ခြင်း၊ ပြုပြင်ခြင်း စသည်တို့ကို ဖော်ပြရန်မဟုတ်ပါ။ ယခုဖော်ပြမည်မှာ ရေကြီးလာလျှင် ပြည်သူများအနေနှင့် ဘာတွေလုပ်ရမည်ဆိုသည်ကိုသာ အသိပညာပေးလိုရင်း ဖြစ်ပါသည်။ အင်တာနက်တွင်ရှာလို့ရသော အချက်အလက်များမှာ ရေလျှံမှုကို မည်ကဲ့သို့ကြိုတင် စီစဉ်ရမည်၊ ကာကွယ်ရမည်ကို အစိုးရပိုင်းနှင့် အင်ဂျင်နီယာများ တွက်ချက်ထားမှုများသာများပြီး လုပ်သားပြည်သူများအနေနှင့် မည်ကဲ့သို့ ဆောင်ရွက်ရမည် ကိုမူ ဖော်ပြထားသော စာအုပ်စာတမ်းများမှာ အလွန်နည်းပါသည်။
ရှိသောစာအုပ်များမှာလည်း အမေရိကန်၊ ကနေဒါ၊ သြစတေးလျ စသောနိုင်ငံကြီးများက ပြုစုထားသော စာစောင်များဖြစ်ရာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အသုံးမတည့်။ ထို့ကြောင့် အခြားအချက်များရေးရန် လွယ်ကူသော်လည်း ရေကြီးရေလျှံမှု အတွက် မနည်းရှာယူရပါသည်။ စင်ကာပူ Emergency Handbook မှ ရေကြီးသည့်အရေးပေါ် စီမံချက်သည်လည်း ကျွန်တော်တို့အတွက် အသုံးမတည့်ပါ။
ယခု ကျွန်တော်ကောက်နုတ်ဘာသာပြန်ထားသည်မှာ Flood Preparedness Planning, Flood Waters Pose Health Risks, WHO မှထုတ်သော Flooding and Communicable Diseases စသော စာအုပ်များနှင့် အခြား website များမှ ရသမျှကို မြန်မာနိုင်ငံနှင့်ဆီလျော်အောင် ပြန်လည်ပြုပြင်ရေးသားထားခြင်း ဖြစ်ပါသည်။
ရေလျှံခြင်းမဖြစ်မီ ကြိုတင်စီမံထားရမည့်အရာများ -
· ရာသီဥတုအခြေအနေ ဆိုးလာပြီဆိုသည်နှင့် မိုးလေ၀သသတင်းကို မပြတ်နားစွင့်နေပါ။
· မိုးလေ၀သအခြေအနေ စိုးရိမ်ရသည်ဆိုသည်နှင့် အခြောက်အခြမ်း စားစရာ၊ သောက်စရာများ၊ အ၀တ်အနည်းငယ်၊ ဆေးဝါးများ၊ လက်နှိပ်ဓါတ်မီး၊ ဓါတ်ခဲများ၊ မီးခြစ်၊ ဖယောင်းတိုင် စသည်တို့ကို အရေးဟေ့ဆိုလျှင် ကောက်ဆွဲသွား နိုင်ရန် အဆင်သင့်ထုပ်ပိုးထားပါ။
· ရွှေငွေ၊ အရေးကြီးစာရွက်စာတမ်းများကို ရေလုံသည့် ပလတ်စတစ်အိတ်အတွင်းထည့်ကာ အချိန်မရွေး ကောက်ယူသွားနိုင်ရန် မိမိနှင့်လက်တစ်ကမ်း၌ထားပါ။
· ခိုင်မာသောကြိုးကြီးတစ်ချောင်းနှစ်ချောင်းကိုလည်း ရှာထားပါ။ ပစ္စည်းများကို ချည်နှောင်ထားနိုင်သလို မိမိတို့ ရေမျောမည့် အန္တရာယ်နှင့် ကြုံလျှင်လည်း အသုံးနိုင်သည်။
· ရေလျှံလျှင်မည်သည့်နေရာသို့ သွားရောက်ရှောင်တိမ်းရမည်ကို ကြည့်ထားပါ။ (ရေမမြုပ်နိုင်သော ကုန်းမြင့်အရပ်)
· ရှိနိုင်လျှင် ရှေးဦးသူနာပြုသေတ္တာကို အဆင်သင့်ဆောင်ထားပါ။
· ရေတက်မည့်အရိပ်အရောင်ရှိပြီဆိုသည်နှင့် အိမ်မှ ပရိဘောဂ၊ ကုတင် စားပွဲစသည်တို့ကို အုတ်ခဲ စသည်တို့ခုကာ မြှင့်ထားနိုင်ပါသည်။ လျှပ်စစ်ပစ္စည်းများကို ဘီရိုကဲ့သို့သော အမြင့်များပေါ် တင်ထားပါ။
ရေတက်လာပြီဆိုလျှင် -
· လျှပ်စစ်မီးခလုတ်၊ ဓါတ်ငွေ့မီးဖိုခလုတ်စသည်တို့ကို အားလုံးပိတ်ပါ။
· မိမိအိမ်သည် ရေမလွတ်နိုင်ဟု ထင်ရပါက လိုအပ်သည်ပစ္စည်းများ အလျှင်အမြန်ယူကာ အိမ်သားအားလုံးကို စုရုံးစေလျှက် ကုန်းမြင့်ရှိရာ အမြန်ပြောင်းရွှေ့ပါ။
· မိမိမသိသောနေရာ၊ ရေနက်မည်ထင်ရသည့်နေရာ၊ ရေစီးသန်သောနေရာ၊ အန္တရာယ်ရှိနိုင်သည့်နေရာများကို ရှောင်ပါ။
· မိမိလုံခြုံရာရောက်ပြီဆိုလျှင် အခြားသူများကိုလည်း ကြည့်ပါ။ အကူအညီလိုသူများအား မိမိကိုယ်ကိုယ် အန္တရာယ်မဖြစ်စေဘဲ အကူအညီပေးပါ။
ရေတက်နေစဉ် -
· ရေကိုကြိုချက်၍ သောက်ပါ။
· အစားအသောက်များကို ဖုံးအုပ်ထားပါ။ သေချာစွာ ချက်ပြုတ်စားပါ။ အစိမ်းစားခြင်း၊ ယင်နားစာ စသည်တို့ကို ရှောင်ပါ။
· လျှံနေသောရေထဲတွင် ကလေးများဆော့ကစားခြင်းကို ခွင့်မပြုပါနှင့်။ ထိုရေထဲတွင် ရောဂါပိုးများ ပါလာတတ်သည်။
· ရေလျှံခြင်းနှင့်အတူ ၀မ်းပျက်ဝမ်းလျှောရောဂါလည်း ဖြစ်တတ်သဖြင့် ကလေးများကို အထူးဂရုစိုက်ပါ။
ရေကျသွားလျှင် -
· ရေနှင့်အတူ မြွေ၊ ကင်း စသည်တို့မျောပါလာတတ်ပြီး ရေကျသွားလျှင် အိမ်များအတွင်း ခိုအောင်းကျန်နေတတ် သည်။ ထို့ကြောင့် ရေကျသွားပြီး အိမ်အတွင်း ၀င်တော့မည်ဆိုလျှင် အိမ်မှချောင်ကြိုမြောင်ကြားအားလုံးကို တုတ်ဖြင့်ရိုက်ကာ မြွေ၊ ကင်းစသည်တို့ကို ချောက်လှန့်မောင်းထုတ်ပါ။ အထူးသဖြင့် အိုးများ၊ ဖျာလိပ်များ၊ မွေ့ယာများ၊ အ၀တ်ထုတ်များ၊ ဘီရိုအောက်များ၊ ထုပ်တန်းများပေါ်တွင် ခွေနေတတ်သည်။
· ရေမြောင်း၊ ချောင်းမြောင်းများသို့ မသွားပါနှင့်ဦး။
· ကလေးများကို ရေထဲတွင် ဆော့ကစားခြင်း မပြုပါစေနှင့်ဦး။
· ဓါတ်ကြိုးများ ပြတ်ကျ၊ ပျက်စီးနေတတ်သဖြင့် မီးဖွင့်ခြင်း၊ လျှပ်စစ်ပစ္စည်းများ သုံးခြင်းတို့ကို ချက်ခြင်းမပြုပါနှင့်။
· ရေစိုကာပျက်စီးနေသော အစားအသောက်၊ ရေ စသည်တို့ကို စားသုံးခြင်းမပြုပါနှင့်။ ရေထဲတွင် ရောဂါပိုးများ ပါလာတတ် သဖြင့် ထိုရောဂါပိုးများသည် အစားအသောက်များ၌ တွယ်ကပ်နေတတ်သည်။
· ရေကိုကြိုချက်သောက်ပါ။
ကြက်ခြေနီ၊ အရံမီးသတ်၊ လူမှုရေးအဖွဲ့များ၏ အကူအညီဖြင့် ရပ်ရွာလူကြီးတို့ ပြင်ဆင်ထားရန် လိုအပ်ချက်များ -
o အရေးကြုံလာလျှင် ရပ်ရွာလူထုအတွက် အဆင်သင့်ဖြစ်နေစေရန် ကြက်ခြေနီ၊ အရံမီးသတ်စသော လူမှုရေးအဖွဲ့များ အကူအညီဖြင့် ရပ်ရွာလူကြီးများသည် အောက်ပါတို့ကို ကြိုတင်ပြင်ဆင်ထားရပါမည်။
o ကုန်းမြင့်နေရာများကို ရွေးချယ်ကာ လူအများနေနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားပါ။
o သောက်ရေ၊ ဆန်အိတ်၊ ဆီပုံး၊ ပဲအိတ်၊ ဆား၊ ငါးပိ၊ ငါးခြောက် စသည့် အစားအသောက်၊ အခြောက်အခြမ်းများကို စုဆောင်းကာ ထိုကုန်းမြင့်နေရာများတွင် လေလုံမိုးလုံ အမိုးအကာလုပ်ကာထားပါ။
o လုပ်သားပြည်သူများအားလည်း မိုးလေ၀သနောက်ဆုံးသတင်းကို အမြဲထုတ်ပြန်ကြေငြာနေပါ။
o ရှေးဦးသူနာပြုသေတ္တာ၊ ဆေးဝါးများစုဆောင်းပြီး လိုအပ်လျှင် အဆင်သင့်ရနိုင်စေရန် ပြင်ဆင်ထားပါ။
o ကယ်ဆယ်ရေးအဖွဲ့များဖွဲ့ပြီး တာဝန်များ သတ်သတ်မှတ်မှတ်ပေးပါ။ ဥပမာ - ကလေးနှင့် လူကြီးသူမများ ကယ်ဆယ်ရေးအဖွဲ့၊ သဲအိတ်များ စုဆောင်းနေရာချထားရေးအဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ အစားအသောက် စုဆောင်းရေးအဖွဲ့၊ တဲဆောက်လုပ်ရေးအဖွဲ့ စသည်။
o ဤအဖွဲ့များကို တကယ်ရေလျှံလာလျှင် အဆင်သင့်ဖြစ်နေစေရန် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ထားပါ။ ဥပမာ - တဲထိုးနည်း၊ ရှေးဦးသူနာ ပြုစုနည်း၊ လှေလှော်နည်း။
o ရေလျှံလာလျှင် သုံးနိုင်ရန် လှေ၊ ၀ါးဖောင်စသည်တို့ အဆင်သင့်ပြုလုပ်ထားပါ။
o ရေဘေးကြုံလာလျှင် စိတ်အားမငယ်ကြရန်၊ အထိတ်တလန့်မဖြစ်ကြရန် အားပေးရမည့် အစီအစဉ်များကိုလည်း စနစ်တကျ ပြင်ဆင်ထားပါ။
o အခြားရွာ၊ အဖွဲ့များနှင့် အဆက်ပြတ်မနေစေရန် ဆက်သွယ်ရေးနည်းလမ်းများကိုလည်း ကြိုတင်ကြံဆထားပါ။
ရေလျှံခြင်း အရေးပေါ်စီမံချက် အချုပ်
o ရေလျှံလာလျှင် လိုအပ်မည့် စားစရာသောက်စရာ ဆေးဝါးများကြိုတင်ပြင်ဆင် စုဆောင်းထားပါ။
o ကယ်ဆယ်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင် လေ့ကျင့်ထားပါ။
o နောက်ဆုံးထုတ်ပြန်သည့် ရာသီဥတု သတင်းကို လူထုသို့ အမြဲသတင်းပေးနိုင်ရန် စီမံထားပါ။
o ရေလျှံလာသည်နှင့် ချက်ခြင်းကယ်ဆယ်ရေးလုပ်ငန်းများလုပ်နိုင်ရန် တပ်လှန့်ထားပါ။
o အချင်းချင်း အဆက်အသွယ်မပြတ်စေရန် စီမံထားပါ။
o ရေကျသွားလျှင် လုပ်ရမည့် လုပ်ငန်းများကို ကြိုတင်စီစဉ်ထားပါ။
ရေလျှံခြင်းနှင့်အတူ ပါလာတတ်သောရောဂါများ
o ရေလျှံလျှင် အိမ်သာစသော အညစ်အကြေးများအားလုံးသည် လျှံသည့်ရေနှင့်အတူ ပါလာသည့်အတွက် ရေလျှံသည့်အခါ ထိုရေကို အထူးသဖြင့် သတိထားရပါမည်။
o လျှံသည့်ရေနှင့် အစားအသောက်၊ ရေ၊ အ၀တ်အစား၊ အသုံးအဆောင် စသည်တို့ကို မထိပါစေနှင့်။ မလွှဲမရှောင်သာ၍ ထိုရေအတွင်းဆင်းရလျှင် ရေသန့်နှင့် ရေချိုးပစ်ပါ။ ဒါဏ်ရာရှိပါကလည်း ထိုရေနှင့် မထိပါစေနှင့်။ အကယ်၍ ထိခဲ့လျှင် မေးခိုင် ကာကွယ်ဆေးထိုးရန် လိုပါသည်။
o လျှံနေသောရေနှင့်အတူ အိမ်သာအညစ်အကြေးရေများသည် သင့်အိမ်အတွင်း ၀င်လာတတ်သည်။ ထို့ကြောင့် ဆိုဖာ၊ ကော်ဇော၊ ခန်းဆီး၊ စသည့်ရေစုပ်တတ်သည့် ပစ္စည်းများကို တတ်နိုင်သမျှ အမြင့်တွင် တင်ထားပါ။ အိမ်ထောင်ပရိဘောဂ၊ အိမ်ကြမ်းပြင်၊ နံရံစသည်တို့ကို ရေကျလျှင်ကျချင်း ရေသန့်နှင့်ဆေးကြောပါ။
o ရေလျှံလျှင်ဖြစ်တတ်သော ရောဂါများမှာ ရေကြောင့်ဖြစ်သော ရောဂါများနှင့် ဗက်တီးရီးယားများကြောင့် ဖြစ်သော ရောဂါများ ဖြစ်၏။
o ရေကြောင့်ဖြစ်သော ရောဂါများတွင် အူယောင်ငန်းဖျား၊ ကာလ၀မ်းရောဂါ၊ အသည်းရောင် အသားဝါ စသည်တို့ ဖြစ်ပါသည်။
o ဗက်တီးရီးယားကြောင့်ဖြစ်သော ရောဂါများတွင် ငှက်ဖျား၊ dengue haemorrhagic fever, yellow fever စသည်တို့ ပါဝင် ပါသည်။
o ထို့ကြောင့် အစားအသောက်နှင့်ရေများကို အထူးဂရုစိုက် ကိုင်တွယ် စားသောက်ကြရန် အရေးကြီးပါသည်။
၇။ မုန်တိုင်းတိုက်ခြင်း
မုန်တိုင်းမကျမီ -
o မိုးဦးကျ ကာလများတွင် မုန်တိုင်းသတင်းကို မပြတ်နားစွင့်နေပါ။
o မုန်တိုင်းသတင်း ကြားရပြီဆိုသည်နှင့် အောက်ပါအစီအမံများကို ချက်ခြင်းလုပ်ပါ။
o မုန်တိုင်းကြောင့် ပျက်စီးပျောက်ရှနိုင်သည်များကို စစ်ဆေးကြည့်ရှုပြီး ကြိုတင်ကာကွယ်မှုများ လုပ်ထားပါ။
o ၀ရံတာရှိ ပန်းအိုးများကို အိမ်တွင်းသွင်းခြင်း၊ အိမ်အနီး သစ်ပင်ကြီးများရှိလျှင် အိမ်ပေါ်မိုးကျနေသော အကိုင်းများကို ချိုင်ထားခြင်း။ ရေတွင်းရှိလျှင် ရေတွင်းများကို မိုးကာထားခြင်း၊ ကျွဲနွားတင်းကုပ်များ ခိုင်ခံ့အောင် ပြန်လည် ပြင်ဆင်ခြင်း၊ ပြူတင်းပေါက်များ ခိုင်မာအောင် ပြန်လည်ပြင်ဆင်ခြင်း၊ လေတိုက်၍ လွင့်ပျံသွားနိုင်သော ပန်းချီကား၊ ခန်းဆီး၊ လိုက်ကာ စသည်တို့ကို ဖြုတ်ပြီး စနစ်တကျထုပ်ပိုးခြင်းများ လုပ်ပါ။
o အရေးကြီးသော ရွှေငွေလက်ဝတ်လက်စားများ၊ စာရွက်စာတမ်းများကို ရေလုံသည့် ပလတ်စတစ်အိတ်နှင့် ထုပ်ပြီး အလွယ် တကူယူသွားနိုင်မည့်နေရာတွင် ထားပါ။
o အရေးပေါ်အိတ်ကို ပစ္စည်းများစစ်ဆေးပြီး ဆေးဝါးစသည့် လိုအပ်သည့်ပစ္စည်းများ ထပ်မံဖြည့်တင်းပါ။
o အရေးပေါ်ဖုံးနံပတ်များကို မှတ်ထားပါ။ လက်ကိုင်ဖုံးကို ဘက်ထရီဖြည့်ထားပါ။
o မိမိအိမ်သားများအတွက် အရေးပေါ်ကယ်ဆယ်ရေး အစီအမံများ ကြိုတင်စီမံထားပါ။ အရေးပေါ်ထွက်ပေါက်ကို ကြည့်ထားပါ။
မုန်တိုင်းကာလအတွင်း လိုအပ်မည့် ပစ္စည်းများ
o တစ်မိသားစုလုံး အနည်းဆုံး ၅ ရက်မျှ သောက်နိုင်မည့် သောက်ရေ။
o တစ်ပတ်စာ ဆန်၊ ဆီ၊ ငါးပိ၊ ငါးခြောက်၊ ဆား၊ ဘီစကစ်၊ ခေါက်ဆွဲခြောက်စသည့် စားစရာသောက်စရာများ။
o ရှေးဦးသူနာပြုသေတ္တာ၊ လက်နှိပ်ဓါတ်မီး နှင့် ဓါတ်ခဲများ။ ရေဒီယို။
o ကလေးသူငယ်ရှိသူများ။ ကလေးအတွက် လိုအပ်မည့်ပစ္စည်းများ။
o အ၀တ်အထည်၊ စောင် စသည်။
o ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ စသည့်တစ်ကိုယ်ရေ အသုံးအဆောင်များ။
o မလိုအပ်သည်များ မယူပါနှင့်။ ၀န်ထုပ်ဝန်ပိုးဖြစ်တတ်သည်။ လိုသမျှသာ ယူပါ။
မုန်တိုင်းတိုက်နေစဉ် -
o အိမ်တွင်း၌သာ နေရပါက -
o ရေဒီယိုကိုဖွင့်ပြီး မုန်တိုင်းသတင်းကို မပြတ်နားစွင့်နေပါ။
o ပြူတင်းပေါက်၊ တံခါးစသည်များကို ပိတ်ထားပါ။ လိုက်ကာများကို ပိတ်ထားပါ။
o မီးခလုတ်အားလုံးကို ပိတ်ပါ။ လျှပ်စစ်မိန်းခလုတ်ကို ချထားပါ။ ဓါတ်ငွေ့အိုး ခလုတ်များကို ပိတ်ပါ။
o မီးသတ်ဘူးကို လက်လှမ်းမီသည့်နေရာတွင် ထားပါ။
o လက်နှိပ်ဓါတ်မီး၊ ရှေးဦးသူနာပြုသေတ္တာ၊ ရေ စသည်တို့ကို လက်တစ်ကမ်းတွင် ထားပါ။
o အပြင်သို့လုံးဝမထွက်ပါနှင့်။ ကလေးများ၊ သက်ကြီးရွယ်အိုများကို မပြတ်စောင့်ကြည့်နေပါ။ သူတို့အား မကြောက်လန့်ရန် အားပေးပါ။
o ညှော်နံ့၊ မီးလောင်ခြင်း၊ ဓါတ်ကြိုးများပြတ်ကျခြင်း စသည်တို့ရှိမရှိ အမြဲစစ်ဆေးနေပါ။ ၀ါယာရှော့ဖြစ်ပြီး မီးလောင်တတ်သည်။
o အကယ်၍ မီးကိုတွေ့ပါက ချက်ခြင်းငြိမ်းသတ်နိုင်အောင် ကြိုးစားပါ။
o မုန်တိုင်းပိုဆိုးလာပါက စားပွဲအောက် စသည်တို့တွင် ၀င်နေပါ။
မုန်တိုင်းလွန်မြောက်သွားပါက -
o ပြူတင်းပေါက် မှန်များကွဲနေမနေ၊ သစ်ပင်များ လဲနေမနေစသည့် အပျက်အစီးများကို စစ်ဆေးပါ။
o လျှပ်စစ်မီးခလုတ်ကို ချက်ခြင်းမဖွင့်ပါနှင့်။ မုန်တိုင်းဒါဏ်ကြောင့် ဓါတ်ကြိုးများပြတ်ကာ ရှော့ဖြစ်နေတတ်သည်။
o အပြင်ထွက်လျှင် လမ်းပေါ်ပြတ်ကျနေသော ဓါတ်ကြိုး၊ လဲကျနေသော သစ်ပင်၊ အမြင့်တစ်နေရာတွင် တင်နေတတ်သည့် သွပ်ပြား၊ လဲကျခါနီးဓါတ်တိုင်၊ တယ်လီဖုံးတိုင် စသည့် အန္တရာယ်များကို ရှာဖွေပါ။ သက်ဆိုင်ရာကို အကြောင်းကြားပါ။
o မီးကြိုးများ၊ မီးခလုတ်များပျက်စီးနေလျှင် ပြင်ရန် မကြိုးစားပါနှင့်။ လျှပ်စစ်ဌာနကို အကြောင်းကြားပါ။
o အခြား အကူအညီလိုနေသူများ ရှိမရှိ စုံစမ်းပြီး အကူအညီလိုသူများရှိလျှင် ၀ိုင်းဝန်းကူညီပေးပါ။
နိဂုံး
ယခု စင်ကာပူ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (SCDF - Singapore Civil Defence Force) မှ ထုတ်ဝေသော EMERGENCY HANDBOOK အား အခြေခံကာ အရေးပေါ်လက်စွဲစာအုပ်ကို ပြုစုလိုက်ပါပြီ။
ဤစာအုပ်ပါ အချက်အလက်များကို သေသေချာချာ နားလည်သဘောပေါက်အောင်လေ့လာကာ လက်တွေ့လိုက်နာကျင့်သုံး ခြင်းဖြင့် အရေးပေါ်လာလျှင် အခက်အခဲမရှိ၊ ပူပန်သောကရောက်စရာမလိုပဲ မိမိနှင့်တကွ မိမိမိသားစု။ မိမိအနီးပတ်ဝန်းကျင်ရှိ လူများကို ကယ်ဆယ်နိုင်ပါလိမ့်မည်။
သို့သော် စာဖတ်ရုံမျှနှင့် မလုံလောက်။ လက်တွေ့လေ့ကျင့်ဖြည့်ဆည်း ထားရန်လည်း လိုပါသည်။ မိမိနားမလည်လျှင် နားလည် တတ်ကျွမ်းသူများထံ ချဉ်းကပ်မေးမြန်း သင်ယူထားရပါမည်။
မူလက ရေပြတ်လတ်ခြင်းအတွက် အရေးပေါ်စီမံချက်ကိုပါ ထည့်သွင်းရေးသားရန် ဖြစ်သော်လည်း အင်တာနက်မှရသော အချက်အလက်များမှာ ကျွန်တော်တို့နိုင်ငံနှင့် မကိုက်ညီပါ။ ရေပြတ်လတ်ခြင်းကိစ္စမှာ အစိုးရပိုင်းမှ စီမံချက်များချကာ ကြိုတင်ပြင်ဆင်မှုများ လုပ်ရပါမည်။ ဤစီမံချက်များအကြောင်းကိုမူ ဤစာအုပ်၌ ချန်ထားခဲ့ပါသည်။
ဤစာအုပ်က အဓိက ပေးချင်သော ဗဟုသုတ အသိပညာများမှာ အရေးကြုံလာလျှင် လူထုအနေနှင့် မည်ကဲ့သို့ ဆောင်ရွက်ရမည်နည်း ဆိုတာသာ ဖြစ်ပါသည်။
ရေပြတ်လတ်ခြင်းအတွက် ဆောင်ရွက်ရန်နည်းလမ်းမှာ ရေကန်များဆောက်ကာ မိုးရေများကို ရသမျှသိုလှောင်ထားရန် ဖြစ်ပါသည်။ သို့သော် ဆင်းရဲလှသော ကျေးလက်နေပြည်သူတို့အဖို့ ရေပြတ်မည်၊ မပြတ်မည် မသေချာပဲ ငွေအကုန်အကျခံ ကာ ရေကန်များဆောက်ခြင်းသည် လက်တွေ့ဆန်ပါ၏လော ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါသည်။ အလှူရှင် အဖွဲ့အစည်းများ က လာဆောက်ပေးသွားလျှင်တော့ အတိုင်းထက် အလွန်ဖြစ်ပါ၏။ သို့သော် မိုးရေကို မည်ကဲ့သို့ခံယူမည်နည်း။ ဤရေကို ကြာရှည်ခံအောင် မည်ကဲ့သို့လုပ်မည်နည်း။ ခြင်များမပေါက်ဖွားအောင် ကာကွယ်နိုင်ပါမည်လော စသည်တို့မှာ နောက်ဆက်တွဲ ပြဿနာများဖြစ်သဖြင့် ဤစာအုပ်၌ ထည့်သွင်းမရေးသားခြင်း ဖြစ်ပါသည်။
မူရင်း စင်ကာပူ Emergency Handbook စာအုပ်တွင် မီးပြတ်ခြင်း၊ မြေပြိုခြင်း၊ ဆူနာမီလာခြင်း၊ စစ်ဖြစ်လာလျှင် လုပ်ဆောင်ရ မည့် အရေးပေါ်နည်းလမ်းများ၊ အကြမ်းဖက်သမားများ၏ တိုက်ခိုက်နည်းမျိုးစုံ (ဓါတုဗေဒနည်း၊ ဇီဝဗေဒနည်း၊ ဗုံးထောင်ခြင်း၊ ဘက်တီးရီးယားပိုးဖြင့် တိုက်ခိုက်ခြင်း၊ ရေဒီယိုသတ္တုကြွဗုံးဖြင့်တိုက်ခိုက်ခြင်း) ဖြင့်တိုက်ခိုက်လာလျှင် မည်သို့လုပ်ဆောင်ရ မည်၊ မည်ကဲ့သို့ ပြင်ဆင်ထားရမည် စသည်တို့ကို သရုပ်ဖော်ပုံများဖြင့် အသေးစိတ် ဖော်ပြထားပါသည်။ သို့သော် ဤအရာများ မှာ မြန်မာနိုင်ငံအတွက် အသုံးတည့်မည်မထင်ပါသဖြင့် ချန်ခဲ့ပါသည်။
ဤစာအုပ်အတွက် ကျွန်တော်ယူငင်သုံးစွဲထားသော အင်တာနက် website များမှာ အတော်များပါသည်။ သို့သော် များများ စားစားမဟုတ်၊ ပုံကလေးတစ်ခု၊ စာတစ်လုံးစ နှစ်လုံးစမျှသာဖြစ်သဖြင့် အားလုံးကို ထည့်သွင်းမဖော်ပြတော့ပါ။ အချက်အလက် အတော်များများ ယူငင်ထားသော website များသာ ဖော်ပြထားပါသည်။
အေးငြိမ်း
Singapore Ministry of Manpower Registered Workplace Safety and Health Officer (WSHO)
Singapore Natrural Environment Agency Registered Environmental Control Officer (ECO)
Certified Occupational First Aider
Certified Confined Space Assessor
လိပ်စာ
Blk 663D, Jurong West Street 65
#15-233
Singapore 644663
Tel: (65) 97303027
Email: y_nyein@yahoo.com.sg
No comments:
Post a Comment