Saturday, April 18, 2020

၁၃၈၂ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့ အတွေး

(၁)

တစ်နှစ်သစ်ပြန်ပြီ။

အင်္ဂလစ်ရှ်ကလင်ဒါကို ကိုးကွယ်ကြသူ (ဟုတ်ပေါင်) ယုံကြည်ကြသူ (ဒါလည်းမဟုတ်သေး)
(အင်း - ဘိုလိုခေါ်ရမလဲပေါ့နော်)
ဂရေဂေါရီယန်ကလင်ဒါကို သုံးစွဲကြသူအပေါင်းမှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ည ဝဝ:ဝဝ ရောက်ပြီဆိုသည်နှင့် ၅ . . ၄ . . ၃ . . ၂ . . ၁ . . ဟက်ပီးနယူးယီးယား ဟု အော်ကြ၊ ပျော်ကြလေသည်။
သူများတွေပြောတာ ကြားဖူးတာတော့ အနှီကဲ့သို့ အော်ပြီးသကာလ အနီးရှိ ကောင်လေး၊ ကောင်မလေးများကို ဖက်လိုက်ကြသော ဟူသတတ်။
ကျွန်ုပ်တောင် ငယ်စဉ်အခါက ဩချတ်တွင်သွားပြီး ဖက်ရန် ကြံမိသေး၏။
နောက်မှ အင် - ရေချိုးမှန်းမသိ၊​ မချိုးမှန်းမသိ၊ ဖက်ရမှာ ရွံစရာကြီးဟု မသတီသည်နှင့် မသွားဖြစ်ဘဲ ရှိလေသည်တမုံ့။

ကျွန်ုပ်တို့မြန်မာများမှာမူ မာလတီ ကာလချာ ဖြစ်၏။
သူများတွေ အမေနေ့ဆိုတော့လည်း အမေလိုက်ရတာ။ အိမ်ကအဖေတောင် သောက်မြင်ကပ်ပြီး ဖနောင့်နှင့် ထပေါက်ချင်မိသည်ထိ ဖြစ်၏။
ဖေဖော်ဝါရီ ၁၄ ဆိုတော့လည်း ဟိုတယ်တွေမှာ နေရာလပ်ကို မရှိ။ ဘွတ်ဖို့အတွက်ကို ဟို့ ၃ လ လောက်ကတည်းက ကြိုတင် ဘွတ်ကင်ယူထားရတာဖြစ်၏။

ထို့အတူ ဒီဇင်ဘာလကုန်တော့လည်း ပျော်ပျော်ပါးပါးပင် ဘွတ်ကြ (ဟုတ်ပေါင်၊ မှားကုန်ပြီ) ဟက်ပီးနယူးယီးယား ကြကုန်၏။ မည်မျှပျော်ကြသနည်းဆိုလျှင် တစ်ယောက်နှင့်တစ်ယောက် ဓားနှင့်ထိုးတမ်းကစားကာ မဟာတာပန ငရဲသို့ပင် တပျော်တပါးကြီး သွားကြကုန်သော ဟူ၏။

အင်းဂလစ်ရှ်နှစ်ကူးတင်လားဆိုတော့ မဟုတ်ပါ။ မြန်မာနှစ်ကူးတွင်လည်း အသားကုန် ပျော်ကြလေ၏။
နင်ရို့ အင်းဂလစ်ရှ်နှစ်ကူးက မမိုက်။ တစ်နှစ်လုံးမှ ၅ မိနစ်၊ ၁၀ မိနစ်လောက်ပျော်ရတာ။
ငါတို့မြန်မာနှစ်ကူးကမှ ဟော၊ လေးငါးရက်လောက် အားရပါးရ ကမြင်းကြောထလို့ရသည်။ (စင်ကာပူက မြန်မာနှစ်ကူး ကတော့ ဧပြီလရှိ တနင်္ဂနွေအားလုံးဖြစ်၏။)

နောက်ပြီး ကျွန်ုပ်တို့မှာ တိုင်းသူပြည်သားများအပေါ် အလွန် မေတ္တာ၊ စေတနာထားလှသည့် အစိုးရကိုရထားသည့် အတွက် သင်္ကြန်ကို ရုံးဆယ်ရက် ပိတ်ပေးသည်။
တောက်၊ မိုက်ချက်တော့။
ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၂၀၀ နီးပါးရှိသည့်အနက် နှစ်ကူးရုံးပိတ်ရက် ဆယ်ရက်ပိတ်သည်မှာ ကျွန်ုပ်တို့ ရွှေပြည်ကြီး တစ်ခုတည်းသာ ဖြစ်မည်ထင်ပါသည်။ ဂုဏ်ယူဘွယ်ရာပါတကား။ (အဟိ၊ အရင်က ဆယ်ရက်ပိတ်နေကျ အခု ၅ ရက် လည်းလုပ်လိုက်ရော ပူညံပူညံတွေဖြစ်ကုန်လို့ ဘာတဲ့ သီတင်းကျွတ်ကို အစားပိတ်ပေးပါတယ် ဆိုလား။ ထူးပေ ဆန်းပေသည်၊ အရူးတွေ ရမ်းနေသည်။) (ဟုတ်ပေါင်)

ဆိုတော့ သူတို့ဒီလောက် ပျော်ကြရအောင် နှစ်ကူးတဲ့အခါ ဘာတွေများ အလွန်အင်မတန် ထူးခြားသွားလို့ပါလိမ့်ဟူသော သိချင်စိတ်သည် ကျွန်ုပ်၌ မချိမဆန့် ဖြစ်လာလေသော ဟူ၏။ ထို့ကြောင့် ကျွန်ုပ်သည် ညဘက်ကြည့်လေ့ရှိသော ရုပ်ရှင်ကိုပင် မကြည့်တော့ဘဲ ဒီဇင်ဘာလ ၃၁ ရက် ည သန်းခေါင်ကို အလွန် စိတ်အားထက်သန်စွာဖြင့် စောင့်ကြည့်ခဲ့ လေ၏။

11:59:53 pm
11:59:54 pm
11:59:55 pm
11:59:56 pm
11:59:57 pm

နာရီလက်တံသည် တဖြည်းဖြည်း ထိပ်ဆုံးနားသို့ ချဉ်းကပ်လာချေပြီ။
ယခုမှ အပျိုဖြစ်ကာစ လုံမကလေးသည် သူ၏ ချစ်သူရဲစားနှင့်  ဆိတ်ကွယ်ရာတွင် ယခုမှ ပထမဆုံးအကြိမ် စတင် တွေ့ရတော့မည်ကဲ့သို့ ကျွန်ုပ်ရင်များသည်လည်း တဒိတ်ဒိတ် ခုန်လာလေ၏။

11:59:58 pm
11:59:59 pm

00:00:00

ဒေါင် - မြတ်စွာဗုဒ္ဓော

ကျွန်ုပ်၏ ရင်ခုန်နှုန်းသည် အမြင့်ဆုံးသို့ရောက်ပြီးသကာလ ဘာတွေဖြစ်ကုန်ပြီလဲ ဟု မျက်လုံးပြူး မျက်ဆံပြူး စောင့်ကြည့်နေမိ၏။
နာရီလက်တံကား ထိပ်ဆုံးကို ကျော်သွားချေပြီ။

00:00:01 am
00:00:02 am
00:00:03 am
00:00:04 am
00:00:05 am

ငှယ်၊ ဘာမှလည်း မဖြစ်ပါလား။ ငါ့လခွမ်းတဲ့မှ။
ကမ္ဘာလောကကြီးမှာ ခါတိုင်းနေ့များကဲ့သို့ပင် အလွန်တိတ်ဆိတ်စွာ အိပ်မောကျနေလေ၏။
(နင်ကသာ ဘာမှ မဖြစ်သလိုနေ၊ ငါ့မှာတော့ ရင်တွေခုန်လိုက်ရတာ၊ ရှီးတဲ့မှ)

အနို့၊ နင်ရို့နှစ်ကူးကျတော့ အင်မတန်ပျော်စရာကောင်းပြီး ငါ့နှစ်ကူးကျ ဘာမှလည်း မထူးဆန်းပါလား။ ဒါမတရားဘူး။ ကာလုံခေါ်ခိုင်း (ဟုတ်ပေါင်၊ မှားကုန်ပြီ) ၆၆ ဃ နဲ့တရားစွဲ (ဒါလည်းဟုတ်သေးပါဘူး)။
ခွင့်လွှတ်ကြပါခင်ဗျား။ ဖေ့စ်ဘုတ်အကြည့်များတော့ ကာလုံခေါ်တာနဲ့ ၆၆ ဃ တို့ကို အလွတ်ရနေလို့ပါ။

(၂)

ဟိုးယခင်က လူများမှာ ဘာပြက္ခဒိန်မှ မရှိ။ သည်အတိုင်း နေလာခဲ့ကြတာ ဖြစ်၏။ သို့သော် ပြက္ခဒိန်မရှိတော့ သမီးရည်းစားချင်း ချိန်းတွေ့ရတာ မလွယ်။ သည်အတွက် ပြက္ခဒိန်ကို တီထွင်ခဲ့ကြ၏။

ဆိုရလျှင် အင်္ဂလိပ်ပြက္ခဒိန်မှာ တကယ့် ဘရုတ်သုက္ခဖြစ်၏။ ပြက္ခဒိန်တီထွင်စက လ များကို ၁၅ ရက်သတ်လိုသတ်၊ ၂၈ ရက် သတ်လိုသတ်။ နောက်ပြီး နိုဝင်ဘာနှင့် ဒီဇင်ဘာဆိုတာ အရင်က မရှိ။ အေးလွန်းလို့ အလုပ်မလုပ်နိုင်သည့်အတွက် ဆိုကာ ထိုနှစ်လကို ချန်လှပ်ထားခဲ့သည်။ (ငှယ်၊ ပြက္ခဒိန်မှာမပါဘဲ နှစ်လလို့ ရေနိုင်တာ နည်းတဲ့စကေး မဟုတ်ဘူးနော့။ ၉+ ကျော်တယ်)။ ထားပါတော့။ ပျင်းစရာကောင်းပါတယ်ဗျာ။ အသေးစိတ်သိလိုသူများ ကျွန်ုပ်၏ မြန်မာပြက္ခဒိန်စာအုပ် ကို ဝယ်ယူဖတ်ရှုပါရန် အကြံပြုပါသည်။

သို့သော် အရှေ့တိုင်း ပြက္ခဒိန်များမှာ ကောင်းကင်မှ နေ၊ လတို့လှည့်ပတ်သွားလာခြင်းကို အခြေခံထားသဖြင့် အနောက်တိုင်းပြက္ခဒိန်တို့ထက် ပိုမိုခိုင်မာလေသည်။ သို့သော်လည်းပေါ့လေ။ နားလည်ရမလွယ်သလို၊ တွက်ရချက်ရ ခက်ခဲသည်။ ထားပါတော့။ ပျင်းစရာကောင်းပါတယ်ဗျာ။ အသေးစိတ်သိလိုသူများ ကျွန်ုပ်၏ မြန်မာပြက္ခဒိန်စာအုပ်ကို ဝယ်ယူဖတ်ရှုပါရန် အကြံပြုပါသည်။ (အဟဲ၊ မာ့ကက်တင်းပေါ့ဗျာ)

တစ်ခုခုလုပ်နေသည်ဖြစ်စေ။ ဘာမှမလုပ်ဘဲနေသည်ဖြစ်စေ။ အချိန်ကတော့ တရွေ့ရွေ့ ကုန်ဆုံးသွားမည်ဖြစ်၏။ အချိန်ကုန်တာချင်းအတူတူ မည်ကဲ့သို့အချိန်ကို ကုန်စေသလဲဆိုတာ အရေးကြီး၏။
လူတိုင်းလူတိုင်း တစ်ရက်လျှင် ၂၄ နာရီ အညီအမျှစီ ရကြသည်ချည်း။
သို့သော် ထို ၂၄ နာရီ မည်မျှတန်ဘိုးရှိသနည်း ဆိုသည်မှာ ကိုယ်ဘာလုပ်ခဲ့သလဲ ဆိုသည့်အပေါ် များစွာမူတည်၏။

ကိုယ့်အပြောအဆို၊ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မြို့ကိုယ့်ရွာ၊ ကိုယ့်တိုင်းပြည်အတွက် အကျိုးယုတ်မည်ဆိုလျှင် ဘာမှမလုပ်ဘဲ အိပ်နေတာက ပိုအကျိုးရှိလေသည်။
လူသည် ကိုယ့်သမိုင်းကိုယ်ရေးနေတာ ဖြစ်၏။

သင်သေသည့်အခါ မည်သည့်ပုံစံနှင့် သေချင်ပါသနည်း။
အချို့မှာ သေတာတောင် လူသိမခံရဲ။ တိုးတိုးတိတ်တိတ် သေရသည်။
(ဘယ်သူဖြစ်မလဲဆိုတာ မိတ်ဆွေတို့ ကိုယ့်ဘာသာကိုယ် ခန့်မှန်းလို့ရပါသည်။)
ရွှေမန်းတင်မောင်သေတော့ လိုက်ပို့သည့် လူထုကြီးမှာ မကြုံစဖူး ထူးကဲလှသည် ဆို၏။
အဘယ်ကြောင့်နည်း။

တချို့မှာ လူသေသွားသော်လည်း နာမည်မသေ။
သူ့နာမည်ကြားရုံနှင့် ကြက်သီးတဖြန်းဖြန်းထကာ မျက်ရည်လည်လာလေသည်။
အချို့မှာမူ လူသေသည့်တိုင် သူ့နာမည်ကြားလိုက်သည်နှင့် အခုချက်ချင်းပင် ခုံဖိနပ်စုတ်ကို ခွေးချေးသုတ်ကာ ပါးချချင်စိတ် ပေါက်မိလေ၏။
အဘယ်ကြောင့်နည်း။

သင်တို့သည် ဘယ်လိုလူစားမျိုးထဲတွင် ပါလိုပါသနည်း။
ငါဘာကောင်ကွ ဟု ပါးစပ်ကနေ ထုတ်ကြွားနေစရာမလို။
ငါဘာလုပ်သလဲဆိုတာ ငါ့ထက် အများက ပိုသိသည်။
ငါသေရင် တစ်အိမ်တစ်ယောက် မပို့မနေရ ပို့ရမည်၊ မပို့သူများကို ထောင် ၃ နှစ်ချမည်ဟု အမိန့်ထုတ်ကာ အတင်းရော အဓမ္မပါ ပို့ခိုင်းသဖြင့် ကြောက်လို့လိုက်ပို့သည့်တိုင် ရေဝေးရောက်သည်ထိ ပို့သူမှာ ရှားပါလိမ့်မည်။ အောင်မယ်လေး ကိုဟိုဒင်းရဲ့၊ အခုမှ သေရသလား၊ သွားသင့်တာကြာပေါ့ဟု ဝမ်းနည်းပက်လက် ငိုမည့်သူသာ များပါလိမ့်မည်။

(၃)

ကျွန်ုပ်တို့အချိန်ကို ကျွန်ုပ်တို့ပိုင်သည်။ (ထင်တာပဲ)
သင့်ကို ဘာလုပ်ပါဟု မည်သူမှ တိုက်တွန်းလို့မရ။ တိုက်တွန်းသည့်တိုင် ကိုယ်လုပ်ချင်မှ ဖြစ်သည်။
သင်လုပ်ချင်တာကိုသင် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိ၏။
(ထင်တာပဲ၊ မိန်းမကြောက်ရတဲ့လူတွေတော့ မပြောတတ်ဘူး။)
ငါ ဘာလုပ်မလဲဆိုတာ ကိုယ့် ရွေးချယ်ပိုင်ခွင့် ဖြစ်၏။

အရွေးမမှားကြပါစေမည့်အကြောင်း -
နှစ်ကူးဆုတောင်းပေးလိုက်ပါသတည်း။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၃၈၂ ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော် ၁၁ ရက်
မြန်မာ နှစ်ဆန်း ၂ ရက်နေ့

No comments: