Sunday, March 19, 2023

ကျွန်ုပ် ငှက်ပျောသီးစားခြင်း အကြောင်း

ကျွန်ုပ်သည် သစ်တော့သီး၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး၊ မာလကာသီး၊ သရက်သီးစသည့် သစ်သီးများကို စားလေ့ရှိရာ ကျွန်ုပ်ကြိုက်နှစ်သက်သည့် အသီးတစ်မျိုးမှာ ငှက်ပျောသီးဖြစ်၏။

 

ငှက်ပျောသီးသည် စားရလွယ်၏။ အရသာချိုမြိန်၏။ အာဟာရတန်ဘိုးလည်း မြင့်၏။

 

သို့သော် ဈေးကွက်ဝင်အောင် စီးပွားဖြစ် စိုက်ထားသည့် ငှက်ပျောသီးနှင့် ကျွန်ုပ်တို့တောမှ စီးပွားဖြစ်မဟုတ်ဘဲ ဥယျာဉ်၊ အိမ်များထဲ၌ စိုက်ထားသည့် ငှက်ပျောသီးမှာမူ ကွာချင်တိုင်း ကွာလေသည်။ 

 

ယခု ကျွန်ုပ်မှာ တစ်ပြည်ရပ်ခြား တိုင်းတစ်ပါးတွင် နေနေရသူဖြစ်သဖြင့် ကျွန်ုပ်တို့ရွာထွက် ငှက်ပျောသီးများကို စားဘို့ရာ အခွင့်မသာတော့ဘဲ ဈေးကွက်တွင် တင်ပို့ရောင်းချရန် စီးပွားဖြစ် ထုတ်လုပ်ထားသည့် ငှက်ပျောသီးများကိုသာ လိမ်ပိမ်လျက် စားရလေတော့၏။ အတွေ့ရများသည်မှာ မလေးရှားမှ တင်သွင်းလာသော ငှက်ပျောသီးများ ဖြစ်၏။

 

ကျွန်ုပ်တို့တောမှ သဘာဝအလျောက် စိုက်ပျိုးထားသည့် ငှက်ပျောသီးများမှာ မှည့်ပြီး ရက်အတန်ကြာသည့်တိုင် အထဲမှ အသားမှာ ပျော့ပြဲ၊​ ပျက်စီးသွားခြင်းမရှိ။ အမှည့်လွန်သည်မရှိ။ အခွံများ မည်းသွားသည့်တိုင် အသားမှာ မာနေသေးလျက် အရသာပျက်မသွားဘဲ စားလို့ကောင်းနေသေးသည်သာ ဖြစ်၏။ အခွံမှာလည်း မာသည်။ အခွံများမှာ မည်းသွားသည့်တိုင် ပျော့ပြဲပျက်စီးသွားခြင်းမရှိ။ သည်အတိုင်း ခွာစားလို့ ရလေသည်။ 

 

ကျွန်ုပ်မှတ်မိသလောက် ပြောရလျှင် ကျွန်ုပ်တို့ဘက်မှထွက်သည့် ငှက်ပျောသီးမျိုးများမှာ ရေသီလံ၊​ ဖီးကြမ်း၊ ရခိုင်၊ ဆင်စွယ်၊ သီးမွှေး၊ ရွှေငှက်ပျော၊ နံ့သာပု၊ ငှက်ပျောချဉ်တို့ ဖြစ်၏။ သို့တိုင် အများဆုံးစိုက်ကြသည်မှာ ရေသီလံ နှင့် ဖီးကြမ်းနှစ်မျိုးသာဖြစ်၏။ ကျွန်ုပ်ကတော့ ထိုနှစ်မျိုးလုံးကို ကြိုက်၏။ သူ့အရသာနှင့်သူ စားလို့ ကောင်းပါသည်။ ဆင်စွယ် ငှက်ပျောသီးကြီးများမှာ အလွန်ကြီးမားပြီး ငှက်ပျောပင်မှာ လေးပေမပြည့်သော ခွေးအောင်လှိုင်၏ အရပ်လောက်သာ ရှိသဖြင့် ငှက်ပျောခိုင်ကြီးမှာ မြေကြီးသို့ ထောက်လျက်ရှိလေ၏။ ရွှေငှက်ပျောသီး၏ အရသာကိုမူ ကျွန်ုပ်မကြိုက်ပါ။




 

(ငှက်ပျောသီးနှင့် ဆက်စပ်၍ ကျွန်ုပ်တို့ရွာဘက်မှ အယူသီးပုံတစ်ခုမှာ နေမကောင်းသူကို ငှက်ပျောသီး မကျွေးရ၊ အဖျားတက်တတ်သည် ဟူ၏။ နောက်မှ ရှေးလူကြီးများ၏ မဟုတ်က၊ မဟတ်က အယူသီးပုံများကို သပ်သပ် စာတစ်ပုဒ် ရေးထုတ်ပါဦးမည်။)

 

သို့သော် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ထားသည့် ငှက်ပျောသီးများမှာမူ အခွံဝါပြီဆိုသည်နှင့် ချက်ချင်း စားရ၏။ အနည်းငယ်မှ အထားမခံ။ အခွံဝါလာပြီး နောက်တစ်နေ့ဆိုလျှင် အခွံဝါဝါပေါ်၌ အမဲပြောက်များ စတင်ပေါ်လာတော့၏။ အသင်သည် အမဲပြောက်များ ပေါ်လာသည့်တိုင် ထို ငှက်ပျောသီးကို မစားသေးဘဲ နောက်တစ်နေ့သို့ ဆက် ရွှေ့ထားမည် ဆိုအံ့။ အထဲမှ အသားများမှာ အညိုရောင်သမ်းပြီး ပြဲသွားကာ စားမကောင်းတော့ကြောင်း တွေ့ရပါလိမ့်မည်။ အသားသာ မက အခွံမှာလည်း ခွာလိုက်သည်နှင့် အလယ်မှ ပြတ်ထွက်ကုန်တော့၏။ ထို့ကြောင့် ထိုငှက်ပျောသီးများဝယ်လျင် အနည်းငယ် စိမ်းနေသေးသော အသီးများကို ရွေးဝယ်ရ၏။ များများလည်း ဝယ်လို့မဖြစ်။ တစ်ခါစားစီ ဝယ်တာ အကောင်းဆုံးဖြစ်၏။




ပြောရလျှင် စားရသည့်အရသာချင်းလည်း မတူပါ။ 

စီးပွားဖြစ် ငှက်ပျောများမှာ အရသာဖုန်ဖွားဖွားနှင့် စားလို့သိပ်ကောင်းလှတယ် မဟုတ်ပါ။

ကျွန်ုပ်တို့ တောငှက်ပျောမှာမူ အသားကျစ်ပြီး စားလို့ လေးလေးပင်ပင် ချိုလေသည်။

 

ကျွန်ုပ်တို့ရွာတွင် ငှက်ပျောသီးရင့်မှည့်ပါက အဖီး အစိမ်းလိုက်ကို ခုတ်၏။ ထို့နောက် စဉ့်အိုးထဲထည့်။ ငှက်ပျောဖက်၊ ကောက်ရိုးများ အပေါ်ကအုပ်ကာ မီးရှို့ပြီး အပူပေး၍ မှည့်စေ၏။ စီးပွားဖြစ်ထုတ်သည့် ငှက်ပျောသီးများမှာ အဘယ်မှာလျင် စဉ့်အိုးထဲထည့် မီးဖုတ်နိုင်ပါမည်နည်း။ အလိုအလျောက် မှည့်ရတာ ဖြစ်၏။



တခါတရံတွင် မဟေသီက ငှက်ပျောသီး သေးသေးကလေးများ ဝယ်လာ၏။ ထိုငှက်ပျောသီး သေးသေးကလေးများမှာ မှည့်သွားလျှင် အခွံနှင့်အသားကပ်သွားပြီး ခွာရအလွန်ခက်၏။ အခွံကိုခွာလိုက်လျှင် အသားတွင်ကပ်နေသည့် အခွံ အတွင်းပိုင်း ပါမလာဘဲ အပြင်ဘက်အခွံပါးပါးကလေးသာ ပါလာ၏။ ထိုအခါ စားလိုက်သည့်အခါ ထိုကပ်ကျန်ခဲ့သည့် အခွံကိုပါ စားရလေ၏။ ဤသည်ကို ကျွန်ုပ် အလွန်မုန်းလေသည်။ ထိုငှက်ပျောသီးကလေးများမှာ စားသည့်အခါမှာသာ တစ်လုံးကို နှစ်ကိုက်လောက်နှင့် ကုန်သွားသော်လည်း တစ်လုံးစားဘို့ အခွံနွှာရတာ အတော်အချိန်ကုန်သလို လက်လည်း ညစ်ပတ်၏။ ထိုငှက်ပျောသီးစားသည့်အခါ ထွက်လုဆဲဆဲ ဒေါသကို အတင်းအောင့်အည်း ကျိတ်မှိတ် မြိုသိပ်ခါ ထားရသည့် ဒုက္ခမှာလည်း မသေးလှပါချေ။

 

တောငှက်ပျောသီးနှင့် စီးပွားဖြစ်ငှက်ပျောသီး ကွာခြားပုံမှာ ဗမာကြက်နှင့် စီပီကြက် ကွာသကဲ့သို့ ကွာ၏။ စီပီကြက်မှာ မြန်မြန်ကြီး၊ မြန်မြန်အသားပေါ်၊ မြန်မြန်စား ဖြစ်သဖြင့် ပွယောင်းယောင်းနှင့် စားလို့ မကောင်း။ ဗမာကြက်ကတော့ ဘူးသီးကလေးနှင့်ရောကာ ကာလသားချက်ကလေးများ ချက်စားလိုက်ရလျှင်ဖြင့် ကတောက်စ်။

 

ထို့အတူပင် စီးပွားဖြစ်ငှက်ပျောမှာလည်း မြန်မြန်စိုက်၊ မြန်မြန်ကြီး၊ မြန်မြန်ခုတ်၊​ မြန်မြန်ဈေးပို့ကာ မြန်မြန်စားရသဖြင့် ငှက်ပျောသီးများမှာ သဘာဝအတိုင်းကြီးလာရတာ မဟုတ်ဘဲ အတင်းရော အဓမ္မပါ ကြီးခိုင်းထားတာဖြစ်လေရကား အသားက ပွယောင်းယောင်း၊ ဖုန်ဖွားဖွားဖြစ်နေရတာ မဆန်းပါလေ။

 

ဤသည်ကား ကျွန်ုပ် နေ့တိုင်းလိုလိုစားနေသည့် ငှက်ပျောသီးအကြောင်း ဖြစ်သတည်း။

များမကြာမီ နေ့တိုင်းမဟုတ်တောင် တစ်ပတ်လျှင် ၃ - ၄ ရက်လောက် စားဖြစ်သည့် အုန်းသီးအကြောင်း ဆက်ပါဦးမည်။

 

အေးငြိမ်း

19/03/2023: 00:42 hrs



No comments: