Wednesday, December 21, 2022

စင်ကာပူတွင် အလုပ်လုပ်မည့်သူတို့ သိသင့်သောအကြောင်းအရာများ (၁)

() အင်္ဂါဂြိုဟ်သို့ အပြီးတိုင် ခရီးထွက်သွားပြီဖြစ်သည့် လောကပါလတရား

 

မြန်မာနိုင်ငံအခြေအနေကြောင့် လက်ရှိအနေအထားတွင် နိုင်ငံခြားသို့ ထွက်လိုသူများ အလွန်အမင်း များပြားလျက်ရှိ၏။ အများစုမှာ နိုင်ငံခြား၌ အလုပ်လုပ်ဖို့အရေးသာသိပြီး မည်ကဲ့သို့သော အလုပ်များရှိသည်၊ မည်သည့်အလုပ်များ လုပ်လို့ မရ စသည်တို့ကို ဘာမှမသိ။ ဤသည်ကပင်လျှင် လူလိမ်များအတွက် လိမ်ဘို့ရာ အလွန်ကြီးမားသော အခွင့်အလမ်း ကောင်းကြီးတစ်ခု ဖြစ်နေပေတော့၏။ 

 

လောကပါလတရားတို့သည် (၂၁) ရာစုတွင် အားလုံးဆိတ်သုဉ်းကုန်ပြီထင်၏။ 

လူတို့သည် လုပ်ရကောင်းမှန်း မသိ၊ မလုပ်ရကောင်းမှန်းမသိ။ အကုန်လုပ်ကြ၏။

ပိုက်ဆံရဘို့ဆိုလျှင် တပါးသူ ဘယ်လိုနေနေ၊ ဘ​ယ်လို ဒုက္ခ ရောက်ရောက်၊ လုပ်လို့ရသမျှ အကုန်လုပ်ကြလေကုန်၏။

ဒီပိုက်ဆံတွေကို သူတို့ဘယ်လို ခက်ခက်ခဲခဲရှာလာရတယ် ဆိုတာ သူတို့အလုပ်မဟုတ်။ 

သူတို့သိသည်မှာ သူ့အိတ်ထဲက ပိုက်ဆံ၊ ကိုယ့်အိတ်ထဲ ရောက်လာရေးသာ ဖြစ်၏။

ဟိုနိုင်ငံရောက်လို့ သူတို့ ဘယ်လိုဒုက္ခတွေ တွေ့လိမ့်မယ်ဆိုတာ သူတို့စိတ်မဝင်စား။

ပိုက်ဆံ မြိုးမြိုးမျက်မျက်ကို နေ့မဆိုင်း၊ ညမဆိုင်းရဘို့အရေးသာ သူတို့ စိတ်ဝင်စား၏။

 

လိမ်လို့ပဲ ရောက်ရောက်၊ ညာလို့ပဲ ရောက်ရောက်၊ ခိုးလို့ပဲ ဖြစ်ဖြစ်၊ ဝှက်လို့ပဲဖြစ်ဖြစ်၊ တရားလို့ပဲ ရရ၊ မတရားလို့ပဲ ရရ။ 

ပိုက်ဆံရဘို့ဆို ရှိသမျှနည်းအားလုံးသုံးကာ လုပ်ကြလေကုန်၏။

စိတ်ပျက်စရာကောင်းလှသော လောကကြီးပါပေတည်း။

သည်လောကမှာ လူကောင်းသူကောင်းများ ကျန်မှ ကျန်ပါသေး၏လောဟု ကျွန်ုပ် တခါတခါ အတော် စိတ်ကုန်မိလေ၏။

 

(၂) လိမ်ပုံလိမ်နည်း နိဿရည်း

 

ယခုနှစ် စက်တင်ဘာလ ဒုတိယပတ်က ရန်ကုန်၊ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ဆိုကာ ပင်းတယမြို့နယ်မှ လူ (၂၀) ကို တဦးလျှင် သိန်း (၂၀) နှင့် မလေးရှားပို့ပေးမယ်ပြောပြီး ဟဲဟိုးလေယာဉ်ပေါ်တင်ပေးလိုက်သည့် ဖြစ်ရပ် ဖြစ်ပွားခဲ့၏။ ဤသည်မှာ သိပ်တော့မဆန်းလှပါ။ ဟိုးယခင်နှစ်များကလည်း ကိုးရီးယားဆိုပြီး ပုဂံလေယာဉ်ပေါ် တင်ပေးခဲ့ဖူးလေပြီ။

 

ယခုလည်း တစ်ဦးလျှင် (၂၆) သိန်းနှင့် လူပေါင်း (၁၀၀)​ ထံမှ ပိုက်ဆံလိမ်လည်မှု ဖြစ်ပြန်လေပြီ။ ဤလိမ်နည်းမှာလည်း သိပ်တော့ အသစ်အဆန်းမဟုတ်။ ယခင်ကလည်း ထိုနည်းအတိုင်း လိမ်ခဲ့ဖူးပြီဖြစ်၏။ ယခုကတော့ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ခြင်းမျှသာတည်း။ (အသေးစိတ်သိရလျှင် ပြန်တင်ပေးပါမည်။)

 

လိမ်နည်းမှာသိပ်တော့ မခဲယဉ်းပါ။ လူတိုင်းသိသည့် နည်းများစွာထဲက အင်မတန်ရိုးစင်းလှသည့် နည်းတစ်နည်းမျှ ဖြစ်ပါ၏။ ဤနည်းကိုသုံးဘို့ အသင့်တွင် “စာနာတတ်သည့် နှလုံးသား” မရှိဘို့ တစ်ခုသာ လိုပါသည်။

 

၁။ မြို့လယ်ခေါင်၌ အခန်းကြီးတစ်ခန်း (ထရိတ်ဒါးလို ဟော်တယ်ကြီးတစ်ခု၏ အခန်းဆိုပါက ပိုကောင်း၏။) ငှားပါ။

၂။ ထိုအခန်းကို ပိုက်ဆံခပ်ပေါပေါသုံးလျှက် မြင်လိုက်ရရုံနှင့် ရင်တုံပန်းတုံဖြစ်သွားလောက်အောင် ကျကျနန ခမ်းခမ်း နားနား အပျံစား ရုံးခန်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းပါ။

၃။ ကုမ္ပဏီဆိုင်းဘုတ်ကြီးကိုလည်း ရွှေရောင်စာလုံးအကြီးကြီးတွေ၊ မြင်ရရုံနှင့် အဖျားဒီဂရီ (၁၀၄) လောက်ရောက် သွားအောင်ပြင်ဆင်လျက် ချိတ်ဆွဲထားပါ။

၄။ သွက်သွက်လက်လက်၊ ချက်ချက်ချာချာ ပြောတတ်ဆိုတတ် အလန်းဇယားလေး (၃) ယောက်လောက်ကို မီနီစကဒ်နှင့် မနေ့ကမှ ဆိုင်ကရွေးလာသည့် အနောက်တိုင်းဝတ်စုံ နက်ပြာရောင်များ ဆင်ပေးထားပါ။ ကိုးရီးယား မင်းသားလေးများကပင် အရှူံးပေးရမည့် အင်မတန်မှလည်း မျက်နှာချို၊ အပြောကောင်းလှသည့် ကောင်လေး (၃) ယောက်လောက်ကိုလည်း အနောက်တိုင်း၏ ဟိုဘက်ခပ်ကျကျနိုင်ငံမှ ဝတ်စုံများ ဆင်ပေးထားပါ။ ၎င်းတို့စီးထားသည့် ရှူးဖိနပ်များမှာ ပြောင်လက်နေပါစေ။

၅။ Lever Arch ရုံးသုံးဖိုင်ကြီးများကို အနည်းဆုံး အခု (၂၀၀) လောက်ဝယ်ပြီး အထဲ၌ “ဒန်အိုးပေါက်၊ ကြေးအိုးပေါက်” သမားထံမှ စက္ကူများကို ပိဿာချိန်နှင့်ဝယ်လျှက် အပြည့်ဖြည့်။ အနည်းဆုံး မတ်တပ်ဘီရိုကြီး (၄) လုံး၊ ဘီရိုအနိမ့် (၂) လုံးလောက်တွင် အပြည့်ဖြည့် ထားပါ။

၆။ ထိုဘီရိုများပေါ်တွင် အင်္ဂါဂြိုဟ်၊ ပလူတိုဂြိုဟ်တို့မှရလာသည့် ဘာလက်မှတ်၊ ညာလက်မှတ် စသည်တို့ကို မှန်ဘောင် ကြီးများသွင်းလျက် ထောင်ထားပါ။ ဈေးထဲတွင် တစ်ခု ၁၅၀၀ လောက်ပေးရသည့် ပလတ်စတစ် ထရိုဖီလေး (၃) (၄) ခုလောက် ထားနိုင်လျှင် ပိုကောင်းပါသည်။

၇။ မန်နေဂျာရုံးခန်းတွင်း၌မူ တစ်နေ့လျှင် အနည်းဆုံး ဘီယာ (၃) ပုလင်းမျှသောက်ထားသည့် ဗိုက်နှင့် ကိုယ်အလေးချိန် အနည်းဆုံး ပေါင် (၃၀၀) ခန့်ရှိသူ (မေးနှစ်ထပ်ဖြစ်ရမည်) တစ်ဦးသည် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ၊ မှန် သေးသေးလေးပါသည့် မျက်မှန်ကို တပ်လျှက် အင်္ဂလိပ်သတင်းစာကြီးတစ်စောင်ကို ဟန်ပါပါနှင့် ဖတ်နေစေရမည်။ (သတင်းစာမှာ မည်သည့်နိုင်ငံ၊ မည်သည့်ခုနှစ်ထုတ် စသည်တို့မလိုပါ။ စာရွက်ကြီးလျက် အင်္ဂလိပ်စာလုံးများပါလျှင် ရပါပြီ။)

၈။ တခန်းကို အင်တာဗျူးမည့်အခန်းနှင့်တူအောင် ပြင်လျှက် အခန်းဝ၌ “အခွင့်မရှိ မဝင်ရ” ဟူသော ဆိုင်းဘုတ် ချိတ်ထားရမည်။

၉။ အခန်းရှေ့တွင် လုံခြုံရေးနှစ်ဦးကို နေ့စားနှင့်ငှားလျက် ချထားရမည်။ လုံခြုံရေးများမှာ ဗလတောင့်ရမည်။ တက်တူးများပါနိုင်လျှင် ပိုကောင်း၏။

 

အားလုံးပြင်ဆင်ပြီးသွားပြီဆိုလျှင် မလေးရှား၊ စင်ကာပူ၊ ဒူဘိုင်း၊ ယူအေအီး၊ ဂျပန်၊ ကိုးရီးယားနိုင်ငံများ၌ မည်သည့် အလုပ်များအတွက် လူများခေါ်နေကြောင်း၊ အလျင်အမြန်လိုအပ်နေသဖြင့် မည်သည့်နေ့ နောက်ဆုံးထား လျှောက်ရမည် ဖြစ်ကြောင်း စသည်များကို တစ်မျိုးလျှင် အနည်းဆုံး ကြော်ငြာစာရွက် ၃၀၀၀ ထောင်ခန့် ရိုက်နှိပ်ဖြန့်ဝေပါ။ ကြော်ငြာ စာရွက်သည် ကြွေစက္ကူ ဖြစ်ရမည်။ ကြော်ငြာတိုင်းတွင် လေယာဉ်ပျံပုံ၊ ဟိုနိုင်ငံက စက်ရုံပုံများ ပါရမည်။

 

ထိုနိုင်ငံများအတွက် အလုပ်လျှောက်လွှာများကို တစ်မျိုးစီလျှင် အနည်းဆုံး ၅၀၀ ခန့်ရိုက်နှိပ်ပါ။ 

 

အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင် လုပ်ငန်းစလို့ရပါပြီ။

 

လာသမျှလူအားလုံးကို လျှောက်လွှာတစ်စောင်လျှင် (၁၀၀၀) နှုန်းဖြင့်ရောင်းပါ။ မျက်နှာကို အချိုသာဆုံး ပြုံးထားပါ။ အလုပ်များမှာ အလျင်အမြန်လိုအပ်နေသဖြင့် နက်ဖြန်၊ သဘက်သွားရတော့မည်။ မည်သည့်နေရာကိုမှ ခရီးမလွန်ပါ စေနှင့်။ ကျွန်ုပ်တို့နှင့် အဆက်အသွယ် မပြတ်ပါစေနှင့် စသည့် စကားများကို ကောင်မလေးထံမှ အဖြေတောင်းနေသည့် သကောင့်သားလေးဟန်ဖြင့် တတွတ်တွတ် မှာနေရမည်။

 

ထိုအခါတွင်ကား -

အသင်တို့ ပိုက်ဆံကို သဲ့ယူသလိုရပါလိမ့်မည်။

နောက်ရောက်လာသူများကို ခပ်တည်တည်နှင့် နေရာလပ်မကျန်တော့လို့ပါ။ နောက်အသုတ် သိပ်မကြာခင် လာပါလိမ့်မယ်၊ အဲဒီတော့မှ ထပ်လာပါ ဟု ရုပ်တည်တည်နှင့် ငြင်းလွှတ်ပါ။

သည်မျှဆိုလျှင် ဒုံးမဝေးသည့် အသင်မိတ်ဆွေတို့ သဘောပေါက်ပါပြီ။

 

အသင်တို့သည် အဘယ်ကြောင့် စင်ကာပူလာပြီး ဒုက္ခခံနေပါမည်နည်း။ 

ပိုက်ဆံဆိုသည်မှာ ရှာရလွယ်ပါဘိတောင်း။

 

(၃) အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း

 

၂၀၀၈ ခုနှစ်က ကျွန်ုပ် “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” ဟူသည့် စာအုပ်တစ်အုပ် ရေးထုတ်ခဲ့ပါသည်။ စင်ကာပူသို့ အလုပ်လာလုပ်လိုသည့် လူငယ်များအတွက် ရည်ရွယ်ရေးသားခဲ့ခြင်း ဖြစ်၏။ 

 

ထိုစာအုပ်တွင် လပ်ဂေ့ချ်ပြင်ခြင်း၊ ဗီဇာလျှောက်ခြင်း၊ လေယာဉ်လက်မှတ်ဝယ်ခြင်း၊ လေယာဉ်စီးခြင်း၊ မိမိလပ်ဂေ့ချ်ကိုရွေးခြင်း အစရှိသည်မှ အစ -

 

စင်ကာပူတွင် အလုပ်လုပ်နိုင်သည့် Work Passes များ အကြောင်း၊ ၎င်းတို့လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ အကြောင်း၊ မိမိဘဝတိုးတက်ရေးအတွက် စင်ကာပူတွင် တက်နိုင်သော သင်တန်းများအကြောင်း၊ 

 

စင်ကာပူပညာရေးစနစ်၊ စင်ကာပူလူနေမှုစနစ်၊ စင်ကာပူမှ သယ်ယူပို့ဆောင်ရေး၊ အစားအသောက်များ အလယ် -

 

စင်ကာပူတွင် ပြစ်မှုကျူးလွန်လျှင် မည်ကဲ့သို့အပြစ်ပေး အရေးယူသည်။ မည်သည့်ပြစ်မှုများ ကျူးလွန်လျှင် ကြိမ်ဒဏ်၊  သေဒဏ်ပေးခြင်း ခံရမည် အစရှိသည်တို့ အဆုံး -

 

တော်တော်ပြည့်ပြည့်စုံစုံ ရေးထားပါသည်။

 

ပြောင်းလဲလာသည့် အခြေအနေများနှင့်လိုက်လျောညီထွေစွာ ပြန်ပြင်လျက် ဤစာအုပ်ကို ၂၀၁၁ တွင် ပြန်ထုတ်ရန် ကြံစည်ခဲ့ပါသေးသည်။ သို့သော် တဝက်တပြက်သာ ပြင်နိုင်ပြီး စာအုပ်ဖြစ်မလာခဲ့ပါ။

 

၂၀၁၇ ကလည်း တကြိမ် ကြိုးစားခဲ့ပါသေး၏။ သို့သော် အခြားစာအုပ်များ ရေးနေသည်နှင့် မအားလပ်သောကြောင့် ထိုစာအုပ်ကို ထပ်မထုတ်ဖြစ်ခဲ့ပြန်ပါ။ ယခုဆို ၁၄ နှစ်မျှ ကြာခဲ့ပါပြီ။ ကျွန်ုပ် ရေးထားသမျှ အားလုံးကို Shwe Nyein Blog တွင် တင်ထားပါသည်။ ဖတ်လိုသူတို့ 2008, 2009 post များတွင် ဖတ်နိုင်ပါသည်။ သို့သော် အချက်အလက် တော်တော် များများ ပြောင်းကုန်ပါပြီ။ 

 

ယခုလည်း ထပ်မံစိတ်ကူးမိပြန်ပါပြီ။ 

တခြားစာအုပ်များကို မကိုင်ဘဲ သူ့ချည်းဇောက်ချလုပ်လျှင် (၆) လလောက်ဆို စာတစ်အုပ် ဖြစ်လာနိုင်၏။

ဂွကျသည်မှာ လူများသည် ကျွန်ုပ် အပြည့်အစုံပေးထားသည့် သတင်းစကားကို အချိန်ပေးဖတ်ရှုလေ့လာ မှတ်သား ဘို့ထက် အပြောကောင်းကောင်းနှင့် ပြောသူများစကားကိုသာ (ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ)  နားယောင် နေကြခြင်း ဖြစ်၏။ ကျွန်ုပ် ထိုစာအုပ် ဆက်မထုတ်ဖြစ်ရခြင်းမှာ ထိုအကြောင်းသည် အဓိကအကြောင်းတစ်ခု ဖြစ်ပါသတည်း။ 


ဆက်ပါဦးမည်။


အေးငြိမ်း

19/12/2022

No comments: