အကယ်၍ အကြင်သူတစ်ဦးတစ်ယောက်သည် အလွန် အေးဆေးသောသူတစ်ယောက် ဖြစ်သည် ဆိုပါစို့။ ထိုသူအား “ထမင်းကြမ်းခဲကို ယပ်ခပ်စားသူ” ဟု ရှေးလူကြီးတို့ ဆိုစမှတ်ပြု၏။
ထမင်းကြမ်းခဲဟူသည် နဂိုကတည်းက အေးပြီးသားဖြစ်၏။ အနှီအေးနေသည့် ထမင်းကြမ်းခဲကို ယပ်ခပ်လိုက်တော့ . . . အဲ . . အဲ . . အဲသလိုပါဘဲ။ အင်မတန်အေးသူကို ယပ်ခပ်ထားသည့် ထမင်းကြမ်းခဲနှင့် တင်စားခြင်း ဖြစ်၏။
ကျွန်ုပ်အဖေသည်လည်း ‘ယပ်ခပ်ထားသည့် ထမင်းကြမ်းတစ်ခဲ’ စင်စစ်ဖြစ်ဘိ၏။
ကျွန်ုပ် လူမှန်းသိပါပြီဆိုကတည်းက ကျွန်ုပ်အဖေမှာ တစ်ခါဖူးမျှ စိတ်ညစ်သည်၊ ပူပင်သောကရောက်သည်၊ စိတ်ဖိစီးမှု များသည်၊ ဒေါသထွက်သည်၊ စိတ်ဆိုးသည်၊ နင်ပဲငဆပြောသည်ဆိုတာ မရှိ။ ပိုက်ဆံကို မရ ရအောင် အသည်းအသန် ရှာမည်ဆိုတာ မရှိ။ သမာအာဇီဝနှင့်လည်း ရှာမည်၊ မဟုတ်က မဟတ်က နည်းများသုံး၍ ရှာမည်ဆိုတာ မရှိ။ ဟိုလူ့ကိုကျော်ပြီး ဒီလူ့ကို ခွလိုက်မည်ဆိုတာ စဉ်းတောင် မစဉ်းစားမိ။
ဟိုကောင်တွေမှာ ဒီလောက်ပိုက်ဆံတွေ ချမ်းသာတာ၊ ငါရော ဘာဖြစ်လို့ မရှာနိုင်ရမတုံး ဆိုတာ မရှိ။ ယုတ်စွအဆုံး ငါ့သားလေးတစ်ယောက်ရှိတာ၊ ဘာကောင်ကြီးဖြစ်လာအောင် လုပ်ပေးမကွ ဆိုတာ မရှိ။ ငါ့လာကြောတဲ့ကောင်လား တွေ့ကြသေးတာပေါ့ကွာ ဟု အတေးအမှတ် မရှိ။ မြေနိုး၊ နှမယိုးဟု တစ်ခါဖူးမှ မဆဲစဖူး။ (ကျော့်လိုပဲနော် . . . အဟိ)
နောက်ပြီးတော့လေ . . . အလုပ်တွေနောက်ကျနေပြီ။ လုပ်ကြပါအုံး အရပ်လူကြီးတို့ဟု တစ်ခါဖူးမှ ပျာပျာသလဲ မဖြစ်စဖူး။ ကျွန်ုပ်မှာ အခုပြန်တွေးကြည့်တော့မှ ကိုယ့်အဖေကိုယ် အံ့စ်တွေကို ဩ စ် ရောခညာ။ ဘုရားစူးရပါစေ့။
ပြောရလျှင် အဖေကြီးကား လောဘ၊ ဒေါသ၊ မောဟ အလွန်နည်းသူ ဖြစ်၏။
ကျွန်ုပ်ကား အဖေမတူသား စင်စစ် ဖြစ်ဘိ၏။
အဖေကြီးက လောဘ၊ ဒေါသ၊ မောဟ နည်းသလောက် ကျွန်ုပ်ကား လောဘ၊ ဒေါသ၊ မောဟ အလွန့်အလွန်များသူ ဖြစ်သတည်း။
အဖေကြီးက အဖြူဆိုပါစို့။ ကျွန်ုပ်ကား လမထွက်သောည သန်းခေါင်ယံမှ ကတ္တရာလမ်း ဖြစ်တော့၏။
အဖေကြီးက တောင် ဆိုပါစို့။ ကျွန်ုပ်ကား မြောက် ဖြစ်၏။
ကိုယ့်ကိုယ်ကိုယ် စေ့စေ့စပ်စပ် ဆန်းစစ်ကြည့်လိုက်တော့ အဲ့ငယ် . . . ကျွန်ုပ်သဘာဝတွင် အဖေကြီးနှင့်တူတာဆိုလို့ နှမ်းစေ့တစ်စေ့လောက်တောင် ရှာလို့မတွေ့။ ကတောက်စ်
တစ်ခုခုလုပ်မိပြီဆိုလျှင် ကျွန်ုပ်အတွက် ထမင်းဟင်းဆိုတာ၊ အိပ်ဖို့ဆိုတာတွေသည် အရေးကြီးသည့် အရာများ မဟုတ်တော့ပြီ။ အလုပ်ဆိုလျင် မစခင်ကတည်းက ပြီးချင်နေတာ ဖြစ်၏။
နောက်ပြီး စိတ်ဆိုတာကလည်း -င်ဝပြူနေတာ ဖြစ်၏။ ထစ်ကနဲဆို ဗြစ်ကနဲလုပ်လိုက်ရမှ။
အဖေကြီးကား အလွန်အင်မတန် ကံကောင်းလှသူ ဖြစ်၏။
အဖေကြီးဘဝတွင် ပင်ပင်ပန်းပန်း အသည်းအသန် ရုန်းကန်လှုပ်ရှားခဲ့ရတာဆိုလို့ ဘုရားစူးရပါစေ့၊ ကျွန်ုပ် တစ်ခါမှ မတွေ့ခဲ့ရစဖူး။
ကျွန်ုပ်တို့မောင်နှမ ၆ ယောက်ကို အဖေနှင့်အမေက မွေးရုံမွေးထုတ်ပေးလိုက်တာ ဖြစ်ပြီး တကယ် ကြည့်ရှု စောင့်ရှောက်ခဲ့သူများမှာ ကျွန်ုပ်အမေ၏ အပျိုအစ်မကြီးများဖြစ်သည့် အရီးမယ်ဟံနှင့် အရီးမယ်ကြိုင်တို့ ဖြစ်၏။
အဖေကြီးသည် တောသူတောင်သားတို့ဘာဝ လယ်လုပ်ပါ၏။ သို့သော် လယ်ကလေးမှာ ၅ ဧကမျှသာ ရှိသဖြင့် သည်လောက် ပင်ပန်းသည်ဟု မဆိုသာပါ။ လယ် ၅ ဧကကိုတောင် စာရင်းငှားတစ်ယောက် ထားလိုက်သေး၏။ ကျွန်ုပ် တို့၏ နောက်ဆုံးစာရင်းငှားဖြစ်သူ ကိုအေးလှိုင်ဆိုလျှင် သူကလည်း ကျွန်ုပ်တို့ မောင်နှမများကို အလွန်ချစ်သလို ကျွန်ုပ်တို့ကလည်း သူ့ကို အစ်ကိုကြီးတစ်ဦးလို ချစ်ခင်ကြတာဖြစ်၏။ ဟိုတလောကတောင် ရန်ကုန်အိမ်ကို လာသွားသေး၏။
ကျွန်ုပ်အဖေနှင့် အမေတို့ ဘယ်လိုလုပ်ပြီး ညားကြသည်ကို ကျွန်ုပ်မသိပါ။
သို့သော် အဖေကြီးက အေးသလောက် အမကြီးက (ကျွန်ုပ်တို့က အမေကို အစ်မကြီးဟု ခေါ်ကြ၏။) ခပ်ထက်ထက်ဖြစ် သည်ဟု အနည်းအကျဉ်း မှတ်မိနေပါ၏။ အမကြီးမှာ ကျွန်ုပ် အသက် ၁၃ နှစ်သားတွင် ဆုံးပါးသွားတာ ဖြစ်၍ အမကြီး အကြောင်း ကောင်းကောင်းမသိမီလိုက်ပါ။ နောက်ပြီး ၄ တန်းအောင်ပြီးနောက် ၅ တန်းမှစကာ ကွင်းကောက်သွားပြီး ကျောင်းတက်ကြရတာဖြစ်၍ မိခင်နှင့် ရင်းရင်းနှီးနှီး လက်ပွန်းတတီးနေရချိန်မှာ အသက် ၁၀ နှစ်သားထိသာ ဖြစ်၏။
ကျွန်ုပ် အသက် ၇ နှစ် ၈ နှစ်သားလောက်က အဖေကြီးနှင့် အမကြီး ရန်ဖြစ်သည်ဟု မှတ်မိနေပါသည်။ ရန်ဖြစ်ရသည့် အကြောင်းကို အရီးတို့ပြောတာကြားရသလောက် ထိုစဉ်က အဖေကြီးမှာ ရပ်ရွာလူကြီးလုပ်သည် ထင်ပါ၏။ စာရင်းတွေ ကွာတော့ အစ်မကြီး၏ဆွဲကြိုးကို တိတ်တိတ်ယူကာ ရောင်းပြီး ဆပ်လိုက်၏။ သည်အကြောင်းကို အစ်မကြီးသိတော့ ဒေါသူပုန်ထကာ ရန်သတ္တရုပြုတာ ဖြစ်၏။
သူများတကာတွေ လူကြီးလုပ်တာ ပိုက်ဆံလေး မြိုးမြိုးမြက်မြက်ရပေမင့် အဖေကြီး လူကြီးလုပ်တော့ အစ်မကြီး၏ ဆွဲကြိုးတစ်ကုံး ပြုတ်လေ၏။ အဖေကြီးကား ဤကဲ့သို့သော လူစားမျိုး ဖြစ်သတည်း။
အစ်မကြီး၏ မောင်နှမများထဲ၌ အကြီးဆုံးဖြစ်သူ အရီးမယ်ဟံမှာ အင်မတန် တော်တည့်ထက်မြက်သော မိန်းမကြီး ဖြစ်ဘိ၏။ ကျွန်ုပ်သည်လိုဘဝရောက်ခြင်း၏ ဟေတုပစ္စယောမှာ အရီးမယ်ဟံဖြစ်သည်ဆိုလျှင် မမှားပါ။ အရီးမယ်ဟံသာ အမြော်အမြင်မရှိပါက ယခုအချိန်ဆို ကျွန်ုပ် ဝါးတောကွင်းမှာ ဝါးတောကွင်းသူနှင့် ညားလျက် အဖေကြီး၏ လယ် ၅ ဧက ကိုထွန်ယက်စိုက်ပျိုးနေရပေလိမ့်မည်။ (အရီးမယ်ဟံအကြောင်း သပ်သပ်ရေးပါဦးမည်။ အရီးမယ်ဟံ အကြောင်းသည် လည်း စိတ်ဝင်စားဘို့ ကောင်း၏။)
အဖေကြီးသည် လယ်အပြင် စက်လည်းချုပ်၏။ အဖေကြီး၌ စင်းဂါးအပ်ချုပ်စက်တစ်လုံးရှိ၏။ (အဖေကြီး လူပျို ဘဝကတည်းက ချုပ်ခဲ့သော စင်းဂါးအပ်ချုပ်စက်မှာ ယခု ကျွန်ုပ်အသက် ၆၀ ကျော်သည့်တိုင် ရန်ကုန်အိမ်၌ ကျွန်ုပ် အစ်မကြီးဖြစ်သူ တဂျောင်းဂျောင်းနှင့် ချုပ်လို့ကောင်းတုံး ရှိသေး၏။)
အဖေကြီးသည် စက်ကို တကယ့် ပရော်ဖက်ရှင်နယ်ကျကျ ချုပ်တတ်၏။ ယောက်ျား၊ မိန်းမအင်္ကျီများကို သပ်သပ် ယပ်ယပ် ချုပ်တတ်၏။ ရှပ်အင်္ကျီ၊ ဘလောက်စ်၊ တိုက်ပုံ၊ ဘောင်းဘီ၊ ခြင်ထောင်၊ စောင် စသည်တို့ ချုပ်တတ်၏။ (သဟာနှင့်များတောင် နောက်ပိုင်းတွင် ဘာကြောင့် စက်မချုပ်တော့သည်ကို ကျွန်ုပ် စဉ်းစားမရနိုင်အောင် ဖြစ်ရပါ၏။)
ကျွန်ုပ် ကောလိပ်ကျောင်းသားဖြစ်လာတော့ ကျောင်းစရိတ်အတွက် ကျွန်ုပ် အစ်မဖြစ်သူက တာဝန်ယူ ရှာဖွေပေး၏။ ကျွန်ုပ်ဘဝအတွက် ကျွန်ုပ်အစ်မကျေးဇူးများသည်လည်း ဆပ်မကုန်နိုင်အောင် ရှိခဲ့၏။ ကျွန်ုပ်အစ်မကို ကျွန်ုပ်က မမ ဟု ခေါ်၏။ မမသည် အသက် ၂၀ မပြည့်မီပင် စီးပွားရှာနေပြီဖြစ်၏။ ယခုခေတ်အခေါ် စပါးပွဲစား၊ ပဲပွဲစား၊ မီးသွေးပွဲစား စသည်တို့လုပ်၏။ ဝက်မွေး၏။ သစ်လုပ်၏။
ဆိုတော့ အစ်မကြီးက ပိုက်ဆံရှာသည့်အတွက် အဖေကြီးသည် ကျွန်ုပ်ကျောင်းစရိတ်အတွက် တာဝန်ပေ့ါသွားလေ၏။ ကျောင်းပြီးတော့ အလုပ်မရနိုင်သည့်အတွက် ကြုံရာကျပန်းများလုပ်ရင်း ကျွန်ုပ် ယက်ကန်ယက်ကန် ဆဲဗင်းဒေး ဖြစ်လျက် ဒွတ်ခများနေစဉ် တလျှောက်လုံးလည်း အဖေကြီးမှာ ဘာပူပန်မှုမှ မဖြစ်ခဲ့။ အံ့ချက်တော့ ယခွမ်း။
၁၉၉၀ ခုနှစ် ဇူလိုင်လ ကျွန်ုပ် ရေဆင်းမှာ အလုပ်ရပြီလည်းဆိုရော အဖေကြီးလိုက်လာကာ ကျွန်ုပ်နှင့် အတူနေလျက် အငြိမ်းစားရသွားလေတော့သတည်း။ သည်တုံးက ကျွန်ုပ်အသက် ၂၈ နှစ်။ အဖေကြီးနှင့် ကျွန်ုပ်က အသက်ချင်း ၂၈ နှစ် ကွာတာဆိုတော့ ထိုအချိန်တွင် အဖေကြီးအသက်မှာ ၂၈ နှစ်လီ ၅၆ ဖြစ်၏။
အသက် ၃၅ နှစ်ခွဲတွင် ရေကြည်ရာမြက်နုရာရှာရင်း စင်ကာပူကို ကျွန်ုပ် ယောင်တောင်ပေါင်တောင်နှင့် မျက်စိလည် လမ်းမှားကာ ရောက်လာပြီးနောက်ပိုင်းတွင်မတော့ အဖေကြီး၏ ထမင်းကြမ်းခဲသည် ယပ်ခပ်သည့်ဘဝမှ ရေခဲသေတ္တာထဲသို့ တခါတည်း ရောက်သွားလေတော့သတည်း။
ကိုနွယ်ဝင်းကတော့ “ကျွန်တော့်အဖေလည်း အဲသလိုပဲဗျာ။ အင်မတန်လည်း ကံကောင်းကြတဲ့လူတွေပေကပဲ” ဟု ကောက်ချက်ချ၏။ ယခု ကျွန်ုပ်က ၆၃ ဆိုတော့ အဖေကြီးက ၆၃+၂၈ ဖြစ်၏။ စိတ်မညစ်ခြင်း၊ စိတ်မချမ်းသာမဖြစ်ခြင်း၊ ဒေါသမဖြစ်တတ်ခြင်း၊ စိတ်ဖိစီးမှုဟူ၍ မြူလောက်မှ မရှိခြင်း၊ မအေနှမ မဆဲတတ်ခြင်း၊ သူများအကြောင်း မကောင်း မပြောတတ်ခြင်း (ကျော်တို့မောင်နှမ တတွေကတော့ အတင်းမပြောရလျှင် အိပ်လို့မပျော်တတ်၊ ဤကား စကားချပ်) အစရှိသည်တို့ကြောင့် အဖေကြီးသည် ကျန်းမာရေးလည်း ကောင်းလှ၏။ ကျွန်ုပ်သာ မနက်တိုင်လျှင် ဗိုက်လှန်ပြီး အပ်နှင့်ထိုးနေရသော်လည်း အဖေကြီးသည် ဘာဆေးလုံးကိုမှ စွဲသောက်နေရတာ မဟုတ်။
ဤသည်ကား အကျွန်ုပ်၏ မွေးသဖခင် ကျေးဇူးရှင်အကြောင်း ဖြစ်၏။
အသင်မိတ်ဆွေအပေါင်းတို့သည် ကျွန်ုပ်အဖေလို ကံကောင်းပြီး ကျွန်ုပ်အဖေလို စိတ်ကောင်းနှလုံးကောင်းနှင့် အသက်ရှင် နေထိုင်နိုင်ကြပါစေကုန်သတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း (အဖေနှင့် လားလားမှ မတူသူ)
၁၈ ဒီဇင်ဘာလ၊ ၂၀၂၄
No comments:
Post a Comment