Friday, January 11, 2019

ကျွန်တော်နှင့်ဖေ့စ်ဘုတ်အကြောင်း


ကျွန်ုပ်ကား မစ္စတာဇူကာဘတ်ကို များစွာ ကျေးဇူးတင်မိလေ၏။

အဘယ်ကြောင့်ဆိုသော် ၎င်းတီထွင်ခဲ့သော ဖေ့စ်ဘုတ်ကြောင့်ပင် ကျွန်ုပ်ချစ်သော စာအုပ်ပေါင်းများစွာ ရှာဖွေတွေ့ခဲ့ရ၏။ စာအုပ်ကြီးလှန်မနေရဘဲ ဖေ့စ်ဘုတ်မှာပင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများ ဖတ်ရ၏။ ဖေ့စ်ဘုတ်မှာပင် ကာတွန်းပေါင်းများစွာ ကြည့်ရ၏။ ဖေ့စ်ဘုတ်မှာပင် သတင်းပလင်း၊ အတင်းအဖျင်း အစုံသိရ၏။

ဖေ့စ်ဘုတ်မှာပင် ဇာခြင်ထောင်ကို အင်္ကျီချုပ်ဝတ်ထားသော ကောင်မလှလှလေးတွေကို လူမသိသူမသိ ငမ်းလို့ရသည်။ (ကျမ်း၊ နှာဘူး။) (အောင်မာ၊ ခင်ဗျားကရော။) နှစ်ပေါင်းများစွာ ကွဲကွာနေသော မိတ်ဆွေတွေကို ဖေ့စ်ဘုတ်ပေါ်တွင် ပြန်တွေ့နိုင်သည်။ ထိုအခါကျမှ ဟူး၊ တော်ပါသေးရဲ့။ အဲဒါကြီးနဲ့များ ရမိရင် ဒွတ်ခ ဟု ဘုရားတ, နိုင်သည်။

မြန်မာပြည်ကြီးတွင် ဘာတွေဖြစ်ပျက်နေသည်ကို ဖေ့စ်ဘုတ် ပြတင်းဝမှ မျှော်ကြည့်နိုင်၏။

အရက်အတူသောက်ရင်း စကားများရာမှ ဓားနှင့်ထိုးတာတို့၊ အရက်ဖိုးတောင်းသည့် ယောက်ျားကို မိန်းမက ဓားနှင့်ထိုးတာတို့။ ၁၁ နှစ်လောက်ရှိသေးတဲ့ ကောင်မလေးကို နသားပါးယားလုပ်တာတို့။ အဖေအရင်းက (ဟဝှာပြုစရာ မိန်းမရှာမတွေ့တာနဲ့) သမီးအရင်းကို မုဒိန်းကျင့်တာ တို့။

မြို့မှာ အဆင့်အမြင့်ဆုံး အရာရှိကြီးက ဖုန်းကျသွားလို့ ရေမြောင်းအောက် ငုံ့ကြည့်နေတာတို့။ ဒါကို ဒလိုလုပ်ရဒယ်ကွ ဟု ဆရာကြီးလုပ်ကာ ပင်နီအင်္ကျီကြီးဝတ်လျက် နေကာမျက်မှန်တပ်ပြီး ဂဟေဆော်ပြနေတာတို့၊ Dust mask ကို နောက်ဆုံးပေါ် နည်းပညာဖြင့် ကန့်လန့်ဝတ်ပြတာတို့။

ဟင်း ဟင်း၊ ဘယ်ခေတ် ရောက်ရောက်၊ ငါက အမြဲ ဆင်ပေါ်မှာပါကွာ ဟု ကုလားထိုင်ပေါ် မိန့်မိန့်ကြီးထိုင်ကာ မဲ့ပြုံးပြုံးနေသူကို လူကြီးဖြစ်လျှက် ဖင်ဘူးထောင်းထောင် ကန်တော့ရတာတို့။ ဘယ်ခွေးမှ လူမထင်ဘူး ဟု ယောဂီဝတ်စုံကြီးဝတ်ကာ သေနတ် တကားကားနှင့် မယ်တော်ကြီးတို့။ အိုဗျာ၊ အစုံတွေ့ရမည်။

ယခင်က ကျွန်ုပ်တို့ မဂ္ဂဇင်းများ၊ ဂျာနယ်များကို ဖတ်ခဲ့ရ၏။ မဂ္ဂဇင်းကို ကဗျာ၊ ကာတွန်းများနှင့် စဖွင့်သည်။ မဂ္ဂဇင်းတွင် ဝတ္ထုတို၊ ဝတ္ထုရှည်များပါ၏။ အခန်းဆက် ဝတ္ထုများလည်း ပါတတ်၏။ ဆောင်းပါးများမှာလည်း မှတ်သားစရာအပြည့်။ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် အခန်းဆက် ဆောင်းပါးများ။ သော်တာဆွေ၏ ကျွန်တော့်ဘဝဇာတ်ကြောင်းများမှာ ကျွန်တော့် အသည်းစွဲ ဖြစ်၏။ စန္ဒာမဂ္ဂဇင်း၊ လကမ္ဘာကဏ္ဍမှ ကိုပွေလီနှင့် မရှပ်တေးတို့၊ ကြပ်ကလေး၏ ဦးဦးပုံပြောမယ် တို့မှာ အတော်ဖတ်လို့ကောင်းလေသည်။

သတင်းများ ပါတတ်သည့်တိုင် သတင်းသည် မဂ္ဂဇင်းအတွက် အရေးကြီးသည့် နေရာမှာ မပါပါ။ များသောအားဖြင့် မဂ္ဂဇင်းများကို တစ်လတစ်ကြိမ် ထုတ်သဖြင့် သတင်းများထည့်သည့်တိုင် ယခုလအတွင်း ဘာတွေဖြစ်ပျက်ခဲ့သည်လောက်သာ ထည့်လို့ရမည်။ နေ့စဉ်သတင်းများကိုမူ ထည့်ဘို့မဖြစ်နိုင်။

မဂ္ဂဇင်းတွေမှာ ဆိုရှယ်လစ်ဝါဒဖြန့် မှိုင်းလုံးတွေ သိပ်မပါပါ။ မပါဟုထင်ပါသည်။ ကျွန်တော်က ဆယ်ကျော်သက်ဘဝဆိုတော့ နိုင်ငံရေးတွေ ဘာတွေ သိပ်နားမလည်သေး။ သို့သော် ဂျာနယ်လား။ အင်း၊ ပြောပြန်လည်း အောင်မင်းလွန်ရာကျအုံးမယ်။ ရှေ့သို့၊ တောင်သူလယ်သမားဂျာနယ်၊ နိုင်ငံတကာရေးရာ စသည်တို့မှာ ဝါဒဖြန့်ဂျာနယ်များချည်း ဖြစ်၏။ ကျွန်တော်လို မအူမလည်ကောင် တောင်သိသည်။

မဂ္ဂဇင်း၊ ဂျာနယ်များမှာ ပုံနှိပ်ထားသောကြောင့် သိမ်းထား၍ရသည်။ ဤသည်မှာ သမိုင်းမှတ်တမ်းများ၊ စာပေမှတ်တိုင်များ ဖြစ်၏။ မဂ္ဂဇင်းများမှတဆင့် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်လာပုံကို တစေ့တစောင်း လေ့လာနိုင်သည်။ ဖေ့စ်ဘုတ်က သိမ်းထားလို့မရ။ ပျက်မသွားလျှင်တောင် လိုချင်လျှင် မနည်းပြန်ရှာယူရသည်။

ယခုမူ ဇူကာဘတ်က သူငယ်ချင်းအချင်းချင်း ဆက်သွယ်ရလွယ်အောင်ဟုဆိုကာ မျက်နှာစာအုပ်ကြီးကို စတင်ဖွင့်လှစ်လိုက်သည် မှအစ မီဒီယာတစ်ခေတ် ဆန်းသစ်ခဲ့ရ၏။ ယခင်က စာအုပ်စာတမ်းသတင်းစာများကို စာ၊ နယ်၊ ဇင်း ဟု အတိုကောက်ခေါ်ကြ၏။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း သုံးခုပေါင်းကာ ခေါ်ခြင်းဖြစ်၏။ ယခုခေတ်တွင် စာ၊ နယ်၊ ဇင်းမျှနှင့် မလုံလောက်တော့ပြီ။ ဗီဒီယို၊ အော်ဒီယိုများပါ ပါဝင်လာခဲ့ပြီ။ ထိုအခါ မြန်မာပြန်ရန်ခက်သော မီဒီယာကို မီဒီယာဟုပင် စကားလုံးဖလှယ်ကာ မွေးစား သုံးလိုက်ကြတော့၏။

စာ၊ နယ်၊ ဇင်းဘဝမှ မီဒီယာဘဝသို့ ကူးပြောင်းလာခဲ့သလို လက်လှမ်းမီမှုအတိုင်းအတာ (accessibility) မှာလည်း ပိုမို ကျယ်ပြန့် လာခဲ့၏။ စာ၊ နယ်၊ ဇင်းကို ကျေးလက်တောရွာများ၌ ရဘို့ရန် ခဲယဉ်းလေသည်။ မည်မျှခဲယဉ်းသည်ကို ရှေးယခင် ကျေးလက် တောရွာများ၌ နေခဲ့ဖူးသူများသာ သိသည်။ ယခုခေတ်ကလေးများကို သွားပြောလျှင် နားလည်နိုင်မှာမဟုတ်။ ကျွန်တော်တို့ ငယ်ငယ်က တစ်လနေလို့ သတင်းစာတစ်စောင် မဖတ်စဖူး။ အဲလေ၊ တစ်နှစ်နေလို့ တစ်စောင်ဖတ်ရ ကံကောင်း။ လဖက်ခြောက် တို့၊ ထန်းလျက်တို့ ထုပ်သည့် သတင်းစာစက္ကူ အဟောင်းများကိုသာ ဖြန့်ကာ တခုတ်တရ ဖတ်ကြရတာ ဖြစ်၏။

ဟော ယခုမူ မြို့ရော၊ တောပါမကျန် အတော်များများ ဖုန်းကိုင်နိုင်ကြပြီ။ ဖုန်းရှိပြီဆိုတော့ ဖေ့စ်ဘုတ်လည်း ပွတ်လို့ရသပေါ့။ အဲ - ဒါပေမယ့်ပေါ့လေ။ ကျွန်တော်တို့ရွာလို ဝေးလံခေါင်ဖျားဒေသများမှာတော့ နေရာတိုင်း လိုင်းမမိ။ ဖုန်းလိုင်းမိသည့်နေရာကို တုတ်ဖြင့်စိုက်၊ မှတ်ထားကာ ဖုန်းပြောချင်လျှင်ဖြစ်စေ၊ ဖေ့စ်ဘုတ် ပွတ်လိုလျှင်ဖြစ်စေ၊ ထိုနေရာသို့ သွားကာပွတ်ရ၏။
ဟဲလို၊ ကြားလား၊ အေး . . ကြားတယ် . . . ။

ဇူကာဘတ်တီထွင်ခဲ့သော ဖေ့စ်ဘုတ်အစွမ်းကြောင့် ကျွန်ုပ်တို့အစိုးရမှာလည်း လုပ်ရကိုင်ရတာ အတော်လွယ်ကူသွားလေ၏။ ယခုအခါ ကျွန်ုပ်တို့တိုင်းပြည်တွင် မည်သည့်ထောက်လှမ်းရေး၊ သတင်းထောက်မှ မလို။ ဖေ့စ်ဘုတ် အကောင့်တစ်ခုရှိလျှင် ကိစ္စပြီးပြီ။

ရုံးရောက်လျှင် ဘာမှလုပ်စရာမလို။ ဖုန်းတလုံးနှင့် ဖေ့စ်ဘုတ်ပွတ်ကာ စောင့်ကြည့်ရုံဖြစ်၏။

ဇီးပင်ကြီးစစ်တမ်း (၁) (၂) (၃) . .

ဟဲ့ ဟဲ့ ဘာတွေဖြစ်နေပြန်ပြီလဲ . . . သွားကြည့်ကြစမ်းပါအုံးဟဲ့ . . . သွား . . . မဟုတ်တန်းလျားတွေ လျှောက်ပြောနေတဲ့ကောင် . . ဌာနပြောင်း။

ဘာ . . ဘာခုံရုံးလဲ။ သွား အဲဒီခုံရုံးဖွဲ့မယ်ဆိုတဲ့ကောင်တွေ ခေါ်ချေစမ်း။

ဘာ . . လူသတ်တဲ့ကောင်တွေကို ကွင်းလုံးကျွတ် လွှတ်ပေးတယ်။ ဟိုမှာ ဖေ့စ်ဘုတ်မှာ ပွထနေပြီ။ ပြန်ဖမ်းစမ်း အဲဒီကောင်တွေ။

ပြောရလျှင် ဖေ့စ်ဘုတ်ကောင်းမှုနှင့် မြန်မာနိုင်ငံတွင် အမှုပေါင်း တော်တော်များများ ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်၏။ ဤသည်ကို ငြင်းလို့မရ။

ဖေ့စ်ဘုတ်ကောင်းမှုကြောင့်ပင် ရခိုင်က ဟိုဆရာဝန်မကလေးကို မတရားအလုပ်ခံရမည့်ဘေးမှ ကယ်တင်နိုင်ခဲ့သည်။
ရီရတယ်ခင်ဗျား။ ကျွန်ုပ်တို့လူကြီးတွေ။

အမိန့်တစ်ခုထုတ်လိုက်။
ဖေ့စ်ဘုတ်က ဝိုင်းအော်လိုက်။
ပြန်ရုပ်သိမ်းလိုက်။ အဟိ။

ဖေ့စ်ဘုတ်အစွမ်း အံ့မခန်းခင်ဗျာ။
ဖေ့စ်ဘုတ်ဂုဏံ အဟံ ဝန္ဒာမိ။ (ဟုတ်ပေါင်၊ ဘုရားရှိခိုးစာနဲ့ မှားကုန်ပြီ။)

ဒါတောင်မှ ဖေ့စ်ဘုတ်ကိုပဲ တစ်ကမ္ဘာထင်မနေနဲ့အုံး . . . ဟု ကျေးဇူးကန်းသူတွေ ရှိသေး၏။ အဲသည့်သူတွေသည်ပင်လျှင် ထမင်းစားလည်း ဖေ့စ်ဘုတ်၊ အီအီးပါလည်း ဖေ့စ်ဘုတ်၊ မျက်လုံးနှစ်လုံးပွင့်တာနဲ့ တဘုတ်တည်းဘုတ်နေသူတွေ ဖြစ်၏။  

ကျွန်ုပ်မှာလည်း ဤ ဖေ့စ်ဘုတ်ဆိုသော အရာကြီးကြောင့် အချိန်အတော်ကုန်လေသည်။
ဖေ့စ်ဘုတ်ကို လုံးဝမကြည့်လျှင် အလုပ်တော်တော်များများ ပြီး၏။ ဘာတွေများဖြစ်နေပြန်ပါလိမ့် ဟု သိချင်စိတ်နှင့် တစ်ချက်လောက် ဖွင့်လိုက်မိလျှင် သုံးလေးနာရီလောက် ဘယ်လိုဘယ်လိုကုန်သွားမှန်းမသိ။ နာရီပြန်ကြည့်မိမှ ဘုရား တ,မိ ရသည်ချည်းဖြစ်၏။

ယခုလည်း ဟိုဂျာနယ်တစ်စောင်က ဆောင်းပါးရေးပေးစမ်းပါဆိုလို့ ISO 45001 ဘေးခဏချ။ ရေးနေတာ ပျင်းလာတာနဲ့ ဖေ့စ်ဘုတ်အကြောင်း ကောက်ကက် ရေးလိုက်ရပါကြောင်း။ စိတ်ထွက်ပေါက်ပေါ့။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၀ ဇန္နဝါရီ၊ ၂၀၁၉

No comments: