Tuesday, April 21, 2020

ကျွန်ုပ်နှင့် ပြည့်ဝပျော်ဝင်ရည် အကြောင်း

တချို့အရာတွေမှာ ကျောင်းမှာသင်တုံးက နားမလည်။
တကယ့်လက်တွေ့ဘဝက အတွေ့အကြုံတွေနဲ့မှ သေသေချာချာ နားလည်ရတာဖြစ်၏။

တကယ့်လက်တွေ့ဘဝက အတွေ့အကြုံတွေနဲ့မှ သေသေချာချာ နားလည်ရတာဖြစ်၏။

ဗုဒ္ဓဘာသာစာပေများတွင် အောက်ပါအတိုင်း ဉာဏ် ၃ ပါးကို ပြဆိုထား၏။

၁။ သုတာမယဉာဏ်
၂။ စိန္တာမယဉာဏ် နှင့်
၃။ ဘာဝနာမယဉာဏ် တို့ဖြစ်၏။

သုတာမယဉာဏ်ဆိုသည်ကား ကျောင်းမှာ ဆရာကသင်ပေးလိုက်တာကို သင်အံလေ့ကျက်လိုက်တာ ဖြစ်၏။
စိန္တာမယဉာဏ် ဆိုသည်ကား ထိုသင်အံလေ့ကျက်ထားသည်တို့ကို အခြေခံကာ မိမိဉာဏ်နှင့် ဆင်ခြင်စဉ်းစားတာ ဖြစ်၏။
ဘာဝနာမယဉာဏ် ဆိုသည်မှာမူ ခုနင်က သင်အံလေ့ကျက်ထားသည်များ၊ ဆင်ခြင်စဉ်းစားထားသည်များကို လက်တွေ့ အသုံးချရာမှ ရလာသည့် အသိဉာဏ်ဖြစ်၏။

ကျွန်ုပ်တို့ အလယ်တန်းကျောင်းသားဘဝလောက်က (ထင်ပါသည်) ပြည့်ဝပျော်ဝင်ရည် အကြောင်း သင်ခဲ့ရ၏။

ရေဖန်ခွက်ထဲကို ဆားတွေ ထည့်လိုက်၊ အရည်ပျော်သွားလိမ့်မည်။ ဖန်ခွက်ထဲမှာ ဘာဆားမှ မတွေ့ရတော့။ နောက်တခါ ထပ်ထည့်။ ထပ် အရည်ပျော်မည်။ ဤကဲ့သို့ ထပ်ခါထပ်ခါ ထည့်သည့်အခါ နောက်ဆုံး ဆားတွေ ရေမှာ ထပ်မပျော်နိုင် တော့ဘဲ ဖန်ခွက်ထဲမှာ ဆားပွင့်တွေကို မြင်လာရလိမ့်မည်။ ထိုအရည်ကို ပြည့်ဝပျော်ဝင်ရည် ဟု ခေါ်၏။
ထိုစဉ်က ပြည့်ဝပျော်ဝင်ရည် ဆိုသည်မှာ ဘာဖြစ်ပါသည် ဟု စာအော်ကျက်ခဲ့တာလောက်သာ ရှိသည်။ ဘာကို ဆိုလိုမှန်း မသိခဲ့။

နောက် စက်မှုတက္ကသိုလ်တက်တော့ (ဆရာဦးကျင်စိုးလား၊ ဒေါက်တာချမ်းငြိမ်းလားမမှတ်မိ။ ဆရာဦးကြင်စိုး ထင်ပါသည်) Thermo Dynamic မှာ စကျူယိတ်တက် စတီးမ် (saturated steam) ၏ ဂုဏ်သတ္တိ (property) များ အကြောင်း သင်သည်။ အမှန်ကို ဝန်ခံရလျှင် ထိုစဉ်က saturated steam ဆိုတာ ဘာမှန်းမသိခဲ့ပါ။

နောက်တော့ ဟဲ့၊ ကြော်ပြီးသားဆီတွေ ပြန်မသုံးနဲ့ဟဲ့။ အဲဒါတွေက saturated fat တွေ၊ ရောဂါဖြစ်လိမ့်မယ် စသဖြင့် ကြားရပြန်၏။

ကျွန်တော် အသက် ၄၈ နှစ်လောက်ရောက်မှ ထိုစကားများကို သေသေချာချာ နားလည်ခဲ့တော့၏။

ကြမ်းပြင်ပေါ် ရေတွေဖိတ်စဉ်ကျတော့ တစ်ရှူးနှင့်သုတ်၏။ ရေက အတော်လေးများတော့ ပထမ တစ်ရှူးမှာ ရေကို ထပ်စုပ်ခြင်းငှာ မစွမ်းသာတော့ပဲ ရေများနှင့် လုံးဝပြည့်သွား၏။ ထို့ကြောင့် နောက် တစ်ရှူးတစ်ခု ထပ်ယူရ၏။ မရသေး၊ နောက်တစ်ရှူးမှာလည်း ရေများနှင့် ပြည့်သွားပြန်သည်။ ၄ ခုမြောက် တစ်ရှူးကျမှ ရေတွေကို ကုန်အောင် သုတ်လိုက်နိုင် လေတော့၏။

ဤသည်ကား saturated ၏ သဘောတရားပင် ဖြစ်တော့၏။
ပထမတစ်ရှူးသုံးခုမှာ ရေများဖြင့် လုံးဝပြည့်သွား၍ နောက်ထပ် ရေကို ထပ်မစုပ်နိုင်တော့။ ဤသည်ကို ပြည့်ဝ (saturated) ဟု ခေါ်ခြင်း ဖြစ်ပေသည်။

ရေဖန်ခွက်ထဲသို့ ဆား/သကြားများကို ထပ်ခါထပ်ခါ ထည့်ခြင်းဖြင့် ထိုရေတွင် ဆား/သကြားတို့ ပျော်ဝင်ကာ လုံးပြည့်သိပ်သွားပြီး နောက်ထပ် ထပ်မစုပ်နိုင်တော့သည့် အခြေအနေကို ပြည့်ဝ (saturated) ဟု ခေါ်၏။

ရေကို အပူပေးသည့်အခါ ၁၀၀ ဒီဂရီစင်တီဂရိတ်ရောက်လျှင် ရေဆူ၏။ ဆက်ပြီး အပူပေးလျှင် ထိုရေများသည် အခိုးအငွေ့အဖြစ် (ရေနွေးငွေ့) ပြောင်းသွား၏။ ရေနွေးငွေ့ဆိုသော်လည်း ရေနွေးငွေ့အားလုံးတူတာ မဟုတ်ပါ။ ၎င်း၏ အပူချိန်နှင့်ဖိအားကိုလိုက်၍ ဂုဏ်သတ္တိများ ပြောင်းသွား၏။ မည်သည့်ရေနွေးငွေ့က မည်သည့်ဂုဏ်သတ္တိရှိကြောင်းကို ဆရာဦးကြင်စိုးက သင်ခဲ့တာဖြစ်၏။ (အသေးစိတ်သိလိုသူများ ကျောင်းပြန်တက်ကြပါ။) ကျော်တို့တုံးကတော့ steam table ကို fifth year မှာ သင်ခဲ့ရတာ ထင်ပါသည်။ (ဝမ်းနည်းစရာကောင်းသည်မှာကား အပတ်တကုတ် လေ့လာ သင်ယူခဲ့သော ထို steam table ကြီးကို ယခု အသက် ၆၀ ပြည့်ခါနီးထိ တစ်ခါမှ အသုံးမချရသေးတာ ဖြစ်၏။ အခုတော့ ဘာတွေဆိုတာ မမှတ်မိတော့။ အကုန်မေ့ကုန်ပါပြီ။)

ပထမ ကျောင်းမှာ သင်ခဲ့တာ သုတာမယဉာဏ်ဖြစ်သည်။ သင်တော့သင်လိုက်ရသည်။ ဘာတွေမှန်းမသိ။ တစ်ရှူးမှာ ရေတွေပြည့်သွားတာ မြင်ရတော့မှာ ပြည့်ဝပျော်ရည်အကြောင်း စဉ်းစားမိသည်။ သည်တော့မှ saturated steam တို့ saturated fat အကြောင်း သဘောပေါက်တာ ဖြစ်သတည်း။ (စိန္တာမယဉာဏ်၊ ဘာဝနာမယဉာဏ်)

Fifth year ဆိုတော့ ဆရာလင်းကို သတိရမိ၏။ သူက Industrial (Production) Engineering (ထင်ပါသည်) သင်၏။ သူဘာတွေသင်သွားတယ်ဆိုတာ မမှတ်မိ။ မှတ်မိနေသည်ကား သူ စာသင်နေရင်း ပြောပြသွားသည့် ပုံပြင်လေး ဖြစ်ပါ၏။

ကျောင်းမှာ နိုင်ငံ့ဂုဏ်ဆောင် (ဟုတ်ပေါင်) ကျောင်းဂုဏ်ဆောင် ဘောလုံးအသင်း ရှိ၏။
အသင်းမှ ကျောင်းသားတစ်ယောက်မှာ ဘောလုံးကောင်းသလောက် စာကျတော့ အတော် ချာတူးလန်လှ၏။
သို့သော် ကျောင်းဂုဏ်ဆောင် ကျောင်းသားဖြစ်တော့ စာမေးပွဲကလည်း ချလို့မဖြစ်။
သည်တော့ ဆရာက ပြော၏။

ဒီမယ် ကိုဟဝှာ - မောင်မင်းကို မေးခွန်းတစ်ခုမေးမယ်။ မေးခွန်းက ဘာမှ မခက်ဘူး။
အင်္ဂလိပ် စကားလုံးတစ်ခုပဲ။
အဲဒီစကားလုံးမှာ အက္ခရာ ၆ လုံးပါတယ်။ အဲဒီစကားလုံးကို မင်း စာလုံးပေါင်းပြရမယ်။
အားလုံးမှန်စရာမလိုဘူး။​အက္ခရာတစ်လုံးမှန်ရင် အအောင်ပေးမယ်။
ဘယ့်နှယ်လဲ။

မောင်ဘောလုံးက ရင်ကော့ကာ ဖြေ၏။ မေးလိုက်ဇမ်းဘာ ဆရာကြီး၊ ဖြေဘို့ အသင့်ပါဘဲ။

ကောင်းပါပြီမောင်၊
ကဲ ကော်ဖီကို စာလုံးပေါင်းပြစမ်းကွာ။

မောင်ဘောလုံးမှာ မခန့်လေးစား အမူအရာနှင့် ဂုဏ်ယူစွာ ခေါင်းမော့၊ ရင်ကော့ကာ စာလုံးပေါင်းပြလိုက်လေ၏။

KAWPHY

အသင်တို့၏ အလွန်မြင့်မြတ်လှသော နိဗ္ဗာန်နှင့် ဆက်စပ်နေသည့် စကားလုံးဖြစ်သည့် -
သုတာမယဉာဏ်၊ စိန္တာမယဉာဏ် နှင့် ဘာဝနာမယဉာဏ် တို့ကို ကျွန်ုပ်၏ ဘာမဟုတ်သည့် ဆားဖျော်ရည်နေရာတွင် ယူသုံးမိသည့်အတွက် အသင် ဗုဒ္ဓဘာသာဝင်အပေါင်းသည် ကျွန်ုပ်ကို (လူကြီးလူကောင်းဆန်စွာ) နားလည် ခွင့်လွှတ်နိုင်လိမ့်မည်ဟု ယူဆပါသည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၁ ဧပြီ၊ ၂၀၂၀

No comments: