(၁)
ဗဟိုဝန်ထမ်းတက္ကသိုလ်
ရှိသင့်သလား။
ဟုတ်ကဲ့၊
ရှိသင့်ပါသည် ဟု ပြောလိုပါသည်။
(ဟိုးထားဆရာတို့
-
ခညားတို့ကလည်း
ဆဲမယ်ဆိုတာချည်းပဲ။ နည်းနည်းလောက် ပြောပါရစေအုံးခင်ဗျ။ ဆုံးအောင်ဖတ်ပြီးမှ ဆဲပါ။ ကျွန်တော်က
ဇီးပင်ကြီးကဆရာမဟုတ်သလို၊ ဇီးပင်ကြီးမှာလည်း ဆရာလုပ်ဖို့ မရည်ရွယ်ပါဘူး။ အကျိုးသင့်အကြောင်းသင့်
ပြောပြမှာပါ။ အားလုံးဖတ်ပြီးမှ မကြိုက်ဘူး။ သဘောမတူဘူးဆို ဆဲသွားပါ။)
သည်အကြောင်း
ကျွန်တော် နည်းနည်းလောက် ရှင်းပြပါမည်။ အဲလေ သိသူများလည်းသိကြ၊ ထောက်ပြသူများလည်း ထောက်ပြ
ကောင်း ထောက်ပြကြပါလိမ့်မည်။ သူတို့လုပ်လို့မရသည့်အတွက် သည်အတိုင်း လက်ပိုက်ကြည့်နေရတာလည်း
ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ကျွန်တော် မသိပါ။
(၂)
သည်ကိစ္စ
ကျွန်ုပ်က ယခုမှ ခါတော်မီ ကောက်ကက်ရေးတာ မဟုတ်ပါ။ သည်အကြောင်းနှင့် ပတ်သက်ပြီး ကျွန်ုပ်နှင့်
ဆရာ ကိုနေမျိုးမောင်တို့ လွန်ခဲ့သော ၃ နှစ်ခန့်ကတည်းက အကျေအလည် ဆွေးနွေးခဲ့ဖူးပါ၏။
(အောင်မယ် - ဇီးပင်ကြီးက ဆရာ ဆရာမလေးတွေတောင် သွားပြီး လက်ချာရိုက်ခဲ့ပါသေး။ ကျွန်တော့်သူငယ်ချင်း
အရင်းခေါက်ခေါက် ဖိုးတင်စိုးတို့ အိမ်မှာဖြစ်၏။)
ကျွန်တော်
စိုက်ပျိုးရေးတက္ကသိုလ်တွင် အစိုးရဝန်ထမ်းအဖြစ် ၁၉၉၀ ပြည့်နှစ် သြဂုတ်လ ၂၀ ရက်နေ့ နံနက်
၉ နာရီတိတိ မှ ၁၉၉၇ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၅ နာရီထိ ခုနစ်နှစ်ခွဲခန့်တာဝန်ထမ်းဆောင်ခဲ့၏။
ဝန်ထမ်းကဒ်ကို ၁၉၉၈၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ ညနေ ၃ နာရီခွဲတွင် စိုက်ပျိုးရေးတက္ကသိုလ်၊
အုပ်ချုပ်ရေးရုံးမှ ရုံးအုပ် ဦးဘိုနီ လက်ထဲသို့ ပြန်အပ်ခဲ့၏။ ထိုအချိန်မှစကာ ဝန်ထမ်း
ဘဝလည်း တစ်ခန်းရပ်ခဲ့၏။
အစိုးရဝန်ထမ်းဆိုတော့
ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) သို့ တက်ရောက်ခဲ့ဖူးပါသည်။ တက်သမှ နှစ်ခါပြန်တောင်
တက်ခဲ့ရ ပါသေး။
ပထမအကြိမ်မှာ
ဝန်ထမ်းအသစ်များ မဖြစ်မနေတက်ရသော ပုံမှန်သင်တန်းဖြစ်၏။ သင်တန်းအမှတ်စဉ်မှာ ဇေယျ ၁၁၅
ဖြစ်ပြီး သင်တန်းနာမည် အပြည့်အစုံမှာ အခြေခံ ပြည်သူ့ရေးရာ ဝန်ထမ်းလောင်း သင်တန်း ဟူ၍
ဖြစ်၏။ သင်တန်းကာလမှာ လေးလ ဖြစ်ပြီး ၂၃ ဧပြီလ ၁၉၉၁ မှ ၆ စက်တင်ဘာ ၁၉၉၁ ထိ ဖြစ်၏။ ကျွန်ုပ်တို့သင်တန်းတွင်
သင်တန်းသားစုစုပေါင်း ၁၂၃ ဦးရှိပြီး ကျား - ၉၀ + မ - ၃၃ ဦးဖြစ်၏။ ကျွန်ုပ်၏ သင်တန်းသားအမှတ်မှာ
ကသ ၃၈ ဖြစ်၏။ ကြုံတုန်းကြွားရလျှင် ယခု စင်ကာပူ၌ သံအမတ်ဖြစ်နေသည့် ဦးဥက္ကာနှင့် ကျွန်ုပ်တို့မှာ
တပ်ခွဲ (- လား တပ်စိတ်လား မမှတ်မိပါ။) အတူတူဖြစ်၏။ တစ်ဆောင်တည်း၌ အတူတူနေခဲ့ရ၏။ ကျွန်ုပ်တို့တပ်စိတ်၌
ဆရာဝန်နှစ်ဦးပါရာ ကိုသန်းလွင်နှင့် ကိုမြင့်သောင်းတို့ဖြစ်၏။ ပိတ်ရက် out pass ထွက်သည့်အခါ
ကျွန်ုပ်မှာ ရန်ကုန်၌ မည်သည့်အဆွေအမျိုးမှ မရှိသောကြောင့် အဆောင်၌ပင် ကျန်ခဲ့၏။
Out pass မှ ပြန်အလာတွင် ကိုမြင့်သောင်းက ကျွန်ုပ်ဖို့ ဒန်ပေါက် ဝယ်လာပေးတတ်၏။ ကိုသန်းလွင်က
အကောင်းဆုံး သင်တန်းသားဆုကို ဆွတ်ခူးရရှိခဲ့၏။
ဒုတိယအကြိမ်မှာ
မြန်မာနိုင်ငံ ပြင်ညာရေးကော်မတီ (ပြင်လည်းပြင်ပြီး ညာလည်းညာသောကြောင့် ပြင်ညာရေးကော်မတီ
ဟု ခေါ်သတည်း။ ဤကားစကားချပ်) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ဆရာဆရာမများအပေါ်ထားသော မေတ္တာ
စေတနာ မုဒိတာ ဥပေက္ခာများကြောင့် တက်ရခြင်းဖြစ်၏။ သင်တန်းနာမည်က တက္ကသိုလ်ကောလိပ် ဆရာဆရာမများ
အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂) ဟူ၏။ (သောက်ကျိုးနဲ၊ မွမ်းပြီးမံတာတောင် အထူးတလည်မွမ်းမံ
လိုက်ရပါသေး။) သင်တန်းမှာ တစ်လသင်တန်း ဖြစ်ပြီး ၉ မတ်လ ၁၉၉၂ မှ ၄ ဧပြီလ ၁၉၉၂ ထိ ဖြစ်၏။
သင်တန်းသား သင်တန်းသူ ပေါင်း ၂၀၉၆ ယောက်ရှိပြီး ကျွန်ုပ်၏ သင်တန်းသား အမှတ်စဉ်မှာ ကသ
I - 54 ဖြစ်၏။
ထိုသင်တန်းတွင်
ကျွန်ုပ် အလွန်ကြိုက်နှစ်သက်သည့် စိုင်းထီးဆိုင်၏ သီချင်းများ ဖန်တီးရှင် ဆရာဒေါက်တာစိုင်းခမ်းလိတ်နှင့်လည်း
ဆုံဆည်းခွင့် ရခဲ့ပါ၏။ ဆရာက ဖောင်ကြီးသီချင်းတစ်ပုဒ်တောင် ရေးဖွဲ့ခဲ့ပါသေးသည်။ ခုထိမှတ်မိနေသေးသော
သီချင်း တစ်ပိုင်း တစ်စမှာ . . . ဖောင်ကြီးမှာမှ . . ဆုံရတယ်လို့ . . . ဘယ်လိုရှေးရေစက်လဲမသိဘူး
. . . မင်းလဲ သိလား . . . ။ ပင်ပန်းပေမယ့် . . . လသာညလေး . . . ကိုယ်လေ ဝင်အိပ်ရမှာ
နှမြောလှပေါ့ကွယ် . . . ဟူ၏။
အဘယ်ကြောင့်
ဤမျှ အသေးစိတ် လျှာရှည်နေရပါသနည်းဟူမူ ကျွန်ုပ်ကို ဘာမှန်းညာမှန်းမသိဘဲ နေရာတကာ ဆရာကြီးလုပ်ချင်
တဲ့ကောင် ဟု ကဲ့ရဲ့သဂြိုဟ် အတင်းဆိုကြမည့်အရေး ကြိုတင်တွေးဆမိသောကြောင့် ကျွန်ုပ်သည်လည်း
ဤသင်တန်းကို (ဘုရားစူးရပါစေ့) တကယ့်ကို ပယ်ပယ်နယ်နယ် တက်ခဲ့ဖူးပါသည်ဟု သိစေလိုသောကြောင့်
ဖြစ်ပါသတည်း။
လက်နက်ငယ်သင်တန်းတွင်
လက်တွေ့ပြသော စစ်သားက ကျွန်ုပ်တို့အရာရှိပေါက်စနများကို မျက်နှာထိ၊ မျက်နှာထားနှင့်
"သေသေချာချာ ကြည့်ထားကြ၊ ဒါမျိုး သင်ရဘို့ဆိုတာ ဒီတစ်နေရာတည်းရှိတယ်။ တခြား ဘယ်နေရာမှာမှ
သင်ခွင့်မရနိုင်ဘူး" ဆိုကာ ဂျပန်ခေတ်ကရိုင်ဖယ်သေနတ်ကို ဖြုတ်တပ်ပြတာ ၎င်း၏မျက်နှာနှင့်တကွ
ယနေ့တိုင် မှတ်မိနေပါသေး၏။
အချီးနှင့်
နိဒါန်းများ ပျိုးပြီးသကာလ ယခု ဗဟိုဝန်ထမ်းတက္ကသိုလ် ဘာကြောင့်ရှိသင့်ကြောင်း ကျွန်ုပ်
ရှင်းပါတော့အံ့။
(၃)
ဘာအလုပ်ကို
လုပ်သည်ဖြစ်စေ ထိုအလုပ်အကြောင်း သေချာကျန သိထားမှ စနစ်တကျ ဖြစ်မည်။ သေသေချာချာ လုပ်တတ်မည်။
ထိထိရောက်ရောက် ဖြစ်မည် မဟုတ်လော။ သည်ကဲ့သို့ သူလုပ်ရမည့်အလုပ်ကို သိဘို့ တတ်ဘို့ဆိုတာ
ရော့၊ အင့် ဆိုပြီး ခန့်ထားလိုက်ရုံနဲ့ နတ်ရေကန်ထဲ ကန်ချလိုက်သလို အလိုလို ပြည့်စုံ
တတ်မြောက်သွားနိုင်တာမျိုးမဟုတ်။
(ကြိုက်ချင်ကြိုက်၊
မကြိုက်ချင်နေ။ စင်ကာပူအကြောင်းတော့ နည်းနည်းလောက် ထည့်ပြောလိုက်အုံးမှ။) စင်ကာပူမှာဆို
ဘာအလုပ်ပဲလုပ်လုပ်။ လုပ်ခိုင်းမည့်သူကို သေသေချာချာ သင်ပေးရသည်။ Safety သင်တန်းများဆို
မတက်မနေရ သင်တန်းများ တက်ရန် ဥပဒေဖြင့် ပြဋ္ဌာန်းထား၏။ ထိုဥပဒေမှာ Factory (Safety
Trainings) Order ဖြစ်၏။ စင်ကာပူက သင်တန်းများ အကြောင်း ကျွန်တော် ပို့စ်တစ်ပုဒ်ရေးဖူးပါသည်။
ကျွန်တော့် ဘလော့မှာ ရှာဖတ်ကြည့်ကြပါ။
Link:
shwenyein.blogspot.com
အနို့
မင်းတို့ ဘယ်ကျောင်းကဆင်းထားပြီးသား၊ ဘာဘွဲ့တွေရပြီးသားမဟုတ်လားကွ။ ဘာဖြစ်လို့ မလုပ်တတ်ရမှာလဲ
ဟု အရင် ငေါက်ချင်ဇော မကြီးပါနှင့်။
ကျောင်းကသင်ပေးလိုက်တာတွေဆိုတာ
ပီဘိ သီအိုရီတွေချည်းဖြစ်၏။ တကယ့်လက်တွေ့မှာ တိုက်ရိုက်ချသုံးလို့ရတာ တစ်ခုမှ မပါ။
လက်တွေ့နှင့် သီအိုရီကို ပေါင်းစပ်တတ်ဘို့ လုပ်ငန်းခွင် သင်တန်းတွေလိုသည်။ အတွေ့အကြုံတွေလိုသည်။
အနို့ ခင်ဗျားတို့ တက္ကသိုလ်ဆိုတာကြီးတွေမှာ လူတွေနဲ့ ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်ဆိုတာတွေ၊
ရုံးလုပ်ငန်းက ဘာတွေ၊ လုပ်ထုံးလုပ်နည်း တွေက ဘာတွေ သင်မပေးလိုက်ဘူးလား။
နိုး။
အဲသဟာတွေဟာ
တက္ကသိုလ်က သင်ပေးရမှာ မဟုတ်ပါ။ လုပ်ငန်းခွင်ထဲရောက်မှ လေ့လာသင်ယူရမှာ ဖြစ်ပါသည်။
သဟာဆို
အဲဒါတွေကို ဘယ်လိုသင်ယူရမှာတဲ့လဲ။ ကိုယ့်ဘာသာ လေ့လာသင်ယူရမယ်ဆို အမှန်တကယ် လေ့လာသင်ယူလိုစိတ်
ရှိပါတယ်ဆိုလျှင်တောင် စမ်းတဝါးဝါးနဲ့ လေ့လာနေရမည်။ အချိန်တွေကုန်မည်။ စာရွက်စာတမ်းတွေလည်း
အလွယ်တကူ ရှာလို့မရသဖြင့် ခရီးလည်း ပေါက်မှာမဟုတ်။
လူလည်း ပင်ပန်းမည်။
အနို့
စာမေးပွဲတောင် မတတ်သာလို့ တစ်ပွဲထိုး ကျက်ဖြေကြသေးတာ။ အဲသလို ကိုယ့်ဘာသာကိုယ် လေ့လာဘို့
ဆိုတာ ရေးဝေးထက်ဝေးတဲ့ ဝေလာဝေးထဲကပေါ့ ခင်ဗျာ။
သဟာဆို
ယခုမှ ဝန်ထမ်းဖြစ်လာခါစ ကိုဟဝှာ၊ မဟဝှာလေးတွေကို ဝန်ထမ်းစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊
ရုံးစာပြင်တာကစ မြန်မာ နိုင်ငံအစိုးရရဲ့ ဖွဲ့စည်းပုံ၊ ဘယ်ဌာနတွေက ဘာတွေလုပ်နေသည် စတာတွေ
သင်ပေးဘို့ မလိုပါသလော။ အမှန်ပင် လိုပေ၏။ အနို့ သည်လို ကျကျနန မသင်ပေးဘဲ ဘယ်ကဲ့သို့
တတ်နိုင်ပါမည်နည်း။
ရော့
ဒါတွေဖတ်ကြလဟ ဆိုပြီး စာအုပ်တွေ ပေးလိုက်လို့ ရချင်ရပါလိမ့်မည်။ သို့သော် တကယ်သေသေချာချာ
ဖတ်၊ လေ့လာမည့် သူကား ၁၀၀၀ မှာ ၁ ယောက်တောင်မှ ရှိဘို့မလွယ်ပါ။ (အနို့ အဝေးသင်စာစဉ်တွေဆို
ကျောင်းကထုတ်လာတဲ့အတိုင်း၊ အထုပ်လိုက် ချောင်ထဲ ထိုးထားကြတာ ဖြစ်၏။ အထဲမှာ ဘာတွေပါတယ်ဆိုတာ
ကြိုးတောင် ဖြည်ကြည့်ကြတာမဟုတ်။) ကိုယ့်ဘာသာကိုယ် ဖတ်ဖို့ မပြောပါနှင့်။ ယခု ဖောင်ကြီးနှင့်
ဇီးပင်ကြီးမှာ အတင်းအကြပ် ခေါ်သင်ပေးနေတာတောင် စိတ်ဝင်တစား လေ့လာသည့်သူ ဘယ်နှစ်ယောက်
ရှိပါသနည်း။ စာရင်းကောက်ကြည့်စမ်းပါ။ မဖြစ်နိုင်လို့ တက်နေရသူမှာ အများစု ဖြစ်ပါလိမ့်မည်။
သင်တန်းမှာ ဘာတွေသင်လိုက်သလဲဟု သင်တန်းဆင်းလာသူများကို မေးကြည့်လိုက်ချင်စမ်းပါဘိ။
သို့သော်
. . . သို့သော်လည်းပေါ့ ခင်ဗျာ။
သင်တန်းပေးတယ်ဆိုတာ
ခုလိုအချိုးမျိုး၊ ခုလိုပုံစံမျိုး၊ ခုလို ဘာသာရပ်မျိုးတွေနဲ့တော့ မစွံရေးချ မစွံပါ။
ခုဟာကတော့
ဖောင်ကြီးဟေ့ ဆိုလိုက်တာနှင့် အကုန် အင် သွားကြသူတွေချည်းဖြစ်၏။ ငါတို့တော့ ဝန်ထမ်းဘဝ
သိသင့်သိထိုက် တာတွေ သိရတော့မယ်။ ပျော်လိုက်တာ ဟု ပျော်ရွှင်မြူးတူးနေသူ ဘယ်နှစ်ယောက်များ
ရှိပါသနည်း။ ကျွန်တော်တော့ မထင်ပါ။
အဘယ်ကြောင့်
ဤကဲ့သို့ ဖြစ်ရသနည်း။ သူတို့ကိုယ်နှိုက်က အဲသလိုဖြစ်အောင် လုပ်ထားသောကြောင့် ဖြစ်၏။
ကိုယ့်ကိုယ်ကိုယ်ဖျက် သံချေးတက်ဆိုတာ သူတို့ကို ပြောတာဖြစ်သည်။ (ဟေ့လူတွေ၊ ကျုပ်က အပြုသဘောနဲ့
ပြောနေတာနော။ အသရေဖျက်တယ် ဘာတယ်နဲ့ တရားစွဲတာတွေ ဘာတွေ လုပ်မနေနဲ့ဦး။ ခင်ဗျားတို့ကောင်းကြောင်းတွေ
ပြောနေတာ။ ကျုပ်က ကြောက်တတ်တယ်။)
ယခု
သင်ကြားပို့ချသည့်ပုံစံမှာ မမှန်ပါ။ မှားနေပါသည်။ မှားနေကြောင်းလည်း ဇီးပင်ကြီးက သူငယ်ချင်းကို
ပြောပြဖူးပါသည်။ သို့သော် သူလည်း ဘာမှမတတ်နိုင်ပါ။
သဟာဖြင့်
ဘာတွေ မှားနေသနည်း။
အကုန်မှားသည်။
ဘယ်ကစမှားသနည်း။
ကျောင်းနာမည်ကစ
မှားသည်။
သည်ကျောင်းကို
ဘယ်သူက တက္ကသိုလ်ဟု လုပ်လိုက်သနည်း။
အဘယ်ကြောင့်
တက္ကသိုလ်ဟု လုပ်ချင်ရသနည်း။
တက္ကသိုလ်နဲ့
တူတူတန်တန် ဘာတွေများ သင်ပေးပါသနည်း။
အဲလေ၊
ဒါလည်း သူတို့ကို အပြစ်မဟုတ်ပါ။
ဗဟိုဝန်ထမ်းတက္ကသိုလ်ဆိုတာ
စထောင်ကတည်းကိုက သူရို့ဒိုင်တွေရိုက်သွင်းဘို့ ရည်ရွယ်ချက်နဲ့ ထောင်ခဲ့သောကျောင်း ဖြစ်သဖြင့်
သည်အတိုင်း ဖြစ်နေရခြင်းဖြစ်၏။ သဘာဝလည်း ကျပါသည်။
ကျောင်းဖွဲ့စည်းပုံကစ
ယခင်က ပုံစံအတိုင်း ဖြစ်၏။ (ဖြစ်သည်ဟု ထင်ပါသည်။ သူတို့ကျောင်းအကြောင်းတော့ ဂဃနဏမသိပါ။)
သင်တာတွေကလည်း
ယခင်က ပုံစံထဲကမထွက်။ (လူများပြောစကားအရ သိရပါသည်။)
ခေတ်စနစ်တွေ
ပြောင်းလာပြီ။ ငါတို့လည်း ပုံစံပြောင်းမှဟု မတွက်။ ပုံစံဟောင်းထဲမှာ ကျင်လည်နေချင်ကြ၏။
(အဲသဟာကတော့ သူရို့တင်မဟုတ်၊ တစ်နိုင်ငံလုံးဖြစ်သည်။)
သည်တော့
ဒေါက်တာ စိုးသူရဇော်တို့ကို လာသင်သည့်သူတွေမှာ သည်လိုပုံစံ သည်လိုအပြောများရှိနေတာ
ဘာမှမဆန်းပါ။
နောက်ပြီး
သင်သည့်ဘာသာတွေကလည်း မမှန်ပါ။ ပါသင့်တာတွေ မပါဘဲ မပါသင့်တာတွေ ပါနေသည်။ (ကျွန်တော်တို့တုံးက
စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ် ဆိုတာပါ သင်ရ၏။ ကျွန်ုပ်တို့ သိစရာလိုပါသလား။
ကျွန်ုပ်တို့က ဝက်မွေးစားမည့်သူများ ပါလား။ (မွေးမြူရေးဆရာလေးက ဝက်မွေးမြူရေးအကြောင်း
သင်စဉ် နီရဲယောင်ယမ်းဆိုတာ ပြောလို့ ရီလိုက်ကြတာ မှတ်မိပါ သေး၏။ အဲလေ ခုလည်း တွေးမိတိုင်း
ပြုံးမိပါသေးသည်။ ဤကား စကားချပ်)) ဤသည်မှာလည်း ကျောင်းအုပ်ချုပ်ရေးပိုင်းက သူတို့ လိုချင်သည့်ပုံစံအတိုင်း
လုပ်ထားခြင်းကြောင့် ဖြစ်၏။ ကျောင်းအုပ်ချုပ်ရေးက လူတွေကို မပြောင်းသရွေ့ကာလပတ်လုံး
သည်အတိုင်းဆက်ရှိနေဘို့ များပါသည်။
ဒါဆို
သင်သည့်ပုံစံကရော တဲ့။
အရမ်းရော
ကာရောကို မှားသည်။ ပစ္စလက်ခတ်ကို မှားသည်။ မဟားတရား မှားသည်။ သောက်ကျိုးနည်း မှားသည်။
မိတ်ဆွေတို့
စဉ်းစားကြည့်ပါခင်ဗျာ။
လူ
၆၀၀ လောက်ကို ရှေ့က တစ်ယောက်တည်းက သင်သတဲ့။
အနှီကဲ့သို့သော
သင်ကြားပို့ချနည်း ကမ္ဘာပေါ်မှာ မြန်မာတစ်နိုင်ငံသာ ရှိမည်ထင်၏။ (ဂင်းနစ်မှတ်တမ်းဝင်လောက်၏။)
အဲသဟာ
ဘာလုပ်တာပါနည်း။
ကျွန်တော်
လင်္ကာဒီပချစ်သူ ပို့စ်တုံးက ရေးခဲ့ဖူးပါသည်။
ကျွန်တော်တို့လူမျိုးများသည်
ဘာကိုလုပ်လုပ်၊ ဖြစ်ကတတ်ဆန်းလုပ်တတ်သည်။ ပြီးပြီးရော လုပ်တတ်သည်။
အကျိုးရှိမှန်း
မရှိမှန်း နည်းနည်းမှ ထည့်မတွက်။ လုပ်ပြီး ပြီးတာပဲ ဟု သဘောထားကြ၏။
အဲသလိုသင်တာမှန်သလား။
ထိုသင်တန်းများက ဘာများ အကျိုးအမြတ်ထွက်သနည်းဟု ဘယ်သူကများ ထည့်သွင်း စဉ်းစားကြဖူး
ပါသနည်း။
အမှန်ဆို
ထိုသင်တန်းများမှာ နိုင်ငံတော်ပိုက်ဆံ အလွန်အကုန်အကျများစွာခံ၍ ဖွင့်ထားသော သင်တန်းများ
ဖြစ်၏။
ထိုသင်တန်းများမှာ
ဘယ်သူ့အတွက်မှ အကျိုးမရှိပါက နိုင်ငံတော်ပိုက်ဆံများကို အလဟသ ဖြုန်းတီးနေခြင်းမျှသာ
ဖြစ်သတည်း။
ဒါဆို
သင်တန်းတက်သူတွေ ဘက်ကရောတဲ့။
ပိုလို့တောင်
ဆိုးသေးသည်။
ဖောင်ကြီးတက်ရတော့မဟေ့
ဆိုကတည်းက စိတ်ညစ်နေကြ၏။
သင်တန်းတက်ရမယ့်အတူတူ
သင်တန်းက ငါတို့ ဘာတွေတတ်အောင်သင်ခဲ့မယ်ဟု စဉ်းစားမိသူ ရှိသည့်တိုင် အရေအတွက်အားဖြင့်
များလိမ့်မည်မဟုတ်ဟု ထင်ပါသည်။ အချိန်ကုန်တာတွေ၊ ငွေကုန်တာတွေ၊ ပင်ပန်းတာတွေအတွက် တစ်ခုခုပြန်ရအောင်
ယူခဲ့ကြပါဟု တိုက်တွန်းပါ၏။
ဤသည်တို့မှာ
နိုင်ငံနှင့်ချီ၍ နစ်နာမှုများ ဖြစ်၏။
(သူများသာ
လက်ညှိုးထိုးနေတယ်။ မင်းကရော ဟု မေးပါ။ ကျွန်တော် ဖောင်ကြီးသင်တန်းတက်ခဲ့တုံးက မှတ်စုတွေ
ယခုတိုင် ရန်ကုန်အိမ်မှာ ရှိပါသေးသည်။ ကျွန်တော် ဘယ်လို လက်ချာလိုက်ထားတယ်ဆိုတာ လာကြည့်ကြဘို့
ဖိတ်ခေါ်ပါသည်။ ဘေးထွက် အမြတ်အစွန်းအနေနှင့် ဖောင်ကြီးစာကြည့်တိုက်က မိုးတားဦးထွန်းရှိန်၏
ဇာတကစနြ္ဒိကာစာအုပ် ကို တစ်အုပ်လုံး လက်ရေးနှင့် ကူးယူခဲ့သလို မာကီယာဘယ်လီ၏ The
Prince စာအုပ်ကို အစအဆုံးဖတ်ခဲ့ကြောင်း ယခုတိုင် မှတ်မိနေပါသေး၏။ ထို့ပြင် ကိုစောဘယ်သူဆိုပါလိမ့်၊
နာမည်မေ့နေပြီ - သူ့ကိုလည်း ဇာတာဖွဲ့နည်း အစအဆုံး အကုန်သင်ပေးခဲ့ပါသေး၏။)
ကျွန်တော်က
ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်တော်ကြောင်း အခြောက်တိုက် ကြွားနေတာမဟုတ်ပါ။ သင်တန်းတက်သူတွေကို
အချိန်တွေငွေတွေ ကုန်တဲ့အတူတူ တစ်ခုခုတော့ရအောင် ယူသွားစေချင်သော စေတနာဖြင့် ပြောခြင်းမျှသာ
ဖြစ်ပါ၏။
(၄)
သည်လောက်ပြောပြီးလျှင်
ဗဟိုဝန်ထမ်းတက္ကသိုလ် အဘယ်ကြောင့်ရှိသင့်ကြောင်း ဘယ်လိုပုံစံနှင့် ရှိသင့်ကြောင်း ဒုံးမဝေးသော
ကျွန်ုပ်မိတ်ဆွေတို့ အနည်းငယ် ရိပ်မိလောက်ပါပြီ။
ပထမ
အဝီစိ ဟိုဘက်နားလောက်ရောက်အောင် ကျဆင်းနေသော ကျောင်းပုံရိပ်ကို မြှင့်တင်ကြရမည်။
နာမည်ကစ
ပြောင်းရမည်။ တက္ကသိုလ်ဆိုတာကြီးကို ဖြုတ်ရမည်။
ဖွဲ့စည်းပုံ
ပြင်ရမည်။ (ခေါင်းမမာချင်ကြပါနှင့်။ နိုင်ငံကောင်းစားဘို့အရေး စိတ်ကောင်းစေတနာကောင်း
ထားကြပါ။)
ဌာနတွေ
ပြန်ဖွဲ့သင့် ဖွဲ့ရမည်။
သင်ရိုးညွှန်းတမ်းတွေ
ပြန်ဆွဲရမည်။
သင်ရိုးအားလုံးမှာ
အလုပ်စဝင်မည့် ဝန်ထမ်းများ မသိမဖြစ် သိထားရမည့် ဘာသာရပ်များကို သင်ပေးရမည်။
သင်ကြားမည့်
ဆရာများကို သေသေချာချာ လေ့ကျင့်ပေးရမည်။
ယခုက
လူကြီးများကို သင်တာဖြစ်၏။ လူကြီးဆိုတာ ကလေးမဟုတ်။ (ဟိုက်ရှားဘား၊ ခုမှ ရှင်းသွားတော့တယ်။)
ကလေးမဟုတ်သည့်အတွက်
ကလေးတွေကို သင်သလိုသင်လျှင် အကုန် အိပ်ငိုက်ကုန်မည်။
(ဖောင်ကြီးတုံးက
သင်တန်းသားတွေ အိပ်ငိုက်နေပုံတွေကို ကျွန်တော်ဆွဲထားတာ ကြည့်ချင်သပဆို အိမ်ကိုကြွခဲ့ကြပါ။)
ဘယ်လိုသင်ရမယ်ဆိုတာ
အသေးစိတ်သိချင်သူများ WSH ဂျာနယ်မှာ သင်တန်းဆရာများကို ပြုစုပျိုးထောင်ခြင်း ခေါင်းစဉ်ဖြင့်
ကျွန်တော်ရေးထားတာ အများကြီးရှိသည်။ ဝယ်ဖတ်ကြည့်ကြပါ။
သင်တန်းကျောင်းကိုလည်း
သင်တန်းကျောင်းပုံစံနှင့်တူအောင် ပြန်လည် ဖွဲ့စည်းရမည်။
(၅)
ရေးတာလည်း
အတော်များသွားပြီမို့ အဆုံးသတ်ပါမည်။
နိုင်ငံတစ်နိုင်ငံကို
အုပ်ချုပ်နေတာ အစိုးရဖြစ်၏။ သည်အစိုးရယန္တယားကြီးကို လည်ပတ်နေတာ အစိုးရဝန်ထမ်းများ ဖြစ်၏။
အစိုးရကောင်းဘို့
ဝန်ထမ်းများကောင်းရန် လိုသည်။
အစိုးရဌာနများ၏
ဝန်ဆောင်မှုကောင်းဘို့ အစိုးရဝန်ထမ်းများ အရည်အသွေးပြည့်ဝရန် လိုသည်။
အရည်အသွေးဆိုရာဝယ်
ရုပ်အရည်အသွေးရော၊ စိတ်အရည်အသွေး နှစ်ခုစလုံးကို ဆိုလိုသည်။
(ဥပမာ
- ရှေ့မှာ လူလာပြီး မတ်တပ်ရပ်နေတာ မြင်တာတောင် ဟိုဘက်လှည့်ပြီး ကိုးရီးယားမင်းသားအကြောင်း
အပြောမပျက် တာမျိုး၊ ကိုယ့်ဆီလာတဲ့သူတွေကို မတူသလို မတန်သလို ဆက်ဆံတာမျိုး။)
သည်တော့
အစိုးရဝန်ထမ်းတွေကို အရည်အသွေးပြည့်လာတောင် ပြုစုပျိုးထောင်ပေးဘို့လိုသည်။
လက်ရှိ
ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ အဲသဟာတွေ လုပ်ပေးဘို့ အကောင်းဆုံးနေရာ ဖြစ်လေသည်။ နောက်ပြီး
လက်ရှိလည်း လုပ်နေဆဲဖြစ်တော့ သပ်သပ် ထပ်လုပ်စရာမလို။
အရေးကြီးသည်မှာ
လုပ်ပုံလုပ်နည်းပြောင်းဘို့ ဖြစ်၏။
NLD
အစိုးရကိုလည်း အပြစ်တင် မစောကြပါနှင့်။ သူတို့မှာလည်း သူတို့ဒုက္ခနှင့် သူတို့ဖြစ်၏။
လူ ၁၀၀ ထမ်းရမည့် ဝန်ကို ၇၅ ယောက် (ဒါတောင် တင်းပြည့်ကျပ်ပြည့်မဟုတ်။) ထဲနှင့် ထမ်းနေရသည်။
နောက်ပြီး သူတို့လုပ်လို့မရတာတွေ အများကြီးရှိသည်။
မဟုတ်မှန်းသိပေမယ့်
သိသိကြီးနှင့် လက်ပိုက်ကြည့်နေရတာတွေ ရှိသည်။ ဟို ၉၉ ကြိမ်မြောက် ရုံးထုတ်တာကို ကြည့်ပါ။
သဟာကို မိတ်ဆွေတို့ သိပါသည်။
အဲဗျ။
အစိုးရကမှ လုပ်ဘို့မလွယ်ဘူး ဆိုမှတော့ ဘယ်သူ့သွား အဖေခေါ်ရမှာပါလိမ့်။ ကိုယ့်စကားနဲ့ကိုယ်
တိုင်ပတ်ပြီ။
အဲဒါမှ
ဒွတ်ခ။ လုပ်ကြပါဦး အရပ်ကတို့။
အဲသဟာတော့
ကျုပ်လည်း ရှင်းမပြတတ်။
စွမ်းသူတွေ
ဆက်လုပ်ကြပါ။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၂၆
ဒီဇင်ဘာ၊ ၂၀၁၈။ နံနက် လင်းအားကြီး ၁ နာရီ နဲ့ ၃၉ မိနစ်
No comments:
Post a Comment