Saturday, March 4, 2023

သူများရီဘို့ ကိုယ်ငိုရခြင်း အကြောင်း

(၁)

 

အချို့သောသူများ ကောင်းစားဘို့ အချို့တို့မှာ ချနင်းခံရလေသည်။

အချို့သူများ၏ မျက်ရည်များသည် အချို့သူတို့အတွက် ဒေါ်လာများဖြစ်၏။

အကယ်၍သာ အသင်တို့ဗိုက်ထဲမှ နှလုံးသား ဆိုသဟာလေးကို အသာဖယ်ထားလိုက်ပါက ပိုက်ဆံဆိုတာ အင်မတန် ရှာရ လွယ်လေသည်။

 

(၂)

 

သည်ကနေ့ (04/03/2023) မြန်မာလုပ်သား (၁၅) ယောက် ပြန်ပို့ခံရ၏။

ဤသည်မှာ အလုပ်ရှင်နှင့် လူလည်ပါကား မြန်မာအလုပ်သမား (လူဟောင်း) တို့၏ လုပ်ဇာတ်ဖြစ်၏။

အလုပ်သမားများကို ခေါ်၏။ အလုပ်ခိုင်း၏။ အကြောင်းအမျိုးမျိုးပြကာ ၎င်းတို့၏ လခထဲမှ ဖြတ်၏။

အလုပ်သမားတွေက တိုင်လားတောလားလုပ်တော့ ပြန်ပို့၏။

 

ပြန်ပို့တော့ နောက်ထပ်တစ်သုတ် ထပ်ခေါ်ပြန်၏။

နောက်တစ်သုတ်ထပ်ခေါ်တော့ နောက်တစ်ခါ အေးဂျင့်ခ ထပ်ရ၏။

ထပ်ဖြတ်ပြန်၏။ ထပ်ကွန်ပလိန်းလုပ်ပြန်၏။ ထပ်ပြန်ပို့ပြန်၏။

အေးဂျင့်ဖီး ထပ်ရပြန်၏။

 

သူတို့အပြောအရ ယခုပြန်ပို့ခံရသော သူတို့အသုတ်မှာ တတိယ အသုတ်ဖြစ်၏။

 

ပထမအသုတ် ပြန်ပို့ခံရတာ (၃၀)

ဒုတိယအသုတ် ပြန်ပို့ခံရတာ (၂၀)

ယခု တတိယအသုတ် ပြန်ပို့ခံရတာ (၁၅) ယောက်။

 

တစ်ယောက်ကို အေးဂျင့်ဖီး ၁၀၀၀ ပဲထားပါ။

၁၀၀၀ x ၆၅ = ၆၅၀၀၀

Wow

 

များများပြန်ပို့လေ၊ များများတွက်ချေကိုက်လေ။

 

(၃)

 

ကျွန်ုပ် သူတို့ time card နှင့် ရသောလစာကို တောင်းယူပြီး တွက်ကြည့်ရာ တစ်လလျှင် ၁၅၀ မှ ၂၀၀ ထိ ဖြတ်ထားတာ တွေ့ရ၏။ ဘာကြောင့်ဖြတ်သည်ကိုလည်း သေသေချာချာ ရှင်းမပြ။

၁ လ ကို ၁၅၀ x ၁၂ လ x ၁၅ ယောက် = ??? Wow Wow Wow

 

Employment Act (အလုပ်ခန့်ထားခြင်းဥပဒေ) အရ ကုမ္ပဏီသည် အလုပ်သမားများကို Itemised Payslip (အသေးစိတ် ဖော်ပြထားသည့် လခပြေစာ) ကို ပေးရမည်။ အနှီသကောင့်သားကလေးများသည် မည်သည့်အခါကမှ လခပြေစာကို မရခဲ့စဖူး။

 

နောက်ပြီး ကွာရန်တင်းဝင်ရသည့်အတွက် ဆိုပြီး တစ်လ ၂၀၀ ဖြတ်သည်ဆို၏။

ကွာရန်တင်းဝင်ရတာ ကုမ္ပဏီက ပေးရတာဖြစ်၏။ အလုပ်သမားဆီက ဖြတ်လို့မရ။

 

မဖြစ်စလောက်ရသည့် လခလေးကိုမှ အမြီးနှုတ်၊ ခေါင်းနှုတ်နှင့် မိတ်ဆွေတို့ စဉ်းစားသာ ကြည့်ကြပါ။ 

၎င်းတို့မှာ တစ်နှစ်လုံးလုပ်လို့ရသမျှ ဟိုဟာဖြတ် သည်ဟာဖြတ်နှင့် ကိုယ်စားလိုက်ရတယ်ပဲ မရှိ။ 

ထိုသူတို့ စင်ကာပူလာခြင်းမှာ အေးဂျင့်နှင့် စလုံးကအလုပ်ရှင်ကို အလုပ်အကျွေးပြုဘို့ထက် မပိုပါချေ။

 

စင်ကာပူကိုလာတာ ပိုက်ဆံရှာဘို့လာတာ ဖြစ်၏။

ဘာကောင်ကြီးဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းဖြစ်ဖြစ် စစ်စစ်ပေါက်ပေါက် ပြန်တွက်ကြည့်လိုက်ပါက နောက်ဆုံး ပိုက်ဆံရဘို့ဆိုတာတွင် လမ်းဆုံးလေ၏။

 

သည့်အတွက် ကိုယ်ရသင့်ရထိုက်သည့် ပိုက်ဆံကို လိုချင်ကြသည်မှာ ဓမ္မတာ မဟုတ်ပါလော။

အသင်တို့လည်း ကိုယ် ရရမည့်ပိုက်ဆံ ကိုယ်လိုချင်သည်။

ကျွန်ုပ်လည်း ကိုယ် ရရမည့်ပိုက်ဆံ ကိုယ်လိုချင်သည်။

သဟာ ဘာမှ မဆန်းပါ။

 

ကိုယ်ရသင့်ရထိုက်သည့်ပိုက်ဆံကို ပြန်ရအောင်လုပ်တာကို အပြစ်ရှာပြီး ပြန်ပို့တာကတော့ လွန်လွန်းပါသည်။

သည်လိုကိစ္စများ စင်ကာပူတွင် အများအပြားရှိ၏။

 

ဆင်ဖမ်းမည်၊ ကျားဖမ်းမည်။ ဂေါ်ဇီလာကြီးတောင် ဖမ်းပြပါမည် ဆိုသူများကလည်း ပိုးဟပ်တောင်မှ​ မဖမ်းနိုင်လေတော့ အနှီ ငကံဆိုးလေးများမှာ မျက်နှာကလေးဇီးရွက်လောက်နှင့် ပြည်တော်ပြန်ဘို့ကလွဲပြီး တခြားလမ်း မရှိတော့ပါချေ။

 

အသေးစိတ်ပြောပြရန် မသင့်သည့် အချက်အလက်များအားလုံး ချန်ခဲ့ပါသည်။

 

(၄)

 

ကျွန်ုပ်တို့ငယ်စဉ်က ရုပ်ရှင်ကားတစ်ကား ကြည့်ခဲ့ဖူးပါ၏။ (ကြားဖူးတာလား၊ ကြည့်ဖူးတာလား၊ ကောင်းကောင်းမမှတ်မိ)

ရုပ်ရှင်ကား နာမည်က “သူများရီဘို့ ကိုယ်ငိုမယ်” 

ဒါရိုက်တာဘယ်သူ၊ မင်းသားနှင့်မင်းသမီးကဘယ်သူ၊ ဇာတ်လမ်းကဘယ်လို စတာတွေ မမှတ်မိတော့ပါ။

 

အကယ်၍သာ ၂၁ ရာစု “သူများရီဘို့ ကိုယ်ငိုမယ်” ဇာတ်ကားကိုသာ စင်ကာပူက အလုပ်သမားလေးများနှင့် ရိုက်လိုက်ရလျှင် အကယ်ဒမီဆုကို (၃) ခါလောက် ပြန်ရစရာရှိလေသည်။

 

လူအချင်းချင်း ချနင်းခြင်း၊ ကင်းရှင်းကြပါစေ။

 

အေးငြိမ်း

၄ မတ်လ၊ ၂၀၂၃

No comments: