Wednesday, March 1, 2023

ကျွန်ုပ်နှင့် အုန်းပွဲ ငှက်ပျောပွဲများ အကြောင်း

ကျွန်ုပ်တို့တိုင်းပြည်တွင် ကျွန်ုပ်တို့ အမြဲတမ်းလိုလို မြင်တွေ့နေကျ အရာတစ်ခုမှာ “ငှက်ပျောပွဲ၊ အုန်းပွဲ” များ ဖြစ်သတည်း။ သို့တိုင် ထို ငှက်ပျောပွဲ၊ အုန်းပွဲများအကြောင်းကို ကျွန်ုပ် တိတိပပ နားမလည်ပါချေ။

 

အနှီ ငှက်ပျောပွဲ၊ အုန်းပွဲများ မည်သည့်ခေတ်က စတင်ပေါ်ထွန်းလာသနည်း။

အဘယ်ကိုရည်မှန်းပြီးတင်သနည်း။

ထို ငှက်ပျောပွဲ၊ အုန်းပွဲများထိုးပုံထိုးနည်း စတင်းဒတ်သည် အဘယ်ဖြစ်သနည်း။

အဘယ်ကြောင့် ထို ငှက်ပျောပွဲ၊ အုန်းပွဲများကို တင်ရဘိသနည်း။

ထို ငှက်ပျောပွဲ၊ အုန်းပွဲများကို မတင်လျှင် ဘာဖြစ်မည်နည်း။

ထို ငှက်ပျောပွဲ၊ အုန်းပွဲများကို တင်လိုက်တော့ရော ဘာအကျိုးကျေးဇူးများ ရပါသနည်း။

 

ပွဲတစ်ခုတွင် ငှက်ပျောသီးနှင့် အုန်းသီးပါရမည်ဟု မည်သူက သတ်မှတ်ပေးလိုက်သနည်း။ 

ထို ငှက်ပျောပွဲ၊ အုန်းပွဲမှ အုန်းသီးတွင် ကြွက်မြီးပါရမည်ဆို၏။ ကြွက်မြီးမပါလျှင် ဘာဖြစ်သွားမည်နည်း။

(ကြွက်မြီးတောင်မှ ကျိုးမှာစိုးလို့ တယုတယ နှီးကလေးများဖြင့် ချည်ထားတာ မိတ်ဆွေတို့ တွေ့ပါလိမ့်မည်။)

အောင်မယ်၊ ကြွက်မြီးတောင် ထားချင်သလို ထားလို့မရ၊ တောင်ဘက် လှည့်ရမလေ့၊ အနောက်ဘက် လှည့်ရမလေ့ ရှိသေး၏။ ထိုကြွက်မြီးကို ထိုဘက်မလှည့်လျှင် ဘယ်လိုရောဂါဘယတွေ ဖြစ်သွားမည်နည်း။

ထိုကြွက်မြီးကို ထိုဘက်သို့လှည့်ထားလိုက်လျှင် ကိုဗစ် မကူးနိုင်တော့ပြီလော။

 

ကျွန်ုပ် တွေ့ဖူးသည်မှာ သာသနာပွဲ၊ ဘုရားပွဲ၊ တရားပွဲနှင့် အခြား နတ်များကို တင်သည့်ပွဲများ ဖြစ်၏။

ထိုမျှသာမက စာပေဟောပြောပွဲများတွင်လည်း ငှက်ပျောပွဲ၊ အုန်းပွဲတင်၏။ 

အလှူလုပ်တော့လည်း ငှက်ပျောပွဲ၊ အုန်းပွဲ တင်၏။ 

စာမေးပွဲဖြေတော့လည်း စာမေးပွဲအောင်ပါစေ၊ ဂုဏ်ထူးတွေ တသီကြီးထွက်ပါစေ ဟု ဆုတောင်းစာများညှပ်လျက် ငှက်ပျောပွဲ၊ အုန်းပွဲတင်၏။ 

နတ်ကတော်တို့၏ အိမ်များ၌ နတ်ရုပ်ကြီးငယ် အသွယ်သွယ်တို့၏ ရှေ့တွင်လည်း အရွယ်စုံ၊ ဆိုဒ်စုံ ငှက်ပျောပွဲ၊ အုန်းပွဲများ တင်ထားတာ တွေ့ရ၏။

နတ်က,တော့လည်း ၃၇ မင်းနတ်တို့၏ရှေ့တွင် ငှက်ပျောပွဲ၊ အုန်းပွဲတင်၏။

ရှင်ပြုတော့လည်း ငှက်ပျောပွဲ၊ အုန်းပွဲတင်၏။

ဘုရားပုထိုး၊ စေတီများတွင်လည်း ငှက်ပျောပွဲ၊ အုန်းပွဲများ တွေ့ရ၏။

 

ကြည့်ရတာ ကိုရွှေမြန်မာတို့သည် ငှက်ပျောပွဲ၊ အုန်းပွဲတင်ရတာကို အတော်ဝါသနာပါပုံ ရလေသည်။

 

ပွဲတင်တာ ဘာအတွက်ပါနည်း။

နတ်တစ်ပါးပါးအတွက် ပွဲတင်သည် ဆိုပါစို့။

ဘယ်အတွက် ဤပွဲကိုတင်ပါသနည်း။

ထိုနတ် စားရန် အတွက်ပေလော။

စားရန်အတွက်ဆိုလျှင် အဘယ်ကြောင့် ကြွက်မြီးက အရေးကြီးရပါသနည်း။

ကြွက်မြီးကို စား၍ ရပါသလော။

စားဘို့အတွက် ပွဲတင်တာမဟုတ်ပါ ဆိုပါစို့။

စားဘို့အတွက်မဟုတ်လျှင် ဘာလုပ်ဖို့အတွက် တင်တာပါနည်း။ 

(၁။ ကျွန်ုပ်ကတော့ ကိုကြီးကျော်သည် အုန်းရေအစား ဘလက်လေဘယ်ကိုသာ ပိုကြိုက်မည် ထင်ပါ၏။ 

၂။ ထိုနတ်များအားလုံးသည် အုန်းသီးနှင့် ငှက်ပျောသီးကို ကြိုက်သည်ဟု အဘယ်ကိုရည်၍ သင်တို့ဆိုပါမည်နည်း။ ဤကား စကားချပ်)

 

သို့ဆိုလျှင် သာသနာပွဲ တင်သည်ဆိုကြပါစို့။

ဤသာသနာပွဲဟူသည် အဘယ်ကိုရည်၍ တင်သနည်း။

သာသနာဟူသည် အဘယ်နည်း။ ဟောဒါဟာ သာသနာကွ ဟု သာသနာကို လက်ဆုပ်လက်ကိုင်ပြ၍ ရပါသလော။

သို့ဆိုလျှင် ဤ တင်ထားသည့် သာသနာပွဲကို မည်သူက လက်ခံရယူတာပါနည်း။

 

စင်ကာပူတွင်လုပ်သည့် စာပေဟောပြောပွဲများတွင်လည်း ငှက်ပျောပွဲ၊ အုန်းပွဲတင်ထားတာ တွေ့ဖူးပါ၏။

ဘယ်အတွက် တင်တာပါနည်း။

ဘယ်သူ့ကိုရည်စူးပြီး တင်ပါသနည်း။ နတ်ဆိုလျှင် မည်သည့်နတ်ပါနည်း။ ဘုရားဆိုလျှင် မည်သည့် ဘုရားပါနည်း။ 

ဤပွဲကို မတင်လျှင် အဘယ်ကဲ့သို့သော အနှောက်အယှက်မျိုးများ ကြုံတွေ့ရနိုင်ပါသနည်း။

ဤပွဲကို တင်ခြင်းအားဖြင့် ထိုအနှောက်အယှက်များမှ ကင်းလိမ့်မည်ဆိုတာ သေချာပါပြီလော။

အုန်းပွဲ၊ ငှက်ပျောပွဲမတင်ဘဲကျင်းပသည့်ပွဲများမှာ ချောချောမွေ့မွေ့ ပြီးဆုံးမသွားနိုင်တော့ပြီလော။

(ကျွန်ုပ်လုပ်ခဲ့သည့် များပြားလှစွာသော ဟောပြောပွဲများတွင်မတော့ တစ်ပွဲမှ အုန်းပွဲ၊ ငှက်ပျောပွဲ မတင်ခဲ့ပါချေ။ အုန်းပွဲ၊ ငှက်ပျောပွဲ မတင်သည့်အတွက် ဒွတ်ခရောက်ခဲ့သည်ဟုလည်း တခါတရံမှ မရှိခဲ့စဖူးဟု ကျွန်ုပ် ကောင်းစွာမှတ်မိပါသည်။) 

 

နောက်ပြီး ပွဲလမ်းသဘင်လုပ်လျှင် မိုးလေမဖျက်အောင်ဆိုပြီး ပွဲတင်တတ်ကြသေး၏။

ဇလုံထဲ ငှက်ပျောသီးနှင့် အုန်းသီးကို ထည့်ကာမတ္တဖြင့် လေနှင့်မိုးတို့ကို တားနိုင်သည်ဟု ထင်နေကြခြင်းမှာ အတော့်ကို ချာတူးလန်လှသော အတွေးအခေါ် အယူအဆများဖြစ်၏။

 

စေတီပုထိုးများတွင် ငှက်ပျောပွဲ၊ အုန်းပွဲများ တင်ထားတာ တွေ့ဖူးပါသည်။ မည်သူ့ကို ရည်စူး၍ တင်ပါသနည်း။

ဘုရားကိုရည်စူးတာလား၊ နတ်ကိုရည်စူးတာလား။

ဘုရားဆိုလျှင် မည်သည့်ဘုရားပါနည်း။ ဂေါတမမြတ်စွာဘုရားကိုလား။ ရွှေတိဂုံဘုရားကိုလား။ 

နတ်ဆိုလျှင် တာဝတိံသာက နတ်ကိုလား။ မနှဲလေးကိုလား။ မိုးနတ်မင်းကြီးကိုလား။

 

ကျွန်ုပ် ပြင်ဦးလွင်ကိုသွားတော့ အဲသည်က နှီးဘုရားမှာ ကျောင်းသားများ စာမေးပွဲမှာ အမှတ်များများရဘို့ ငှက်ပျောပွဲ၊ အုန်းပွဲများထိုးလျက် ဆုတောင်းထားတာ အများအပြားတွေ့ရ၏။ ဖေ့စ်ဘုတ်တွင်လည်း အညာဘက်က မြို့တစ်မြို့၌ ထိုကဲ့သို့ပင် စာမေးပွဲ၌ အမှတ်များများရစေရန် ငှက်ပျောပွဲ၊ အုန်းပွဲများဖြင့် ဆုတောင်းထားသည်ကို တွေ့မိပါသေး၏။










 ကျွန်ုပ်ကတော့ ဤလုပ်ရပ်ကို ပြတ်ပြတ်သားသား ရှုံ့ချပါသည်။ 

ဤသို့လုပ်ခြင်းသည် ကိုယ့်အစွမ်းအစနှင့်ကိုယ် အမှတ်များများ ရအောင်လုပ်မည် ဟူသည့် စိတ်ဓာတ်ကို ကျဆင်းသွားစေ၏။ လူစွမ်းလူစကို တုံးစေ၏။ ကိုယ့်ကိုယ်ကိုယ် အားကိုးဘို့ထက် တခြားသူကို မှီခိုလိုစိတ်ကို ဖြစ်စေ၏။ ဟိုဟာလုပ်လည်း နတ်သိကြား၊ သည်ဟာလုပ်လည်း နတ်သိကြား စသဖြင့် မည်သည့်အရာလုပ်လုပ် နတ်သိကြားကိုမှ မတိုင်တည်လိုက်ရလျှင် လိပ်ပြာမလုံသည့် လူညံ့တစ်ယောက်ဘဝကို ကျရောက်စေ၏။ ကိုယ်လိုချင်တာသာ ရဘို့ဆိုလျှင် မည်သည့်နည်းနှင့်မဆို ရအောင်ယူမည် ဟူသည့် စိတ်ဓာတ်ကို ဖြစ်ပေါ်စေ၏။

 

အကယ်၍ ကိုယ့်အစွမ်းအစနှင့် အမှတ်များများ ရခဲ့လျှင်သော်မှ ငါ ပွဲတင်လိုက်လို့ရတာ ဟူသည့် ပေါက်တတ်ကရ အတွေးများ ဝင်သွားစေနိုင်၏။ 

ဤခြင်းတောင်းထဲမှ ငှက်ပျောသီးနှင့် အုန်းသီးများသည် စာမေးပွဲ၌ အမှတ်များများရအောင် အဘယ်ကဲ့သို့ စွမ်းဆောင်နိုင်သည်ကို ကျွန်ုပ် သိလိုလှပါဘိ။

 

ဤသည်ကား ကျွန်ုပ်၏ အလွန်ဂွကျလှသော ငှက်ပျောပွဲ၊ အုန်းပွဲဆိုင်ရာ အယူအဆများ ဖြစ်သတည်း။

ပွဲကလေးမှ မတင်လိုက်ရလျှင် အိပ်မပျော်တတ်သည့် မိတ်ဆွေများ လာပြီး ရန်ထောင်နိုင်ပါပြီ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၈ ဖေဖော်ဝါရီလ၊ ၂၀၂၃

ည ၁၁း၁၁ နာရီ

No comments: