၂။ ဂျိုဟိုး
မလေးရှားဝင်ရန် ၃ ရက်အလိုတွင် Arrival card ကို မလေးရှား လ.ဝ.က website: https://imigresen-online.imi.gov.my/mdac/main ၌ လျှောက်ရ၏။ ထိုကတ်ကိုပါ print ထုတ်သွားပါ။
ပထမတော့ ဂျိုဟိုးကို ဘတ်စကားနှင့်သွားဘို့ စိတ်ကူးသေး၏။ အနီးအနား၌ CW6 နှင့် CW7 ဟု ဂျိုဟိုးသွားမည့် ဘတ်စ်ကား နှစ်စီးရှိ၏။ CW6 က အိမ်နားရှိ Jurong Point မှ စထွက်မည်ဖြစ်ပြီး CW7 က Tuas Check Point မှ ထွက်မည်။ MRT ကို ဂိတ်ဆုံးထိစီးပြီး Tuas Check Point တွင် CW7 ကိုစီးပါက တံတားကျော်လိုက်သည်နှင့် ဂျိုဟိုး ရောက်မည်။
နောက်တော့ ဘတ်စ်ကားဂိတ်ရောက်အောင် လပ်ဂိတ်ကြီးတွေနှင့်သွားရမှာ ဒွတ်ခများပါတယ်ကွာ။ တိုင်စီပဲ ခေါ်တော့မယ် ဆိုပြီး Spore è Johor တိုင်စီကို ဘွတ်ကင်လုပ်၏။ $50 ပဲပေးရသည့် ဆားဗစ်စ်က ဘွတ်ကင်ပြည့်နေလို့ခေါ်လို့မရတော့။
တခြားကုမ္ပဏီတွေအားလုံးက အနည်းဆုံး ၁၀၀။ တခြားလည်း ရွေးစရာမရှိတော့ ထို ၁၀၀ ကိုပဲ ရွေးလိုက်ရ၏။
လည်ဘို့ပတ်ဘို့ အချိန်ရအောင် စောစောထွက်ကြမယ် ဆိုပြီး မနက် ၅း၃၀ အိမ်ကထွက်ခဲ့ကြ၏။ စင်ကာပူ - မလေးရှား အဝင်အထွက် အကူးအပြောင်းမှာ အလွန်လွယ်ကူလှ၏။ မလေးရှားအဝင်မှာ ကျွန်ုပ်က အဆင်သင့်ပြင်ထားသည့် visa, arrival card, ပတ်စ်ပို့၊ PR, Student Pass အားလုံး ပေးလိုက်တော့ တိုင်စီပေါ်ကတောင် ဆင်းစရာမလို။ ကားမှန်လေးချ၊ မျက်နှာလေး ပြလိုက်ရုံနှင့် ကိစ္စပြီးတော့၏။
မနက် ၆း၁၅ တွင် တည်းခိုမည့် Double Tree ဟော်တယ်သို့ရောက်၏။ Check-in က ညနေ ၃ နာရီမှဆိုတော့ ဟော်တယ် တွင် အိတ်များထားခဲ့ကာ တိုင်စီငှားလျက် Lego Land သို့ ထွက်ခဲ့ကြ၏။ ဝေးလို့ ကျွန်ုပ်က သိပ်မသွားချင်။ သားက စလုံးကလူတွေဆို lego land ကို တကူးတကလာကြရတာ ဆိုသဖြင့် ကိုင်း၊ သွားကြသပေါ့ကွ ဆိုပြီး ထွက်ခဲ့ကြ၏။
ကျွန်ုပ်က ကားသမားကို သေသေချာချာ ပြောပါသည်။ ငါတို့ အခု မနက်စာစားကြမယ်။ ဆိုင်ကောင်းကောင်းလေးတစ်ခုကို ပို့ပေး။ စားပြီးတာနဲ့ lego land ကို ခရီးဆက်ကြမယ်။
အေဘေးက ဘယ်လိုတွေးသည်မသိ။
သည်လောက် စားသောက်ဆိုင်တွေ ပေါတာကို ဟို့ ဂျောင်ဂလောင်ထဲက ဆိုင်တစ်ခု ခေါ်သွား၏။ ဆိုင်က မဖွင့်သေးတာ လားမသိ။ ပိတ်ထား၏။ သို့နှင့် အတော်ဝေးသည့် နောက်တစ်နေရာ ခေါ်သွားပြန်၏။ ပိတ်ထားပြန်၏။ ထွက်စပြုနေပြီ ဖြစ်သော ကျွန်ုပ်ဒေါသကို သားက ထိန်းပေးရ၏။ ဖေရီး ခဏသည်းခံစောင့်။
အတော်ကြာကြာ မောင်းမိသော် တောင်ကုန်းလေးတစ်ခုပေါ်တက်သွားပြီး ရပ်လို့ ကြည့်လိုက်တော့ ကျွန်ုပ်တို့ရွာမှ မုန့်ဟင်းခါးဆိုင်ထက် မသာသော ဆိုင်တစ်ခုကို ရောက်၏။ ယင်းဂလစ်ရှ်လိုလည်း တစ်လုံးမှ မပြောတတ်။ သို့နှင့် သစ်သား သင်ပုန်းပေါ်ရေးထားတာတွေထဲက တစ်ခုကို မှာလိုက်၏။
အတန်ကြာသော် စွပ်ပြုတ်တစ်ခွက် လာချပေး၏။ သားက နည်းနည်းမြည်းကြည့်ပြီး မကြိုက် ဆိုသဖြင့် ကျွန်ုပ်က ငါ အကုန်သောက်မကွဟု ယူလိုက်၏။
ငင့် - ကြက်ခြေထောက် ၁၀ ချောင်းလောက်ကို ရွှံ့ရောင်အရည်များနှင့် ပြုတ်ထားတာဖြစ်၏။ သောက်ကြည့်လိုက်တော့ ဝေါ့စ်ခ်မ်ထ်။ ညှီကလည်းညှီ၊ အရသာကလည်းမကောင်း။ နောက်ပြီး ပန်းကန်ကြီးတစ်လုံး။ ကျွန်ုပ်မှာ ထိုပန်းကန်ကြီးကို စိတ်ပျက်လက်ပျက်နှင့် ကြည့်လျက် ကိုင်း ဖြစ်ချင်ရာဖြစ်ဆိုပြီး ကြက်ခြေထောက်များကို အောင့်အည်းကာ အကုန်စားပစ်လိုက်၏။ အရည်ကိုတော့ သဘောလောက်သာ သောက်နိုင်၏။
အစားအသောက်နှင့် ပတ်သက်၍ သားက zero to ten rating တောင်းလေ့ရှိရာ ဤအစားအစာကိုသာ ကျွန်ုပ် rating ပေးရလျှင် -10 ဖြစ်မည်။ ကျွန်ုပ်ကြုံခဲ့ရသော ထိုစွပ်ပြုတ်မှာ ကမ္ဘာ့အဆိုးရွားဆုံး အစားအသောက်များ၌ နံပါတ် (၁) မချိတ်လျှင်တောင် နံပါတ် (၂) တော့ သေချာပေါက်ချိတ်လိမ့်မည် ဖြစ်ကြောင်း ကျွန်ုပ် အာမခံပါ၏။ မလေးရှား၌ နေသည့်မိတ်ဆွေများ ထိုစွပ်ပြုတ်နာမည်သိလျှင် ပြောပြကြပါဘိ။
သားက ထသွားပြီး ကောင်တာမှာ ထမင်းနှင့် သိပ်မဆိုးလှဟု ထင်ရသော ဟင်းအနည်းငယ် မှာစား၏။
ကျွန်ုပ်မှာ သောက်သုံးမကျလှသော ဒရိုင်ဘာကို သချီးယိုးဒယားကသွားအောင် ၃ ချက်လောက် ရိုက်ပစ်လိုက်ချင်သော ဟူ၏။
ဤသည်မှာ ကျွန်ုပ်အမှားဖြစ်၏။
ဆိုင်အခြေအနေကြည့်လိုက်ကတည်းက သည်ဆိုင် ဟန်ကျမည်မဟုတ်မှန်း သိ၏။ သဟာနှင့်များတောင် တခြားဆိုင်ကို မပြောင်းဘဲ သည်ဆိုင်က အစားအစာကို ဇွတ်မှာခြင်းကား အလွန်ဆိုးရွားသော မိုက်မဲမှု ဖြစ်၏။ ကျွန်ုပ်အမှားပေါ်မှ မိတ်ဆွေတို့ သင်ခန်းစာ ယူကြပါ။
၂၊ ၁။ Legoland
Lego land က တော်တော်ဝေး၏။
ဟိုရောက်တော့ ပြင်ဆင်ထားတာလေးတွေ အတော် သဘောကျစရာကောင်းလှ၏။
ဝင်ဘို့လက်မှတ်ဝယ်တော့ - အောင်မငီး
တစ်ယောက်ကို RM249 ၊ ၃ ယောက်ဆိုတော့ RM735 ၊ ဖျား ဖျား
သားက ဖေရီး၊ စလုံးက ယူနီဗာဆယ်သွားရင် ရာကျော်ပေးရတာနော်။ စလုံးနဲ့စာရင် ဒါက အများကြီးသက်သာသေးတယ် ဆိုသဖြင့်သာ ခံသာတော့၏။
Lego land မှာ စိတ်ကူးကောင်းကောင်းနှင့် အတော်လေး ပြင်ဆင်ထားတာ ဖြစ်၏။ အရုပ်အားလုံးကို lego အံစာတုံး ကလေးများဖြင့် ဆောက်ထား၏။ အချို့အရုပ်ကြီးများမှာ အတော်ကြီး၏။ နိုင်ငံတော်တော်များများက land mark များကို တည်ဆောက်ပြထား၏။
အဝင်ဝတွင် ဆင်ရုပ်၊ မြင်းရုပ်၊ ပန်ဒါရုပ်။ နောက်ပြီး -
မလေးရှားက ဂျော့ချ်တောင်းနှင့် KL က ပက်ထရိုနာ့စ် တွင်တာဝါ
ရန်ကုန်က ကရဝိက်
အိန္ဒိယက တာ့ဂျ်မဟာ
ကမ္ဘောဒီးယားက အန်ကောဝပ်
ဗီယက်နမ်က ဟွိုင်အမ်
တရုတ်ပြည်က ဂရိတ်ဝေါ
လာအိုက ပါတူဆိုင်
ဘရူနိုင်းက စူလတန်မော့စ်
အင်ဒိုနီးရှားက ပူရာတာနာ
ဖိလစ်ပိုင်က ဘိုလီနာအို
စလုံးက ဖူလာတန်ဟော်တယ်နှင့် ပါလီမန်၊ တံတား (အားလုံးမဟုတ်၊ အတော်များများ ကျန်ပါသေးသည်) စသည်တို့ကို လဂိုအန်စာတုံးကလေးများနှင့် ဆောက်ထားသည်မှာ စိတ်ဝင်စားစရာကောင်းသလို ချစ်စရာလည်း ကောင်းလှ၏။
ကျွန်ုပ်တို့ ထိုနေရာတဝိုက်၌ သုံးလေးပတ် တဝကြီးလှည့်ပတ် ကြည့်ရှူကြ၊ ဓာတ်ပုံများလည်း ရိုက်ကြ၏။ ဓာတ်ပုံများမှာ အလွန်များလှ၍ ဤနေရာတွင် အကုန်မဖော်ပြတော့ပါ။
ထို့နောက်တွင်တော့ ရိုလာကိုစတာ စီးကြ၏။ စုစုပေါင်း ၃ ခုလား ၄ ခုလား မမှတ်မိတော့။ ကျွန်ုပ်တို့သားအဖကတော့ စီးလို့ရတာ အကုန်စီးလေ၏။ မေရီးကတော့ တစ်ခါတည်းစီးပြီး တပ်လန်သွားလေ၏။ ရထားလေးလည်း လှည့်ပတ် စီးကြ၏။
မလေးရှားရောက်လျှင် မဖြစ်မနေ သွားကြည့်ရမည့်နေရာများ၌ Legoland လည်း ပါ၏။ ပေးရတာနှင့် တန်သည် ဆိုရပါမည်။
ဤတွင် လမ်းကြုံ၍ ကျွန်ုပ်၏ နောက်ထပ် မိုက်မဲမှုတစ်ခုကို ဖောက်သည်ချပါရစေဦး။ အသင်တို့သည် ကျွန်ုပ်၏ အမှားမှ သင်ခန်းစာ ယူကြပါကုန်လော့။
Legoland က ဟို့အဝေးကြီးမှာဆိုတော့ ကားငှားဘို့ ခက်ခဲနိုင်သည်တွက်ပြီး ကျွန်ုပ်က တက္ကစီကို နာရီနှင့်ငှားသွား၏။ ဟိုကို တက္ကစီနှင့်သွားမည်။ ကျွန်ုပ်တို့လည်ပတ်နေစဉ် သူကစောင့်နေ။ ထိုတက္ကစီနှင့်ပင် ဂျိုဟိုးသို့ ပြန်လာမည်။ တစ်နာရီကို RM 80.
သွားတာ၊ စားတာ၊ ဟိုမှာလည်တာ၊ ပြန်လာတာ စုစုပေါင်း ၄ နာရီခွဲကြာ၏။ ဆိုတော့ တက္ကစီခတင် RM360 ပေးလိုက်ရ၏။ တကယ်ဆို Grab နှင့်သွားလျှင် ၁၀၀ တောင်မကုန်။ ဂျိုဟိုးပြန်ရောက်မှ Grab ခေါ်လို့ရမှန်းသိ၏။ လူမိုက်စ်
ဆိုတော့ Legoland အတွက်ပင် RM1000 လောက် ပြုတ်သွား၏။
ဆက်ပါဦးမည်။
အေးငြိမ်း
၂ ဒီဇင်ဘာ၊ ၂၀၂၄
No comments:
Post a Comment