Monday, December 2, 2024

ကျွန်ုပ်တို့မိသားစု မလေးရှားသို့ အလည်သွားကြခြင်း အကြောင်း (၁)

၁။ ဂျပန်မှသည် မလေးရှားသို့

 

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ။

 

ကျွန်ုပ်ကား ဖရီးလင်ဆာ ဖြစ်သတည်း။ ဆိုလိုသည်မှာ တစ်နေရာထဲ၌ ကျောက်ချ၍ အလုပ်လုပ်နေခြင်းမဟုတ်ဘဲ သင်တန်း ရှိသည့်နေရာသို့ သွားရောက် သင်ကြား၏။ ဒီနေရာမှာ သင်တန်းရှိလျှင် ဤနေရာသို့သွားလျက် ဟိုနေရာမှာ သင်တန်းရှိလျှင် ထိုနေရာသို့သွား၏။ ထို့ကြောင့် ကျွန်ုပ်က ၇ ရက်ပတ်လုံး (နားရက်မရှိ) အလုပ်လုပ်လေ၏။ သို့အတွက် ပိုက်ဆံများမှာ ထားစရာမရှိတော့ဘဲ HDB တိုက်အောက်တွင် တူးမြှုပ်ထားရ၏ (. . . ဟု မထင်ပါနှင့်)။

 

၇ ရက်တို့ပတ်လုံး မနားမနေ ခိုင်းစေလာသည့် ဘော်ဒီနှင့်စိတ်ကို အနားပေးရန် နံနံခြားတစ်ခုခုသို့ အလည်သွားရန် မိသားစု နှင့် တိုင်ပင်၏။ မနှစ်က ဘာတန်သို့သွား၏။ ဒီနှစ် ဘယ်သွားကြမတုံး။

 

အမှန်မှာ သား ကျောင်းပိတ်ရက် နိုဝင်ဘာ၊ ဒီဇင်ဘာလများ၌ ကျွန်ုပ်တို့ မြန်မာပြည်ကို တစ်နှစ်တစ်ခေါက် ပြန်တာဖြစ်၏။ အခုတော့ ၆Taယုတ်တွေလုပ်တဲ့ ကိုဗစ်ကြောင့် ၂၀၂၀ မှာ မပြန်ရ။ နောက်ပြီး ဟိုမြေနိုး သောက်ရူးထတာနှင့် ၂၀၂၁, ၂၀၂၂, ၂၀၂၃၊ အခု ၂၀၂၄ မှာလည်း မပြန်ရ။ လွမ်းထှာ။ ရွှတ် . . . ကတောက်စ်

 

ပထမ ဂျပန်သွားဘို့ စိတ်ကူးထားတာ ဖြစ်၏။ သို့သော် ဂျပန်တွင် ငလျင်ဘေး၊ မုန်တိုင်းဘေးရှိ၍ သားက ဂျပန်သို့ ဒီနှစ် မသွားပါနှင့်ဦး ဆိုလေ၏။ သူက ဗီယက်နမ်သို့ သွားချင်၏။ သို့တိုင် နောက်ဆုံးကျတော့ အကုန်အကျသက်သာအောင် နီးနီး နားနား မလေးရှားသို့သွားရန် ဆုံးဖြတ်ကြ၏။

 

မလေးရှားကို သား သုံးနှစ်သားအရွယ်က တစ်ခါ သွားခဲ့ဖူးသေး၏။ သို့သော် သူက ငယ်သေးတော့ ဘာတစ်ခုမှ မမှတ်မိ။ သည်တစ်ခါတော့ ခပ်ကြာကြာလေး အချိန်ယူကာ အနှံ့လျှောက်လည်ကြစို့ရဲ့ ဟု အားလုံး သဘောတူကြ၏။ ဆိုတော့ ကျွန်ုပ်က ၁၀ ရက်ခရီးအတွက် အစီအစဉ်ဆွဲ၏။ 

 

05/11/2024 - အိမ်ကနေ မနက်စောစောထွက်၊ ဂျိုဟိုးမှာ လျှောက်လည်

06/11/2024 - ဂျိုဟိုးမှာ မနက်ပိုင်းလျှောက်လည်၊ ညနေပိုင်းမှာ မလက္ကာကိုကူး

07/11/2024 - တစ်နေ့လုံး မလက္ကာမှာ လည်ကြ

08/11/2024 - မနက်ပိုင်း မလက္ကာမှာ လျှောက်လည်၊ နေ့ခင်းပိုင်းမှာ ကွာလာလမ်ပူကိုကူး

09/11/2024 - တစ်နေ့လုံး KL မှာ လည်ကြ

10/11/2024 - တစ်နေ့လုံး KL မှာ လည်ကြ

11/11/2024 - နေ့ခင်းပိုင်းမှာ ပလောပီနံဥ တဝကြီးစားရအောင် ပလောပီနန်ကိုကူး

12/11/2024 - တစ်နေ့လုံး ပီနန်မှာ လည်ကြ

13/11/2024 - တစ်နေ့လုံး ပီနန်မှာ လည်ကြ

14/11/2024 - မနက်ပိုင်း ပီနန်မှာ လျှောက်လည်၊ ညနေလေယာဉ်နဲ့ ရှင်ဂပူးစ်ကို ပြန်လာ

 

မလေးရှားဝင်ဘို့ ဗီဇာလျှောက်ရ၏။ သို့သော် ယခင်ကလို သံရုံးသို့ လူကိုယ်တိုင် သွားစရာမလိုတော့။ eVisa လျှောက်လို့ ရ၏။ eVisa လျှောက်ရန် လေယာဉ်လက်မှတ်နှင့် ဟော်တယ်ငှားထားတာ ပြရမည်။ သို့ကြောင့် ဂျိုဟိုး၌ ဟော်တယ် တစ်ခုဘွတ်ကင်လုပ်၏။ သားက ထိုင်းသွားတုံးက တည်းခဲ့သည့် ဒပ်ဘယ်ထလီးဟိုတယ်တွင်တည်းဘို့ ရီကွန်မန်းပေး၏။ ထို့ကြောင့် Double Tree by Hilton တွင် ငှားလိုက်၏။ ၅ ရက်ဝင်၊ ၆ ရက်ထွက်ကို စင်းဒေါ်လှ ၁၆၃.၁၈ ပေးရ၏။

 

နောက် စင်ကာပူပြန်အဝင်အတွက် လေယာဉ်လက်မှတ် ဝယ်၏။ ပေါချောင်ကောင်း Scoot ကို ရွေး၏။ Penang – Sing: ၃ ယောက်အတွက် စင်းဒေါ်လာ ၂၇၂.၀၁။ မဆိုးပါ။

 

အဲသဟာတွေပြီးတော့ အီးဗီဇာလျှောက်၏။ ဗီဇာခ တစ်ယောက်ကို မလေးရင်းဂစ် ၁၂၆ ပေးရ၏။




နာမည်တွေဖြည့်တော့ အလွန်ရီစရာကောင်းသော ကပြောင်းပြိ၊ ကပြောင်းပြန်တွေအကြောင်း ပြောရဦးမည်။

နာမည်ဖြည့်ဘို့အတွက် ဆာနိမ်း၊ အချားနိမ်း (ဟုတ်ပေါင်) Given Name တွေ ဖြည့်ရ၏။

ဘယ်ဟာကို Surname ၌ ဖြည့်ရမည်။ ဘယ်ဟာကိုတော့ဖြင့် Given Name တွင် ဖြည့်ရမည် ဆိုတာကို မြန်မာပတ်စ်ပို့ နမူနာဖြင့် ဖော်ပြထား၏။ ကျွန်ုပ်လည်း သူတို့ပြထားသည့်အတိုင်း ဖြည့်၏။

သူတို့ပြထားသည့်အတိုင်း ဖြည့်လိုက်သည့်တိုင် တင်လိုက်တော့ စာပြန်လာ၏။ နာမည်တွေကို ဟောသလိုဖြည့်ပါ ဆိုပြီး နောက်ထပ် မြန်မာပတ်စ်ပို့နမူနာတစ်ခု ထပ်ပို့ပြန်၏။ သည်တစ်ခါတော့ Surname မှာ ဘာမှ မဖြည့်ပါနှင့်။ Given Name မှာပဲ နာမည်အားလုံးရေးပါ ဆို၏။ (နဂိုကတည်းက အဲသလိုတစ်ခါတည်း ပြောလိုက် ပြီးတဲ့ဟာ၊ ဘာကြောင့် Surname တွေ၊ Given Name တွေလုပ်နေရတာတုံး၊ ယခွမ်း)

 

နောက်တစ်ခုက PR သမားတွေအတွက် Re-entry Permit တောင်း၏။ 

ကလေးများဆိုလျှင် မွေးစာရင်းတင်ပြရ၏။

နောက်ပြီး ပတ်စ်ပို့စာအုပ်၏ ဓာတ်ပုံပါသော စာမျက်နှာပေးရ၏။

ပတ်စ်ပို့ဓာတ်ပုံက စင်ကာပူ requirement နှင့် နည်းနည်းကွာ၏။ ဓာတ်ပုံအရွယ်မှာ 35mm x 50 mm ဖြစ်၍ ကျွန်ုပ်က စင်ကာပူတွင်ရိုက်ထားသည့် ဓာတ်ပုံကို ထို အရွယ်အစားနှင့်ကိုက်ညီအောင် ဘေးနှုတ်ခမ်းသားများကို ဖြတ်ထုတ်လိုက်၏။ ထို့နောက် ဓာတ်ပုံကို scan လုပ်လျက် တွဲတင်ရ၏။ ဗီဇာလျှောက်ရာတွင် ဓာတ်ပုံကို သူတို့ requirement အတိုင်းရရန် photo edit လည်း ထည့်ပေးထားပါ၏။

 

ဗီဇာကို ခရီးသွားရက်မတိုင်မီ အနည်းဆုံး ၂ ပတ်အလို၌ ကြိုလျှောက်ရ၏။ 


eVisa ရပြီဆိုတော့ မလေးရှားအဝင်တွင်ပြရန် ထိုဗီဇာစာရွက်များကို ပရင့်ထုတ်လျက် ယူသွားရ၏။ 

ကျွန်ုပ်ကတော့ ဒွတ်ခမများရအောင် ကိုဗစ်ကာကွယ်ဆေးထိုးမှတ်တမ်းများပါ ယူသွား၏။ သို့သော်လည်း မလိုအပ်ပါ။

 

ပြီးတော့ ဘာမှ မေ့မကျန်ခဲ့ရလေအောင် ကျွန်ုပ်က ယူသွားရမည့်ပစ္စည်းနှင့် စာရွက်စာတမ်းများကို Checklist လုပ်၏။





မေရီးကတော့ တစ်လလောက် အလိုကတည်းက luggage ကြီးထုတ်လျက် အထုပ်တွေ တပြင်ပြင်နှင့် ဖြစ်နေလေ၏။ ပထမ အင်္ကျီလုံချည်များကို ရွေးချယ်လျက် ထည့်၏။ နောက်များမကြာမီ ထိုအဝတ်များကို ထုတ်၍ ဟိုအဝတ်များကို ထည့်၏။ အတော်ကြာပြန်တော့ ဟိုအဝတ်များကို ထုတ်၍ ဒီအထည်များကို ထည့်ပြန်၏။ ကျွန်ုပ်လည်း အတော် မျက်စိ နောက်လေ၏။ ကျွန်ုပ်နှင့်သားကတော့ ခရီးမသွားမီ တစ်နေ့အလိုကျမှ ထည့်၏။ အနို့ ဝတ်လက်စ အဝတ်များကို ထည့်ရမှာ ဆိုတော့ ကြိုထည့်ထားလို့ကလည်း မရ။

 

သား အဝတ်တွေထည့်နေတာ ကျွန်ုပ် တစေ့တစောင်း စူးစမ်းမိ၏။ 

 

ဝိုးစ် -

သူက ကျွန်ုပ်ထက် ပို စမတ်ကျ၏။

တစ်စုံစာ (ဘောင်းဘီတစ်ထည်၊ အင်္ကျီတစ်ထည်၊ အန်ဒါဂါးမင့်တစ်ထည်၊ ခြေအိတ်တစ်စုံ) ကို ခေါက်လျက် တစ်ထပ်စီ ထည့်၏။ ဝတ်လိုသည့်အခါ ထိုအထပ်ကို ဆွဲထုတ်လိုက်ပါက အားလုံး ပါလာ၏။ ခြေအိတ်ရှာပါအုံးဟဲ့။ ဟိုအင်္ကျီ ဘယ်နား ထားမိပါလိမ့် ဆိုသည့် ပြဿနာ မရှိတော့။ သူ့ပန်းချီပစ္စည်းများကို သပ်သပ်၊ အသုံးအဆောင် တိုလီမုတ်စများကို သပ်သပ် တကန့်စီ သူ့နေရာနှင့်သူ ထည့်၏။ လိုချင်သည့်ပစ္စည်းကို ထိုနေရာကနေ အသာလေး ဆွဲထုတ်လိုက်ရုံ ဖြစ်၏။ 

 

နောက်ပြီး သူက အဝတ်ထည့်တယ်ဆိုတာတောင် ဖြစ်ကတတ်ဆန်း ထည့်တာမဟုတ်။ ဘယ်ဘောင်းဘီနဲ့၊ ဘယ်အင်္ကျီ၊ ဘယ်ခြေအိတ် လိုက်ဖက်သည် ဆိုပြီး ပက်တန်များ၊ ကာလာများကို ရွေးပြီး တွဲတာဖြစ်၏။ (ကျွန်ုပ်မူ မည်သည့်အခါကမှ ဘယ်ဘောင်းဘီနှင့် ဘယ်အင်္ကျီ လိုက်ဖက်သည်ဟု ရွေးကာ တွဲဝတ်သည် မရှိခဲ့စဖူး။ နီးစပ်ရာ၊ လက်လှမ်းမီရာ ကောက် ဝတ်လိုက်တာ ဖြစ်၏။ အမှန်ကို ဆိုရလျှင် ကျွန်ုပ် လူမှန်းသိတတ်စကတည်းက ဘယ်အဝတ်ကတော့ ငါနဲ့လိုက်တယ်၊ ဘယ်အဝတ်ကတော့ ငါနဲ့မလိုက်ဖူးဟု တစ်ခါမှ မတွေးခဲ့စဖူးပါချေ။ အဲလေ တွေးရလောက်အောင်လည်း မချမ်းသာခဲ့ပါ။ အရင်တုံးကဆို ပုဆိုး ၃ ထည်၊ အင်္ကျီ ၃ ထည်နှင့်သာ နေခဲ့ရတာ ဖြစ်၏။)

 

မေရီးကတော့ စားစရာသောက်စရာများကို အထုပ်တစ်ခုနှင့် သီးသန့်ဆွဲလာ၏။ ကျွန်ုပ်တို့သားအဖကတော့ လမ်းမှာ စားစရာတွေမှ အပုံ မလိုပါဟု ယူဆ၏။ ကျွန်ုပ်က ဆီးချိုသမားဆိုတော့ မတော် လမ်းမှာ ဆီးချိုကျလျှင် စားဘို့ ဆိုပြီး ကိတ်ခြောက်၊ ဝေဖာ၊ သကြားလုံး၊ ရေပုလင်း အစုံပါ၏။ အောင်မယ်၊ ငါးပိကြော်ဘူးတောင် ပါလိုက်သေး။

 

ဆရာမကြီး ဒေါ်အေးအေးခင်က သူတော့ ဂျပန်ကိုသွားစရာရှိသည်။ သူ့ဟပ်ဘီ ကိုမောင်မောင်မြင့်က KL အနှံ့လိုက်ပို့ဘို့ တာဝန်ယူထားသည် ဆို၏။ KL ရောက်လျှင် သူ့ကို ဖုန်းဆက်လိုက်ရုံဖြစ်၏။


ဆက်ပါဦးမည်။

 

အေးငြိမ်း

၂ ဒီဇင်ဘာ၊ ၂၀၂၄



No comments: