Tuesday, December 13, 2022

ကျွန်ုပ် စင်ကာပူဒေါ်လာ ၇၀၀၀ အလိမ်ခံရသည် ဆိုခြင်းအကြောင်း

ယခု လောလောလတ်လတ် ကျွန်ုပ် စင်ကာပူဒေါ်လာ ၇၀၀၀ အလိမ်ခံလိုက်ရ၏။ (အလိမ်ခံရသည် ထင်ပါ၏။)

 

လိမ်သွားသည့် ကုမ္ပဏီမှာ Paul Immigrations ဟု နာမည်ခံထားသည့် အဖွဲ့ဖြစ်၏။ ၎င်းတို့၏ website မှာ အောက်ပါအတိုင်းဖြစ်၏။

https://www.paulimmigrations.sg/

https://www.facebook.com/paulimmigrations.sg/

 

ထို website ကို အသင်တို့ ဝင်ဖတ်ကြည့်လိုက်လျှင် ကြွေသွားလောက်အောင် ရေးထားတာ တွေ့ရပါလိမ့်မည်။ 

သို့သော် ၎င်းတို့သည် စင်ကာပူတွင် တကယ်မရှိသော ကုမ္ပဏီ (လေထဲမှ ကုမ္ပဏီ) ဖြစ်၏။

 

သို့ဆိုလျှင် ၎င်းတို့ အဘယ်ကဲ့သို့လိမ်သနည်း။

လိမ်ပုံလိမ်နည်းမှာ အင်မတန် ပိရိပါသည်။ 

ထို့ကြောင့် မိတ်ဆွေများ အလိမ်မခံရစေရန် ကျွန်ုပ်က ပြန်လည် ဖောက်သည်ချလိုက်ရခြင်း ဖြစ်၏။

 

ကျွန်ုပ် သားအတွက် PR (Permanent Resident) လျှောက်တာ အတိအကျ မမှတ်မိတော့သော်လည်း (၇) ကြိမ်မျှ ရှိပြီ ထင်ပါသည်။ သားမွေးခါစ ၂၀၀၇ ကတည်းက စလျှောက်တာ ယနေ့ထိတိုင် ဖြစ်၏။ 

 

ကိုယ်လျှောက်တာ မရတော့ အေးဂျင့်နှင့်လျှောက်မည်ဟု စဉ်းစားကာ အင်တာနက်မှာ လျှောက်ရှာတော့ အနှီ Paul Immigration ကို ကံမကောင်း၊ အကြောင်းမလှစွာ သွားတွေ့၏။ သို့နှင့် ကျွန်ုပ်လည်း သူတို့ပေးထားသည့် ပုံစံတွင် ဖြည့်ကာ ဆက်သွယ်လိုက်၏။

 

07/06/2022 – Tania ဟု အမည်ခံထားသူက ကျွန်ုပ်ထံ ဖုန်းနံပတ် - 9654 0491 ဖြင့် သူ့ကိုယ်သူမိတ်ဆက်ကာ ALF Immigration မှ ဖြစ်ကြောင်း မိတ်ဆက်လျှက် တွေ့ရန် ရက်ချိန်းယူ၏။

 

27/07/2022 - ချိန်းထားသည့်နေ့တွင် တွေ့သူမှာ နောက်တစ်ယောက်ဖြစ်၏။ Sherlyn - ဖုန်းနံပတ် - 9114 1178 က ဆက်သွယ်လျက် တွေ့၏။ နေရာမှာ Suntec Tower 3, Level 42 ဖြစ်၏။ သူက PR လျှောက်ရမည့် process အားလုံး ရှင်းပြလျှက် လိုအပ်သော စာရွက်စာတမ်းများ ပေးကာ ပိုက်ဆံ ၇၀၀၀ ယူထားလိုက်၏။ 

 

သူတောင်းထားသည့် စာရွက်စာတမ်းများ ပြင်ပေးကာ သူ့ဆီပြန်ပို့ပေးလိုက်သည်။ သူနှင့် 21/09/2022 ထိ Whatsapp အဆက်အသွယ်ရသေး၏။ သို့သော် နောက်ထပ် လုံးဝ ဆက်သွယ်လို့မရတော့။ 

 

သို့နှင့် သူတို့ပေးထားသည့် ရုံးဖုန်း 6829 2273 ကို ဖုန်းဆက်သည်။ လူမကိုင်။ ရွေးစရာနှစ်ခု ပေး၏။ ၁ ကိုနှိပ်ပြီး စကားပြောခဲ့ပါ။​၂ ကိုနှိပ်ပြီး ဖုန်းပြောတာကို ရပ်လိုက်ပါ ဟူ၏။ 

 

သူတို့ကို ဘယ်လိုမှ ဆက်သွယ်လို့မရတော့ ယခင်ဆက်သွယ်ခဲ့ဖူးသည့် Tania နှင့် Sherlyn ထံ “နင်တို့ငါ့ကို ပြန်မဆက်သွယ်ရင် ရဲကိုတိုင်မယ်” ဟု Whatsapp message ပို့လိုက်၏။ Message ကို ဖတ်တာမတွေ့ရ။

 

သို့နှင့် ကျွန်ုပ်လည်း 26/10/2022 တွင် ရဲစခန်းသို့သွားကာ တိုင်လိုက်၏။ အားရစရာမရှိ။

အင်တာနက်တွင် ခေါက်ကြည့်လျက် သူတို့က ကုမ္ပဏီကြီးပဲကွ။ လိမ်တာမဟုတ်လောက်ပါဘူး။ ရုံးကို သွားကြည့်လိုက်ပါ ဆိုကာ တိုင်ချက်စာရွက်ကလေး ရေးပေးလိုက်၏။

 

သို့နှင့် ကျွန်ုပ် 01/11/2022 တွင် Suntec Tower 3, Level 42 သို့ ထပ်သွားပြန်၏။

ဤ၌ပြောစရာရှိသည်မှာ ထိုနေရာသည် သူတို့ရုံးမဟုတ်။ Customer Service တစ်ခုဖြစ်ပြီး appointment ရက်တွင် ဤနေရာ၌ တွေ့ဆုံကြတာဖြစ်၏။ အခြားသူများလည်း ဤကဲ့သို့ပင် လာရောက်တွေ့ကြတာ တွေ့ရ၏။

 

ထိုအချိန်တွင် Dominic ဟုနာမည်တပ်ထားသူ (ဖုန်းနံပတ် - 9367 5411) က သူသည် Operation Manager ဖြစ်ကြောင်း၊ Tania နှင့် Sherlyn တို့မှာ အလုပ်ထွက်သွားပြီဖြစ်သဖြင့် ဆက်သွယ်လို့မရတာ ဖြစ်ကြောင်း၊ PR လျှောက်သည့်နေရာတွင် အထူးကျွမ်းကျင်သူ နောက်တစ်ဦးနှင့် ချိတ်ပေးမည်ဖြစ်ကြောင်း ပြောပြန်ပါ၏။

 

မင်းတို့က ဘာဖြစ်လို့ ဖုန်းဆက်လို့မရတာလဲ ဆိုတော့ သူတို့က ကိုဗစ်ကာလဖြစ်၍ Work from home လုပ်နေကြောင်း၊ ထို့ကြောင့် email တစ်ခုဖြင့်သာ ဆက်သွယ်ရန် ပြော၏။ ငမ် - ကိုဗစ်က ဖုန်းဆက်ရင်လဲ ကူးတယ်၊ message ပို့ရင်လဲ ကူးတာပဲလား ဟု ဘုတောလိုက်၏။ ကျွန်ုပ် တော်တော် ပက်ပက်စက်စက် ပြောလိုက်ပါသည်။

 

နောက်တစ်နေ့ 02/11/2022 တွင် Raihanah ဆိုသူ ကောင်မလေးတစ်ယောက် (ဖုန်းနံပတ် - 9862 5068) က သူ ကျွန်ုပ်ကိစ္စကို ဆက်လက်ကိုင်တွယ်ပါမည် ဟု email ပို့လာလျက် (ဟုတ်တိပတ်တိ) ကျွန်ုပ် စာရွက်စာတမ်းများကို စစ်ဆေးလျက် ဒါတွေရပြီ၊ ဒါတွေ မရသေးဘူး ဟု အကြောင်းပြန်လာ၏။ သို့နှင့် သူလိုသည့် စာရွက်စာတမ်းများ ထပ်ပို့ပေးလိုက်၏။

 

နောက် 03/11/2022 တွင် Zhengping Lu ဆိုသူကလည်း Cover Letter ရေးပေး၏။ သည်အထိ ဟုတ်နေသေးတော့ ကျွန်ုပ်လည်း အမှန်အကန်ဟုပင် ဆက်ထင်နေသေး၏။

 

သို့သော် 09/11/2022 တွင် ထို Raihanah နှင့် Zhengping Lu ပါ နှစ်ဦးစလုံး အလုပ်ထွက်သွားပြီ ဆိုပြန်၏။ သို့နှင့် ကျွန်ုပ်လည်း 10/11/2022 တွင် Dominic ဆီ လှမ်းပြီး whatsapp message ပို့တော့ သူလည်း အလုပ်ထွက်သွားပါပြီ ဆို၏။ OMG.

 

သို့နှင့် 19/11/2022 တွင် ကျွန်ုပ် Suntec City သို့ ဒေါကန်လျက် တစ်ခေါက်ထပ်သွားပြန်၏။ ဒီတစ်ခါတော့ ရဲပါခေါ်မယ် ဟုတွေးကာ သွားခြင်းဖြစ်၏။ သို့သော် ရဲမခေါ်လိုက်ရပါ။ Customer Service က ကောင်မလေးက ဘယ်သူမှ​ မရှိဘူး ဟု ဆိုလေ၏။

 

05/12/2022 ထိတော့ Angelina ဆိုသူက စာရွက်စာတမ်းတွေကို review လုပ်နေလို့ပါ၊ လျှောက်လွှာကို ဒီဇင်ဘာလ မကုန်မီ တင်ပေးပါမည် ဆိုပြန်၏။ သို့သော် ကျွန်ုပ် သူတို့ကို မယုံတော့ပါ။ 

 

သူတို့ပေးထားသည့် လိပ်စာဖြစ်သော Suntec Tower 2, #13 – 01/02/03 ကို သွားမေးတော့ ဟဲ့၊ သူတို့ဒီမှာမရှိတာ ကြာပြီ ဆို၏။ ၎င်းတို့၏ ဖေ့စ်ဘုတ်မှာလည်း active မဖြစ်တာ တစ်နှစ်ကျော်ပါပြီ။

သို့သော် ကုမ္ပဏီ registration တွေနှင့်ဘာနှင့်ဆိုတော့ တကယ်ရှိသယောင်ယောင် ဖြစ်၏။ ကုမ္ပဏီ UEN No. မှာ 201623859H ဖြစ်၏။ (UEN – Unique Entity Number)

 

သူတို့က တကယ်ရှိသလိုလိုနှင့် လူတွေထင်ယောင်ထင်မှားဖြစ်အောင် တစ်ဖက်လှည့်နှင့် လိမ်နေတာ ဖြစ်၏။

 

ကျွန်ုပ်အထင်ကို ပြောရလျှင် -

 

ယခင်က Paul Immigration ဆိုသည်မှာ တကယ်ရှိခဲ့ပါလိမ့်မည်။ (၂၀၁၆ က မှတ်ပုံတင်ခဲ့တာဖြစ်၏။)

သူတို့သည်လည်း ထို Paul Immigration မှ ဝန်ထမ်းများ ဖြစ်ကောင်း ဖြစ်ခဲ့ပါလိမ့်မည်။

ထို့နောက် ထို Paul Immigration မရှိတော့သည့်အခါ ထိုဝန်ထမ်းများ ခေါင်းချင်းဆိုင်ကာ Paul Immigration နာမည် ကိုသုံးပြီး လူတွေကို ဘယ်လိုလိမ်ရမလဲဟု အကွက်ဆင်တာ ဖြစ်နိုင်ပါသည်။

သူတို့ facebook ကို ဝင်ကြည့်တော့လည်း လူ ၄-၅-၆ ယောက် ဟဟနှင့် angry ပေးထားတာ တွေ့ရ၏။

 

မိတ်ဆွေတို့လည်း ကျွန်ုပ်ကဲ့သို့ အလိမ်မခံရစေရန် သိန်း ၁၅၀ တန် သင်ခန်းစာတစ်ခု လက်ဆောင် ပေးလိုက်ရပါကြောင်း

 

လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

(ဟိုမြေနိုးခွေးအောင်လှိုင်လည်း မြန်မြန် မသာပေါ်ပါစေ)

 

အေးငြိမ်း

၁၃ ဒီဇင်ဘာလ၊ ၂၀၂၂



No comments: