၂၊ ၄။ မလက္ကာ
ကျွန်ုပ် အဘယ်ကြောင့် မလက္ကာကို အလည်သွားရန် ရွေးရပါနည်းဟူမူ မလက္ကာတို့ ပီနန်တို့မှာ ရှေးဟောင်းမြို့များဖြစ်၍ စာပေများထဲ၌သာ ဖတ်ဖူးပြီး တစ်ခါမှ မရောက်ဖူးသေးသောကြောင့် ဖြစ်၏။ ဖော်မိုဆာကို သွားကြည့်ချင်သည့်တိုင် အချိန်မရ၍ မရောက်ဖြစ်ခဲ့။
မလက္ကာမှာ မြန်မာပြည်က ဟင်္သာတ၊ ပျဉ်းမနားတို့ကဲ့သို့ တောမြို့ကလေး တစ်မြို့ဖြစ်၏။ စုတ်တာခြင်းလည်း တူ၏။ လမ်းများ/ပလက်ဖောင်းများမှာ ပေါက်ပြဲ ပျက်စီးလျက် သားက အောက်မှာ ချိုင့်ရှိတယ်၊ အပေါက်ရှိတယ်၊ ဒီမှာ အထစ်၊ ဒီမှာ ရေမြောင်း စသဖြင့် တစ်ချိန်လုံး သတိပေးလျက်ရှိ၏။ သူကသာ အဖေနှင့်အမေအတွက် စီးရီးယပ်စ်ဖြစ်နေသည်။ ရန်ကုန်နှင့် အသားကျနေသော ကျွန်ုပ်တို့အဖို့မူ အထူးအဆန်းမဟုတ်တော့ပါ။ ကျွန်ုပ်မှာ သားကိုကြည့်လျက် ပြုံးနေရ၏။ အနို့ သူက စင်ကာပူမှာ ကြီးပြင်းလာတာဆိုတော့ သည် ပလက်ဖောင်း အကျိုးအပဲ့၊ အပေါက်အပြဲများမှာ သူ့အတွက် အလွန် အန္တရာယ်များနေလေ၏။ လမ်းကူးတော့လည်း မကူးနဲ့အုံး၊ ကူးလို့ရပြီ နှင့် အစစ သူပဲ ဦးဆောင်နေလေ၏။ ငါတို့ ရန်ကုန်မှာ သည်လိုပဲ ကားရှင်းတာစောင့်ပြီး လမ်းကို အတင်းဖြတ်ကူးရတာ ရိုးနေပါပြီကွာ။ မျဉ်းကြားဆိုပေသိ ကားက ရပ်ပေးတာမဟုတ်။
မလက္ကာမြို့ကလေးမှာလည်း ချစ်စရာကောင်းပါသည်။ မြို့ထဲမှာပင် တောတောင် သစ်ပင်ပန်းမာလ်များရှိ၏။ နောက်တစ်ခု က Grab အလွန် ဈေးသက်သာခြင်းဖြစ်၏။ စင်ကာပူ၌ Grab စီးခဲ့သော ကျွန်ုပ်မှာ RM5, RM6 လောက်သာကျသင့်သော မလက္ကာက Grab ဈေးများကို မယုံနိုင်အောင်ပင် ဖြစ်မိ၏။ အဲလေ grab မစီးလည်း ဂျိုဟိုးမှာရော မလက္ကာမှာပါ ဘတ်စ်ကားဆိုလို့ ဟုတ်တိပတ်တိ မတွေ့မိပါ။ လွယ်ကူမြန်ဆန်သော အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် မရှိခြင်း သည်ပင် ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ လက္ခဏာတစ်ရပ် ဖြစ်ချေ၏။
နောက်နေ့ (07/11/2024) မနက်တွင် မလက္ကာတိရစ္ဆာန်ဥယျာဉ်ကို သွားကြ၏။ မလက္ကာတိရစ္ဆာန်ဥယျာဉ်သည်လည်း အတော်လေး စိတ်ဝင်စားစရာ ကောင်းပါသည်။ လိပ်များနှင့် ငှက်များကို ကိုယ့်လက်နှင့် အစာကျွေးလို့ရ၏။ မြွေများကို ကိုယ့်ခန္ဓာကိုယ်ပေါ် တင်၍ ကစားနိုင်၏။ ကျွန်ုပ်လည်း မြွေနှင့်ထိတွေ့ရတာ ဘယ်လိုနေမလဲဟု ကိုယ်ပေါ်တင်လျက် ကိုင်တွယ်ကြည့်ရှု၏။ အေးစက်စက်၊ ချောကျိကျိနှင့် အသည်းယားစရာဖြစ်၏။ ကန်မကလေးများမှာမူ မြွေခေါင်းကို ပွတ်သပ်လျက် ယဉ်ပါးနေကြပြီဖြစ်၏။
ပြီးတော့ ကြက်တူရွေးကလေးများကို ငှက်ပျောသီးကျွေးကာ ကိုယ်ပေါ် တင်နိုင်၏။ ကြက်တူရွေးကလေးများမှာ ဆံပင်၊ လည်ပင်း၊ နှုတ်ခမ်းမွေးနှင့် ကျွန်ုပ်၏ မျက်မှန်ကြိုးကိုပါ နှုတ်သီးကလေးများနှင့် တို့ဆိတ်ကြ၏။ ကြက်သီးမွေးညင်း ထစရာဖြစ်၏။ အစောင့်မိန်းကလေးက သူတို့က ချွေးလို ငန်ညိညိလေးတွေလည်း ကြိုက်တယ် ဟု ပြော၏။ ဘာဂုဏ် ပကာသနမှမရှိသော တိရစ္ဆာန်ကလေးများကို ချစ်ရတာ လူများကို ချစ်ရတာထက်ပိုကောင်းသည်ဟု ကျွန်ုပ်ထင်မိ၏။
စင်္ကာပူ Bird Park ၏ ငှက်ပြပွဲလောက်ပင် မခန်းနားလှသော်လည်း သူတို့က အကောင်ပလောင် ပိုစုံ၏။ သိန်းငှက်ကြီးများ၊ ငန်းများနှင့် တခြားအကောင်လေးများ တော်တော်များများ ပါ၏။ ငှက်ပြပွဲအချိန် (မနက် ၁၁ နာရီ) နှင့် ထိုနေရာသို့ ကျွန်ုပ်တို့ ရောက်သွားချိန် တိုက်ဆိုင်နေသဖြင့် ငှက်ပြပွဲကို ဝင်ကြည့်ခဲ့၏။ ပျော်စရာ ကောင်းပါသည်။ ၎င်းတို့ ပြခန်း ပြီးဆုံးသည့်အခါ ဖင်လေးများဘယ်ညာယမ်းလျက် ငှက်ကလေးများ ရှေ့နောက်တန်းစီပြီး လှုပ်တုတ်၊ လှုပ်တုတ်နှင့် အထဲ ဝင်သွားသည်မှာ တကယ့်ကို ချစ်စရာဖြစ်၏။
အကောင်သေးသေး၊ အမြီးပွပွ၊ နားရွက်အကြီးကြီးနှင့် ချစ်စရာ Fennec Fox ကိုလည်း တွေ့ခဲ့ရ၏။ နောက်ပြီး ဟိုတစ်နေ့က ကျွန်ုပ်ကြည့်ခဲ့သော ရုပ်ရှင်ထဲမှ Yeran ဆိုသည့် လူမဟုတ်၊ မျောက်ဝံမဟုတ်၊ လူနှင့်မျောက်ဝံအကြား သတ္တဝါကြီး (ဟုတ်ချင်လည်းဟုတ်မည်၊ ဟုတ်ချင်မှလည်း ဟုတ်မည်) ကို တွေ့ခဲ့၏။
ကျန်တာကတော့ အခြား တိရစ္ဆာန်ဥယျာဉ်များမှာ တွေ့ရသည့် ကျား၊ ကျားသစ်၊ ခြင်္သေ့၊ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်၊ နွားသိုး၊ မြင်း၊ မြည်း၊ လား၊ သစ်ကုလားအုတ်၊ ဖြူ၊ မိချောင်း။ ဥဒေါင်း၊ ကြက်တူရွေး၊ ငှက်ကုလားအုတ်၊ စာ၊ ကြိုးကြာ၊ Black Swan စသည့်ငှက်မျိုးစုံ။ မလက္ကာဇူးမှ ဆင်ကြီးများမှာ ဂျိုဟိုးဇူးမှ ဆင်များထက် ပိုဝ၏။ ဗမားပြည်မှ ဆင်များ နီးနီးပင် အသွေးအမွေး တောက်ပြောင်၏။ နောက်ပြီး ဘုရားသွားသည့်အခါ ငါ့နေ့နံဆိုပြီး အသင်တို့ အများယောင်လို့ ယောင်၊ အမောင် တောင်မှန်းမြောက်မှန်းမသိ ရေများနှင့် ဖိလောင်းနေသည့် ပူးကလေးများကို တွေ့ရ၏။ ပူးကလေးများမှာ အတော်များ၏။ နှစ်ဒါဇင် လောက်ရှိမည်။
တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်လေ့လာကြသော မူလတန်းအရွယ် ကျောင်းသားကလေးများကိုလည်း တွေ့၏။ စုစုပေါင်း အုပ်စုသုံးစုဖြစ်၍ ကျောင်းသုံးကျောင်းက လာတာဖြစ်ပါလိမ့်မည်။
တိရစ္ဆာန်များသာမက သန်မာထွားကျိုင်းလှသော သစ်ပင်၊ ဝါးပင်ကြီးများမှာလည်း စိတ်ဝင်စားစရာ ကောင်းလှပါ၏။
တိရစ္ဆာန်ဥယျာဉ်တွင် ကျွန်ုပ်တို့ အချိန်အတော်ကြာအောင် လှည့်ပတ်ကြည့်ရှုခဲ့ကြ၏။
ထို့နောက် သိပ်မဝေးလှသော Chicken Rice ဆိုင်တွင် နေ့လယ်စာစားကြ၏။ ဆိုင်ဘေး ကပ်လျက်၌ Universal Studios Malaysia ရှိသော်လည်း အချိန်မရ၍ မဝင်ခဲ့တော့ပါ။
ထို့နောက် မလှမ်းမကမ်းရှိ Melaka Butterfly & Reptile Sanctuary သို့ လာခဲ့ကြ၏။
ဤနေရာတွင် လိပ်ပြာမျိုးစုံ၊ တွားသွားသတ္တဝါမျိုးစုံကို စုဆောင်းပြသထားရာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလှ၏။
လိပ်ပြာခြံထဲတွင် လိပ်ပြာကလေးများမှာ အမျိုးအပေါင်းစုံလင်စွာနှင့် အတော့်ကို များ၏။ လူနှင့်ယဉ်ပါးနေပြီဖြစ်၍ ကျွန်ုပ်တို့အပေါ်၌ လာရောက် နားခို၏။ ခေါင်းများ၊ ပုခုံး၊ မျက်နှာ၊ လက်မောင်း၊ ခြေထောက် နေရာပေါင်းစုံ၌ နား၏။ အချို့မှာ အတန်ကြာအောင်ပင် နားနေကြ၏။ အဝါရောင်၊ အပြာရောင်၊ မရမ်းစေ့ရောင်၊ အနီရောင်။ လိပ်ပြာပိစိ ညှောက်တောက်ကလေး၊ လိပ်ပြာငယ်၊ လိပ်ပြာလတ်၊ လိပ်ပြာမကြီးတကြီး၊ လိပ်ပြာကြီး စသည်ဖြင့် ရောင်စုံလှ၏။ အလွန် လှပသော လိပ်ပြာကလေးများပါပေတည်း။
တစ်နေရာတွင် လိပ်ပြာကလေးများ စုအုံ အစာစားနေကြ၏။ နာနတ်သီးကို အကွင်းလိုက် ခပ်ပါးပါးလှီးလျက် ချပေးထားရာ နာနတ်သီးနံ့လေးလည်း မွှေးလျက်ရှိ၏။ အစာစားရာမှာလည်း လုယက်မစားကြ။ ကိုယ့်နေရာကိုယ်၊ သူ့နေရာသူနားပြီး အေးအေးဆေးဆေး တမြုံ့မြုံ့ စားနေကြ၏။
လိပ်ပြာကလေးများ ပျံသန်းနေတာ၊ ကိုယ်ပေါ်လာနားတာ အလွန်ကြည်နူးစရာ ကောင်းလှပါပေသည်။ လိပ်ပြာကလေး များကို ကြည့်ရတာ အလွန်စိတ်ချမ်းသာလှ၏။ ကျွန်ုပ်နှင့်သားမှာ လိပ်ပြာတောထဲက တော်တော်နှင့် မထွက်နိုင်။ မလေးရှားရောက်လျှင် လိပ်ပြာဥယျာဉ်သို့ သွားကြည့်ကြပါရန် အထူးတိုက်တွန်းလိုက်ပါသည်။
တွားသွားသတ္တဝါများမှာလည်း အမျိုးစုံလှ၏။ လိပ်၊ မြွေအမျိုးမျိုး၊ ပင့်ကူအမျိုးမျိုး၊ ကင်းမြီးကောက်၊ ကင်းလိပ်ချောနှင့် အိမ်မြှောင်နွယ်ဝင် အကောင်များ၊ လင်းဆွဲ၊ ဘီတယ်ကို ဘယ်လိုခေါ်မတုံး (ကျွန်ုပ်တို့တောမှာတော့ နောက်ချေးပိုးထိုး ကောင် ဟု ခေါ်၏။ သို့သော် ဘီတယ်တိုင်း နောက်ချေးပိုးထိုးမဟုတ်ပါ။)၊ ပိုးဟပ်တွေတောင်ပါသေးသည်။
တိရစ္ဆာန်ဥယျာဉ်နှင့် လိပ်ပြာဥယျာဉ် နှစ်ခုနှင့်ပင် တစ်နေကုန်တော့၏။ ညနေကျတော့ သားရေ - Floating Market ဆိုတာ ရှိသကွ၊ အဲဒီ သွားကြရအောင်ဆိုကာ သွားကြ၏။ အမှန်မှာ Floating Market က Bay View နှင့် သိပ်မဝေး။ သို့သော်လည်း Grab ကလည်း စင်္ကာပူဘတ်စ်ကားခလောက်တောင် ဈေးမရှိတာနှင့် grab ခေါ်ကာ သွားကြ၏။
အတန်ငယ်စောသေးလို့လားမသိ၊ ဆိုင်များမှာ အစုံမထွက်သေး။ အချို့ဆိုင်များမှာတော့ မီးခိုးတထောင်းထောင်းနှင့် ကြော်လှော်၊ ဖုတ် နေကြပြီ။ အဲ့လယ် - Floating Market သာဆိုတာ ဘယ်ပေါ်မှလည်း ဖလုတ်မနေ။ ကုန်းပေါ်မှာ ဖြစ်၏။ ဖလုတ်တင်းမားကက် ဆိုတော့ ကျွန်ုပ်က ရေထဲမှာ လှေလေးတွေနှင့် ရောင်းနေတာထင်၏။ ကြော်ငြာပုံတွေမှာလည်း လှေလေးတွေနှင့် ပြထားတာဖြစ်၏။ စောနေသေးသဖြင့် ဆိုင်စုံအောင်စောင့်ရင်း ဟိုနားဒီနား လျှောက်ကြည့်တော့ မြစ်ထဲတွင် လှေကလေးများ အစီအရီရပ်ထားကာ Floating market လုပ်ထားတာ တွေ့ရ၏။ သို့သော် လှေများသာရှိပြီး ရောင်းသူဝယ်သူမရှိ။ သူ့ဟာက နေ့ဘက် ရေထဲမှာ ဖလုတ်ပြီး ညဘက် ကုန်းပေါ်တက် ဖလုတ်တာလားမသိ။
ကျွန်ုပ်တို့ထိုင်ပြီး များမကြာမီမှာပင် အနားကတိုင်ကြီးတွေမှာ တပ်ထားသည့် ဒန်အိုးဒန်ခွက်စက်ဝိုင်းကြီးများမှာ စတင် လည်လာလေ၏။ အဝိုင်းကြီးများမှာ တစ်တိုင်လျှင် ပက်တန်တစ်မျိုးစီနှင့် လည်နေလေရာ အလွန်လှ၏။ ဝိုးစ် . . .
ကျွန်ုပ်က သားကို ပြတော့ သူက အဲဒါ သင်္ချာညီမျှခြင်းတွေပဲ ဆို၏။ ဟုတ်တာပေါ့ကွ။ ဒါပေမယ့် ကဲကုလသင်္ချာပေါ့ လကွာ။ ကျွန်ုပ်တို့ပြောနေတာကို သူ့အမေက မျက်လုံးအပြူးသားနှင့် ကြည့်နေလေ၏။ ဘိုးသူတော့်စကားကို ဘိုးသူတော်များသာ နားလည်နိုင်ပေလိမ့်မည်။
အစားအသောက်များမှာမူ သိပ် အထွေအထူးမဟုတ်လှပါ။ ပါစာမာလမ် ညဈေးများ၌ တွေ့ရသော အစားအစာများပင် ဖြစ်၏။ အသားကင်မျိုးစုံ၊ အသားကိုတိုင်တွင်ဖောက်စွပ်ထားလျက် အပူပေးပြီး လှည့်ပေးကာ ဓားနှင့်လှီးချသော အသားကင်၊ ဘယ်လိုခေါ်သည် ကျွန်ုပ် မသိပါ။ ခေါက်ဆွဲကြော်မျိုးစုံ၊ တုံယမ်းစွပ်ပြုတ်၊ ဝက်သားစွပ်ပြုတ်၊ ငါးစွပ်ပြုတ်၊ ကြက်သားဆန်ပြုတ်၊ ငါးဆန်ပြုတ်၊ နာနတ်သီးထမင်းကြော်၊ ထိုင်းထမင်းကြော်၊ မလေးထမင်းကြော်၊ ရေခဲသုတ်မျိုးစုံ၊ အအေး၊ ဖျော်ရည်၊ ကော်ဖီ လဖက်ရည် စသည်တို့ ဖြစ်ပါ၏။
သူတို့က နာစီဘရီယာနီကို ကျွန်ုပ်တို့က ဒန်ပေါက်ဟု ခေါ်၏။ အခေါ်အဝေါ်ခြင်းမတူသလို အရသာခြင်းလည်း မတူပါ။ နာစီဘရီယာနီက ထမင်းကို ဆေးဆိုးထား၍ ရောင်စုံထွက်နေသော်လည်း ဘာမှ အရသာမရှိ။ ထောပတ်၊ သီဟိုလ်စေ့၊ စပျစ် သီးခြောက် စသည်တို့ထည့်ထားသော မြန်မာဒန်ပေါက်ထမင်းကမှ တကယ်စားကောင်းတာ ဖြစ်၏။ တရုတ်ထမင်းကြော်၊ ခေါက်ဆွဲကြော်များမှာလည်း အတူတူပင်ဖြစ်၏။ ကျွန်ုပ်တို့ မြန်မာများအဖို့ မြန်မာပြည်က ခေါက်ဆွဲကြော်၊ ထမင်းကြော် ကိုသာ လျှာတွေ့ပါသည်။ သူတို့ ထမင်းကြော်၊ ခေါက်ဆွဲကြော်များမှာ ဖွယ်ကြောင်ကြောင်၊ ခြောက်ကပ်ကပ်နှင့် ဘယ်လို စားလို့မှ အရသာမရှိပါ။ ထို့အတူ မြန်မာပြည်မှ ပသျှူးထမင်းကြော်သည် မလေးထမင်းကြော်ထက် ပိုစားကောင်းပါသည်။
ကျွန်ုပ်တို့မှာ ကိုယ်စားချင်သည့် အစားအသောက်များကိုမှာလျက် လေတဖြူးဖြူးတွင် ဇိမ်ခံ စားသောက်ကြလေရာ အလွန် အရသာရှိလေသော ဟူ၏။ သားနှင့် တစားပွဲတည်း အတူထိုင်နေရသောကြောင့် ကျွန်ုပ်မှာ ဘီယာလေးပင် စုပ်ချင်သော် လည်း အသာအောင့်ထားရလေ၏။ သားကလည်း အဖေတူလေရာ ကျွန်ုပ် ဘီယာသောက်လျှင် သူကလည်း နည်းနည်း ဖြစ်ဖြစ် သောက်ချင်၏။
အတန်ကြာစားသောက်ပြီးတော့ မလက္ကာမြစ်နံဘေးမှ လျှောက်ပြန်လာကြ၏။ (သူတို့ကသာ မြစ်လို့ပြောတာပါဗျာ။ ကျုပ်တို့ရွာက ချောင်းလောက်ပဲ ရှိတာပါ။) မြစ်ထဲတွင် အပျော်စီးမော်တော်ဘုတ်များ သွားလာလျက်ရှိ၏။ မြစ်ကမ်း နံဘေးတွင် ဘန်ဂလိုနှင့်စားသောက်ဆိုင်လေးများ တွေ့ရ၏။ နံနံခြားသားများကိုလည်း ကြိုကြားကြိုကြား တွေ့ရ၏။ လက်မှတ်ရောင်းသည့် ကောင်တာနားတွင် ဘုတ်စီးရန် တန်းစီနေသူများ တွေ့ရ၏။
ကျွန်ုပ်မှာ အလုပ်ကို အကြွေးမထားတတ်သူ ဖြစ်ရကား အပြင်မှ ပြန်ရောက်လာပြီးနောက် အားလုံး ရေမိုးချိုးပြီးသည်နှင့် ဝတ်ပြီးသားအဝတ်များကို လက်ဆေးကန်ထဲ၌ ဆပ်ပြာမှုန့်နှင့် စိမ်ထားကာ နောက်နေ့မနက်တွင် အကုန်လျှော်၏။ ဘေဗျူးနားတွင်ပင် ကုန်စုံဆိုင်လေးတစ်ခုရှိရာ ထိုကုန်စုံဆိုင်၌ ခေါက်ဆွဲခြောက်၊ ရေဘူး၊ ဆပ်ပြာမှုန့် စသည်တို့ ဝယ်လို့ရ၏။ ရေဘူးမှာ အထူးသဖြင့်လို၏။ ထို့ကြောင့် တစ်ခါဝယ်လျှင် တစ်လီတာခွဲဝင် ရေပုလင်းကြီး ၃ ပုလင်း ဝယ်ရ၏။ ရာသီဥတုမှာလည်း အလွန်ပူလေရကား အပြင်ထွက်နေသည့်တလျှောက်လုံး သားက ရေသောက်ရန် မကြာခဏ သတိပေး ၏။ Drink the water even you are not thirsty. ဆို၏။
ပြဿနာက အင်္ကျီချိတ် မလောက်ခြင်းဖြစ်၏။ အင်္ကျီချိတ်ကို တော်တော်နှင့် ရှာလို့မရ။ မခြောက်သေးသည့် အဝတ်များနှင့် နောက်ထပ် လျှော်သည့်အဝတ်များမှာ သုံးယောက်စာဆိုတော့ အတော်များ၏။ အချို့ကို ဟိုတန်းလန်း၊ ဒီတန်းလန်း ဆွဲထားရ၏။ တန်းလန်းဆွဲစရာတောင် ဆွဲစရာနေရာ များများစားစားရှိတာမဟုတ်။
နောက်နေ့မနက်တွင် စောစောထကာ အတော်ထပ်သွားသည့် အဝတ်များကို ကျွန်ုပ်က မီးပူနှင့် အထပ်ထပ်တိုက်၏။ ပြန်လာတော့ အကုန်ခြောက်နေပြီ။ မီးပူနှင့်တိုက်လိုက်တော့ အတော်စိုနေသေးသည့် အဝတ်များပင် ရေများအငွေ့ပျံသွား၍ အခြောက်မြန်၏။ ဟော်တယ်တွင် မီးပူပေးထား၍ တော်ပါသေး၏။
နောက်တစ်နေ့မနက် မနက်စာစားကြပြီး မလက္ကာရုက္ခဗေဒဥယျာဉ် (Taman Botanikal Melaka) သို့ သွားကြ၏။ သစ်ပင် ကြီးများမှာ စိမ်းစိမ်းစိုစို၊ သန်သန်မာမာ၊ ထွားထွားကျိုင်းကျိုင်း၊ အနှောက်အယှက် တစုံတရာမရှိပဲ ကြီးချင်တိုင်း ကြီးနေ လေရာ တကယ့်ကို အားရစရာကြီးဖြစ်၏။ သစ်တောထဲက ဒိုင်နိုဆောရုပ်တုကြီးများ၊ ဟိုင်းဆင်ကြီးများမှာလည်း အမှတ်တမဲ့ဆို တကယ့်အကောင်ကြီးများလား ထင်ရ၏။ မျောက်ကလေးများလည်း လမ်းပေါ်တွင် ဟိုသည်ပြေးလွှား နေလေရာ အစောင့်များက အစားအသောက်များကို အိတ်ထဲထည့်ထားဘို့ သတိပေးကြ၏။ (မျောက်ဟူသည် စင်ကာပူက မျောက်ဖြစ်ဖြစ်၊ မြန်မာပြည်က မျောက်ဖြစ်ဖြစ်၊ မလေးရှားက မျောက်ဖြစ်ဖြစ်၊ မည်သည့်မျောက်မဆို အလွန်ဆော့ကြောင်း ကျွန်ုပ်မှာ လေ့လာတွေ့ရှိ မှတ်သားရသော ဟူ၏။)
ဆိုးသည်မှာ တောထဲ၌ You are here. ပါသည့် မြေပုံလည်း ပြမထား။ Exit ဆိုင်းဘုတ်လည်းမရှိ။ ဆိုတော့ အပြန်ကျတော့ လမ်းမှားပြီး ပြန်လာလေရာ ကျွန်ုပ်တို့မှာ ထွက်ပေါက်ရောက်အောင် အတော်ဝေးဝေး လမ်းလျှောက်လိုက်ရ၏။ လမ်းမှားတော့ ထုံးစံအတိုင်း နင့်ကြောင့် ငါ့ကြောင့်နှင့် သားအဖနှစ်ယောက် ကတောက်ကဆတ်ကလေးကလည်း ဖြစ်လိုက်ရသေး၏။ အဝင်ဝတွင် ငှားစီးလို့ရသည့် စက်ဘီးနှင့် စကူတာများ ထောင်ထားပေး၏။ သို့တိုင် သူ့အမေက စက်ဘီးမစီးတတ်တော့ ကျွန်ုပ်တို့မှာ ၉၆၉၃ နှင့်ပင် လည်ကြရလေ၏။
နေ့ခင်းပိုင်းတွင် မလက္ကာမှ ကွာလာလမ်ပူသို့ ထွက်ခဲ့ကြ၏။ သဘောကျစရာကောင်းသည်မှာ တောထဲ၌ လုံးချင်းအိမ်၊ တိုက်ခန်းတွဲများ (Semi-detached house, Terrace house) ကို အစုလိုက် အစုလိုက် လှလှပပ တွေ့ရခြင်း ဖြစ်၏။ ဆီအုန်းပင်တောများမှာလည်း တမျှော်တခေါ်ကြီး ဖြစ်၏။ လမ်းများမှာလည်း အပေါက်အပြဲမရှိ။ ကောင်း၏။ ကားများ မှာလည်း ကားလေး၊ ကားကြီး၊ ဘတ်စ်ကား၊ ကွန်တိန်နာကား စသဖြင့် အမျိုးစုံစွာ ဥဒဟို သွားလာနေကြ၏။
No comments:
Post a Comment