ရည်ညွှန်းချက်
-
ဤဆောင်းပါးရေးသားရာတွင်
အောက်ပါ စာအုပ်စာတမ်းနှင့် website များကို ရည်ညွှန်းပါသည်။
1.
ISO 9000 - Wikipedia
2.
ISO 9001 : 2015
ISO 9000
ISO 9001 ဆိုသည်မှာ "အရည်အသွေးစီမံခန့်ခွဲမှုစနစ်"
၏ 'လိုအပ်ချက်များ' ကို ဖော်ပြထားသည့် စံနှုန်းတစ်ခုဖြစ်၏။
ဤစနစ်မှာ
ISO 9000 ၏ စနစ်ခွဲတစ်ခုဖြစ်၏။ ISO 9000 ဟူသည် အရည်အသွေး စီမံခန့်ခွဲသည့် အပြည်ပြည်ဆိုင်ရာ
စံနှုန်းတစ်ခု ဖြစ်၏။
ISO 9000 ကို ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုအတွက်
သတ်မှတ်ထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီကြောင်း၊ စားသုံးသူနှင့် ဖောက်သည်များ၏
လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်း သေချာစေရန် ဒီဇိုင်းဆွဲထား၏။ ISO 9000 တွင်
အရည်အသွေး စီမံခန့်ခွဲမှုစနစ်တစ်ခု၏ အခြေခံများကို ဖော်ဆောင်ထား၏။ ထိုအထဲတွင် အရည်အသွေးစီမံခန့်ခွဲမှု
စည်းမျဉ်းဥပဒေသ (၇) ချက်လည်း ပါ၏။ ဤစံနှုန်းကို ထိုစည်းမျဉ်းဥပဒေသ (၇) ရပ်ပေါ် အခြေခံထား၏။
ထိုစည်းမျဉ်းဥပဒေသ (၇) ချက်မှ အောက်ပါတို့
ဖြစ်၏။
Ø QMP
1 – Customer focus
Ø
QMP 2 – Leadership
Ø
QMP 3 – Engagement of people
Ø
QMP 4 – Process approach
Ø
QMP 5 – Improvement
Ø
QMP 6 – Evidence-based decision making
Ø QMP
7 – Relationship management
ဥပဒေသ
(၁) QMP 1 – စားသုံးသူ ပဓာန (Customer focus)
အဖွဲ့အစည်းများသည် ဖောက်သည်၊ စားသုံးသူအပေါ်၌
မူတည်နေတာဖြစ်၏။ ထို့ကြောင့် အဖွဲ့အစည်းများသည် လက်ရှိ နှင့် အနာဂတ်ရှိ မိမိဖောက်သည်တို့
ဘာကိုအလိုရှိသည်ဆိုသည်ကို သိနားလည်နေရန်လို၏။ စားသုံးသူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းနေရန်
အစဉ်တစိုက် ကြိုးပမ်းနေရန်လို၏။
ဥပဒေသ
(၂) QMP 2 – ခေါင်းဆောင်မှုပေးခြင်း (Leadership)
ခေါင်းဆောင်များသည် အဖွဲ့အစည်း၏ ဦးတည်ချက်နှင့်
ရည်မှန်းချက်ကို ချမှတ်ထားရမည်။ အဖွဲ့အစည်းအတွင်းရှိသူများ သည် အဖွဲ့အစည်း၏ ဦးတည်ချက်များကို
ရရှိအောင် အပြည့်အဝ ပါဝင်ဆောင်ရွက်လာနိုင်ကြစေရန် အခြေအနေများ ဖန်တီးပေး ထားရမည်။
ဥပဒေသ
(၃) QMP 3 – လူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း (Engagement
of people)
အဖွဲ့အစည်းအတွင်း
အဆင့်အသီးသီးမှ ဝန်ထမ်းအားလုံးသည် အဖွဲ့အစည်း၏ တကယ့်အနှစ်သာရများ ဖြစ်၏။ ၎င်းတို့၏ အပြည့်အဝ
ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အဖွဲ့အစည်း၏ အကျိုးအမြတ်အတွက် အသုံးချရန် တအားပင် ဖြစ်၏။
ဥပဒေသ
(၄) QMP 4 – လုပ်ငန်းစဉ် ချဉ်းကပ်မှု (Process approach)
ဆက်စပ်နေသော
အရင်းအမြစ်များနှင့် ဆောင်ရွက်မှုများကိုသာ လုပ်ငန်းစဉ်ကြီးတစ်ခုအဖြစ် စီမံနိုင်ခဲ့လျှင်
အလိုရှိသော ရလဒ် များကို ပိုမိုထိရောက်စွာ ရရှိနိုင်မည်ဖြစ်၏။
ဥပဒေသ
(၅) QMP 5 – တိုးတက်မှု (Improvement)
အဖွဲ့အစည်း၏ အလုံးစုံစွမ်းဆောင်ရည် တိုးတက်မှုသည်
အဖွဲ့အစည်း၏ အမြဲတမ်းမပြောင်းလဲသော ရည်မှန်းချက် ဖြစ်သင့်၏။
ဥပဒေသ
(၆) QMP 6 – သက်သေကိုအခြေခံ၍ ဆုံးဖြတ်ချက်ချခြင်း (Evidence-based
decision making)
ထိရောက်သော ဆုံးဖြတ်မှုများသည် သတင်းအချက်အလက်များကို
ဆန်းစစ်လေ့လာချက်ပေါ် အခြေခံ၏။
ဥပဒေသ
(၇) QMP 7 – ဆက်သွယ်ရေး စီမံခန့်ခွဲခြင်း (Relationship
management)
အဖွဲ့အစည်းနှင့် ၎င်း၏စီးပွားဘက်တို့ (ကန်ထရိုက်တာများ၊
ပစ္စည်းပေးသွင်းသူများ၊ ဝန်ဆောင်မှုပေးသူများ) တစ်ဦးနှင့် တစ်ဦး သီးခြားတည်ရှိမှု၊ အကျိုးတူ
အပြန်အလှန်ဆက်သွယ်မှုတို့သည် နှစ်ဦးနှစ်ဘက်စလုံး၏ တန်ဘိုးများ တက်လာစေရန် ဖန်တီးပေး၏။
ISO 9001 လက်မှတ်ကိုအလိုရှိသော အဖွဲ့အစည်းများအနေနှင့်
အရည်အသွေးစီမံခန့်ခွဲမှု စံနှုန်းနှင့် ကိုက်ညီစေရန် လိုက်နာရမည့် အချက်များကို ISO
9001 ၌ ဖြော်ပထား၏။ ထိုအဖွဲ့အစည်းများအား သီးခြားလွတ်လပ်သော စာရင်းစစ်အဖွဲ့က စစ်ဆေးကာ
လက်မှတ်ရရန် လိုအပ်ချက်များနှင့် ကိုက်ညီကြောင်း အတည်ပြုပေး၏။ ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း
၁၈၀ မှ အဖွဲ့အစည်းပေါင်း တစ်သန်းကျော်သည် ISO 9001 လက်မှတ်ကို သီးခြားလွတ်လပ်စွာ ရယူထားကြပြီးဖြစ်ရာ
ဤအချက်က ISO 9001 သည် ကမ္ဘာပေါ်တွင် လူသုံးအများဆုံး စံတစ်ခုဖြစ်ကြောင်း သက်သေပြလျက်ရှိ၏။
(၂၀၁၄ ခုနှစ်တွင် လက်မှတ်ယူထား သည့် အဖွဲ့ပေါင်း ၁၁၃၈၁၅၅ ရှိ၏။) သို့တိုင် အဖွဲ့အစည်းများသည်
မိမိတို့အတွက် ဘာမှလည်း အသုံးမတည့်ပါဘဲလျက် ISO 9001 လက်မှတ်ကို အားအားလျားလျား ယူနေကြခြင်းမှာ
အလဟဿဖြစ်သည် ဟု ဝေဖန်မှုများ မြင့်တက်လျှက် ရှိနေဆဲဖြစ်၏။
အပြည်ပြည်ဆိုင်ရာ စံနှုန်းအဖွဲ့က ISO
9000 ကို ၁၉၈၇ ခုနှစ်က ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့၏။ ISO 9000 မှာ BS 5750 စံနှုန်းကို
အခြေခံယူထားခြင်းဖြစ်၏။ အရည်အသွေးနှင့် ပတ်သက်၍ ISO 9000 သည် ပထမဆုံးမဟုတ်ပါ။ ၎င်းအရင်ကတည်းက
ဗြိတိသျှနှင့် အမေရိကန်တို့တွင် စစ်သုံးပစ္စည်းများနှင့် ပတ်သက်၍ စံနှုန်းများ ရှိနှင့်နေပြီးဖြစ်၏။
ISO 9000 သည် အဖွဲ့အစည်းများ ကို အရည်အသွေးအတွက် အတင်းအဓမ္မ လိုက်နာဆောင်ရွက်စေရန် လုပ်ဆောင်နေခြင်းမဟုတ်။
အဖွဲ့အစည်းများသည် မိမိတို့၏ ထုတ်ကုန်၊ ဝန်ဆောင်မှုနှင့် လိုက်လျောညီထွေဖြစ်အောင် လိုက်နာကျင့်သုံးနိုင်၏။
အစောပိုင်းကာလများကမူ ISO 9001 (9002 နှင့်
9003 များအပါအဝင်) ကို အဖွဲ့အစည်းများသည် ပစ္စည်းအပ်သူနှင့် ထုတ်ဝေသူအကြား သဘောတူ ကန်ထရိုက်စာချုပ်ချုပ်ရာတွင်
လိုအပ်ချက်များကိုက်ညီစေရန် ရည်ရွယ်ကျင့်သုံးခဲ့ကြ၏။ ISO 9000 လက်မှတ်ဆိုသော်လည်း အမှန်တကယ်ထုတ်ပေးရာတွင်
ISO 9001 လက်မှတ်ကိုသာ ထုတ်ပေးခြင်းဖြစ်၏။
ISO 9001 လက်မှတ်ကို ရယူထားသည့် အဖွဲ့အစည်းများအနေနှင့်
သည်လက်မှတ်ကို တစ်သက်လုံး အကန့်အသတ်မရှိ သုံးလို့ရသွားတာ မဟုတ်။ သက်ဆိုင်ရာ လက်မှတ်ထုတ်ပေးရေးအဖွဲ့များက
လက်မှတ်သက်တမ်းကို သတ်မှတ်ပေးလိုက်၏။ ထုံးစံအားဖြင့် လက်မှတ်သက်တမ်းမှာ သုံးနှစ်ဖြစ်၏။
ထို့ကြောင့် သုံးနှစ်မပြည့်ခင် နောက်ထပ်လုပ်ငန်းစစ်ဖြင့် သက်တမ်းတိုးရ၏။
ISO လက်မှတ်များ ထုတ်ပေးရာတွင် ISO အဖွဲ့က
တိုက်ရိုက်ထုတ်ပေးတာမဟုတ်။ နိုင်ငံများစွာ၌ပင် အတည်ပြုထား သည့် လက်မှတ်ပေးရေးအဖွဲ့များ
(the accreditation bodies and the certification bodies) ဖွဲ့စည်းထားကြ၏။ Accreditation
bodies များသည် ISO/IEC 17021 စံနှုန်းအရ လုပ်ဆောင်ကြပြီး Certification Bodies
(CB) များကမူ ISO/IEC 17011 စံနှုန်း အရ ဆောင်ရွက်ကြရ၏။
မူလ ၁၉၈၇ ခုနှစ်ထွက် ISO 9000 မိသားစုတွင်
-
ISO
9001 - Model for quality assurance in design, development, production,
installation, and servicing,
ISO
9002 - Model for quality assurance in production, installation, and servicing,
ISO
9003 - Model for quality assurance in final inspection and test - ဟု စံနှုန်းသုံးခုပါ၏။
ISO 9000 စံနှုန်းသည် ခေတ်စနစ်များအလိုက်
တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာရာ 1987 version, 1994 version, 2000 version, 2008
version, 2015 version ဟု version (၅) ခု ပြင်ဆင်ထုတ်ပြန်ခဲ့၏။
ISO 9001 : 2000 version တွင် ယခင်
ISO 9001, ISO 9002, ISO 9003 များအားလုံးကို ISO 9001 တစ်ခုတည်းဖြင့် အစားထိုးလိုက်၏။
ပုံသဏ္ဍာန်လည်း ပြောင်းသွားသည်။ 2000 version တွင် ယခင်ကကဲ့သို့ နောက်ဆုံးထုတ်ပစ္စည်းတစ်ခုတည်း
ကိုသာ စစ်ဆေးခြင်းမဟုတ်တော့။ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ် သဘောတရား (ကုမ္ပဏီသည် လုပ်ငန်းနှင့်
ဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သလား ဆိုသည်ကို စောင့်ကြည့်ခြင်း) ကို ရှေ့ပိုင်းနှင့်အလယ်ပိုင်းတွင်
အမှန်တကယ်ထား ရန် တွေးခေါ်ခြင်းဖြင့် ကြီးမားသော အပြောင်းအလဲကို ရှာဖွေသည်။ (ကုန်ထုတ်လုပ်မှုအစဉ်ကြီး
တလျှောက်လုံး၏ အစပိုင်းနှင့် အလယ်ပိုင်းကို (ပစ္စည်းနှင့်လုပ်ပုံကိုင်နည်းများ မှန်မမှန်)
သေချာကျနစွာ တချိန်လုံး စစ်ဆေးကြည့်ရှုနေခြင်းကို ဆိုလိုသည်။) ထိပ်ပိုင်းအုပ်ချုပ်ရေးအဖွဲ့ကို
စီးပွားရေးလုပ်ငန်းကို အရည်အသွေးနှင့် ပေါင်းစပ်ကျင့်သုံးရာ၌ ထဲထဲဝင်ဝင် ပါဝင်လာရန်
တွန်းအား ပေးသည်။
ISO 9000 လိုအပ်ချက်များတွင် အောက်ပါတို့ပါဝင်၏။
Ø စာရွက်စာတမ်းများကို
ဖြန့်ဝေခြင်းမပြုမီ ဦးစွာအတည်ပြုထားရမည်။
Ø သုံးမည့်အချိန်တွင်ရှိနေရမည့်
စာရွက်စာတမ်းများမှာ နောက်ဆုံးထုတ်စာရွက်စာတမ်းများ ဖြစ်နေရမည်။
Ø စံနှုန်းလိုအပ်ချက်များကို
ပြည့်မီကြောင်းပြနိုင်ရန် ထိုစာရွက်စာတမ်းများကို သုံးရမည်။
Ø မှတ်တမ်းများကိုထိန်းသိမ်းထားရန်
အစီအမံတစ်ခု ရေးဆွဲရမည်။
ISO 9001: 2008 version တွင် ပြင်လိုက်သည်မှာ
ISO 14001 နှင့် တပေါင်းတည်းအသုံးပြုနိုင်ရန် ပုံစံတူလုပ်လိုက်ခြင်း ဖြစ်၏။ ISO
9001 ကို မိသားစုအတွင်းရှိ အခြား စံနှုန်းနှစ်ခုက တိုက်ရိုက်ပံ့ပိုးပေးသည်။ ၎င်းတို့မှာ
-
ISO
9000:2005 "Quality management systems. Fundamentals and vocabulary" နှင့်
ISO
9004:2009 "Managing for the sustained success of an organization. A
quality management approach" - တို့ဖြစ်၏။
ထို့ပြင် စံနှုန်းအတွင်းမှ အချို့သောအပိုင်းများအတွက်
အခြားစံနှုန်းများ ဥပမာ - ISO 19011: Guidelines for
quality management systems auditing and environmental management systems
auditing နှင့် ISO 10000: Quality Management
series, တို့ကိုလည်း သုံးကြပါသေးသည်။
ယခုအခါ ISO 9001 ကို ကျင့်သုံးလာခဲ့သည်မှာ
၂၅ နှစ်တိုင်ခဲ့ပြီ။ ထို့ကြောင့် ISO TC 176 ကိုဖွဲ့ကာ ISO 9001 ကို ပိုမို တိုးတက်ကောင်းမွန်အောင်
ပြင်ဆင်ရေးဆွဲရန် တာဝန်ပေးခဲ့၏။ ထိုအဖွဲ့က အရည်အသွေးစီမံခန့်ခွဲမှု ဥပဒေသအသစ်များဖြင့်
အရည်အသွေးစီမံခန့်ခွဲမှုခေတ်သစ်ကို စတင်ဖွင့်လှစ်လိုက်သည်။ ISO 9001: 2015 version ကို
စက်တင်ဘာလ ၂၃ ရက်၊ ၂၀၁၅ ခုနှစ်တွင် စက်တင်ပုံနှိပ်ခဲ့၏။ စံနှုန်း၏ နယ်ပယ်မှာမူ မပြောင်းမလဲ
ယခင်အတိုင်းရှိ၏။ အခြား အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် ပေါင်းစပ်ကျင့်သုံးနိုင်ရန်
ဖွဲ့စည်းပုံနှင့် ကျောရိုးအချက်အလက်များကိုသာ ပြင်ဆင်လိုက်၏။
ISO 9001: 2015 version က စားသုံးသူများအတွက်
စိတ်ချယုံကြည်မှုရှိစေရန်၊ လိုချင်သော အရည်အသွေးပြည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ
ရလာစေရန် သေချာစေသည်။ စီးပွားရေးလုပ်ငန်းများ၏ အကျိုးအမြတ်ကိုလည်း ပိုမို တိုးပွားစေ
သည်။
အဓိကအပြောင်းအလဲများမှာ အောက်ပါတို့ဖြစ်၏။
၁။ High-Level Structure ၁၀ ပိုဒ်ကို ဖော်ဆောင်သည်။ အသစ်ထွက်လာသည့် အပြည်ပြည်ဆိုင်ရာစံနှုန်းအားလုံးတွင်ပင်
High-Level Structure ကို ကျင့်သုံး၏။
မှတ်ချက်။ ။ High-Level Structure ဆိုသည်မှာ မည်သည့် အပြည်ပြည်ဆိုင်ရာ စံနှုန်းမဆို
ဤပုံစံအတိုင်းချည်းသွား၏။ အကြောင်းအရာကိုလိုက်၍ အတွင်းစာသားများ ကွဲသွားသော်လည်း စံနှုန်းဖွဲ့စည်းတည်ဆောက်ပုံမှာမူ
တစ်ပုံစံတည်းဖြစ်၏။ ISO 9001 ၏ High-Level Structure ၁၀ ခုမှာ အောက်ပါအတိုင်း ဖြစ်၏။
1. Scope
2. Normative Reference
3. Terms & Definitions
4. Context of the Organization
5. Leadership
6. Planning
7. Support
8. Operation
9. Performance Evaluation
10. Improvement
၂။
ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုချင်းစီ၏ လိုအပ်ချက်နှင့်ကိုက်ညီအောင် စီမံခန့်ခွဲရေးစနစ်ကို
ဦးစားပေးပြုပြင်ထားသည်။
၃။
အရည်အသွေးကို အဖွဲ့အစည်း၏ ပိုမိုကျယ်ပြန့်သော စီးပွားရေးမဟာဗျူဟာများနှင့် တပြေးတည်းဖြစ်စေရေးတွင်
ထိပ်ပိုင်း ဦးဆောင်သူများ၏ တာဝန်ယူမှုနှင့် ပါဝင်ဆောင်ရွက်မှုသည် လိုအပ်ချက်တစ်ခုဖြစ်၏။
၎။
စံနှုန်းတလျှောက်လုံး risk-based thinking က စီမံခန့်ခွဲရေးစနစ်ကို ကာကွယ်ရေးလက်နက်အဖြစ်
နှင့် စဉ်ဆက်မပြတ် တိုးတက်မှုကို အထောက်အပံ့ ဖြစ်စေသည်။
မှတ်ချက်။ ။
Risk-based thinking ဆိုသည်မှာ ဖြစ်နိုင်သမျှ risk အားလုံးကို လုပ်ငန်းစဉ်ကြီးတလျှောက်လုံး
ရှာဖွေကာ မည်ကဲ့သို့လျှော့ချမည်စသဖြင့် စဉ်းစားပြီး တတ်နိုင်သမျှထိန်းချုပ်ခြင်း ဖြစ်၏။
ဥပမာ - ကုန်ပစ္စည်းများ၏ အရည်အသွေးအတွက် အရည်အသွေးကို ထိခိုက်စေမည့် risk အားလုံးကို
ရှာရမည်။ အရည်အသွေး မပြည့် သော ကုန်ကြမ်းများကို လိမ်လည်တင်သွင်းမှု၊ သတ်မှတ်ထားသည့်
အရေအတွက်မပြည့်မီမှု၊ မကျွမ်းကျင်သူ များကို ကုန်ထုတ်လုပ်ငန်းများ၌ ခိုင်းစေမှု စသည်။
၅။
စာရွက်စာတမ်းများအတွက် သတ်မှတ်ပြဋ္ဌာန်းချက်များ ပိုနည်းသွားသည်။ အဖွဲ့အစည်းများသည် မိမိတို့လိုအပ်သည့်
သတင်း အချက်အလက်များနှင့် ပုံစံကို မိမိတို့ဘာသာ လွတ်လွတ်လပ်လပ် ရွေးချယ်သတ်မှတ်နိုင်၏။
၆။
ဘုံဖွဲ့စည်းပုံနှင့် ကျောရိုးကို တပုံစံတည်း ဖြစ်စေခြင်းဖြင့် အခြား အပြည်ပြည်ဆိုင်ရာ
စံနှုန်းများနှင့် တပြေးညီ ဖြစ်စေ၏။
၇။
စီမံခန့်ခွဲရေးဥပဒေသ အသိပညာများ ပါဝင်လာ၏။
၈။
အရည်အသွေးလက်စွဲစာအုပ် နှင့် စီမံခန့်ခွဲရေးအဖွဲ့ကိုယ်စားလှယ်များသည် မရှိမဖြစ် လိုအပ်ချက်များ
မဟုတ်တော့။
ISO 9001 - Quality Management System
ISO 9001 ဟူသည် အရည်အသွေးစီမံခန့်ခွဲမှုစနစ်
အတွက် လိုအပ်ချက်များကို ဖော်ပြထားသော နှုန်းစံတစ်ခု ဖြစ်၏။ ၎င်းက အဖွဲ့အစည်းများနှင့်
စီးပွားရေးလုပ်ငန်းများကို ပိုမိုထိရောက်ထက်မြက်လာစေရန်၊ စားသုံးသူများ၏ ကျေနပ်မှုကို
ပိုမိုရရှိစေ ရန် အကူအညီပေး၏။
ISO 9001 သည် အဖွဲ့အစည်းများအား စံနှုန်းနှင့်အညီလိုက်နာ
ကျင့်သုံးနိုင်ကြစေရန် ISO အဖွဲ့က ပုံနှိပ်ထုတ်ဝေထား သည့် ISO 9000 family မှ တစ်ခုတည်းသော
စံနှုန်းလည်း ဖြစ်၏။ ISO 9001 ကို ရေးဆွဲရန်တာဝန်ရှိသောအဖွဲ့မှာ ISO/TC176 -
Quality Management and Quality Assurance, ဆပ်ကော်မတီမှာ SC2 - Quality Systems ဖြစ်၏။
ဤပဉ္စမအကြိမ်ပြင်ဆင်ချက် (Fifth
edition) က စတုတ္ထအကြိမ်ပြင်ဆင်ချက် (Fourth edition - ISO 9001:2008) ကို
ပယ်ဖျက်လျက်
အစားထိုးလိုက်၏။
၁။
နိဒါန်း
အဖွဲ့အစည်းများအနေနှင့် ဤအပြည်ပြည်ဆိုင်ရာစံနှုန်းကို
လိုက်နာကျင့်သုံးခြင်းဖြင့် မိမိတို့စီးပွားရေးလုပ်ငန်းကို ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေနိုင်၏။
စဉ်ဆက်မပြတ်တိုးတက်မှုအတွက် အခြေခံကောင်းများ ချပေးနိုင်၏။ ISO 9001 ကို လိုက်နာကျင့်သုံး
ခြင်းဖြင့် အောက်ပါအကျိုးအမြတ်များ ရရှိလိမ့်မည်ဟု မျှော်လင့်နိုင်၏။
(က)
စားသုံးသူများ၏ လိုအပ်ချက်၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေလိုအပ်ချက်များနှင့် ကိုက်ညီသည့်
ဝန်ဆောင်မှုနှင့် ထုတ်ကုန်များကို တသမတ်တည်း ပံ့ပို့းပေးနိုင်စွမ်းရှိခြင်း
(ခ)
စားသုံးသူများ၏ ကျေနပ်နှစ်သက်မှုကို ပိုမိုပေးစွမ်းနိုင်မည့် အခွင့်အလမ်းများကို ဖန်တီးပေးခြင်း
(ဂ)
အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ၊ ရည်မှန်းချက်များနှင့် ဆက်နွယ်နေသည့် ဆိုးကျိုးဖြစ်နိုင်ချေနှင့်
အခွင့်အလမ်းများကို ဖော်ထုတ် ရှင်းလင်းနိုင်ခြင်း
(ဃ)
သတ်မှတ်ထားသော အရည်အသွေး စီမံခန့်ခွဲမှုစနစ် လိုအပ်ချက်များနှင့် ကိုက်ညီကြောင်း သက်သေပြနိုင်စွမ်းရှိခြင်း
ဤအပြည်ပြည်ဆိုင်ရာစံနှုန်းကို အဇ္ဈတ္တရော
ဗဟိဒ္ဓအဖွဲ့များကပါ လိုက်နာကျင့်သုံးနိုင်၏။ ဤစံနှုန်း၌ သတ်မှတ်ထားသော အရည်အသွေးဆိုင်ရာလိုအပ်ချက်များသည်
ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ လိုအပ်ချက်များအတွက် အကြံပြုချက်များသာ ဖြစ်၏။
ဤအပြည်ပြည်ဆိုင်ရာစံနှုန်းအား စီမံ-လုပ်-စစ်-ပြင်
စက်ဝိုင်း (Plan-Do-Check-Act cycle) နှင့် အန္တရာယ် အခြေခံ ကြံဆမှု (Risk-based
thinking) နှစ်ခု ပေါင်းစပ်ထားသော လုပ်ငန်းစဉ်ချဉ်းကပ်မှု (process approach) ပုံစံကို
အသုံးပြုထား၏။
မှတ်ချက်။ ။ Risk-based thinking ကို အန္တရာယ်အခြေခံကြံဆမှု ဟု ဘာသာပြန်ထားသော်လည်း
အတိအကျမမှန်ပါ။ Risk-based thinking ဟူသည်မှာ ဖြစ်ပေါ်လာနိုင်သည့် အခက်အခဲ၊ ပြဿနာ၊ ဒုက္ခ၊
သုက္ခအားလုံးကို ဖော်ထုတ်လျှက် ထိုအန္တရာယ်များကို မည်ကဲ့သို့ထိန်းချုပ်မည်နည်းဟု စဉ်းစားခြင်းဖြစ်ပါသည်။
မြန်မာလို ခြုံမိငုံမိဖြစ်အောင် ဘာသာပြန်ဘို့ မလွယ် လှပါ။ လောလောဆယ် အန္တရာယ်အခြေခံကြံဆမှု
ဟုသုံးပြီး ၃၊ ၃။ တွင် Risk-based thinking အကြောင်း အကျယ်ရှင်းပြထား၏။
လုပ်ငန်းစဉ်ချဉ်းကပ်မှုက အဖွဲ့အစည်းများအား
၎င်းတို့၏ လုပ်ငန်းစဉ်များနှင့် သူတို့အချင်းချင်း အပြန်အလှန် အကျိုးပြုမှု များကို စီမံနိုင်စေသည်။
စီမံ-လုပ်-စစ်-ပြင် စက်ဝိုင်းက အဖွဲ့အစည်းကို
၎င်း၏ လုပ်ငန်းစဉ်များတွင် လိုအပ်သောရင်းမြစ်များ အပြည့်အစုံ ထောက်ပံ့ ပေးပြီး၊ စီမံခန့်ခွဲပြီးကြောင်းနှင့်
တိုးတက်မှုအတွက် အခွင့်အရေးများကို ဖော်ထုတ်အသုံးချပြီးဖြစ်ကြောင်း သေချာစေသည်။
အန္တရာယ် အခြေခံကြံဆမှု (Risk-based
thinking) များက အဖွဲ့အစည်းအား -
ü လုပ်ငန်းစဉ်နှင့်
အရည်အသွေး စီမံချက်များ သည် စီမံထားသောရလဒ်များမှ သွေဖီသွားသလားဆိုသည်ကို ဖော်ထုတ်နိုင်
စေသည်။
ü ရလဒ်ဆိုးများကို နည်းနိုင်သမျှနည်းအောင်
ထိန်းချုပ်ရမည့်နည်းလမ်းများ ကျင့်သုံးနိုင်စေသည်။
ü ပေါ်ထွက်လာသည့် အခွင့်အလမ်းများကို
များနိုင်သမျှ များများ အသုံးချနိုင်စေသည်။
လျင်မြန်စွာတိုးတက်ပြောင်းလဲမှုများနှင့်
ရှုပ်ထွေးလှသောပတ်ဝန်းကျင်တို့၏ အနာဂတ်လိုအပ်ချက်နှင့် မျှော်မှန်းချက် များကို အစဉ်မပြတ်ဖြည့်ဆည်းပေးနေရေးမှာ
အဖွဲ့အစည်းများအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်၏။ ဤရည်မှန်းချက်ကို ရရှိနိုင်ဘို့ရမှာ
အဖွဲ့အစည်းများသည် တိုးတက်မှုပုံသဏ္ဍာန်အမျိုးမျိုးနှင့် ကိုက်ညီအောင် မည်ကဲ့သို့လုပ်ရမည်နည်း၊
မည်ကဲ့သို့ ပြင်ဆင်ရမည်နည်း ဟူသည့် လိုအပ်ချက်များကို အစဉ်တစိုက် ရှာဖွေနေရမည်။ အစဉ်တစိုက်တိုးတက်နေအောင်
ထိုးဖောက်ဖြတ် ကျော်ခြင်း၊ တီထွင်ကြံဆခြင်းနှင့် ပြန်လည်ဖွဲ့စည်းခြင်း စသည်တို့ကို
ပြုလုပ်နေရမည်။
ဤစံနှုန်းစာအုပ်တွင် အောက်ပါ ကြိယာများသည်
ယှဉ်တွဲဖော်ပြထားသည့် အဓိပ္ပာယ်ကို ဆောင်စေရမည်။
shall
= လိုအပ်ချက်ဖြစ်သည်။
should
= လုပ်သင့်ကြောင်း ထောက်ခံပေးခြင်းဖြစ်သည်။
may
= ခွင့်ပြုခြင်း ဖြစ်သည်။
can
= ဖြစ်နိုင်သည်။ တတ်နိုင်သည် ဟု အဓိပ္ပာယ်ရသည်။
Note:
ဟု ဖော်ပြထားလျှင် ဆက်နွယ်နေသည့်လိုအပ်ချက် ကို ရှင်းလင်းဖြော်ပ၊ ညွှန်ပြခြင်းဖြစ်သည်။
၂။
အရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေသများ
ဤအပြည်ပြည်ဆိုင်ရာစံနှုန်းသည် ISO 9000
တွင်ဖော်ပြထားသည့် အရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေသများကို အခြေခံထား၏။ ဥပဒေသတစ်ခုချင်းစီ၏
အဆိုများကို ဖော်ပြရာတွင် ထိုဥပဒေသသည် အဖွဲ့အစည်းအတွက် အဘယ်ကြောင့် အရေးကြီးရသည်ဆိုသည့်အခြေခံအကြောင်းလည်း
ပါဝင်၏။ ဥပဒေသကို အသုံးချခြင်းဖြင့် အဖွဲ့အစည်း၏ လုပ်ဆောင်မှုများကို အဘယ်ကဲ့သို့ တိုးတက်နိုင်စေကြောင်းကို
စံပြဆောင်ရွက်ချက်နမူနာများ၊ အကျိုးကျေးဇူး နမူနာများကိုပါ ဖော်ပြထား၏။
အရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေသများမှာ အောက်ပါတို့ဖြစ်၏။
ü စားသုံးသူ
ပဓာန (Customer focus)
ü ခေါင်းဆောင်မှုပေးခြင်း
(Leadership)
ü လူများနှင့်
ပူးပေါင်းဆောင်ရွက်ခြင်း (Engagement of people)
ü လုပ်ငန်းစဉ်
ချဉ်းကပ်မှု (Process approach)
ü တိုးတက်မှု
(Improvement)
ü သက်သေကိုအခြေခံ၍
ဆုံးဖြတ်ချက်ချခြင်း (Evidence-based decision making)
ü ဆက်ဆံရေး
စီမံခန့်ခွဲခြင်း (Relationship management)
ဆက်ပါဦးမည်။
မောင်လူအေး
No comments:
Post a Comment