အချီး
ကျွန်ုပ် ဤစာကိုရေးခြင်းဖြင့် ဗုဒ္ဓဘာသာဝင်များကသော် လည်းကောင်း၊ အခြားဘာသာဝင်များကသော် လည်းကောင်း ဆဲကောင်းဆဲကြပါလိမ့်မည်။ သို့သော် ကျွန်ုပ်ရေးထားသည်များကို အသင်တို့ ဖတ်ပြီးလျင်မူ ဘယ်အရာက ဘာ ဆိုတာကို အနည်းငယ် ရိပ်မိ၊ သိရှိနိုင်လိမ့်မည်။ ကိုးကွယ်မှုနှင့်ပတ်သက်၍ အနည်းဆုံး အတွေးကလေး တစ်ခုတော့ ရသွားပါလိမ့် မည်။ ဤသို့ ကျိုးကြောင်းဆင်ခြင် စဉ်းစားနိုင်ကြပြီဆိုလျှင်ပင် ကျွန်ုပ် ရေးရကျိုးနပ်ပါပြီ။
ဤစာကို ကျွန်ုပ်က ဗုဒ္ဓဘာသာဝင်အနေနှင့် ရေးခြင်းမဟုတ်မူ၍ Third Party (ဟုတ်ပေါင် မှားကုန်ပြီ) ဘယ်ဘာသာဝင်မှ မဟုတ်သည့် အပြင်လူတစ်ယောက် အနေနှင့် မြင်ကြည့်ခြင်းဖြစ်သတည်း။
(၁)
ပုံစံများဖြည့်ရာတွင် ‘ဘာသာ’ ဟူသည့်ကွက်လပ်၌ ကျွန်ုပ်သည် ‘ဗုဒ္ဓဘာသာ’ ဟု ယခင်ကလည်း ဖြည့်ခဲ့၏။ ယခုလည်း ဖြည့်နေဆဲဖြစ်ပြီး နောင်လည်း ဆက်ဖြည့်နေရဦးမည် ဖြစ်၏။ မြန်မာနိုင်ငံမှ လျှောက်လွှာများတွင် လူတစ်ယောက် ကိုးကွယ်သည့်ဘာသာကို အဘယ်ကြောင့် သိချင်ရသနည်း ဆိုသည်ကို ကျွန်ုပ် ယခုတိုင် မစဉ်းစားတတ်ပါ။ ဤသို့သိရခြင်းဖြင့် ဘာထူးသွားသလဲ ဆိုသည်ကိုလည်း သိချင်မိ၏။
လူတစ်ယောက်၏ အရည်အသွေး၊ အစွမ်းအစ၊ စိတ်နေသဘောထား၊ ကိုယ်ကျင့်စာရိတ္တတို့ကို ထိုသူ ဘယ်ဘာသာ ကိုးကွယ်သလဲ ဆိုသည့်အပေါ်မူတည်၍ အကဲဖြတ်လို၍လော။ ကျွန်ုပ် မပြောတတ်ပါ။ လျှောက်လွှာများ၌ ကိုးကွယ်သည့် ဘာသာ ဆိုတာကြီး ထည့်ထားတာကို (ရိုးရိုးသားသားပြောရလျှင်) ကျွန်ုပ် မနှစ်သက်ပါ။ သဟာနှင့်များတောင် အသင်တို့ အခြေခံဥပဒေ၊ ပုဒ်မ ၃၄ ၌ နိုင်ငံသားတိုင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့်ရှိပါသည် ဟု ဖော်ပြထားသေး၏။ ရှက်စရာ မကောင်းပါလော။
ကျွန်ုပ်ငယ်စဉ်ကတည်းက ယခုအသက်အရွယ်အထိ ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် ယဉ်ကျေးမှု၊ စာပေ၊ အယူအဆ၊ အလေ့အထ၊ ဓလေ့ထုံးစံတို့ကိုသာ လေ့လာလိုက်စား၊ ဖတ်မှတ်ကျင့်ကြံခဲ့သည် မှန်၏။ သို့သော် ကျွန်ုပ်ကား အခြား ဗုဒ္ဓဘာသာဝင်များနှင့် လားလားမှမတူ ဆိုသည်ကိုမူ မိတ်ဆွေတို့အား ကြိုပြောထားလိုပါသည်။
(၂)
ယခုတလော ဘာသာရေးဆရာတစ်ယောက်၏ အပြောအဆိုနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်ပေါ်၌ ဗွက်ပေါက်နေပါသည်။ ထိုသူကား အလွန်မိုက်မဲလှသူ ဖြစ်ပေ၏။ မိမိဘာသာကို အခြားသူများ ရွံမုန်းလာအောင် လုပ်ရက်ပါပေသည်။ ကိုယ်ပြောတာ ဘယ်ရောက်လို့ ရောက်မှန်းမသိ။ သနားစရာ ကောင်းလှပေစွ။
အကယ်၍ ၎င်းသည် စင်ကာပူ၌ ဤကဲ့သို့ ပြောဆိုလျှင် အစိုးရပေးသောဟော်တယ်၌ အစိုးရကျွေးသည့်ထမင်းကိုစားကာ ဘာအလုပ်မှ လုပ်စရာမလိုဘဲ နှစ်အတန်ကြာ အိပ်လိုက်စားလိုက်နှင့် ဇိမ်ယူနေရပေလိမ့်မည်။ စင်ကာပူတွင် ဘာသာရေး၊ လူမျိုးရေးကိစ္စ အလွန် အကဲဆတ်လှ၏။ နည်းနည်းမှ အထိမခံလေ။
(၃)
လူများကို မှိုင်းတိုက်ရန်အတွက် အကောင်းဆုံးသောအရာကား ဘာသာရေးပင် ဖြစ်သတည်း။ မည်မျှ မှိုင်းတိုက်နိုင် သနည်းဆိုလျှင် အဆိပ်ကိုပင် ကိုကာကိုလာအမှတ်ဖြင့် သောက်ကာ သေနိုင်ပေလေသေး၏။ တစ်ယောက်တည်းမဟုတ်။ လူပေါင်း ၉၀၉ ယောက်ဖြစ်၏။ ၎င်းတို့အနက် ၃၀၄ ယောက်မှာ ကလေးငယ်များဖြစ်၏။ ကလေးများကို ၎င်းတို့ မိဘများကိုယ်တိုင် အဆိပ်ကို တိုက်ခဲ့တာ ဖြစ်၏။ အများစုမှာ အမေရိကန်များဖြစ်ပြီး ထို ၉၀၉ ယောက်အပြင် သတင်းထောက်များအပါအဝင် အခြား ၉ ယောက်မှာလည်း အသတ်ခံခဲ့ရသေး၏။
၁၉၇၈ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့က တောင်အမေရိကတိုက်၊ ဂိုင်ယာနာရှိ ဂျုံးစ်တောင်းတွင် ဖြစ်ပျက်ခဲ့သည့် ထိုအဖြစ်အပျက်မှာ ပုံပြင်မဟုတ်။ ကမ္ဘာပေါ်တွင် တကယ်ဖြစ်ပျက်ခဲ့တာ ဖြစ်၏။ တစ်ချိန်တည်း တစ်နေရာတည်း၌ အစုလိုက် အပြုံလိုက် သေဆုံးခြင်းများအနက် ထိုအဖြစ်အပျက်မှာ 9/11 မတိုင်မီ အကြီးမားဆုံး အဖြစ်အပျက်ကြီးလည်း ဖြစ်၏။ ထို ထိတ်လန့်ကြောက်ရွံ့ဘွယ်ရာ အဖြစ်အပျက်ကြီး၏ အဓိကတရားခံဖြစ်သူ ဂျင်ဂျုံး ကိုယ်တိုင်မှာမူ ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်သတ် သေခဲ့သည် ဆို၏။
ဂျင်ဂျုံးမှာ ငယ်စဉ်ကပင် ဘာသာရေးအစွန်းရောက်သမားတစ်ဦးဖြစ်၏။ သတ်တာဖြတ်တာကိုလည်း အလွန်စိတ်ဝင်စားခဲ့ ၏။ ၁၉၄၅၊ ဧပြီလတွင် ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာကိုလည်း အလွန်သဘောကျ နှစ်သက်ခဲ့၏။ ငယ်စဉ်က ကြောင်တစ်ကောင်ကို သွေးအေးအေးနှင့် ရက်ရက်စက်စက် သတ်ခဲ့ဖူး၏။
၁၉၅၅ တွင် ဂျင်ဂျုံးသည် အင်ဒီယာနာပိုးလစ်စ်၌ People Temple ကို တည်ထောင်ခဲ့၏။ ၁၉၇၀ခုနှစ်များတွင် ဆန်ဖရန် ဆစ္စကိုနှင့် လော့စ်အင်ဂျလိမြို့များသို့ပါ ချဲ့ထွင်ခဲ့၏။ သူ့ဘုရားကျောင်းတွင် လူမျိုးစုံ ပါ၏။ သူ အဓိကထား ဆွဲဆောင်သည်မှာ လူဖြူလူမည်း တန်းတူညီမျှမှုရှိရေးဖြစ်၏။ (ယခင်က အမေရိကန်ပြည်တွင် လူဖြူလူမည်း ခွဲခြားမှု အလွန်ပြင်းထန်ခဲ့၏။) သို့မို့ကြောင့် သူ့ကို မာတင်လူသာကင်း၏ လူသားချင်းစာနာထောက်ထားခြင်း ဆုကိုတောင် ၁၉၇၇ ခုနှစ်က ပေးခဲ့ကြသေး၏။
သူက သူ့ဘုရားကျောင်းလာသူများကို တစိမ်းများလို သဘောမထားစေပဲ မိသားစုတစ်ခုလို ဖြစ်စေ၏။ (ချားလ်စ် မန်ဆင် ဆိုတဲ့ငနဲဟာလည်း လမ်းသရဲကောင်လေး၊ ကောင်မလေးတွေကို ငါတို့ဟာ မိသားစုပဲ ဆိုပြီး လူတွေလျှောက်သတ်ခိုင်း တာ။ ဟိုကောင်လေးကောင်မလေးတွေကလည်း ဘာမှန်းမသိ၊ ညာမှန်းမသိဘဲ သူသတ်ခိုင်းတဲ့သူတွေကို လျှောက်သတ် ကြသတဲ့။ အတော်လည်း ရူးကြတဲ့သူများပါပေ။)
နောက်ပြီး သူကပြောလိုက်သေးဗျာ။ ကမ္ဘာပေါ်မှာ ရှိရှိသမျှ သတ္တဝါတွေအကုန် လိင်တူဆက်ဆံတဲ့သူတွေချည်းဖြစ်ပြီး လိင်ကွဲဆက်ဆံတဲ့သူဆိုလို့ တစ်ကမ္ဘာလုံးမှာ သူတစ်ယောက်ပဲ ရှိပါသတဲ့။ အဲသလိုပြောပြီး သူ့ဘုရားကျောင်းလာတဲ့ ကောင်မလေးတွေကို အတင်း နသားပါးယားတော့တာပဲ။
သူက အမေရိကန်နှင့် ရုရှားတို့အကြား တင်းမာမှုပြင်းထန်ကာ သာမိုနျူကလီးယားစစ်ဖြစ်ပြီး ကမ္ဘာကြီး အလုံးစုံ ပျက်သုဉ်းမည့် Dooms day အယူအဆကို ခိုင်မြဲစွာလက်ခံထားပြီး အခြားသူများကိုလည်း သူယုံကြည်သလို ယုံစေချင်သည်။ ဤသည်ပင်လျှင် လူရာပေါင်းများစွာကို အဆိပ်သောက် သေစေခြင်း၏ မူလအစ ဖြစ်တော့၏။
သူ့အကြောင်းကို သည်မျှနှင့် ရပ်ပါရစေ။ သိပ်ရှည်သွားလျှင် ပျင်းစရာကြီးဖြစ်သွားပြီး မိတ်ဆွေတို့ ရှေ့ဆက်ဖတ်ချင် တော့မှာ မဟုတ်ပါ။ ဆရာဝန်တင်မောင်ကြည်၏ ဘိုးတော်ကမ္ဘာ စာအုပ်တွင် သည့်ထက်ပိုပြီး စုံစုံလင်လင် ပါလိမ့်မည်ဟု ယူဆပါသည်။
နောက်တစ်ခုမှာ ၁၉၈၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၌ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တောင်ဘက် မိုင် ၆၀၀ ခန့်အကွာ၊ ဒါဗါအိုပြည်နယ်၊ ဆီနာဆာကျေးရွာတွင် ဘာသာရေးခေါင်းဆောင် မန်ဂယာနွန် ဘူတာဝေါ့က အိပ်လိုက်ကြ ငါ့သားတို့၊ မင်းတို့နိုးလာနဲ့ တပြိုင်နက် ဘုရားဖြစ်ပြီ ဟု ဆိုကာ အဆိပ်ခတ်ထားသော ယာဂုကို တိုက်ကျွေးရာ ၅ ယောက်ရှင်ကျန်ပြီး ၆၈ ယောက် မသာပေါ်ကုန် ကြလေ၏။ သူက သူ့မိန်းမနှင့် အသက် ၄ နှစ်နှင့် ၂ နှစ်အရွယ် ကလေးငယ်များကို ထို ယာဂု များ တိုက်ကျွေးရာ သောက်ရန် ငြင်းဆန်ကြသဖြင့် သူကိုယ်တိုင် ငရဲသို့ ပို့ဆောင်လိုက်သည်ဟူ၏။ သူကိုယ်တိုင်ကတော့ ယာဂုမသောက်ဘဲ သူ့ဗိုက်သူ ဓားနှင့်ထိုးကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့၏။ (3 & 4)
မသေဘဲလွတ်လာသူများပြောကြားချက်အရ ဘူတာဝေါ့သည် သစ်ပင်တစ်ပင်ကို ခုတ်ထွင်းပြီး ဒီအပင်သေလို့ အရွက်တွေ ခြောက်သွားရင် အကုန်ပိုက်ဆံတွေဖြစ်ကုန်လိမ့်မယ် ဟုဆို၏။ သို့သော် သစ်ရွက်များက ပိုက်ဆံဖြစ်မလာသည့်အခါ သူ့ နောက်လိုက်အားလုံးကို သတ်သေကြစေရန် ဆွဲဆောင်ခြင်းဖြစ်လေသည်။ (4)
၁၉၉၄ ခုနှစ်၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ အရှေ့မြောက်ဘက် ၄၈ မိုင်အကွာ ချယ်ရီရွာမှ ယာတဲတစ်ခုတွင် အလောင်း ၂၃ လောင်းကို တွေ့ခဲ့ရ၏။ ဆက်စပ်နေသည့် အခြားတစ်ခုမှာ ဂျီနီဗာမြို့ အရှေ့ဘက် ၄၇ မိုင်အကွာ ဂရင်းဆာဆယ်လ်ဗန် မှ မီးလောင်ကျွမ်းနေသည့် အိမ်သုံးလုံး၌ ၂၅ လောင်း တွေ့ရ၏။ ထို့ပြင် သေနတ်နှင့်ပစ်သတ်ပြီး ခေါင်းကို ပလတ်စတစ်နှင့် စွပ်ထားသည့် အလောင်းများကိုလည်း နေရာ တော်တော်များများ၌ တွေ့ရသေးသည်။ ထိုသေဆုံးမှုများနှင့် ပတ်သက်၍ လပ်ဂျိုးရက်နှင့် ဂျိုးဆက်ဒီမန်ဘရိုတို့ကို ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း ၎င်းတို့၏ အလောင်းများကို အခြားသေဆုံးသူများ အကြား တွေ့ခဲ့ရ၏။ ၎င်းတို့ ၂ ဦးသည် သေပြီးနောက်ဘဝမှာ မင်းတို့ ဘုရားသခင်ဆီရောက်မယ် ဆိုကာ မီးရှို့သတ်ခဲ့ကြ သည် ဟု ဆို၏။ မီးမရှို့မီ ၎င်းတို့၏ နောက်လိုက်များထံမှ ပိုက်ဆံအမြောက်အများ ချေးယူခဲ့ကြသည်။
မည်သည့်အကြောင်းကြောင့် ထိုသေဆုံးမှုများ ဖြစ်ခဲ့ရသည်ကို တိတိကျကျ မသိရသည့်တိုင် ထိုအမှု အားလုံးသည် Order of the Solar Temple ဘုရားကျောင်းနှင့် ဆက်စပ်နေကြောင်းတော့ သိရ၏။ ထိုဘုရားကျောင်းမှာ ငွေကြေးအရှုပ်အရှင်း၊ လက်နက်မှောင်ခိုမှုတို့ကို အကြီးအကျယ်လုပ်ခဲ့၏။ ၁၉၉၄ ခုနှစ်မှ ၁၉၉၇ အထိ Order of the Solar Temple နှင့် ဆက်စပ်၍ သေဆုံးမှု ၇၄ မှု ဖြစ်ခဲ့ရာ ကြိုးကိုင်သူတစ်ဦးအဖြစ် သံစုံတီးဝိုင်းခေါင်းဆောင် တာဘက်နစ်ကို တရားစွဲခဲ့၏။ (5)
အခြားတစ်ခုမှာ ယူဂန်ဒါနိုင်ငံမြို့တော်မှ အနောက်တောင်ဘက် မိုင် ၂၀၀ ခန့်အကွာ ရူကင်ဂီရိခရိုင်၊ ကနုဂုမြို့လေးရှိ ဘုရားရှိခိုးကျောင်း တစ်ခုတွင်ဖြစ်၏။ သူတို့ဘာသာရေးဆရာ မစ္စတာ ကစ်ဘ်ဝီတီရီက ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ကျရင် ကမ္ဘာပျက်လိမ့်မယ် ဟု ပြောသည်ဆို၏။ (နောင်တွင် ၎င်းက ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၃၁ အစား ၂၀၀၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ဟု ပြန်ပြင်ခဲ့သည်။) မီးမရှို့ခင် ၎င်း၏ နောက်လိုက်များကို အအေးဘူးများဝေကာ အဝတိုက်ခဲ့ သည်။ ဘုရားကျောင်းထဲမှ အလောင်းများမှာ ပြာကျတာကကျ၊ မီးသွေးတုံးများ ဖြစ်တာကဖြစ် ဆိုတော့ ဘယ် နှစ် ယောက် သေမှန်း၊ ဘယ်သူတွေမှန်း အတိအကျမသိရ။ စုစုပေါင်း ၂၃၅ ယောက်ဟု ခန့်မှန်းသည်။ (6)
အသက် ၆၆ နှစ်ရှိသူ တောင်ကိုးရီးယားဘုန်းကြီး မစ္စတာမိုဟေရမ်းက သူတို့ထက်ပိုပြီး လိမ္မာပါးနပ်၏။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ကျရင် သေချာပေါက် ကမ္ဘာပျက်လိမ့်မကွ ဆိုကာ မင်းတို့ကို နိဗ္ဗာန်ကို ပို့ပေးမယ် ဟု ကတိပေးလျက် ၎င်း၏ တပည့်သာဝကများထံမှ ပိုက်ဆံများ (စုစုပေါင်း ဒေါ်လာ သန်း ၉၀) ကို တောင်းယူခဲ့လေ၏။ (နိဗ္ဗာန်သွားဘို့ ခရီးစရိတ် ဖြစ်မှာပေါ့နော) ဆိုးလ်မြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာ ဟောင်ချွမ်းမြို့မှ ချွန်ဂျွန်ဟိုး အမည်ရှိ ဟေဘင်ဂဲသားရင်း ဘုရားရှိခိုးကျောင်းတွင် ဖြစ်ပျက်ခဲ့တာ ဖြစ်ပါသည်။ (7)
ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇၅၀၀ ကျော်အနက် တောရောမြို့ပါ၊ ကလေးရောခွေးပါမကျန် သိကြသည့် ISIS အကြောင်း ကိုမူ ကျွန်ုပ်မပြောလိုတော့ပါ။ သူတို့ကို လျှော့တွက်လို့မရ။ အင်မတန် အစွမ်းထက်လှပါသည် ဆိုသည့်၊ အင်မတန် ခေတ်မီ တိုးတက်သော လက်နက်များကို ပိုင်ဆိုင်ထားပါသည် ဆိုသည့် အမေရိကန် စစ်တပ်တောင် ချေမှုန်းလို့ ရပါသလား။
(မြန်မာပြည်က လက်နက်ကိုင်တွေလို - အဲလေ၊ ဟုတ်ပေါင်၊ ယောင်လို့၊ ဘွာ ဘွာ၊ နောက်ကျ ပြန်ဖျက်ပေးမယ်နော်) တမင်သက်သက် မွေးထားတာပါ ဆိုရင်တော့လည်း မပြောတတ်။
၎င်းတို့ကား အာရှတိုက်ကြီးကို ဖြတ်ကျော်လျက် မလေးရှား၊ အင်ဒိုနီးရှား နှင့် စင်ကာပူမှ ဆယ်ကျော်သက်များကို စည်းရုံးနိုင်စွမ်းရှိလေသည်။ ဘာနှင့်စည်းရုံးသနည်း။ လွယ်ပါသည်ခင်ဗျား။
(၄)
ဤသည်မှာ ဘာသာရေးမှိုင်းတိုက်ကာ လူများကို အဘျူ့စ် (အဲလေ) မတရားလုပ်ခဲ့သူများ အကြောင်း ဖြစ်၏။ ဤသည်မျှ မကပါ။ သည်ကဲ့သို့သော ကိစ္စပေါင်း သောင်းခြောက်ထောင် ရှိပါသည်။
အထက်တွင်ဆိုခဲ့သလို ကျွန်ုပ်မှာ ဗုဒ္ဓဘာသာဖြစ်သဖြင့် ဗုဒ္ဓဘာသာအကြောင်းကို အခြားဘာသာများထက် ပိုသိပါသည်။
ဗုဒ္ဓဘာသာမှ ဂျင်းများ အကြောင်းကိုသာ ခရေစေ့တွင်းကျ ပယ်ပယ်နယ်နယ် ကျွန်ုပ်ချရေးလိုက်ရလျှင် နေ့မဆိုင်း၊ ညမဆိုင်း ခေါင်းနှင့်ကိုယ် အိုးစားကွဲကိန်း ရှိ၏။
ဘိုးတော်ဂျင်း၊ မယ်တော်ဂျင်း၊ သီလရှင်ဂျင်း၊ ဘုန်းကြီးဂျင်း၊ အစ်မတော် မြနန်းဂျင်း . . အများကြီးခင်ဗျာ။
တော်ကြာ ဟိုနားမှာ ဟိုသီလရှင်လေးက သူ့လက်နှင့်ထိလိုက်လျှင် ဘာဖြစ်တယ်ဆိုလား။ လူတွေ အများကြီး တန်းစီနေတာ တွေ့ရ။ တော်ကြာ ဟိုဘိုးတော်က ဘာလုပ်လိုက်တာ ဘာဖြစ်သွားသဟဲ့။ သမင်ဆွဲတဲ့ရထားကိုမှ စီးတဲ့ ဘိုးတော်ဂျင်းက တစ်မျိုး။ အောင်မယ်၊ သူ့ပိတ်သတ်ကလည်း မနည်းလှဘူးနော့။
ပဲကြော်၊ ကြက်သွန်ဖြူကြော်၊ နှမ်းဖြူလှော်ကလေးများနဲ့ သုပ်ထားတဲ့ ဗုဒ္ဓဘာသာဂျင်းများအကြောင်း ကျွန်တော် ရေးထားတာ အတော်များများ ရှိပါသည်။ အခုမှ ရေးတာမဟုတ်။ ဟို့ ခပ်ငယ်ငယ်၊ ရေဆင်းမှာ ကျောင်းဆရာလုပ်စဉ် ကတည်းက ရေးခဲ့တာ ဖြစ်၏။ သို့သော် ထိုစဉ်ကတော့ ဆရာဦးခင်ဝင်းက လွဲလို့ ဘယ်သူ့ကိုမှ မပြခဲ့ပါ။ အလွန် အန္တရာယ် များလှသောကြောင့် ဖြစ်၏။
ထိုဂျင်းသုတ်ကလေးများကို မြည်းစမ်းကြည့်လိုသူများ ကျွန်ုပ်၏ ဘလော့ (shwenyein.blogspot.com) တွင် ဖတ်နိုင်ပါ၏။ ၂၀၀၈ ခုနှစ် စက်တင်ဘာလက ပို့စ်များတွင်လည်းကောင်း၊ ရေကြည်ကုန်းဘုန်းကြီးအကြောင်း၊ ယောဂီစိတြ ဓမ္မဝိဇ္ဇာဆရာကြီးအကြောင်း စသည့် ပို့စ်များတွင်လည်းကောင်း ဖတ်နိုင်ပါသည်။ ကျွန်ုပ်၏ အယူအဆများကိုသာ ရေးထားခြင်းဖြစ်၍ ကျွန်ုပ်ယူဆသည့်အတိုင်း အသင်တို့ ယူဆရမည်ဟု မဆိုလို။ သဘောမတူလိုကလည်း လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိပါ၏။
နိဂုံး
ဘာသာရေးဟူသည် လူများကို လိမ္မာယဉ်ကျေးလာဘို့ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ကြသည်ဟု ကျွန်ုပ် ထင်ပါသည်။
ဘာသာတရားကို စတင်ထူထောင်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများ၏ ရည်ရွယ်ချက်မှာ အလွန်မြင့်မြတ်လှမည်ကို အငြင်းပွားစရာ မရှိပါ။
ဘယ်ဘာသာ ဘယ်လောက်ကောင်းသလဲ ဆိုသည်မှာ အဲသည့်ဘာသာကို ယုံကြည်ကိုးကွယ်သည့် သူများအပေါ်၌ များစွာ မူတည်နေလိမ့်မည်ဟု ကျွန်ုပ်ကတော့ ယူဆပါသည်။ အသင်တို့ ဘုရားများက ပြောခဲ့တာကို အဘယ်မျှ လိုက်နာသနည်း ဆိုသည့်အပေါ် များစွာ မူတည်နေပါလိမ့်မည်။ (အသင်တို့ကို အတင်း ယူဆခိုင်းနေတာမဟုတ်။ ကျွန်ုပ်၏ အတ္တနောမတိ သီးသီးမျှ ဖြစ်၏။)
အထက်တွင် ပြဆိုခဲ့သည့် နမူနာများ၌ ခရစ်ယာန်ဘာသာများချည်း ဖြစ်နေသဖြင့် ခရစ်ယာန်ဘာသာကို အပုပ်ချလို၍ မဟုတ်ကြောင်း ကျွန်ုပ် ရဲရဲကြီး အာမခံပါသည်။ ဘာသာရေး ခေါင်းဆောင်ဆိုသူများသည် ၎င်းတို့ကို ယုံကြည်နေသူများ ၏ ယုံကြည်မှုကို မည်ကဲ့သို့ တလွဲအသုံးချလိုက်ကြောင်း သိသာရုံမျှ ဖြစ်၏။ ဗုဒ္ဓဘာသာမှိုင်းများအကြောင်း ထည့်မရေး ခြင်းမှာ အထက်တွင် ဆိုခဲ့သလို ခေါင်းနှင့်ကိုယ် အိုးစားမကွဲလို၏ ဖြစ်၏။ (ကျုပ်က ကြောက်တတ်သဗျ)
ကျွန်ုပ်အနေနှင့် မိတ်ဆွေများကို တိုက်တွန်းလိုသည်မှာ -
အသင်တို့သည် မလိုအပ်သည့် အလုပ်ပိုများကို မလုပ်ချင်ကြပါနှင့်။
သူ့ဘာသာသူ ဘယ်လူမျိုးဖြစ်နေတာ အသင်တို့ကို ဘာထိခိုက်ပါသနည်း။
သူ့ဘာသာသူ ဘယ်ဘာသာဖြစ်နေတာ အသင်တို့ကို ဘာထိခိုက်ပါသနည်း။
ကျွန်ုပ်ပြောတာ မယုံလျှင် မိတ်ဆွေတို့ ကိုယ်ပေါ်က အဝတ်တွေ အကုန်လုံး ချွတ်ချလိုက်စမ်းပါ။
သူနှင့်သင် ဘာကွာပါသနည်း။
ဗုဒ္ဓဘာသာလည်း လူပဲဖြစ်သည်။
ခရစ်ယာန်လည်း လူပဲဖြစ်သည်။
မွတ်ဆလင်လည်း လူပဲဖြစ်သည်။
မြန်မာလည်း လူပဲဖြစ်သည်။
ကရင်လည်း လူပဲဖြစ်သည်။
အင်္ဂလိပ်လည်း လူပဲဖြစ်သည်။
နိဂရိုးလည်း လူပဲဖြစ်သည်။
လူတစ်ယောက် ကောင်းမကောင်း၊ တော်မတော် ဆိုသည်မှာ ဘာလူမျိုး၊ ဘာသာသာဆိုတာနှင့် မဆိုင်။
ထိုသူ ဘယ်လိုနေသည်၊ ဘယ်လောက် ကြိုးစားသည် ဆိုသည့်အပေါ်မှာသာ မူတည်သည်။
ယနေ့မှစ၍ တခြားသူများကို အတင်းတုတ်နေခြင်းထက် -
ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံး၊ အတော်ဆုံးဖြစ်အောင်၊
ကိုယ့်မိသားစုက အားထားရသည့်သူ ဖြစ်အောင်၊
ကိုယ့်မြို့၊ ကိုယ့်ဒေသက အားထားရသည့်သူ ဖြစ်အောင်၊
ကိုယ့်တိုင်းပြည်က အားထားရသည့်သူ ဖြစ်အောင်
ကြိုးစားကြပါမည့်အကြောင်း -
အလေးအနက်ထား၍
တိုက်တွန်းလိုက်ရပါကြောင်း
စာအရှည်ကြီးကို ဆုံးသည်အထိ စိတ်ရှည်လက်ရှည်ဖတ်ပေးခြင်းအတွက် ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၆ ဧပြီလ၊ ၂၀၂၀
Ref:
၎င်းလင့်ကို FB တင်၍ မရပါ။
No comments:
Post a Comment