Wednesday, January 16, 2019

ကျွန်ုပ်အလွန်စိတ်ပျက်မိသော အရာတစ်ခု


ကျွန်တော်ငယ်စဉ် ကျောင်းသားဘဝကတည်းက အလွန်ရွံမုန်းခဲ့သော အရာတစ်ခုသည် ရှိခဲ့၏။
ကျွန်တော့်လိုပင် နိုင်ငံသားအတော်များများသည်လည်း ကြည့်လို့မရခဲ့ပါ။
ကြည့်လို့မရကြကြောင်းကို လူရွှင်တော်များ ထုတ်ခဲ့သည့် ပြက်လုံးများနှင့် အရပ်ထဲတွင် ကပြောင်ကပျက် ပြောသည့်စကားများကို ထောက်၍ သိနိုင်ပါ၏။

အခြားမဟုတ်ပါ။
နိုင်ငံတော်အရာရှိဂျီးများက မယောင်ရာဆီလူးသည့် အလုပ်များကို လုပ်ပြနေခြင်း ဖြစ်၏။
တော်ကြာ ဘာလူဂျီးက ဘယ်နေရာသွား စစ်ဆေးကာ လိုအပ်သည်များကို မှာစားပြန်ပြီ။
တော်ကြာ ညာလူဂျီးက ဘယ်နေရာသွား ဖဲကြိုးဖြတ်ရပြန်ပြီ။
(ကျွန်တော့်စိတ်ထင် မြန်မာပြည်၌ စီးပွားအဖြစ်ဆုံးလုပ်ငန်းများတွင် ပူစီဖောင်းနှင့်ဖဲကြိုးဆိုင်များလည်း ပါမည်ထင်၏။)

ဘာအဆောက်အဦဆောက်တော့မယ် ဆိုတော့လည်း ဘာလူကြီးကလာကာ ရွှေတူနှင့်ထုလျက် ပန္နက်ချတော်မူရသေး၏။
ဘုရားတည်တော့လည်း သူတို့ပင် ရွှေအုတ်ချလေသည်။

အနှီလူကြီးများသည် ဖွင့်ပွဲလုပ်ရမှာ အတော် ဝါသနာပါသည်ထင့်။
ယုတ်စွအဆုံး ကိုယ့်ပိုက်ဆံနှင့်ကိုယ်၊ ရပ်ကွက်ထဲမှာ ကိုယ်ပိုင်လမ်းဖောက်ထားတာကိုပင် လာပြီးဖွင့်လိုက်ရသေးသည်။

ကျွန်တော့်စိတ်ထင် သူတို့ သားသမီး၊ မြေးမြစ်၊ တီကျွတ်တွေ မင်္ဂလာဆောင်တာတောင် ဖဲကြိုးဖြတ်ကာ ဖွင့်ပွဲလုပ်လေသလား မပြောတတ်။

ညဘက် ညစာစားပွဲပြီးလို့ ဧည့်သည့်တွေအားလုံးပြန်သွားတော့ သတို့သားနှင့် သတို့သမီးကို ကုတင်ပေါ်ထိုင်ခိုင်း။
နှစ်ဖက်မိဘများက ဟိုဘက်ဒီဘက် ဖဲကြိုးကိုင်။
ဘိသိက်ဆရာက ကတ်ကြေးနှင့်ဖြတ်ကာ "ပါကင်ဖွင့်တော်မူစေ"
(ပွင့်ပြီးသားပါရှန့် . . . ဟိုက် ရှားဘား)

တံတားဆောက်တာ၊ လမ်းဖောက်တာကို သူတို့စိတ်ထဲ၌ အတော်ဟုတ်လှပြီဟု ထင်နေပုံ ရလေသည်။ (တလောကတောင် ထရန်စဖော်မာနားမှာ ငှက်ပျောပွဲတွေ အုန်းပွဲတွေနှင့် ဖွင့်လိုက်တာ တွေ့လိုက်ရသေးသည်။ ဖွင့်စရာမရှိ ထရန်စဖော်မာ သွား ဖွင့်ရလေသည်။ Only in Myanmar.)

ကြက်မများ ဥ ဥ ပြီးသည့်အခါ ဆူညံပွက်လောရိုက်နေအောင် ကတော်၏။ "အောင်ပြီ၊ အောင်ပြီ၊ ဥတစ်လုံး ဥပြီးသွားပြီ။ (၇ ) ရက် သားသမီးတို့ ကြားသိစေကုန်သတည်း" ဟု အဓိပ္ပာယ်ထွက်လေမည်လား မပြောတတ်။

ယခုလည်း ဤနည်းအတိုင်း ဖြစ်၏။

ဟိတ်၊ ငါတို့အစွမ်းနဲ့ အင်မတန်မှ ကြီးကျယ်ခမ်းနားလှတဲ့ တံတားကြီးတစ်ခု ပြီးပဟေ့။ ငါတို့အစွမ်းကို မောင်မင်းတို့ သိကြပြီလား။

တံတားဖွင့်ပွဲမှာဝတ်ဘို့ ပြီးခဲ့တဲ့ (၃) လ လောက်ကတည်းက ကြိုးကြီးချိတ်လုံချည်ကို ကြိုမှာထားရတာ ဖြစ်၏။ ပုဝါ နော်၊ မမေ့စေနဲ့။ ဟဲ့၊ တံတားဖွင့်ပွဲမှာပန်ဘို့ သဇင် (၅) ခက် အသင့်ရှိနေပစေနော်။ မရရင်တော့လား။ ဟင်းဟင်းဟင်း။

အရပ်သားအစိုးရတက်လာတော့ သည်ဖွင့်ပွဲယဉ်ကျေးမှု ပျောက်သွားလိမ့်မည်ဟု ထင်ခဲ့မိ၏။ ဤသည်မှာ ကျွန်ုပ်၏ ရူးမိုက်မှုသာ ဖြစ်ကြောင်း ယခု မျက်မြင်ကိုယ်တွေ့ သိခဲ့ရပြီ။ ယခုလူများသည်လည်း လူများကို လမ်းဘေး နေပူကျဲကျဲထဲ တန်းစီရပ်ခိုင်းကာ လက်အုပ်ချီခိုင်းနေသည်ကို မြင်ရတော့ ကျွန်ုပ်မှာ အလွန်စိတ်ပျက်မိလေ၏။ ထိုသူများသည် ၎င်းတို့ရွံမုန်းခဲ့သော အလုပ်များကို ၎င်းတို့ကိုယ်တိုင် လုပ်နေကြလေပြီ။

ကျွန်ုပ်တို့သည် သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ကို အလွန်ရွံမုန်းကြ၏။ ဗျူရိုကရက်စနစ်ကို အော့နှလုံးနာကြ၏။ သို့သော် ဤသည်မှာ ပါးစပ်က ပြောနေခြင်းမျှသာဖြစ်၏။ အမှန်တကယ် ကျွန်ုပ်တို့နှလုံးသားထဲတွင် ပဒေသရာဇ်စနစ်၏ လုပ်ပုံလုပ်နည်း များကို ကျိတ်နှစ်သက်နေကြသည်သာ ဖြစ်၏။ ကောဇောနီအခင်းကြီးများခင်းလျက် အခမ်းကြီး အနားကြီးများဖြင့် ဟောသလို တံတားဖွင့်ပွဲ၊ လမ်းဖွင့်ပွဲကြီးတွေ လုပ်နေတာသည် ပဒေသရာဇ်စနစ်၏ အဆောင်အယောင်၊ အခင်းအကျင်းများပင် မဟုတ်ပါလော။

ဤဖွင့်ပွဲကြီးများသည် သာမန်ပြည်သူလူထုနှင့် လားလားမှ မပတ်သက်။ မည်သည့်အကျိုးကျေးဇူးမှလည်း မရှိ။ သည်လိုမှမဖွင့်လျှင် သည်တံတားကို သုံးလို့မရတော့ပြီလော။ သည်လိုမှ ဖဲကြိုးမဖြတ်လျှင် သည်လမ်းကို လျှောက်လို့မရတော့ပြီလော။
သည်ဖွင့်ပွဲများအတွက် ပိုက်ဆံတစ်ပြားမှ မကုန်တော့ပြီလော။

ကျွန်ုပ်အတွက်တော့ဖြင့် ဤအရာများမှာ အပိုဆာသားများသာ ဖြစ်ပါသည်။ သည်ပွဲများတွင် ကုန်ကျမည့် ငွေ၊ အချိန်၊ လူအင်အား များကို အခြား အကျိုးရှိမည့် နေရာများတွင် သုံးစေချင်ပါသည်။ (မင်းပြောတော့ ဟုတ်တယ်ကွ။ ဒါပေမယ့် ငါတို့မလဲ ဒါမျိုးကလွဲလို့ တခြား ဘာမှမလုပ်တတ်တာ ခက်တယ်။)

တံတားဘယ်နှစ်စင်းဆောက်ပြီးပြီ။ လမ်းဘယ်လောက်ဖောက်ပြီးပြီ ဆိုသည်ကို ယခုကဲ့သို့ အခမ်းအနားကြီးများဖွင့်ကာ သက်သေ ပြနေစရာမလို။ နှစ်ချုပ်စာရင်းထဲတွင် (အမှန်အကန်) စာရင်းပြလိုက်လျှင် ပြီး၏။

ဤသည်မှာ ကျွန်ုပ်အမြင်ကိုပြောခြင်းမျှသာ ဖြစ်၍ မိတ်ဆွေများအနေနှင့် လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။

နောက်ဆုံးပြောလိုသည်မှာ သည်တစ်ခါ တံတားဖွင့်မည်ဆိုလျှင် ကျွန်ုပ်ကို အကြောင်းကြားပါ။ PPE ဝတ်နည်း (လက်အိတ်ဝတ်နည်း) အခမဲ့ လာပြပေးပါမည် . . . လို့။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁၆ ဇန္နဝါရီ၊ ၂၀၁၉

No comments: