၂၊ ၂။ Johor Zoo
06/11/2024 မနက်ကျတော့ ဟော်တယ်က တစ်ခါတည်း Check-out လုပ်ပြီး လပ်ဂေ့ချ်များကို ဟော်တယ်ကောင်တာ၌ အပ်ခဲ့၏။ ထို့နောက် မနက်စာစားပြီး တိရစ္ဆာန်ဥယျာဉ် (Johor Zoo) သို့ ထွက်ခဲ့၏။ တိရစ္ဆာန်ဥယျာဉ်ဝင်ကြေးမှာ လူကြီး တစ်ဦးလျှင် RM30.00 ဖြစ်၏။
Johor Zoo မှာ သိပ်မကြီးလှ။ သို့သော် ရှိသင့်ရှိထိုက်သော အကောင်ပလောင်ကလေးများ အတော်စုံပါသည်။
ကြက်တူရွေး၊ ဒေါင်း၊ ဟင်္သာစသည့် ငှက်မျိုးစုံ၊ သမင်၊ မြွေ၊ ကုလားအုတ်၊ သစ်မင်း၊ ဆင်၊ ကျား၊ ခြင်္သေ့၊ ဝက်ဝံ စသည့် တိရစ္ဆာန်မျိုးစုံ၊ အောင်မယ် နွားတွေတောင်ပါသေး။ နွားများကို လယ်ယာလုပ်ငန်းများတွင် မသုံးကြတော့သည့်အတွက် တိရစ္ဆာန်ရုံ၌ ပြရသည့် သတ္တဝါစာရင်းတွင် ဝင်နေပြီဖြစ်၏။ ခြင်္သေ့ကြီးများမှာမူ ဘာမှ လုပ်စရာမရှိသည့်အတွက် ပျင်းသည်နှင့် အိပ်နေကြလေ၏။ မျောက်ဝံကြီးများမှာလည်း အရိပ်ရသည့်နေရာ၌ ခြေကားယား၊ လက်ကားယားနှင့် အိပ်မောကျနေကြ၏။ လူဝံကြီးမှာမူ သစ်ငုတ်ကြီးပေါ် တက်ထိုင်နေ၏။ ဆင်ကြီးများမှာမူ ထိုင်းကဆင်တွေလောက် အသွေးအမွေးမကောင်း။ အိုမင်း၊ မွဲခြောက်လျက် ပျင်းရိငြီးငွေ့နေပုံ ပေါက်နေလေ၏။
သို့သော် ဘာပဲပြောပြော မြန်မာပြည် တိရစ္ဆာန်ဥယျာဉ်က တိရစ္ဆာန်များထက် အများကြီး ဆူဆူဖြိုးဖြိုးရှိလှ၏။
၂၊ ၃။ ဂျိုဟိုးမှ မလက္ကာသို့
အေးအေးဆေးဆေး မနက်ပိုင်း လည်ရပတ်ရအောင် ကျွန်ုပ်က မလက္ကာသို့ကူးမည့် ဘတ်စ်ကားလက်မှတ်ကို ညနေ ၄ နာရီ ဖြတ်ထားတာဖြစ်၏။ သို့သော် ဘတ်စ်ကားဂိတ်က လှမ်း ဖုံးဆက်ပြီး ညနေ ၄ နာရီဘတ်စ်ကား cancel ဖြစ်ပါသည်။ နေ့ခင်း ၂ နာရီ ၄၅ မိနစ်နှင့်လိုက်ပါဆို၏။ ရပါတယ်ပေါ့။
ဟိုက်ရော -
မနက်ပိုင်း ဆေးထိုးမည်ဆိုမှ အင်ဆူလင် မေ့ကျန်ခဲ့မှန်းသိ၏။ ကျွန်ုပ်က ဂရုမစိုက်။ သို့သော် သားက ဆရာဝန်ဆီ သွားရမည်။ အင်ဆူလင် မဖြစ်မနေဝယ်ရမည်ဟု အတင်းလုပ်လေ၏။ သို့နှင့် ဘတ်စ်ကားဂိတ်မသွားမီ ဆရာဝန်ဆီသွားရန် သဘောတူကြ၏။
(ပစ္စည်းများကို အားလုံးကြိုတင်ထုပ်ပိုးထားပါ၏။ အင်ဆူလင်ကိုတော့ သွားခါနီးကျမှ ရေခဲသေတ္တာထဲက ထုတ်ယူသွား ရမှာကို မေ့ကျန်ခဲ့တာဖြစ်၏။)
၆ ရက်နေ့မနက်ပိုင်း ဂျိုဟိုးတိရစ္ဆာန်ဥယျာဉ်ကို လှည့်ပတ်ကြည့်ကြပြီး ဆေးခန်းသွားကြ၏။ ဆေးခန်းရောက်တော့ ဆရာ ထမင်းစားသွားနေတယ်၊ ခဏစောင့်ပါဆိုသဖြင့် ဒါဆို ငါတို့လည်း ထမင်းစား သွားကြတာပေါ့ဟု အနီးမှ စားသောက်ဆိုင်၌ ထမင်းစားကြ၏။ ဆိုင်၌ ကျွန်ုပ်တို့က မြန်မာလိုပြောလျက် ဟင်းများရွေးနေစဉ် ဦးတို့က ဗမာတွေလား ဟု မေးလေ၏။ ဟိုက် - ရှားလဘတ်စ်
ထိုအခါကျမှ ကျွန်ုပ်တို့လည်း ဟင်းရွေးရတာ အဆင်ပြေသွားလေ၏။ သုံးယောက်သား အဝအပြဲစားတာမှ RM48.50 (စင်း ၁၄.၆၀) ဆိုတော့ အတော်သက်သာသည် ဆိုရမည်။
စားသောက်ပြီး ဆေးခန်းပြန်သွားတော့ ဆရာဝန်လည်း ရောက်နေပြီ။
ကျွန်ုပ်လည်း ကျွန်ုပ်၏ HealthHub App မှ ဆေးမှတ်တမ်းများပြလျက် အကျိုးအကြောင်းရှင်းပြလေရာ ဆရာဝန်က ဆေးဝယ်ဘို့ စာရေးပေးလိုက်၏။ RM50 ထွက်သွား၏။
ထို့နောက် မေရီးကို အထုပ်အပိုးများနှင့် ဆေးခန်းတွင် စောင့်ခိုင်းခဲ့လျက် သူညွှန်းသည့် Big Pharmacy သို့သွားကြ၏။ သားက Google map ဖွင့်လျက် ဆေးဆိုင်မှာ သိပ်မဝေးဆိုပြီး ခြေလျင်သွားရာ ကျွန်ုပ်လည်း သူ့နောက်က ယောင်တောင် ပေါင်တောင်နှင့် လိုက်ခဲ့ရသော ဟူသတတ်။
ဆိုင်ရောက်တော့ “အမှန်ဆို နီရို့ ဆရာဝန်တောင် ပြစရာမလိုဘူး။ ငါတို့ Big Pharmacy App ကနေ eDoctor ပြပြီး ဆေးဝယ်လို့ရတယ်။ ပိုက်ဆံမကုန်တော့ဘူးပေါ့” ဟု ပြော၏။ ငင့်စ်။ အင်ဆူလင်ပြွတ်က RM50.
အားလုံးပြီးတော့ grab ခေါ်ကာ ကားဂိတ်သို့ ထွက်ခဲ့ကြ၏။
မလေးတွင် Grab ဈေးမှာ အလွန်သက်သာလှ၏။ ထိုဆိုင်မှ ကားဂိတ်သို့ RM13.00.
ဂျိုဟိုး - မလက္ကာ အမြန်ဘတ်စ်ကားဈေးမှာလည်း သက်သာပါသည်။ ၃ ယောက်မှ RM82.50 သာ ကျသင့်၏။
ကားဂိတ်ရောက်လို့ Boarding pass ဖြတ်တော့ ကျွန်ုပ်က “ငါတို့စီးမှာ 2:45 pm ဘတ်စ်နော်” ဟု သေသေချာချာ ပြောတာ တောင် ငနဲက ညနေ ၄ နာရီဆိုပြီး လက်မှတ်ဆုတ်ပေးလိုက်၏။ ဟအကောင်၊ ငါမင်းကို 2:45 pm လို့ ပြောသလေကွာ ဆိုတော့ မင်းလက်မှတ်က 4 pm ကွ ဆို၏။ မင်းတို့ဆီက ဖုန်းဆက်ပြီး 4 pm bus ကို cancel လုပ်ထားတယ်။ ဟောဒီမှာ ငါ့ကို အကြောင်းကြားထားတဲ့နံပါတ်၊ မင်းဆက်ကြည့် ဆိုတော့မှ သူက ဟိုကိုဖုန်းဆက်၊ နောက်ပြီး 4 pm ကို ခြစ်ပစ်လျက် ဘောပင်ဖြင့် 2:45 pm ဟု ရေးပေးလိုက်၏။
နည်းနည်းစောသေးသဖြင့် အနီးရှိ စားသောက်ဆိုင်၌ ကော်ဖီမှာသောက်၏။ အနီးတွင် ဂစ်တာ ၃ လုံး၊ Drum set နှင့် မလေး သီချင်းများ ဆိုနေကြ၏။ အိမ်သာသွားတော့ အိမ်သာဝင်ခ ပြား ၃၀ ပေးရ၏။
ဂိတ်ထဲကို scan လုပ်ပြီးဝင်တော့ ဝင်လို့မရ။ အဲဒီအနားက လုံခြုံရေးကို သွားပြောတော့ ဟိုဘက်အပေါက်က ဝင်၊ ဂိတ်ဘီကို သွား ဆို၏။
ဘတ်စ်ကားက အချိန်မှန်ပါသည်။ ၂း၄၅ အတိတွင်ထွက်၏။
လမ်းတွင် ဆီအုန်းခြံတွေကို တမျှော်တခေါ်ကြီး တွေ့ရ၏။ တစ်ကမ္ဘာလုံးကို ဆီအုန်းပင်တွေနှင့် ဖုံးထားသလားတောင် အောက်မေ့ရ၏။
အဝေးပြေးလမ်းမကြီးမှာ အလွန်ကောင်းလှ၏။ ဘာအဖုအထစ်မှမရှိ။ နောက်ပြီး အဝေးပြေးလမ်းမကြီးဆိုပေမင့် သွားလာနေသည့် ကားများမှာ မြို့တွင်း၌သွားနေသည့်အလား ဥဒဟိုသွားလာနေကြသည်ကို တွေ့ရ၏။ ကားများသည့် အတွက် အမြန်နှုန်းကို အလိုလို ထိန်းပြီးသား ဖြစ်လေ၏။ ဘတ်စ်ကားကြီး၏ အမြန်နှုန်းမှာ အမြန်ဆုံးမှ ၉၈ ကီလိုမီတာ - ကီလို ၁၀၀ လောက်သာ ရှိ၏။ ထို့ထက်မပို။ ကျွန်ုပ်စီးခဲ့သည့် ရန်ကုန်-မန်း အမြန်ဘတ်စ်ကားများမှာ ကီလို ၁၁၀ လောက် မောင်းပါသည်။
အမြန်ကားကြီးမှာ မလက္ကာ Melaka Sentral သို့ ညနေ ၅း၄၅ တွင် ဆိုက်ရာ ဂျိုဟိုး - မလက္ကာ ကားမောင်းချိန် ၃ နာရီ ကြာသည်ဟု ပြောနိုင်ပါ၏။ ကျွန်ုပ်တို့လည်း ဈေးအတွင်း အနည်းငယ် လှည့်ပတ်ကြည့်ရှုလျက် Grab ခေါ်ကာ ဟိုတယ်သို့ လာခဲ့ကြ၏။ Grab: RM6.18
မလက္ကာတွင် Bay View ဟိုတယ်၌ တည်း၏။ ကျွန်ုပ်တို့ ဟော်တယ်ရွေးတာ မှန်၏။ ဟိုတယ် တည်နေရာမှာ နေရာအတော် များများနှင့် နီး၏။ မလက္ကာမြစ်မှာ ဟိုတယ်မှ မီတာ ၂၀၀ လောက်လမ်းလျှောက်လျှင်ရောက်၏။ ဟိုတယ်နှင့် မလှမ်းမကမ်း တွင် Little India ရှိလေရာ ကုလားစာကြိုက်တတ်သော ကျွန်ုပ်တို့နှင့် အံကိုက် ဖြစ်လေ၏။ ဟိုတယ်မှ မီတာ ၁၅၀ လောက် အကွာတွင် အလွန်သန့်သော ကုလားဆိုင်တစ်ဆိုင်ရှိရာ ကျွန်ုပ်တို့လည်း ည၊ မနက် ထိုဆိုင်၌ စားကြလေသောဟူ၏။ ညစာစားတာ ၃ ယောက်ကိုမှ RM21.20 ကျလေရာ အလွန်တန်လှသော ဈေးဖြစ်၏။ (ကျွန်ုပ်မှာ ဟတ်စကီးတစ်စီးလောက် ဝယ်ပြီး နေ့တိုင်း မလက္ကာသွားပြီး ညစာစားဘို့တောင် စိတ်ကူးမိသေး၏။)
ဟော်တယ်မှာမူ Double Tree လောက်မကောင်းပါ။ အဲလေ ဈေးကလည်း ကွာသကိုး။ Double Tree က ၂ ရက်စာကို RM539 လောက် ကျသင့်ပြီး Bay View မှာ ၃ ရက်မှ RM360 ဖြစ်၏။ သို့သော် သူ့ဈေးနှင့်သူ မဆိုးလှဟု ပြောနိုင်ပါသည်။
ဆက်ပါဦးမည်။
အေးငြိမ်း
၂ ဒီဇင်ဘာ၊ ၂၀၂၄
No comments:
Post a Comment