သားကျောင်းက ပြန်လာတော့ သိပ် မျက်နှာမကောင်း။
ပြီးတော့ I am so sorry. ဟု ဆို၏။
ဘာတုံးကွ သားရဲ့ ဟု မေးလေသော် သူက ရူပဗေဒဘာသာရပ်ကို ကောင်းစွာ မဖြေနိုင်ကြောင်း ပြော၏။
ဒါလေးများ သားရယ်၊ သား မဖြေနိုင်ဘူးဆိုတော့ ကျန်တဲ့ တစ်တန်းလုံးလည်း မဖြေနိုင်ဘူးဆိုတာ သိပ် သေချာသပေါ့ကွာ၊ အဲဒါနဲ့များ သားက ဘာများ ဝမ်းနည်းစရာရှိတုံး လကွ ဆိုတော့ -
ဟုတ်တယ်၊ တချို့ကောင်မလေးတွေဆို ငိုကြတယ် ဆို၏။
သားက သူ့သူငယ်ချင်းကို သနားတယ် ဆိုလေသော် -
ဘာကြောင့်တုံးကွ။
သူ စာမေးပွဲမဖြေနိုင်ရင် သူ့အမေက တအားဆူတာ။
မိဘတွေကို ဖေကြီးမကြိုက်တာ အဲသဟာပဲကွ။
ဘယ့်နှယ်ကွာ၊ ကလေးက စာမေးပွဲမဖြေနိုင်လို့ စိတ်ဓာတ်ကျလာရတဲ့အထဲ သူတို့က အားပေးစကား ပြောရမဲ့အစား ဆူရတယ်လို့။ လွဲလိုက်လေကွယ်။
သူတို့အဲသလို ဆူလိုက်လို့ အမှတ်က ပိုကောင်းလာမှာလားကွာ။ ကလေး ပိုပြီးစိတ်ဆင်းရဲသွားတာပဲရှိမယ်။
စာမေးပွဲမဖြေနိုင်လို့ စိတ်မကောင်းဖြစ်နေတဲ့ ကလေးကို မိဘက စိတ်ဓာတ်မကျအောင် အားပေးရမှာကွ။
သား အခု မဖြေနိုင်တာကို ဘာမှ ဝမ်းနည်းနေစရာမရှိဘူး။ အခု သား ဘယ်မှာ အားနည်းနေသလဲဆိုတာ သိသွားပြီ။ ဆိုတော့ အဲဒီအားနည်းတဲ့အပိုင်းကို ဖိဖိစီးစီး လုပ်လိုက်ဖို့ပဲ။
ပူပန်တာနဲ့ နောင်တရတာဟာ သားအတွက် ဘာမှ အကျိုးမပြုဘူး။
နောင်ဘာဖြစ်မလဲ ပူနေလို့ရှိရင် အဲဒါကြီးက ဖြစ်မလာတော့ဘူးတဲ့လား။
ဖြစ်စရာရှိရင်တော့ ဖြစ်မှာပဲကွ။
အဲဒီတော့ သားပူနေတာ ဘာအကျိုးရှိသလဲ။ ဘာမှ အကျိုးမရှိဘူး။
အကျိုးမရှိတဲ့အရာကို အပင်ပန်းခံပြီး ဘာလို့လုပ်နေမတုံး။
စိတ်ပူတယ်ဆိုရင် စိတ်ဓာတ်အင်အားကို ယုတ်လျော့ ကျဆင်းစေတယ်ကွ။
ဘယ်တော့မှ စိတ်မပူနဲ့။
နောက်ပြီး ငါ မှားသွားပြီ။ ဒါမှမဟုတ် ငါ မလုပ်လိုက်ရလေခြင်းလို့လည်း ဘယ်တော့မှ နောင်တမရနဲ့ကွ။
နောင်တရနေလို့၊ အဲဒီအမှားကိုတွေးပြီး စိတ်ဆင်းရဲနေလို့လည်း အဲဒီအမှားက အမှန်ပြန်ဖြစ်လာမလား။
ဝေးပါသေးရဲ့ကွာ။
ဒါဆို ဘာမှအကျိုးမရှိတဲ့ နောင်တကို ဘယ့်အတွက် ရနေမတုံးကွ။
အရေးကြီးတာက အရင်ဖြစ်ခဲ့တဲ့ အမှားကနေ သင်ခန်းစာယူပြီး နောင်မဖြစ်အောင် ကြိုးစားဘို့ပဲကွ။
နောင်ဘာဖြစ်ချင်သလဲ၊ ဘာဖြစ်ရမလဲ၊ ဘယ်တော့ ဘာလုပ်ရမလဲဆိုတာ ခုကတည်းက ကြိုတင်ပြင်ဆင် ထားရမယ်။ အဲဒီအခါကျတော့ တကယ်လုပ်ရတဲ့အခါ ကသီလင်တမဖြစ်တော့ဘူး။ ချောချောမွေ့မွေ့နဲ့ ပြီးသွားနိုင်မယ်။
ဆိုတော့ အရေးအကြီးဆုံးအချိန်က လက်ရှိအချိန်ပဲ။
လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင်လုပ်။
လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် အသုံးချ။
အချိန်ဆိုတာ ပြန်မရနိုင်ဘူး။
တကယ်လို့သာ သားဟာ လက်ရှိအချိန်ကို အကောင်းဆုံး အသုံးချသွားနိုင်မယ်ဆိုရင် -
နောင်အတွက်လည်း ပူစရာမလိုတော့သလို -
ငါ မလုပ်လိုက်ရလေခြင်း စတဲ့ နောင်တလည်း ရစရာမလိုတော့ဘူးပေါ့ကွာ။
စာမေးပွဲမဖြေနိုင်လို့တော့ဖြင့် ဘာမှ သား စိတ်ဓာတ်ကျစရာမလိုဘူး။
သားမဖြေနိုင်တဲ့ဘာသာကို ဖေကြီးကူလုပ်ပေးမယ်။
စာမေးပွဲမှာ အမှတ်မကောင်းလို့ ကလေးကိုဆူမယ်ဆိုတဲ့ မိဘတွေထဲမှာ ဖေကြီးမပါဘူးကွ။
ဘာဖြစ်လို့လဲဆိုတော့ ဖေကြီးက ဦးအေးငြိမ်းဖြစ်နေလို့ဘဲ။ အဟက်စ်
မနေ့က သား ရူပဗေဒဘာသာရပ်မှာ မဖြေနိုင်လို့ စိတ်မကောင်းဖြစ်နေတာကို ကျွန်ုပ် အားပေးခဲ့သော စကားများ ဖြစ်ပါ၏။
မှတ်ချက် -
သူတို့ ရူပဗေဒဘာသာရပ် မေးခွန်းများမှာ သိပ်မလွယ်လှပါ။ အတော်ခေါင်းစားသော မေးခွန်းများ ဖြစ်၏။
ကျွန်ုပ်မှာ ရူပဗေဒဘာသာရပ်ကို စိတ်ဝင်စားသူဖြစ်ပြီး အတော်အတန် နားလည်သူ တစ်ဦးဖြစ်၏။
သို့သော် သူတို့မေးခွန်းများကို ကျွန်ုပ်ဖြေသည့်အခါ အချို့အဖြေများကို မှန်အောင် မဖြေနိုင်ပါ။
သားက စာအုပ်တွေကို ကျောင်းမှာပဲ ထားခဲ့သည့်အတွက် ယခုတော့ မေးခွန်းများကို မပြနိုင်သေးပါ။
နောက်နေ့ကျမှ သားကို စာအုပ်တွေ ပြန်ယူလာခိုင်းပြီး မေးခွန်းများ တင်ပေးပါမည်။
နောက်တစ်ခုမှာ သူတို့စာအုပ်များကို ကြည့်ပြီး ကျွန်ုပ် အတော် စိတ်မကောင်းဖြစ်မိ၏။
အကြောင်းကား သူတို့စာအုပ်များနှင့် မြန်မာပြည်က ပြဋ္ဌာန်းစာအုပ်များမှာ အထဲမှ စာသားများသာမက အရည်အသွေး၊ အပြင်အဆင်တို့မှာ ကွာချင်တိုင်းကွာလှပါသည်။ (ကျွန်ုပ်ထံ၌ မြန်မာပြည်မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ် အားလုံးနီးပါး ရှိပါသည်။
စာအုပ်ဈေးတွေလည်း ကြည့်လိုက်ပါအုံး။
သင်္ချာစာအုပ်တစ်အုပ်တည်းကို မြန်မာငွေ ၂ သိန်းလောက်ရှိတယ်ခင်ဗျာ။ အောင်မငီးစ်
အားလုံးရွှင်လန်း ချမ်းမြေ့ကြပါစေ။
(ကြင်စိုးနဲ့ ကြင်စိုးဘောလျက်တွေ မပါ။)
အေးငြိမ်း
၅ မတ်လ၊ ၂၀၂၃
No comments:
Post a Comment