Thursday, December 1, 2022

လူတို့သည် ယုံချင်စရာကောင်းသော သူများမဟုတ် ဆိုသည့်အကြောင်း

ဤဒွန္နယာကြီးတွင် လူလိမ်တွေ ပေါလှ၏။

အသင်တို့သည် မည်သူ့ကိုမှ မယုံကြရာသတည်း။

လူတို့သည် ယုံချင်စရာကောင်းသော သူများမဟုတ်။

 

လူတစ်ဦး၊ လူတစ်ယောက်ကို အသင် ယုံမိပြီဆိုပါစို့။

ထိုသူသည် သင်၏ယုံကြည်မှုကို အလွဲခြောက်စား လုပ်သွားလိမ့်မည်။ 

(ယခင်ကလူများမှာ ယုံကြည်မှုကို အနည်းအကျဉ်း အလွဲသုံးစားလုပ်သည်။ ယခုလူများကမူ ယခင်လူများထက် နှစ်ဆ ပိုလုပ်သဖြင့် အလွဲသုံးစားမျှမဟုတ်တော့။ အလွဲခြောက်စား ဖြစ်သွားချေပြီ။ ဤကား စကားချပ်)

အထူးသဖြင့် ငွေရေးကြေးရေးကိစ္စနှင့် ပတ်သက်လာပါက အသင်တို့သည် တမအေတည်းမှ မွေးလာသူကိုပင်သော်မှ မယုံပါလေနှင့်။

လူတို့သည် ယုံချင်စရာကောင်းသော သူများမဟုတ်။

 

သောက်ကျိုးနဲယုံရပါသည် ဆိုသူကိုလည်း မယုံပါနှင့်။

သေချင်စရာကောင်းလောက်အောင် ယုံရပါသည် ဆိုသူကိုလည်း မယုံပါနှင့်။

ငယ်စဉ် ဂွေးတန်းလန်းဘဝကတည်းက လည်ပင်းဖက်ပေါင်းလာသူကိုလည်း မယုံပါနှင့်။

ရွှေရောင်ဘန်ကောက်လုံချည်ကြီးတွေနှင့် တိုက်ပိုင်ကြီးတွေအကျအန ဝတ်ထားလျက် ဟိတ်ကြီးဟန်ကြီး လုပ်နေသူများကိုလည်း မယုံပါနှင့်။ (သူတို့က ပိုဆိုးသေးသည်။)

ဘာကောင်ကြီး၊ ညာကောင်ကြီးနှင့် ဘာရာထူးကြီး ယူထားသူများကိုလည်း မယုံပါနှင့်။ 

ချမ်းသာသူများကိုလည်း ချမ်းသာသည့်အလျောက် မယုံပါနှင့်။ 

ဆင်းရဲသူများကိုလည်း ဆင်းရဲသည့်အလျောက် မယုံပါနှင့်။ 

အဆုံးစွန်ပြောရလျှင် မည်သူ့ကိုမှ မယုံပါလေနှင့်။ 

လူတို့သည် ယုံချင်စရာကောင်းသော သူများမဟုတ်။

 

ဘာကုမ္ပဏီကြီး၊ ညာကုမ္ပဏီကြီးဆိုသည်များကိုလည်း ကြည့်ကျက်သာယုံကြပါ။ 

သည်ခေတ်ကြီးတွင် အလိမ်အညာတွေ ပေါလှ၏။

၂၀၂၁ ဒီဇင်ဘာလက စင်ကာပူက OCBC ဘဏ်တွင် အကောင့်ဖွင့်ထားသူများထံမှ ပိုက်ဆံ စင်ကာပူဒေါ်လှ ၁၃.၇ သန်း လိမ်သွားခဲ့ဖူးလေပြီ။

https://www.channelnewsasia.com/singapore/ocbc-phishing-scam-more-losses-victims-reported-2469086

 

အသင်တို့ထံကို ဘာဘဏ်က၊ ညာဘဏ်ကဆိုပြီး ‘နင့်ဘဏ်အကောင့်က ဘာဖြစ်လို့၊ ညာဖြစ်လို့၊ အခု ဘဏ်အကောင့်ကို login ဝင်လိုက်ပါ ဘာညာ’ စသဖြင့် ဖုန်းခေါ်လာပါလိမ့်မည်။ သူပြောတာယုံစားပြီး ကိုယ့် account ထဲကို login ဝင်မိပါက သင့်ရှိသမျှပိုက်ဆံတွေ အကုန် ပလုံသွားလိမ့်မည်။

မယုံပါနှင့်။ အဲသဟာ လူလိမ်တွေ ဖြစ်သည်။

လူတို့သည် ယုံချင်စရာကောင်းသော သူများမဟုတ်။

 

ကျွန်ုပ်ဆီကိုလည်း This is from Ministry of Health ဘာညာနှင့် မကြာခဏ ဖုန်းများလာ၏။

ထိုနံပါတ်များကို ကျွန်ုပ်ကတော့ blog လုပ်ထားလိုက်ပါသည်။

(နီရို့ဟာကလည်း လိမ်လည်း ယုတ္တိရှိအောင် လိမ်မှပေ့ါဟယ်။ Ministry of Health ဆိုပြီး ဖုန်းနံပတ်ကြီးကလည်း +60 ဆိုပါလား။ အဟက်စ်)

တခါတလေ ဗိုက်ဗာကနေ DBS bank logo ကြီးနှင့် ဖုန်းခေါ်တတ်သေးသည်။ ရှောက်ကျိုးကနဲစ်

လူတို့သည် ယုံချင်စရာကောင်းသော သူများမဟုတ်။

 

အတိုချုပ်ရလျှင် အသင်တို့သည် မည်သူ့ကိုမှ မယုံပါလေနှင့်။

လူတို့သည် ယုံချင်စရာကောင်းသော သူများမဟုတ်။

 

ကျွန်ုပ်က အလကား မနေနိုင်မထိုင်နိုင်၊ အားလျားနေလို့ ရေးတာမဟုတ်။

ကျွန်ုပ်၏ ယုံကြည်မှုကို အလွဲ၁၂စား လုပ်သူများကြောင့် ရေးသတည်း။

 

လူအချင်းချင်း၊ ညာတာပါတေးချင်း၊ ကင်းရှင်းကြပါစေ။

ဟို မြေနိုးမင်းအောင်လှိုင်လည်း မြန်မြန်မသာ ပေါ်ပါစေ။

 

အေးငြိမ်း

၁ ဒီဇင်ဘာလ၊ ၂၀၂၂

No comments: