ဟိုတစ်နေ့က မိတ်ဆွေတစ်ဦးက အာဂွန်ဝယ်လ်ဒါ (Argon Welder) တစ်ယောက်ကို ဘယ်ဈေးလောက် ရှိသလဲ မေးလာ၏။ ကျွန်ုပ်လည်း မေးမြန်းစုံစမ်းပြီးသကာလ ဈေးကွက်ပေါက်ဈေးများကို ပြောပြလိုက်၏။
ဂဟေသမား ဈေးနှုန်းများမှာ မလေးရှားဂဟေသမားနှင့် တခြားနိုင်ငံ (မြန်မာ၊ ဘန်းဂလား၊ အိန္ဒိယစသည်) မှ ဂဟေသမား များမှာ ဈေးအလွန်ကွာပါသည်။ ဈေးကွာသလို အရည်အသွေးလည်း ကွာ၏။ ပြောလိုရင်းမှ ဘေးချော်သွားမည် စိုးသဖြင့် သည်ကိစ္စ သည်လောက်နဲ့ပဲ ရပ်ကြပါစို့။
သူသူငါငါအကြား၌ “သူက အာဂွန်ရတယ်” စသဖြင့် ပြောတတ်ကြ၏။ အာဂွန်ဝယ်လ်ဒါ (Argon Welder) ဆိုသည်မှာ အရပ်သုံးဖြစ်ပြီး CO2 welding ဆိုတာလည်း ရှိသေး၏။
အမှန်က အာဂွန်တို့ စီအိုတူးတို့ဆိုတာ ဂဟေဆက်နည်းစဉ် မဟုတ်။ ဂဟေဆော်ရာ၌သုံးသည့် ဓာတ်ငွေ့မျှသာဖြစ်၏။
မိတ်ဆွေတို့ ဗဟုသုတရစေရန် ကျွန်ုပ် အနည်းငယ် ရှင်းပြပါမည်။
(ဓာတ်ငွေ့ဂဟေဆက်နည်းအကြောင်း အပြည့်အစုံကို ၂၀၂၁ ဧပြီလက ကျွန်ုပ် စာအုပ်တစ်အုပ် ရေးသားခဲ့ပါ၏။ သို့သော် စာအုပ်အမျိုးအစားက ယေဘူယျစာဖတ် ပရိသတ်များအတွက် မဟုတ်မူ၍ ဂဟေနှင့် ပတ်သက်သည့် လုပ်ငန်းရှင် မဖြစ်စလောက် အရေအတွက်နှင့် ဂဟေအကြောင်း စိတ်ဝင်စားသူ ၃ - ၄ ယောက်လောက်ကလွဲ၍ ဝယ်သူ မရှိနိုင်သည့် စာအုပ်မျိုးဖြစ်၏။ စာအုပ် ၅၀၀ ထုတ်လျှင် ၄၉၁ အုပ်လောက် ပုံနှိပ်တိုက်မှာပုံနေဘို့ သေချာနေရကား ထုတ်ဝေသူများမှာ စိတ်မဝင်စားကြလေ။ (ထို ၉ အုပ်မှာလည်း ၃ အုပ်ပဲ ရောင်းရပြီး ကျန် ၆ အုပ်မှာ ကျွန်ုပ်က နီးစပ်ရာ မိတ်ဆွေများသို့ လိုချင်မှန်းမသိ၊ မလိုချင်မှန်းမသိ။ အတင်းရော အဓမ္မပါ လက်ဆောင်လိုက်ပေးမှာဖြစ်၏။ ကျွန်ုပ် မိတ်ဆွေများကလည်း အားနာပါးနာနှင့် မကောင်းတတ်၍ ယူထားလိုက်ခြင်းသာဖြစ်ပြီး စိတ်ဝင်တစားဖတ်မည့်သူမှာ ၁ ယောက်ထက် မပိုနိုင်။ (မိတ်ဆွေတို့သိချင်လျှင် ထိုတစ်ယောက် မည်သူဖြစ်သည်ကို မေးလိုက မေးနိုင်ပါသေး၏။) အနို့ သည်ဂဟေဆက်နည်းကြီး သိသွားလို့ရော ဘာအကျိုးထူးပါမည်နည်း။ ဒီကောင် ဂဟေဆက်နည်းသိသကွဆိုပြီး အဘယ် ဘောစိကမှ သင့်ကို လခတိုးပေးမှာမဟုတ်။ သို့အတွက် ဒန်တန့်တန် . . . )(ဤကား မလိုအပ်ဘဲ အပိုဆာသားပြောသည့် စကားချပ်)
ဂဟေဆက်နည်းစဉ် အများအပြားရှိသည့်အနက် လုပ်ငန်းခွင်၌ အသုံးများသည့် ဂဟေဆက်နည်းစဉ်များမှာ အောက်ပါတို့ ဖြစ်၏။
၁။ SMAW (Shield Metal Arc Welding) (Arc Welding)
၂။ GTAW (Gas Tungsten Arc Welding) (TIG)
၃။ GMAW (Gas Metal Arc Welding) (MIG)
၄။ FCAW (Flux Cored Arc Welding)
တခြားဟာတွေထားလိုက်ပါ။ အခုက အာဂွန်နှင့် စီအိုတူးအကြောင်း ပြောမှာ ဖြစ်၏။
ဂဟေဆော်ခြင်းဆိုသည်မှာ သတ္တုနှစ်ခုကို အရည်ပျော်စေလျက် တစ်ခုနှင့်တစ်ခု တွဲဆက်သွားစေခြင်း ဖြစ်၏။
သတ္တုအမျိုးအစားကိုလိုက်၍ အရည်ပျော်သည့် အပူချိန်လည်း ကွာခြားသွား၏။
ဂဟေဆော်ရာတွင် အဓိကလိုအပ်ချက်မှာ သတ္တုကိုအရည်ပျော်စေရန် ပေးရမည့် အပူပင် ဖြစ်၏။
ထိုအပူကို မည်သည့်နေရာက ရယူမည်နည်း။
ပန်းထိမ်လုပ်ငန်းများတွင် ယခင်က ကျွန်ုပ်တွေ့ဖူးသည်မှာ ရေနံဆီမီးဖိုထင်ပါသည်။ သုံး၏။ ယခုတိုးတက်လာသည့် ခေတ်ကြီးတွင် ရေနံဆီမီးဖို မသုံးလောက်တော့ပါ။
ပန်းဘဲများတွင် မီးသွေးများထည့်ကာ ဖားဖိုကြီးနှင့်လေထိုးလျက် အပူကို ရယူ၏။
ခေတ်ပေါ်ဂဟေဆက်နည်းများတွင် လျှပ်စစ် အဖိုနှင့်အမကို ရှော့တိုက်လျက် အပူကို ရယူ၏။
အောက်ဆီ-အက်ဆီတလင်း ဂဟေဆော်နည်းစဉ်တွင်မူ အောက်ဆီဂျင်နှင့် အက်ဆီတလင်းကို ရောပြီး မီးလောင်စေကာ အပူကိုရယူ၏။
အပူရယူသည့်နည်းစဉ်ကိုလိုက်၍ ဂဟေဆော်နည်းစဉ် ကွာသွားသည်ဟုပင် ပြောလို့ရ၏။
သို့တိုင် အရည်အသွေးကောင်းသည့် ဂဟေဆက်တစ်ခု ဖြစ်လာစေရန် သတ္တုနှစ်ကို အပူပေးပြီး တွဲရုံမျှသာမက ထို ဂဟေဆက်အတွင်း၌ မကောင်းသည့် အညစ်အကြေးများ ပါမလာစေရန်၊ အပူ၏ ပွခြင်း၊ ကျုံ့ခြင်းတို့ကြောင့် အက်ကွဲခြင်း စသည်တို့မဖြစ်အောင် ကာကွယ်ရေးလည်း အရေးကြီး၏။
မီးလောင်ရန် အောက်ဆီဂျင် အလွန်အရေးကြီးသည်မှာ မှန်၏။ အောက်ဆီဂျင်မရှိလျှင် မီးမလောင်နိုင်။ သို့တိုင် အောက်ဆီဂျင်ဓာတ်ပြုမှုသည် ဂဟေဆက်များကို ဒုက္ခပေး၏။ ဂဟေဆော်ရာတွင် အရည်ပျော်နေသည့် သတ္တုရည်သည် လေထဲမှ အောက်ဆီဂျင်နှင့်ဓာတ်ပြုကာ အောက်ဆိုဒ်များ ဖြစ်လာ၏။ သံဂဟေဖြစ်က သံအောက်ဆိုဒ်ဖြစ်မည်။ သံအောက်ဆိုဒ်ဆိုသည်မှာ သံချေးဖြစ်၏။ ထိုအောက်ဆိုဒ်များ ဂဟေသားထဲ၌ ရောပါလာပါက ဂဟေသား၏ အရည်အသွေးကို ထိခိုက်စေ၏။ ထို့ကြောင့် ဂဟေဆော်နေသည့် ဧရိယာကို လေနှင့်မထိအောင် အုပ်ပေးထားဘို့လို၏။ ထိုသို့အုပ်ရန် ဓာတ်ငွေ့ကို သုံး၏။
သို့သော် ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက် မလေးစေရန်လည်း အရေးကြီးရကား ဂဟေကိုအုပ်ပေးမည့် ဓာတ်ငွေ့မှာ ဓာတ်ပြုခြင်းကင်းသည့် ဓာတ်ငွေ့ဖြစ်ရန် လို၏။ ဓာတ်ပြုခြင်းကင်းသည့် ဓာတ်ငွေ့ကို အင်္ဂလိပ်လို inert gas ဟု ခေါ်၏။ အဆိပ်အတောက်မဲ့ ဓာတ်ငွေ့ဖြစ်၏။ အဆိပ်အတောက်မဲ့ဓာတ်ငွေ့ကို အင်္ဂလိပ်လို Noble Gas ဟု ခေါ်၏။ Noble Gas များမှာလည်း စိတ်ဝင်စားဘွယ်ဖြစ်လေရာ ထိုဓာတ်ငွေ့များအကြောင်း သီးသန့်ရေးပါဦးမည်။
အာဂွန်ဓာတ်ငွေ့
ဂဟေဆော်ရာတွင် ဈေးကွက်ထဲ၌ အသုံးများသည့် ဓာတ်ငွေ့ (inert gas) မှာ Argon နှင့် Carbon Dioxide ဖြစ်၏။
အဘယ်ကြောင့် အာဂွန်ဓာတ်ငွေ့ကို သုံးကြသနည်း။
၁။ အာဂွန်ဓာတ်ငွေ့သည် ဂဟေမီးကို ပိုပြီးတည်ငြိမ်စေ၏။ ဂဟေမီးကို ထိန်းရလွယ်၏။
၂။ အရည်ပျော်နေဆဲ ဂဟေသားကို အာဂွန်နှင့် ဖုံးထားလိုက်ခြင်းဖြင့် ပြင်ပလေထုနှင့်အဆက်ဖြတ်လိုက်ခြင်း အောက်ဆီဂျင်ဓာတ်ပြုခြင်း (Oxidation) ကို ကာကွယ်နိုင်၏။
၃။ ကမ္ဘာ့လေထုထဲ၌ အာဂွန်ဓာတ်ငွေ့ပါဝင်မှုမှာ 0.94% ခန့်ရှိရကား ဈေးသက်သာစွာဖြင့် အလွယ်တကူ ရယူနိုင်၏။
၄။ အာဂွန်သည် မီးမလောင်နိုင်သည့် ဓာတ်ငွေ့ဖြစ်၏။ အလွန်မြင့်မားသည့် အပူချိန်ကို ခံနိုင်ရည်ရှိ၏။ ထို့ကြောင့် မီးလောင်ခြင်းဖြင့် ဓာတ်ငွေ့ဆုံးရှုံးခြင်း မဖြစ်တော့။
၅။ သတ္တုအမျိုးအစား များစွာတို့အတွက် သုံးနိုင်၏။
၆။ ပါးသည့်သတ္တုများကိုပင် ဂဟေဆော်နိုင်၏။
အာဂွန်ဓာတ်ငွေ့သီးသီးကို အလူမီနီယမ်နှင့် သံမဟုတ်သော သတ္တုများ ဂဟေဆော်ရာ၌ သုံး၏။ များသောအားဖြင့် TIG Welding တွင် သုံး၏။ အာဂွန်ဓာတ်ငွေ့ကို အခြား ဟီလီယမ်၊ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ အောက်ဆီဂျင်တို့ဖြင့်လည်း မိမိ အလိုရှိသလို ရောစပ်အသုံးပြုနိုင်၏။
ဂဟေမီးကို တည်ငြိမ်စေခြင်း၊ ထိန်းရလွယ်စေခြင်းနှင့် လေထုကို ကာကွယ်ပေးခြင်းတို့အပြင် အာဂွန်ဓာတ်ငွေ့သည် ဂဟေသားကို ပိုမိုကောင်းမွန်စေ၏။
ဤသည်မှာ ဂဟေဆော်ရာ၌ အာဂွန်ဓာတ်ငွေ့ကို သုံးကြခြင်း အကြောင်းရင်းဖြစ်၏။
စီအိုတူး (ကာဘွန်ဒိုင်အောက်ဆိုဒ်)
အာဂွန်ကို TIG ဂဟေဆော်ရာ၌ သုံး၏။ စီအိုတူးကို MIG ဂဟေဆော်ရာ၌ သုံး၏။
Welding gun က စီအိုတူးဓာတ်ငွေ့ကို မှုတ်ထုတ်ပေးပြီး အရည်ပျော်နေသည့် ဂဟေသားကို ဖုံးအုပ်ပေး၏။ ဤနည်းအားဖြင့် ဂဟေသားကို အောက်ဆီဂျင်နှင့် နိုက်ထြိုဂျင်ဓာတ်ငွေ့တို့မဝင်အောင် ကာကွယ်ပေးခြင်းဖြင့် အောက်ဆီဂျင်ဓာတ်ပြုခြင်း (oxidation) နှင့် နိုက်ထြိုဂျင်ဓာတ်ပြုခြင်း (nitriding) တို့မဖြစ်အောင် တားဆီးပေး၏။
လျှပ်စစ်အဖိုနှင့်အမတို့ ထိခြင်းဖြင့် ဖြစ်ပေါ်လာသည့် မီးပွား (arc) က ကာဘွန်ဒိုင်အောက်ဆိုဒ်ကို ကာဘွန်မိုနောက်ဆိုဒ် နှင့် အောက်ဆီဂျင်တို့အဖြစ် ပြိုကွဲစေကာ ဂဟေသားကို ပိုမိုကောင်းမွန်လာစေ၏။
စီအိုတူးသည် ဓာတ်ငွေ့အနည်းငယ်နှင့် ဂဟေအများအပြားကို ဆော်နိုင်၏။
ဈေးသက်သာ၏။ အလွယ်တကူရနိုင်၏။
ကာဘွန်ဒိုင်အောက်ဆိုဒ်ကို စတိန်းလက်စတီး၊ မိုင်းစတီး၊ အလူမီနီယမ်တို့အပါအဝင် များစွာသော သတ္တုတို့အတွက် သုံးနိုင်၏။
မကောင်းသည့်အချက်မှာ အခြားဓာတ်ငွေ့များနှင့်စာလျှင် မီးပွားနှင့် မီးခိုး ပိုထွက်၏။
ဂဟေအသစ်စဆော်ပြီဆိုသည်နှင့် စီအိုတူးဓာတ်ငွေ့အိုးသစ် ဖြည့်ရ၏။
ဤသည်မှာ ဂဟေဆော်ရာ၌သုံးသည့် ဓာတ်ငွေ့များအကြောင်း ဖြစ်၏။ ဂဟေဆော်ခြင်းအကြောင်း မဟုတ်ပါ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
15/12/2024
No comments:
Post a Comment