(၁)
ဘာသာပြန်ခြင်း
---------------------
(ဘာသာပြန်
ဘာသာရပ် ကို အဝေးသင်တက္ကသိုလ်၊ မြန်မာစာအထူးပြု၌ ပထမနှစ်ကပင် စတင်သင်ကြားရ၏။ ပထမနှစ်တွင်
မ ၁၁၀၃၊ ဒုတိယနှစ်တွင် မ ၂၁၀၆၊ တတိယနှစ်တွင် မ ၃၁၁၀ စသဖြင့် ဖြစ်၏။ ကျွန်ုပ်ကား ယခု
တတိယနှစ်ထိ သင်ကြားခဲ့ပြီဖြစ်ရာ ကျွန်ုပ်လေ့လာခဲ့သော ဘာသာပြန် ဘာသာရပ်မှ စာများဖြင့်
စာဖတ်သူများကို ဆရာကြီးလုပ်ပါတော့မည်။ ကျွန်ုပ်၏ ဆရာကြီး လုပ်ခြင်းကို မခံလိုသူများ
အဝေးသင်တက္ကသိုလ်၊ မြန်မာစာအထူးပြုကို တက်ရောက် လေ့လာသင်ယူကြပါဟု တိုက်တွန်းလိုက်ရ ပါသတည်း။
ဤကား စကားချပ်)
ဘာသာပြန်ခြင်းအကြောင်း
ယခင်ကလည်း ကျွန်တော် တော်တော်များများ ရေးခဲ့ဖူးပါပြီ။
ဘာသာပြန်ခြင်းပြဿနာသည်
ယခုမှမဟုတ်။ ရှေးယခင်ကပင် ရှိခဲ့၏။ ဘာသာပြန်ခြင်းမှာလည်း ပုဂံခေတ်ကပင် ရှိခဲ့ကြောင်း
ဘာသာလေးမျိုးရေးထိုးထားသည့် မြစေတီကျောက်စာက သက်သေပြနေ၏။ မြစေတီကျောက်စာတွင် ပါဠိဘာသာမှလွဲ၍
ကျန် ဘာသာသုံးမျိုးမှာ ရေးသားပုံရော အဓိပ္ပာယ်မှာ အတူတူပင်ဖြစ်သည်ဆို၏။ ပါဠိကတော့ ဂါထာပုံစံနှင့်ရေးထိုးထားပြီး
မြန်မာလို ကျောက်စာကို ဘာသာပြန်ထားခြင်းမဟုတ်။
ပြောရလျှင်
မြစေတီကျောက်စာကို တွေ့သူမှာ မြန်မာမဟုတ်။ အင်္ဂလိပ်ကျောက်စာဝန်ဖြစ်၏။ ကျောက်စာကိုဘာသာပြန်တာလည်း
မြန်မာက စတာမဟုတ်။ အင်္ဂလိပ်ပညာရှင်ကပင် မွန်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ စတင်ပြန်ဆိုခဲ့တာ
ဖြစ်၏။ (အဟဲ - အဝေးသင် တက်ရတဲ့ ကျေးဇူးတွေပေါ့ခင်ဗျာ။ စာမေးပွဲပြီးသွားပြီဆိုတော့ ခုနှစ်တွေ
လူနာမည်တွေလည်း အကုန် စာအုပ်ထဲ ပြန်ဝင် သွားကြပြီပေါ့။)
ရှေးဘုရင်မင်းများအဆက်ဆက်ကပင်
ဘာသာပြန်အထောက်အထားများ ရှိခဲ့၏။ အများဆုံးဘာသာပြန်သည့်ဘာသာမှာ ပါဠိ ဘာသာပင်ဖြစ်၏။
ပြောရလျှင် ပါဠိလိုရေးထိုးထားသမျှကျမ်းစာများအနက် ဘာသာမပြန်ရသေးသည့် ကျမ်းစာဟုပင် မရှိတော့ဟု
ဆို၏။
ထို့ပြင်
ဟိန္ဒူစတာနီ၊ သက္ကဋစသည့်ဘာသာများကိုလည်း ဘာသာပြန်၏။ ဘကြီးတော်ဘုရားလက်ထက်တွင် ဗေဒင်ကျမ်းများကို
မြန်မာဘာသာသို့ ပြန်ဆိုခဲ့၏။
ဘာသာပြန်သည်ဆိုရာတွင်
ဘာသာပြန်သူသည် နိုင်ငံခြားဘာသာကိုရော မိခင်ဘာသာကိုပါ ကောင်းစွာ နားလည်တတ်ကျွမ်းသူ ဖြစ်ရမည်။
ဥပမာ - အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုမည်ဆိုပါက အင်္ဂလိပ်လိုရော မြန်မာလိုပါ ကောင်းစွာ
တတ်သိ နားလည်သူဖြစ်ရမည်။ အင်္ဂလိပ်စာလုံးများကို သင့်တော်သည့် မြန်မာစကားလုံးများနှင့်
ဖလှယ်ခြင်း မပြုနိုင်ပါက စာကောင်းတစ်ပုဒ် ဖြစ်လာမည် မဟုတ်ပါ။ ယခုခေတ်ကြီးတွင် စိတ်ပျက်စရာကောင်းလှသော
ဘာသာပြန်များကို မကြာခဏ မြင်တွေ့နေရခြင်းမှာ မြန်မာစာကို လေးလုံးကွဲအောင် မတတ်ကြ၍ ဖြစ်ပါသည်။
(စာတတ်တာနှင့် စာတက်တာတောင်) ကွဲကွဲပြားပြား မသိတဲ့သူတွေက ဘာသာပြန်နေသည်ဆိုမှတော့ ပြောစရာကို
မရှိတော့ပါ။
(အဲလေ
သူတို့တင်မဟုတ်ပါ။ ယခု ၂၁ ရာစုတွင် သင်တန်းတက်တာကို သင်တန်းတတ်တယ်။ လုပ်တတ်တာကို လုပ်တက်တယ်
ဟု ပြောသည်မှာ လူကြီးလူကြီး၊ ကလေးကလေး၊ ပညာတတ်သူရော၊ ပညာမတတ်သူများပါ အကုန်လုံးလိုလို
ရေးသားနေကြ သည်ကိုဖြင့် ကျွန်ုပ်မှာ အတော့်ကို နားမလည်နိုင်အောင် ဖြစ်ရ၏။ ဤသို့ရေးသားပြောဆိုနေကြသူများကိုလည်း
အတော် သောက်မြင်ကပ်မိ၏။ ကျွန်တော်သာလုပ်ခွင့်ရလျှင် ထို "လုပ်တက်သည်၊ သင်တန်းတတ်ချင်လို့"
ဆိုသူများကို အကုန်တန်းစီကာ ဖင်လှန်ပြီး တုတ်ကြီးကြီးနှင့် ရိုက်မိမည် ဖြစ်၏။ ဤကား
စကားချပ်။)
ပထမ
အင်္ဂလိပ်လိုရေးထားတာကို သေသေချာချာ သဘောပေါက်နားလည်ရမည်။ ထို့နောက်မှ ထို မူရင်းအဓိပ္ပာယ်နှင့်
မလွဲစေရန် မိမိမြန်မာဘာသာဖြင့် ပြန်ရေးရမည်။ ပြန်ရေးရမည် ဆိုတာ စကားတစ်လုံးချင်း ဘာသာပြန်ထည့်ရမည်ဟုမဆိုလို။
မူရင်း အဓိပ္ပာယ် ကို ခြုံမိငုံမိစေရန် မိမိဘာသာဖြင့် ပြန်ရေးရမည်ကို ဆိုလိုသည်။ လိုအပ်ပါက
အဖြည့်စာသားများ ထည့်ရန်လိုပြီး အဓိပ္ပာယ်ကို ပိုမို ရှုပ်ထွေးစေမည်ဆိုပါက မလိုအပ်သည်များကို
ချန်ထားခဲ့ရပါမည်။
ဝေါဟာရတစ်လုံးတည်းပေမင့်
ပုံသေထားပြီး ပြန်လို့မရ။ နေရာကို၊ အကြောင်းအရာကို၊ ဘာသာရပ်ကိုလိုက်ပြီး ပြန်ဆိုရသည်။
နမူနာပြရလျှင် သေသည် ဟူသောစကားတစ်လုံးတည်းကို -
သေသည်။
ဆုံးသည်။ သေဆုံးသည်။ ကွယ်လွန်သည်။ မသာပေါ်သည်။ ဂန့်သည်။ မာလကသည်။ မာလက ဈာန်ကြွသည်။
မာလကီးယား သွားသည်။ ဇီဝိန်ချုပ်သည်။ အသက်ပျောက်သည်။ အနိစ္စရောက်သည်။ အနိစ္စသဘောနှင့်
ကိစ္စချောသည်။ ဘဝတစ်ပါးသို့ ပြောင်းသွားသည်။
စစ်ပွဲ၌သေလျှင်
ကျဆုံးသည်။
ဟော
- ဘုရင်ကျတော့ နတ်ရွာစံတော်မူသည်။ နတ်ရွာလားသည်။ ကံကုန်တော်မူသည်။ နတ်ရွာစံ ကံတော်ကုန်သည်။
လူ့ဘုံငြီး၍ နတ်ထီးစံတော်မူသည်။
ဘုန်းကြီးဆိုလျှင်
ပျံလွန်တော်မူသည်။ ခန္ဓာဝန်ချသည်။
ဘုရားဆိုလျှင်
ပရိနိဗ္ဗာန်ပြုသည်။
ခရစ်ယာန်တွေဆိုလျှင်
ခရစ်တော်၌ အိပ်ပျော်သည်။
အစ္စလာမ်များဆိုလျှင်
အလ္လာအရှင်မြတ်အမိန့်တော်ခံယူသည်။
- စသည်ဖြင့်
သူ့နေရာနှင့်သူ သုံးရသည်။ ဘုန်းကြီးသေတာကို သွားပြီး မာလကီးယားသည်ဟု ပြောလျှင် ကျောင်းပေါ်က
ခေါင်းနှင့် ဆင်းရမည်။
နောက်ပြီး
ဘာသာပြန်မည့်သူသည် ထိုနယ်ပယ်ထဲမှသူ ဖြစ်ရမည်။ သို့မှသာ ထိုနယ်ပယ်မှ စကားရပ်များကို
သူနားလည်နိုင်မည်။ Safety စာတွေ ဘာသာပြန်မည့်သူသည် safety နယ်ပယ်မှသူသာ ဖြစ်ရမည်။ သို့မဟုတ်လျှင်
ပေါက်တတ်ကရ ဘာသာပြန်များ ထွက်လာမည်မှာ မလွဲ။ Safety နယ်မှလူဆိုတာတောင် တော်ရုံလူမရ။
သေသေချာချာ တတ်ကျွမ်း နားလည်သူ ဖြစ်ရမည်။ နောက်ပြီး အရပ်သုံးစကားနှင့် နည်းပညာနယ်ပယ်သုံးစကား
မတူ။ နည်းပညာနယ်မှစကားကို အရပ်သုံးစကားနှင့် ပြန်လိုက်ပါက မှန်မည်မဟုတ်ချေ။
(၂) Risk
----------
သည် risk အကြောင်းလည်း ကျွန်တော် များမကြာသေးမီက ပို့စ်တစ်ခု ရေးခဲ့ဖူးပါသေး၏။
သည်စကားလုံးသည် ကျွန်ုပ်ကို အတော် ဒုက္ခပေးသော စကားလုံးဖြစ်၏။ ထို့ပြင်တဝ စကားလုံးအသစ်ထွင်နိုင်စွမ်းမရှိသော
ကိုယ့်ကိုယ်ကိုယ်လည်း အခါခါ ကျိန်ဆဲမိလေ၏။
ဤကဲ့သို့ ဝေါဟာရများကို ဘာသာပြန်ရန် ခက်ခဲတော့မှ ရှေးလူကြီးများကို
အလွန်ချီးကျူးမိလေ၏။
ဆိုပါစို့။ Dry cell ကို ဓာတ်ခဲ ဟု ဝေါဟာရအသစ် ထွင်ခဲ့၏။ Lift ကိုကျတော့
ဓာတ်လှေခါး။ Flash light ကို ဓာတ်မီး။ လမ်းဘေး မီးတိုင်ကို ဓာတ်တိုင်၊ ရေပူများကို
အေးမသွားအောင် ထိန်းထားသည့်ဘူးကို ဓာတ်ဘူး၊ ဓာတုဗေဒပ္စည်းများ တစ်ခုနှင့်တစ်ခု ပေါင်းစပ်ခြင်းကို
ဓာတ်ပြုသည်၊ ခန္ဓာကိုယ်မှလိုသည့်ရေကို ရေဓာတ်၊ ရေဓာတ်ခန်းခြောက်သူတို့အား တိုက်ကျွေးရသည့်ရေကို
ဓာတ်ဆားရေ၊ နေမကောင်းသူများကို ဆေးအဖြစ်ကျွေးသည့်အစာကို ဓာတ်စာ။ ပထဝီ၊ တေဇော၊ အာပေါ၊
ဝါယောတို့ကို ဓာတ်ကြီးလေးပါး။ လျှပ်စစ်ဖြင့်ရှော့ရိုက်ကာ ကင်ဆာကလပ်စည်းများကို သတ်တာကျတော့
ဟော - ဓာတ်ကင်သည် တဲ့။ သူတို့ထွင်သွားပုံလေးမှာ အလွန်လှပေသည်။ ကျွန်ုပ်သည်လည်း သူတို့ကဲ့သို့
စကားလုံးတစ်လုံးအသစ် ထွင်လိုက်ချင်စမ်းပါဘိ။
Risk ကို အရပ်သုံးစကားဖြင့် စွန့်စားသည်၊ အရဲကိုးသည်ဟု ဘာသာပြန်၏။ သို့သော်
ဘာသာရပ်ဆိုင်ရာ ဝေါဟာရအရမူ ဤကဲ့သို့ ဘာသာပြန်၍မရပါ။ ယခု ကျွန်တော် ISO 9001 ကို ဘာသာပြန်နေသည်။
ဘာသာပြန်သည်ဆိုခြင်းထက် ထိုစံနှုန်းအကြောင်း ရေးနေသည်ဆိုက ပိုမှန်ပါမည်။ အဘယ်ကြောင့်ဆိုသော်
ထိုစာအုပ်ပါစာများကို အတိအကျပြန်ဆိုခြင်း မဟုတ်ဘဲ လူအများ နားလည်အောင် ရှင်းလင်းရေးသားထားခြင်းကြောင့်
ဖြစ်၏။ အခြား ISO 45001, ISO 14001 တို့လည်း အလားတူပင် ဖြစ်၏။
ပစ္စည်းအရည်အသွေးနှင့် ပတ်သက်၍ risk ဆိုသည်မှာ -
ကုန်ထုတ်လုပ်ရာတွင် ကုန်ကြမ်းသွင်းလာသူက အရည်အသွေးမမီသည့် ကုန်ကြမ်းများသွင်းလာနိုင်ခြင်းသည်
risk ဖြစ်၏။ ဆိုလိုသည်မှာ ကုန်ပစ္စည်းအားလုံးကို အရည်အသွေးမမီတာချည်း သွင်းလာတာမဟုတ်။
အရည်အသွေးပြည့်သည့် ပစ္စည်းများ အကြားတွင် အရည်အသွေးညံ့သည့် ပစ္စည်းများကို ရောထည့်လာခြင်းကို
ဆိုလိုသည်။ တစ်သောင်းတန် အစစ်များအကြား၌ အတုများ ရောထည့်ထားသည့် သဘောပင် ဖြစ်သည်။
ကုန်ထုတ်လုပ်သည့် လုပ်သားများသည် ၎င်းတို့လုပ်ကိုင်နေသည့် လုပ်ငန်းစဉ်ကို
ကျွမ်းကျင်မနေနိုင်ခြင်းသည် risk ဖြစ်၏။
အလုပ်တစ်ခုကို ထပ်ခါတလဲလဲ လုပ်နေရသဖြင့် ငြီးငွေ့လာကာ အာရုံမစူးစိုက်နိုင်တော့ဘဲ
အမှားအယွင်းများ လုပ်မိ လာနိုင်ခြင်းသည် risk ဖြစ်၏။
ဆန်ကုန်သည်ကြီးများအနေနှင့် ဆန်များတွင် ရေငွေ့များပါလာသဖြင့် ဆန်များမှိုတက်နိုင်ခြင်းသည်
risk ဖြစ်၏။
ဆရာဝန်တစ်ယောက်အနေနှင့် လူနာကို ရောဂါနာမည် မှားတပ်နိုင်ခြင်းသည်
risk ဖြစ်၏။
ဆေးစပ်သူအနေနှင့် ဆရာဝန့်လက်ရေးကို မှားဖတ်သဖြင့် ဆေးမှားပေးနိုင်ခြင်းသည်
risk ဖြစ်၏။
ဆရာမတစ်ယောက်အနေနှင့် မိမိသင်ကြားနေသည့် စာကို အဓိပ္ပာယ်အကောက်အယူ လွဲနိုင်ခြင်းသည်
risk ဖြစ်၏။
ယုတ်စွအဆုံး ထမင်းစားရာ၌ပင် risk ရှိသည်။
ငါးဟင်းဖြင့် ထမင်းစားစဉ် အရိုးနင်နိုင်ခြင်းသည် risk ဖြစ်၏။
ထမင်းကို ကသုတ်ကရက်စားမိ၍ လည်ချောင်းနင်နိုင်ခြင်းသည် risk ဖြစ်၏။
အထက်တွင်ဖော်ပြထားသည့် ဥပမာများကို ကြည့်လျှင် ဆိုးကျိုးတစ်ခုခု ဖြစ်နိုင်သော
အရာသည် risk ဖြစ်ကြောင်း တွေ့နိုင်ပါ သည်။ ထို့ကြောင့် ကျွန်ုပ်က ကိုသန်းလွင်ဘာသာပြန်ပေးသည့်
"ဆိုးကျိုးဖြစ်နိုင်ချေ" ဆိုသည်ကို သဘောကျနှစ်သက်ပြီး ယူသုံးပါသည်။ များမကြာမီက
risk ကို ဘာသာပြန်ကြည့်ကြပါဟု ကျွန်ုပ်က FB တွင် တင်လိုက်သည့်အခါ မိတ်ဆွေများ ဝိုင်းဝန်း
ကွန်မင့်များ ပေးကြသည့်အနက် ကိုသန်းလွင် ဘာသာပြန်သည့် "ဆိုးကျိုးဖြစ်နိုင်ချေ"
မှာ အသင့်တော်ဆုံးဖြစ်သည်ဟု ယူဆပါ သည်။
(၃) FB မှ Risk-based thinking
----------------------------------
အကယ်၍သာ risk ကို ဆိုးကျိုးဖြစ်နိုင်ချေဟု ယူမည်ဆိုလျှင်
risk-based thinking ကို "ဆိုးကျိုးဖြစ်နိုင်ချေ အခြေပြု ကြံဆခြင်း" ဟု ဘာသာပြန်နိုင်မည်
ထင်ပါသည်။
ယခု risk-based thinking အတွက် အကြံဉာဏ်များတောင်းကြတော့ မိတ်ဆွေများပေးလာသည့်
ကွန်မင့်များအားလုံးကို စုပေါင်းကာ ကျွန်တော်လေ့လာကြည့်ပါသည်။ ရလဒ်မှာ အောက်ပါအတိုင်းဖြစ်၏။
Risk - စွန့်စားရနိုင်မှု၊
အန္တရာယ်ဖြစ်နိုင်ချေ၊ အန္တရာယ်၊ စွန့်စားမှု၊ ပျက်စီးမှု၊ ပြဿနာအကျိုးဆက်၊
လုပ်ငန်းခွင်တွင်း ဘေးအန္တရာယ် ဖြစ်နိုင်မှု၊ အခက်အခဲကျော်လွှားမှု၊ ဆုံးရှုံးနိုင်မှု၊ ဖြစ်တန်ရာအန္တာရာယ်၊ ဘေးအန္တရာယ်၊
ဆုံးရှုံးနိုင်မှုအလားအလာ၊ ဆိုးကျိုး၊ ဆုံးရှုံးနိုင်မှုအလားအလာ၊
based - အခြေပြု၊ အခြေခံ၊
thinking - စဉ်းစားခြင်း၊ ကြံဆမှု၊ သုံးသပ်မှု၊ တွေးခေါ်ခြင်း၊ အတွေး၊ စဉ်းစားတွက်ချက်ခြင်း၊ စဉ်းစားသုံးသပ်ခြင်း၊ တွေးဆခြင်း၊
based - အခြေပြု၊ အခြေခံ၊
thinking - စဉ်းစားခြင်း၊ ကြံဆမှု၊ သုံးသပ်မှု၊ တွေးခေါ်ခြင်း၊ အတွေး၊ စဉ်းစားတွက်ချက်ခြင်း၊ စဉ်းစားသုံးသပ်ခြင်း၊ တွေးဆခြင်း၊
ဘေးကင်းရေးဦးစားပေး သုံးသပ်ချက်
ဖြစ်ပေါ်လာမည့်
ပြသနာများကို ကြိုတင်စဉ်းစားချင့်ချိန်နိုင်စွမ်း၊
နောင်ဖြစ်လာမည့်
အခက်အခဲ(ပြဿနာ)များ ကို ခန့်မှန်းတွေးမြင်နိုင်စွမ်း၊
ဖြစ်လာနိုင်သည့်
(ကြုံတွေ့လာနိုင်သည့်) အခက်အခဲ (ဒုက္ခ) များကို ကြိုသိမြင်နိုင်စွမ်း။
အန္တရာယ်၏
အခြေခံသဘောတရား
အခက်အခဲစိန်ခေါ်မှု
အန္တရာယ်(ဖြစ်နိုင်ခြေ)နဲ့စွန့်စားမူကို
အခြေခံတွေးခေါ်ခြင်း
ဆုံးရှုံးနိုင်မှုအလားအလာ
အခြေပြု စဉ်းစားခြင်း
ဆုံးရှုံးနိုင်မှုအလားအလာအား
အခြေခံ၍ ကြံဆခြင်း
ဘေးအန္တရာယ်
ဖြစ်နိုင်ခြေများကို (မူတည်)အခြေပြုစဉ်းစားခြင်း
မလိုလားသော
ဘေးအန္တရယ်ဖော်ထုတ်ထိန်းချုပ်နိုင်စေသောစဉ်းစားသုံးသပ်ခြင်း
မလိုလားသော ဘေးအန္တရယ်ခွဲခြားထိန်းချုပ်နိုင်စေသောစဉ်းစားသုံးသပ်ခြင်း
ဘေးအန္တရယ်နှင့်အခွင့်အရေးကိုစီမံကိုင်တွယ်နိုင်သောစဉ်းစားသုံးသပ်ခြင်း
ဘေးအန္တရယ်ကိုစီမံကိုင်တွယ်နိုင်သောစဉ်းစားသုံးသပ်ခြင်း
ဒီဇိုင်းနဲ့အရည်သွေးထိန်းအန္တရာယ်ဖြစ်နိုင်ခြေသုံးသပ်ခြင်း
မလိုလားသော ဘေးအန္တရယ်ခွဲခြားထိန်းချုပ်နိုင်စေသောစဉ်းစားသုံးသပ်ခြင်း
ဘေးအန္တရယ်နှင့်အခွင့်အရေးကိုစီမံကိုင်တွယ်နိုင်သောစဉ်းစားသုံးသပ်ခြင်း
ဘေးအန္တရယ်ကိုစီမံကိုင်တွယ်နိုင်သောစဉ်းစားသုံးသပ်ခြင်း
ဒီဇိုင်းနဲ့အရည်သွေးထိန်းအန္တရာယ်ဖြစ်နိုင်ခြေသုံးသပ်ခြင်း
ဘယာကင်းမှုအခြေပြုကြံဆချက်
ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးကို
စဉ်းစား၍
အရဲစွန့်ကြံဆမှု
ဖြစ်လာနိုင်မည့်ဘေးကို
အခြေခံ၍ ကြံဆနည်း
မလိုလားအပ်သော
ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ခြင်းကို အခြေပြု၍ တွေးတော ကြံဆခြင်း
ဘေးမဖြစ်အောင်
ကြံဆခြင်း
အန္တရာယ်အခြေစိုက်စဉ်းစားတွေးခေါ်
ဆုံးရှုံးနိုင်ချေတွက်ဆခြင်း
ဆိုရှုံးနိုင်ခြေ
တွက်ဆခြင်း/ချိန်ဆခြင်း
အန္တရာယ်ရှိအဖြစ်
ယူဆဖြေရှင်းနည်း။ အန္တရာယ်ရှိအဖြစ် ယူဆသုံးသပ်ခြင်း
ဆုံးရှုံးနိုင်မှုအခြေအနေပေါ်မူတည်၍
စဉ်းစားခြင်း
ဖြစ်နိုင်ခြေ
အခြေခံအန္တရယ်ကို ဦးတည်ပြု (ထည့်သွင်းစဉ်းစား)
ဆိုးကျိုးဖြစိန်ုင်ချေ
အခြေခံကို တွေးခေါ်ချက်
စွန့်စားမှုအခြေခံ
အတွေးအခေါ်
Riak-based
Thinking ကို ISO 9001 စာအုပ်၊ Annex A (Informative), A.4 ၌ ရှင်းပြထား၏။ ကျွန်တော်
အတိအကျ ဘာသာပြန်ပြပါမည်။ မူရင်းစကားလုံးများအတိုင်း ဘာသာပြန်ထားခြင်းဖြစ်၍ စာထောင့်နေပါမည်။
သို့သော် အတိအကျ ဘာသာပြန်လျှင် ထိုအတိုင်းသာ ဖြစ်ပါလိမ့်မည်။ ဤဘာသာပြန်ကိုဖတ်ပြီး မိတ်ဆွေတို့
နားမလည်ဆိုပါက ကျွန်တော် ထပ်ရှင်းပြပါမည်။
(၄)
ISO 9001 မှ Risk-based Thinking
--------------------------------------------
A.4 Risk-based thinking
Risk-based
thinking အယူအဆကို ဤစံနှုန်း၏ ယခင်ထုတ်ဝေသည့်စံနှုန်းများ၌ အပြည့်အစုံ ဖော်ပြခဲ့ပြီးဖြစ်၏။
ဥပမာ - စီစဉ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် တိုးတက်မှုတို့အတွက် လိုအပ်ချက်များတွင်
ဖြစ်၏။ ယခု အပြည်ပြည်ဆိုင်ရာစံနှုန်းက အဖွဲ့အစည်း၏ဖွဲ့စည်းပုံကိုနားလည်ရန်၊ စီမံကိန်းရေးဆွဲရာ၌
အခြေခံအဖြစ် ဆိုးကျိုးဖြစ်နိုင်ချေ (risk) များကို ရှာဖွေရန်တို့ကို အဖွဲ့အစည်း၏ လိုအပ်ချက်အဖြစ်
သတ်မှတ်ပေး၏။ ဤအချက်က စီမံချက်ရေးဆွဲခြင်းနှင့် အရည်အသွေးစီမံခန့်ခွဲမှုစနစ် လုပ်ငန်းများကို
အကောင်အထည်ဖော်ရာတွင် risk-based thinking ကိုအသုံးပြုကြောင်း ကိုယ်စားပြုသည်။ ထို့ပြင်
စာဖြင့် ရေးသားမှတ်တမ်းတင်ထားသည့် သတင်းအချက်အလက် အတိုင်းအတာကို ဖော်ထုတ်ရာတွင် ကူညီပေးသည်။
အရည်အသွေးစီမံခန့်ခွဲမှုစနစ်၏
အဓိကရည်ရွယ်ချက်တစ်ခုမှာ တားဆီးရေးကိရိယာတစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန် ဖြစ်၏။ သို့မို့ကြောင့်ပင်
ဤအပြည်ပြည်ဆိုင်ရာစံနှုန်း၌ တားဆီးရေးလုပ်ငန်းများဟူ၍ သီးသန့်စာပိုဒ် သို့မဟုတ် စာပိုဒ်ခွဲတစ်ခုမှ
မရှိပါချေ။ ကာကွယ်တားဆီးရေးလုပ်ငန်း အယူအဆကို အရည်အသွေးစီမံခန့်ခွဲမှုစနစ် လိုအပ်ချက်များအား
ပုံစံချရာ၌ risk-based thinking ကို အသုံးချခြင်းဖြင့် ဖော်ပြထားလေသည်။
အပြည်ပြည်ဆိုင်ရာစံနှုန်း၌
အသုံးချထားသော risk-based thinking ကြောင့် သတ်မှတ်ထားသည့် လိုအပ်ချက်များကို လျှော့ချ
နိုင်သလို ၎င်းတို့၏ အစားထိုးမှုများကို စွမ်းဆောင်မှုအခြေခံလိုအပ်ချက်
(performance-based requirements) များဖြင့် လျှော့ချ နိုင်၏။ လုပ်ငန်းကိုင်ငန်းများအတွက်လိုအပ်ချက်၊
ရေးသားမှတ်တမ်းတင်ထားသည့် သတင်းအချက်အလက်များနှင့် အဖွဲ့အစည်း ၏ တာဝန်ဝတ္တရားများတွင်
2015 version က ISO 9001:2008 ထက်ပိုပြီး လှုပ်သာရှားသာ ရှိစေသည်။
၆.၁
တွင် အဖွဲ့အစည်းသည် ဖော်ထုတ်ထားသည့် အန္တရာယ်များအားကိုင်တွယ်ရန် အစီအမံများ ရေးဆွဲရမည်
ဟုပင် ဆိုထားသော် ငြားလည်း အန္တရာယ်များအား စီမံခန့်ခွဲခြင်း သို့မဟုတ် အန္တရာယ်များအား
စီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်အဖြစ် ရေးသားမှတ်တမ်းတင်မှု စသည့် ပုံမှန်နည်းစနစ်တို့
မလိုအပ်ချေ။ အဖွဲ့အစည်းသည် ဤစံနှုန်းအရလိုအပ်ချက်များထက်ပို၍ ကာမိစေမည့် အန္တရာယ်များအား
စီမံခန့်ခွဲခြင်း နည်းနာနိသျတို့ကို ရေးဆွဲမည်၊ မရေးဆွဲစသည်ကို မိမိဘာသာ ဆုံးဖြတ်နိုင်သည်။
ဥပမာ - အခြားစံနှုန်း သို့မဟုတ် လမ်းညွှန်များအား အသုံးချခြင်း
၎င်းတို့၏ရည်ရွယ်ချက်များကို
ရရှိရန် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်အရပြောရပါမူ အရည်အသွေးစီမံခန့်ခွဲမှုစနစ်၏ လုပ်ငန်းစဉ်
အားလုံးသည် တန်းတူအဆင့်ရှိ စွန့်စားခန်းများကို ကိုယ်စားမပြု။ (ဤဘာသာပြန်ချက်ကို ကျွန်ုပ်ကိုယ်တိုင်
မကြိုက်နှစ်သက်ပါ။) (Not all the processes of a quality management system
represent the same level of risk in terms of the organization's ability to meet
its objectives.)
ထို့အတူပင်
မရေရာမှုတို့၏ရလဒ်မှာလည်း အဖွဲ့အစည်းအားလုံးအတွက် အတူတူမဖြစ်နိုင်ချေ။
အပိုဒ်
၆.၁ ၏ လိုအပ်ချက်အရ အဖွဲ့အစည်းသည် အန္တရာယ်များကို ရှာဖွေဖော်ထုတ်ခဲ့ကြောင်း အထောက်အထားအဖြစ်
ရေးသား မှတ်တမ်း တင်ထားသော သတင်းအချက်အလက်များကို ထိန်းသိမ်းထားမှုတို့ အပါ/မပါ ၎င်း၏
risk-based thinking ကို အသုံးချမှုနှင့် အန္တရာယ်ကို ဖော်ထုတ်ရန် လုပ်ဆောင်ချက်တို့အတွက်
တာဝန်ရှိ၏။
++++++++++++
ယခု
ကျွန်တော်ရေးနေသည့် ISO 9001 တွင်မူ ဤအတိုင်းထည့်သွင်းမှာ မဟုတ်ပါ။ လူအများနားလည်နိုင်ရန်
ကျွန်တော်က ကိုယ့်စကားနှင့်ကိုယ် ပြန်ရေးမှာ ဖြစ်ပါသည်။ ယခု တိုက်ရိုက်ဘာသာပြန်ပြရခြင်းမှာ
Risk-based thinking ကို မူရင်းစာအုပ်၌ မည်ကဲ့သို့ ဖော်ပြထားသည်ကို မိတ်ဆွေတို့ သိသာရုံမျှ
ဖြစ်ပါသည်။
နိဂုံး
-----
ဘာသာပြန်ခြင်းသည်
အတတ်ပညာတစ်ခုဖြစ်၏။ သက်မွေးဝမ်းကျောင်း အလုပ်တစ်ခုလည်း ဖြစ်၏။ ဘာသာပြန်အလုပ်ကို လုပ်မည့်သူသည်
ဘာသာပြန်ခြင်း အတတ်ပညာကို တကယ့် ပရော်ဖက်ရှင်နယ် (ပရော်ဖက်ရှင်နယ်ကိုတော့ ကျွန်တော်
ဘယ်လို ဘာသာပြန်ရမှန်းမသိပါ) တတ်ကျွမ်းနေရန်လို၏။ ဤကဲ့သို့တတ်ကျွမ်းရန်မှာလည်း တကယ်တတ်သိနားလည်သည့်
ဘာသာပြန် ဆရာကြီးများက သေသေချာချာ သင်ကြားပေးရန်လို၏။ ဘာသာပြန်အလုပ်ကို ကျောင်းများဖွင့်ကာ
သင်ကြားပေးရန် ရှေးယခင်ကတည်းက ဆရာဇော်ဂျီ၊ သခင်ဘသောင်း စသည့် ဘာသာပြန်ဆရာကြီးများက
တိုက်တွန်းခဲ့ကြဖူး၏။ သို့နှင့်လည်း ယခုတိုင် ဘာသာပြန်ကျောင်းများဖွင့်ကာ သင်ကြားပေးနေသည်ဟု
မကြားမိဖူးသေးပါ။
အဝေးသင်တက္ကသိုလ်၊
မြန်မာစာအထူးပြုဘာသာရပ်တွင်တော့ ဘာသာပြန်ခြင်းအကြောင်း တို့စိတို့စိ ထည့်သွင်းသင်ကြား
ပေးပါ၏။ သို့သော် ဤမျှလောက် သင်ကြားပေးရုံမျှနှင့်တော့ မည်သည့်နည်းနှင့်မှ ဘာသာပြန်ကောင်းတစ်ယောက်
ဖြစ်လာစရာ အကြောင်းမရှိပါဟု ကျွန်ုပ်က ဤနေရာမှနေ၍ ရဲရဲကြီး အာမခံလိုက်ပါ၏။ ပထမနှစ်၊
ဒုတိယနှစ်၊ တတိယနှစ်ဟူ၍ သုံးနှစ်တိတိ ထည့်ထားသည့်တိုင် ပီဘိ ဗဟုသုတ ရရုံမျှလောက်သာ
ဖြစ်၏။ အဲလေ အလွန်အင်မတန့်ကို ဘာသာပြန်ဆရာတစ်ယောက် ဖြစ်ချင်နေသူအဖို့မူ ထိုစာများကို
အခြေခံ၍ မိမိဘာသာ အပတ်တကုတ် ကြိုးစားအားထုတ်မည်ဆိုလျှင်တော့ ဖြစ်နိုင်ကောင်းပါ၏။
ဤမျှလောက်
လျှာရှည်ပြီးပြီဆိုလျှင် အင်္ဂလိပ်စာဖတ်တတ်ရုံနှင့် ဘာသာပြန်ဆရာတစ်ယောက် မဖြစ်နိုင်ကြောင်း
မိတ်ဆွေတို့ သဘောပေါက်လောက်ပါပြီ။
ကျွန်တော်ယခင်ပို့စ်များတွင်လည်း
ပြောခဲ့ဖူးပါသည်။
ဆရာမကြီး
မြနှင်းဆီသည် အမေရိကန်စင်တာမှထုတ်သည့် စာအုပ်များကို ဘာသာပြန်နေကျ ဖြစ်၏။ သို့သော်
ဆရာသန့်မြင့်ဦး၏ ခြေရာပျောက်မြစ်ကို ဘာသာပြန်တာကျ အတော့်ကို ချာတူးလန်ပါသည်။ သူ့စာဖတ်ပြီး
နားလည်ဘို့ ကိုယ်ဘာသာကိုယ် မနည်းဘာသာပြန်နေရသေးသည်။ ထို့ကြောင့် စာကောင်းတစ်ပုဒ်ဟု
မခေါ်နိုင်ပါ။ စာကောင်းဟူသည် ဖတ်လိုက်တာနှင့် ရှင်းကနဲ၊ လင်းကနဲ၊ ဒက်ကနဲသိသွားမှ စာကောင်းမည်၏။
ဤစာအုပ်ကို
ဆရာသန့်မြင့်ဦးလည်း သဘောကျဟန်မတူပါ။ ထို့ကြောင့် နောက်တစ်ယောက် ဆရာ ရွှေဘိုဘယ်သူဆိုလား
နာမည် မမှတ်မိတော့ပါ။ ထပ် ဘာသာပြန်ပါသေးသည်။ သူဘာသာပြန်တာ အတော်ကောင်းလိမ့်မည်ဟု ယူဆရပါသည်။
မနှစ်က ထိုစာအုပ်အကြောင်း ရေးထားတာ ဖေ့စ်ဘုတ်တွင် ဖတ်လိုက်ရပါသည်။ ထိုစာအုပ်ကိုတော့
ကျွန်တော် မဖတ်ဖူးသေးပါ။ အခွင့်ရလျှင် ဖတ်ချင်ပါသည်။
ကျွန်တော်စာအုပ်များကို
ဖတ်ရာတွင် ရည်ရွယ်ချက်နှစ်မျိုးနှင့် ဖတ်တာဖြစ်၏။
တစ်ခုမှာ
အများသူငါလို စာဖတ်တာဖြစ်ပြီး -
နောက်တစ်ခုမှာ
စာရေးဆရာများ၏ ရေးပုံသားပုံကို အတုခိုးလို၊ နမူနာယူလို၍ ဖတ်တာ ဖြစ်ပါသည်။
ဘာသာပြန်စာအုပ်များဖတ်ရာတွင်လည်း
ဤနည်းအတိုင်း ဖြစ်၏။
သူတို့ဘယ်လိုဘာသာပြန်ထားတယ်ဆိုတာ
အတုခိုးရပါသည်။
ကိုယ်ကြိုက်သည့်စကားလုံးလေးများတွေ့လျှင်
စာအုပ်ထဲ၌ ရေးမှတ်ထား၏။ လိုသည့်အခါ ထုတ်သုံးနိုင်ပါသည်။
စာလည်း
အတော်ကြီးကို ရှည်သွားပြီဖြစ်၍ ဤမျှနှင့် နိဂုံးချုပ်ပါမည်။
ကူညီကြသူ၊
အားပေးကြသူ၊ ဖတ်ရှုကြသူအပေါင်းကို ကျေးဇူးအထူး တင်ရှိကြောင်းပါ ခင်ဗျား။
အေးငြိမ်း
၁၈
ဇန္နဝါရီလ၊ ၂၀၁၉
No comments:
Post a Comment