(၁)
ဟိုတစ်နေ့က အလုပ်သမားများ ဆန္ဒပြသည့်သတင်းနှင့် စက်ရုံပိတ်သိမ်းသည့် သတင်းများ ဖတ်လိုက်ရ၏။
ထိုသတင်းများနှင့် တဆက်တည်း အခြားကုမ္ပဏီများလည်း ဖျက်သိမ်းတော့မည့် ကြော်ြငာပါ ဖတ်ရ၏။
ထိုမျှသာမကသေး ကိုးရီးယားကုမ္ပဏီ ၁၀၀ ကျော်တို့ မြန်မာနိုင်ငံမှ ဘင်္ဂလားသို့ ပြောင်းရွှေ့တော့မည့် အကြောင်းများလည်း တွေ့လိုက်ရပါသည်။
သည်သတင်းများကို ဖတ်ရတာ ကျွန်ုပ် စိတ်မချမ်းသာပါ။
အဲလေ၊ သူတို့တင်မဟုတ်ပါ။
မြန်မာနိုင်ငံ၌ အတွေ့ရ အများဆုံးသောပွဲများကို ပြပါဆိုလျှင် လူစုလူဝေးနှင့် ဆန္ဒဖော်ထုတ်ကြသောပွဲများဖြစ်သည် ဟု ဆိုရပါလိမ့်မည်။
ကြိုက်ပြီဆိုလျှင်လည်း ကြိုက်ကြောင်း ဆန္ဒဖော်ထုတ်ကြ၏။
မကြိုက်ဘူးဆိုလျှင်လည်း မကြိုက်ကြောင်း ဆန္ဒဖော်ထုတ်ကြ၏။
မကျေနပ်လျှင်လည်း ဆန္ဒဖော်ထုတ်ကြ၏။
ကျေနပ်လျှင်လည်း ဆန္ဒဖော်ထုတ်ကြ၏။
ကျွန်ုပ်တို့ ရွှေမြန်မာများကား ဆန္ဒဖော်ထုတ်တာ အလွန်ဝါသနာပါသော လူမျိုးများ ဖြစ်သည် ထင်၏။
၂၀၁၅ မတိုင်မီကတော့ ဆန္ဒဖော်ထုတ်ကြပြီဆိုလျှင် ဩော် - သူတို့ တစ်နေ့ ၃၀၀၀ - ၅၀၀၀ ရလို့ပဲဟု သည်လိုပင် ခပ်ပေါ့ပေါ့ တွေးမိ၏။
သို့သော် ဒီဘက်ခေတ်မှာလည်း ဆန္ဒဖော်ထုတ်ပွဲများကို နေရာအနှံ့ တစ်နည်းမဟုတ် တစ်နည်း တွေ့နေရလေရာ ကျွန်ုပ်မှာ နားမလည်နိုင်အောင်ပင် ဖြစ်တော့၏။
တခြားကိစ္စတွေ ဆန္ဒဖော်ထုတ်တာထားပါ။ ကိုယ်စားနေသည့် ထမင်းအိုးကို ကွဲစေမည့် ဆန္ဒဖော်ထုတ်တာမျိုးကိုတော့ စဉ်းစဉ်းစားစား လုပ်သင့်သည်ဟု ကျွန်ုပ် ထင်ပါသည်။
အလုပ်သမားများ ဆန္ဒပြသည့် သတင်းများကိုလည်း မကြာခဏ တွေ့မြင်ရလေ၏။ မနေနိုင်မထိုင်နိုင် ဝန်ကြီးချုပ်ကတောင် ဝင်ရှင်းပေးရသေးသည်။ (ငှယ် - အလုပ်သမားနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေ အင်္ဂါဂြိုဟ်ကို ဟန်းနီးမွန်းထွက်သွားလို့လား၊ ရှူး . . . တိုးတိုး)
အရင်တုံးက သည်လို ဆန္ဒပြပွဲတွေ မတွေ့မိဟု ထင်ပါသည်။ အဲလေ - တွေ့ရအောင်လည်း ဆန္ဒပြလို့မှ မရဘဲကိုး။ နယ်လှည့်ပါးရိုက်လာတဲ့ကောင်ကွ လို့ ပေါ်တင်ကြိမ်းထားတော့ နားရွက်တောင် မခတ်ရဲကြ။
ဆိုတော့ မြန်မာပြည်မှာ အလုပ်ရှင်အလုပ်သမား ပြဿနာကို ရှင်းပေးမည့်အဖွဲ့ မရှိတော့ဘူးလား။ (အလုပ်သမား သမဂ္ဂများကို မဆိုလိုပါ။)
(၂)
ကျွန်တော် စင်ကာပူအစိုးရကို သဘောကျမိသည့်အချက်မှာ သူတို့က တိုင်းသူပြည်သားတွေကို နားအေးပါးအေး၊ နောက်ကျောလုံလုံ နေနိုင်အောင် စီစဉ်ပေးထား၏။ ဘာပြဿနာမှ အဖြစ်မခံ။ ပြဿနာရှာသည့်သူတွေကို ပြတ်ပြတ်သားသား အရေးယူ၏။
ဆန္ဒပြတာ၊ လူမျိုးရေး၊ ဘာသာရေးပြဿနာ၊ ဘာအဓိကရုဏ်း၊ ညာအဓိကရုဏ်းများ မရှိလေတော့ တိုင်းသူပြည်သား များမှာ အေးရာအေးကြောင်း အလုပ်ကလေးသွားလုပ်လိုက်၊ ပြန်လာ စားလိုက်သောက်လိုက်၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလိုက်နှင့် အတော် စိတ်ချမ်းသာစရာ ကောင်း၏။
(ဤကဲ့သို့နေရသည်ကို ကျွန်ုပ်တို့ ရွှေမြန်မာများက စက်ရုပ်လူသားများဟု ကင်မွန်းတပ်ကြသေး၏။ အေးလေ - သူတို့က တစ်ယောက်နဲ့ တစ်ယောက် နပန်းထသတ်လိုက်ကြ၊ ဖေတော့မောင်တော့ ကိုင်တုတ်လိုက်ကြနဲ့ အသားကျလာ ခဲ့တော့လည်း အေးရာအေးကြောင်း နေနေရသည့် ဘဝကို ငြီးငွေ့လာခြင်းအား အပြစ်မဆိုသာပြန်။)
စင်ကာပူဆိုသည်မှာ ဇီးရွက်လောက်ရှိသည့် နိုင်ငံကလေး၌ လူမျိုး တစ်ရာ့တစ်ပါးတို့ လာနေကြ၊ အလုပ်လုပ်နေကြတာ ဖြစ်၏။ လူမျိုးစုံတော့ အကျင့်စရိုက်စုံသည်၊ ဓလေ့ထုံးစံ စုံသည်၊ ဘာသာတရား စုံ၏။ သည်တော့ နင်ရို့လူမျိုးက ဘာ၊ ငါရို့လူမျိုးကဘာ၊ နင်ရို့ဘာသာက အလကား၊ ငါတို့ဘာသာမှ ကိုဗစ်ကို အကာအကွယ်ပေးသည် (ဟုတ်ပေါင် မှားကုန်ပြီ)၊ စသည့်ပြဿနာများသာ ဖြစ်နေလျှင် အမျိုးဆုံးတော့မည် မဟုတ်။ ထိုပြဿနာများကို ရှင်းနေရသည်နှင့် တခြား ဘာမှ လုပ်ကိန်းရှိတော့မှာ မဟုတ်။
သည့်အတွက် စင်ကာပူတွင် ဘာသာရေး၊ လူမျိုးရေးကိစ္စမှာ တကယ့် စန်းစန်းတင့် ဖြစ်၏။ တခြားလူမျိုး၊ တခြားဘာသာ ကို သရော်မော်ကားလုပ်သူများအား ပြတ်ပြတ်သားသား အရေးယူ၏။ ကလေးများကိုလည်း ကျောင်းမှာ ကတည်းက လူဆိုတာ ဟောဒီဝတ်ထားတဲ့ အဝတ်တွေချွတ်ချလိုက်ရင် အားလုံး အတူတူချည်းပဲကွ . . . စသဖြင့် မတူသောလူမျိုး၊ မတူသော ဘာသာများအကြား ငြိမ်းငြိမ်းချမ်းချမ်း ချစ်ချစ်ခင်ခင် နေတတ်စေရန် သွန်သင် ပေးလိုက်၏။
နောက်သဘောကျစရာကောင်းသည်မှာ တရားဥပဒေကို လေးစားလိုက်နာတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး လေးစားချစ်ခင် တတ်ရန် စသည့် ကောင်းမြတ်သည့် အလေ့အထများကိုလည်း ကျောင်းမှာကတည်းက လေ့ကျင့် သင်ကြားပေးလိုက်ခြင်း ဖြစ်၏။
စင်ကာပူ၌ ကျွန်ုပ်အကြိုက်ဆုံးကို ပြပါဟုဆိုလျှင် တရားဥပဒေ စိုးမိုးခြင်း ဖြစ်၏။
စင်ကာပူတွင် သူကတော့ ဘာကောင်ကြီးရဲ့ သားမက်မို့လို့၊
သူကတော့ ဘယ်သူ့ မိန်းမရဲ့၊ မောင်ရဲ့၊ သူငယ်ချင်းရဲ့၊ ယောက္ဖနှစ်ဝမ်းကွဲရဲ့ မယားပါသားမို့လို့ စတာတွေ မရှိ။
ဥပဒေကို ချိုးဖောက်သူသည် ဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း အရေးယူခံရမည်။
စင်ကာပူတွင် အလုပ်သမားတွေ ဆန္ဒပြခွင့်မရှိ။ ဆန္ဒပြလျှင် ရုံးတင်တရားစွဲခံရမည်။ အလုပ်ဖြုတ်ပစ်မည်။ နိုင်ငံခြားသား ဆိုလျှင် ပါမစ် cancel လုပ်ကာ ပြန်ပို့မည်။ နောက်ထပ် စင်ကာပူမြေကို ခြေချခွင့်မပြုတော့။
ကိုယ် မတရားအလုပ်ခံရလျှင် သက်ဆိုင်ရာကို တိုင်တန်းရမည်။ သက်ဆိုင်ရာက ဖြေရှင်းပေးမည်။
ရုတ်ရုတ် ရုတ်ရုတ် လုပ်လျှင် ဘုတ်ဘုတ် ဘုတ်ဘုတ် ဖြစ်သွားမည်။
(၃)
စင်ကာပူသို့ ပထမဆုံး စရောက်လာသည့် ဝပ်ပါမစ်လူသစ်များကို စင်ကာပူမှာ ဘယ်လိုနေရထိုင်ရမယ်၊ ဘယ်လို ဥပဒေတွေရှိတယ်၊ အဲဒီ ဥပဒေတွေကို ချိုးဖောက်ရင် ဘယ်လို အရေးယူခံရမယ်၊ အလုပ်သမား တစ်ယောက်အနေနဲ့ ကိုယ့်ရပိုင်ခွင့်တွေက ဘာ၊ အဲဒီရပိုင်ခွင့်တွေ ချိုးဖောက်ခံရရင် ဘယ်ကို တိုင်ရမယ်၊ ဘယ်အဖွဲ့အစည်းမှာ အကူအညီ တောင်းရမယ် စသည်များကို တစ်နေ့ (၈ နာရီ) စာ သင်ပေး၏။
စင်ကာပူတွင် အလုပ်သမားများအရေးနှင့် ပတ်သက်၍ တာဝန်အရှိဆုံး အဖွဲ့အစည်းမှာ MOM (Ministry Of Manpower) ဖြစ်၏။ အလုပ်သမားပြဿနာများကို MOM က ဒိုင်ခံရှင်းပေး၏။ သို့သော် အလုပ်သမားပြဿနာများကို ဖြေရှင်းပေးရန် အဖွဲ့နှစ်ခု ရှိသေး၏။
ပထမတစ်ခုမှာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့ သုံးခုပေါင်းဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ပြဿနာ ဖြေရှင်းရေး အဖွဲ့ TADM (Tripartite Alliance for Dispute Management) ဖြစ်၏။ ထိုအဖွဲ့တွင် အစိုးရဘက်က MOM ၊ အလုပ်ရှင်များဘက်က SNEF (Singapore National Employers Federation)၊ အလုပ်သမားများဘက်က NTUC (National Trades Union Congress) တို့ ပါ၏။ ထိုအဖွဲ့က အလုပ်ရှင်-အလုပ်သမား ပြဿနာများကို ရှင်းပေး၏။ သူတို့နှင့် မပြတ်မှ၊ တရားတဘောင်ကိစ္စတွေပါလာမှ MOM ကို ဆက်သွား၏။
ထိုအဖွဲ့အကြောင်းကို အောက်ပါ link တွင် ဖတ်ကြည့်နိုင်ပါသည်။
အောက်ပါ link တွင် ထိုအဖွဲ့၏ လက်ကမ်းစာစောင်ကို download လုပ်ယူနိုင်ပါသည်။
အလုပ်သမားများအနေနှင့် လစာ အပြည့်အဝမရခြင်း၊ အချိန်ပိုကြေးများ မရခြင်း၊ ဟိုအကြောင်း၊ ဒီအကြောင်းများ အကြောင်းပြ၍ လခထဲမှ ဖြတ်လျှင် စသည့် ကိစ္စများအတွက် TADM ကို ဆက်သွယ် အကူအညီ တောင်းခံနိုင်၏။
အဖွဲ့၏ တည်နေရာမှာ နှစ်နေရာဖြစ်ပြီး ပထမတစ်ခုမှာ MOM ရုံး (1500 Bendemeer Road, Hall A Level 3,
Singapore 339946) တတိယထပ် ဖြစ်ပြီး နောက်တစ်နေရာမှာ Jurong East MRT အနီးရှိ Devan Nair Institute for Employment and Employability, Ng Teng Fong Hospital Tower A (80 Jurong East Street 21, #03-03, Singapore 609607) တွင်ရှိ၏။
နောက်တစ်ဖွဲ့မှာ အစိုးရမဟုတ်သော သီးခြားလွပ်လပ်သည့် အဖွဲ့တစ်ခုဖြစ်၏။ MWC (Migrant Workers’ Centre) ဖြစ်ပြီး 579, Serangoon Road, Singapore 218193 တွင် ရှိသည်။ အလုပ်သမားများသည် မိမိတို့ အလုပ်ရှင်နှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာရှိပါက MWC သို့သွားကာ အကူအညီတောင်းနိုင်သည်။ ပြဿနာဖြစ်ပြီး အလုပ်ရှင်က သူ့ဆီတွင်ဆက်မထားတော့သောကြောင့် နေစရာမရှိဖြစ်နေသော အလုပ်သမားများကို ထားရန် MWC တွင် Tuas View Dormitory ၌ အခန်းများ အရံသင့်ထား၏။ အဆင်မပြေသူများအား ထမင်းလည်း ကျွေးထားပေလေသေး၏။
MWC အကြောင်းကို အောက်ပါ link တွင် ဖတ်နိုင်ပါသည်။
MWC ၏ ယာယီရုံးခန်းများကို အလုပ်သမားများနေသည့် dormitory အနီး RC (Recreation Centre) များတွင်လည်း ဖွင့် ထားပါသေးသည်။ အသေးစိတ်ကို ဖော်ပြပါ link ၌ ဖတ်နိုင်ပါသည်။
ပြဿနာဖြစ်လျှင် ကျွန်ုပ်တို့ဆီလာခဲ့ပါ။ ရှင်းပေးပါမည်။ ရုန်းရင်းဆန်ခတ်တော့ မလုပ်ပါနှင့်။ လုပ်လျှင် တည်ဆဲ ဥပဒေများအရ အရေးယူမည်ဟု သတိပေးထားပါသည်။ ထို့ကြောင့် ဆန္ဒပြခြင်းမှာ စင်ကာပူတွင် တရားမဝင်သော အလုပ်ဖြစ်၏။
(၄)
ဤကမ္ဘာလောကကြီးတွင် မည်သူသည် တစ်ဦးတစ်ယောက်ထဲ နေ၍ ရပါသနည်း။ အကုန် အပြန်အလှန် မှီခိုနေရသူချည်း ဖြစ်၏။
ထမင်းဆိုင်ကြီး ဘယ်လောက်ဟီးထနေအောင် ဖွင့်ထားထား၊ လာစားသူ တစ်ယောက်မှ မရှိလျှင် ထိုထမင်းဆိုင်ကို အောင်မြင်သည့် ထမင်းဆိုင်ဟု ခေါ်နိုင်ပါမည်လား။ ဆိုင်ကလေး သေးသေးလေးပေမင့် လာစားသူတွေ တရုန်းရုန်း ထနေလျှင် အောင်မြင်သည့် ထမင်းဆိုင်ဟု ခေါ်ရမည်။
ထမင်းဆိုင်ရှိလို့ စားသူတွေ အဆင်သင့် စားနိုင်သလို စားသူရှိမှလည်း ထမင်းဆိုင် လည်ပတ်နိုင်ပေမည်။
သင်တန်းကျောင်းကြီး ဘယ်လောက် ကောင်းကောင်း၊ လာတက်မည့်သူ တစ်ယောက်မှ မရှိလျှင် အလကားပဲ ဖြစ်၏။ ထို့အတူ သင်တန်းသားများ ဘယ်လောက် တက်ချင်တက်ချင်၊ သင်ပေးမည့် သင်တန်းကျောင်းမရှိပါကလည်း အလကားပဲ ဖြစ်ပါသည်။
ကုမ္ပဏီများ၊ စက်ရုံအလုပ်ရုံများသည်လည်း အလားတူပင် ဖြစ်၏။
‘ငါမရှိရင် မင်းတို့ဘာဖြစ်သွားမလဲ’ ဆိုတာ အင်မတိအင်မတန် ရူးမိုက်လှသောသူများသာ ပြောသည့်စကား ဖြစ်၏။ အတိတ်ကာလက ပြောလည်း ပြောခဲ့ကြ၏။
အလုပ်သမားရှိလို့ စက်ရုံလည်ပတ်ရသည်မှာ မှန်၏။ ထိုစက်ရုံရှိလို့သာ အလုပ်သမားများ အလုပ်လုပ်နေရခြင်း၊ လခ ရနေခြင်း၊ ထမင်းစားနေရခြင်း မဟုတ်ပါလား။
ကိုယ့်အသိလေးနှင့် မျက်တောင်တဆုံးမျှကြည့်ကာ မလုပ်ကြပါလင့်။
ဟော အခု တကယ်လည်း စက်ရုံပိတ်လိုက်ကရော ပထမဆုံး နစ်နာသူများမှာ အဘယ်သူများ ဖြစ်ပါသနည်း။
မြန်မာစကားပုံတွင် -
‘သူဌေးသင်္ဘောမှောက်တာ ဘာအရေးလဲ၊ သူတောင်းစားခွက်ပျောက်တာ ပိုဆိုးတယ်’ ဟု လာရှိ၏။
အခုပင် မြန်မာနိုင်ငံမှာ လုပ်ရတာ အင်မတန် ပြဿနာများတယ် ဆိုကာ နိုင်ငံခြားကုမ္ပဏီများ ပြန်ကုန်ကြလေပြီ။ သူတို့အဖို့ မြန်မာပြည်မှာ စက်ရုံမတည်နိုင်လျှင် တခြားအဆင်ပြေသည့်နေရာ သွားမည်သာ ဖြစ်လေသည်။ အခုပဲ ကိုးရီးယားကုမ္ပဏီတွေ ဘင်္ဂလားကို ရွှေ့ဘို့ စိုင်းပြင်းနေပြီ။
စက်ရုံတစ်ခု ပိတ်သိမ်းလိုက်လို့ အလုပ်ပြုတ်သွားသည့် ရာဂဏန်းမျှသော သူတွေ ဘယ်သွား အလုပ်ရှာမည်နည်း။ အလုပ်တစ်ခုရဘို့ဆိုတာ လွယ်လှတာ မဟုတ်။
အဘယ်ကြောင့် သည်ပြဿနာတွေ ဖြစ်ရတယ်ဆိုတာ ကျွန်ုပ် သေသေချာချာ မသိပါ။ သူတို့နောက်မှာ မြှောက်ပေးသည့် သူများ ရှိသည်ဆိုလျှင်တော့ ထို ဘေးတီးပေးနေသူများကို ရပ်တန်းက ရပ်ကြပါဟု ကျွန်ုပ်က အနူးအညွတ် မေတ္တာရပ်ခံပါသည်။
အလုပ်သမားများမှာ အသိပညာ နည်းပါးသူများ ဖြစ်သဖြင့် အာပေါင်အာရင်းသန်သန်နှင့် ပြောသူများ စကားကို နားဝင်ကာ ဘာမှန်းညာမှန်းမသိ၊ အတိုအရှည်ကို မမြော်မြင်နိုင်ဘဲ ‘ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက်’ ပျော်ပျော်ပါးပါး ပင် ဒို့အရေးလိုက်ကြသည်။ နောက် အလုပ်ပြုတ်ပြီဆိုတော့မှ မျက်ကလဲဆန်ပြာ ဖြစ်ကြရသည်။
“တာဝန်ရှိသူများ” ဆိုသောစကားနှင့် “တရားဥပဒေ” ဟူသည့် စကားလုံးနှစ်လုံးကိုမူ ကျွန်ုပ်၏ အဘိဓာန်မှ ဖြုတ်ပစ်လိုက်ပါပြီ။
မြန်မာနိုင်ငံသူ/နိုင်ငံသားအားလုံး ဒုက္ခဆင်းရဲတွင်းမှ လွတ်ကင်းနိုင်ကြပါစေသတည်း။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၃၀ ဧပြီလ၊ ၂၀၂၀
No comments:
Post a Comment